ဒေါသူပုန် ထနေသည့် တာအိုသခင်ကွမ်း
Vol. 32 Ch. 433
ပေသီးအသံတွင် ခိုကိုးရာမဲ့သည့် အရိပ်အယောင်များ ပါဝင်နေပြီး
“သခင်ပုဆိန်က ကွမ်းချွမ်အပါအဝင် လူတော်တော် များများကို ရန်စမိခဲ့တယ်လေ။ ကွမ်းချွမ်က အပေါ်ယံကသာ ရင်းနှီးဖော်ရွေတဲ့ပုံ ပေါ်နေပေမဲ့ နည်းနည်းလေး နစ်နာရင်တောင် လက်စားချေမဲ့ လူစားမျိုး ပြီးတော့ အကြံကလည်း ကြီးသေးတယ်။ သခင်ပုဆိန် ရှိတုန်းက ကွမ်းချွမ်က ကုန်းဟို့ကြောင့် ဘာမှ မလုပ်ရဲပေမဲ့ အခု သခင်ပုဆိန် သေပြီဆိုတော့ ကွမ်းချွမ်က ကျုပ်တို့ကို သတ်လိမ့်မယ် ... နောက်တစ်ချက်ကျ ကျုပ်တို့က သခင်ပုဆိန်နောက် အချိန်အကြာကြီး လိုက်ခဲ့တာဆိုတော့ ကွမ်းချွမ်က မသတ်ရင်တောင် ကျုပ်တို့မှာ သွားစရာ တခြားနေရာ မရှိဘူး။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ထဲက အဖွဲ့အစည်းတွေလည်း ကျုပ်တို့ကို လက်ခံကြမှာ မဟုတ်ဘူး။ စိတ်စွမ်းအင် ကျောက်ချော မပါဘဲနဲ့ ကျုပ်တို့တွေ ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး ...”
ပေသီး ပြောပြီးသည့်နောက်တွင် ကူယာက ထပ်ပြောလိုက်သည်။
“အစ်ကိုပေသီးနဲ့ ကျမတို့က အစ်ကိုမိုကို နောင်ကျ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကနေ ထွက်သွားနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသော သူလို့ အသိမှတ်ပြုထားပြီးသားပါ။ အစ်ကိုမိုက နှိမ့်ချခြင်း မရှိသလို မောက်မာခြင်းလည်း မရှိဘူး။ ကိုယ်ပိုင်နိယာမတွေ သတ်မှတ်ထားလို့ ကျမတို့တွေ အစ်ကိုမိုနောက် လိုက်တာက ကျမတို့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်မယ်ဆိုပြီး ခံစားမိလို့ပါ ...”
“ကောင်းပြီလေ။ ဒီလိုဆိုမှတော့ ခင်ဗျားတို့ နှစ်ယောက်ကို လက်ခံထားပါ့မယ်။ ကျုပ် တံခါးပိတ် ကျင့်ကြံလိုက်ဦးမယ်။ အဲဒါကြောင့် ကျုပ်နဲ့ နီးတဲ့နေရာမှာ ကိုယ်ပိုင်အိမ် ဆောက်နေကြပေါ့။ ကျုပ် အပြင်ထွက်လာတဲ့အခါ ခင်ဗျားတို့ကို အကြောင်း ကြားလိုက်မယ် ...”
မိုဝူကျီက ပေသီးနှင့် ကူယာဆီမှ ရိုးသားမှုကို ခံစားမိလိုက်၍ သဘောတူလိုက်ခြင်း ဖြစ်သည်။
“အစ်ကိုမိုကို ကျေးဇူးတင်ပါတယ် ...”
ပေသီးနှင့် ကူယာတို့က ကျေနပ်သွားကြသည်။ မိုဝူကျီက အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ အနေအထားမြင့်သူဟု သတ်မှတ်၍ ရပေရာ သူတို့သာ သူ့လက်အောက်၌ ရှိနေသရွေ့ နောင်အခါ အခြားသူများက သူတို့ကို ပြဿနာလာရှာမည့် ကိစ္စကို စိုးရိမ်စရာ မလိုတော့ပေ။
ပေသီးနှင့် ကူယာကို လိုက်ပို့ပြီးနောက် မိုဝူကျီက ချက်ချင်း ကျင့်ကြံလိုက်တော့သည်။
ကုန်းဟို့ ပေးထားသည့် အဆိပ်ကို အဆိပ်ဖြေ ချီသွေးကြော သုံးပြီး အဆိပ်ဖြေပြီးနောက် ထိုအရာမှ ဝိညာဉ်စွမ်းအားများမှာ စိတ်စွမ်းအင် ကျောက်ချောများမှ ထုတ်လွှင့်နိုင်သည်ထက် နောက်တစ်ဆင့် ရောက်နေပေသည်။ အသစ်တွေ့ရှိထားသည့် ဝိညာဉ်စွမ်းအားများကို စုပ်ယူပြီးနောက် မိုဝူကျီက သူ့ကျင့်ကြံဆင့်မှာ တစ်ဟုန်ထိုး တက်သွားတော့မည်ဟု ခံစားနေမိသည်။ နှစ်ရက်အတွင်း မိုဝူကျီက အလယ်အလတ် မြေကမ္ဘာ အင်မော်တယ်အဆင့် ၅ သို့ ရောက်ရှိသွားလေပြီ။
ဤတစ်ကြိမ်တွင် မိုဝူကျီက စိတ်စွမ်းအင် ကျောက်ချောများ မသုံးဘဲ အဆင့်နိမ့် အင်မော်တယ် ကျောက်များကို ထုတ်ယူလိုက်သည်။
သူ့လက်ထဲ၌ အင်မော်တယ်ကျောက် ဆယ်ဂဏန်းလောက်ကို ကိုင်ထားလိုက်သည့်အခါ သူ့ကျင့်ကြံနှုန်းကို နောက်တစ်ဆင့် တိုးမြင့်သွားစေသည့် သိပ်သည်းလှသော အင်မော်တယ် ဝိညာဉ်စွမ်းအားများနှင့် မပြောပြတတ်သည့် တာအို စွမ်းအားများကို ခံစားလိုက်မိသည်။
ငါးရက်အတွင်း မိုဝူကျီက မြေကမ္ဘာ အင်မော်တယ်အဆင့် ၅ ကို ကျော်လွန်၍ အဆင့် ၆ သို့ တက်လှမ်း သွားနိုင်ခဲ့သည်။
လဝက်အတွင်း မိုဝူကျီက မြေကမ္ဘာ အင်မော်တယ်အဆင့် ၆ မှ အဆင့် ၇ သို့ ရောက်ရှိသွားလေပြီ။ အချိန်တိုလေးအတွင်း သူက အင်မော်တယ်ကျောက် ၂၀၀ ခန့်ကို အသုံးပြု၍ မြေကမ္ဘာအင်မော်တယ် နောက်ပိုင်း အဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်။
နောက်ထပ် လဝက်မကြာသေးသည့် အချိန်လေးအတွင်း မိုဝူကျီက မြေကမ္ဘာ အင်မော်တယ်အဆင့် ၈ သို့ ရောက်ရှိသွား၏။ မိုဝူကျီက အဆင့်နိမ့် အင်မော်တယ် ကျောက်များကို သုံးလိုက်သော်လည်း သူ့စိတ်၌ အင်မော်တယ်ကျောက်များ ကုန်သွားမည့် အရေးကို လုံးဝ မတွေးမိပေ။ မိုဝူကျီက ကျန်ရှိနေသည့် အင်မော်တယ် ကျောက်များကို ထုတ်ကာ ဝိညာဉ်စွမ်းအားများ ဆက်လက် စုပ်ယူလိုက်ရင်း အပြင်းအထန် ဆက်ကျင့်ကြံ လိုက်သည်။
မိုဝူကျီက အင်မော်တယ် ကျောက်တစ်ထောင်မှ စွမ်းအားများကို စုပ်ယူပြီးနောက်တွင် သူ့ကျင့်ကြံဆင့်မှာ နောက်ပိုင်း မြေကမ္ဘာ အင်မော်တယ်အဆင့် ၉ သို့ ရောက်နေလေပြီ။ အချုပ်အားဖြင့် ဆိုရလျှင် မိုဝူကျီက အင်မော်တယ်ကျောက် တစ်ထောင်လုံးကို သုံး၍ မြေကမ္ဘာ အင်မော်တယ်အဆင့် ၅ မှ အဆင့် ၉ သို့ သုံးလအတွင်း တက်လှမ်းနိုင်ခဲ့လေသည်။
မိုဝူကျီက သူ့ကိုယ်သူ ကောင်းကောင်း သိသောကြောင့် ကျင့်ကြံခြင်း ရပ်တန့်လိုက်တော့သည်။ သူက ကျင့်ကြံဖို့ရာ အဆင့်မြင့် ဝိညာဉ်စွမ်းအားများ စုပ်ယူပြီးနောက် အဆင့်နိမ့် ဝိညာဉ်စွမ်းအားများ ပြန်စုပ်ယူလျှင် သူ့ကျင့်ကြံနှုန်းမှာ များစွာ လျော့ကျသွားမည် ဖြစ်ကြောင်း သိနေသည်။
သူ့တွင် စိတ်စွမ်းအင် ကျောက်ချောများစွာ ကျန်ရှိနေသေးသော်လည်း ထိုစိတ်စွမ်းအင် ကျောက်ချောများ အသုံးပြုမည် ဆိုလျှင် မြေကမ္ဘာ အင်မော်တယ်အဆင့် ၉ မှ အဆင့် ၁၀ တက်လှမ်းဖို့ရာ နှစ်များစွာ ကြာပေလိမ့်မည်။
သူ ဖန်တီးထားသည့် အင်မော်တယ် မော်တယ်ကျင့်စဉ်အတွက် ဝိညာဉ်စွမ်းအား၏ အရည်အသွေးမှာ ဆက်တိုက် မြင့်တက်နေဖို့ရာ လိုအပ်ပေသည်။ ယခုအချိန်ထိ သူက ကျင့်ကြံနေစဉ် အတားအဆီးကို မကြုံတွေ့ဖူးသေးပေ။
မိုဝူကျီက သူ့အိမ်မှ အတားအဆီးများကို ဖွင့်ဟကာ ဆရာကြီးဖူကျိနှင့် တခြားလူများစီ သူ့အနေနှင့် ကျောက်တုံးနက် တူးဖို့ရာ အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အကြောင်း ကြားလိုက်သည်။ သေမင်းမိုင်းတွင်းဆီ သွားမည့် ခရီးတွင် သူ့၌ လူများများ ရှိလေလေ သူ့အတွက် ပိုအကျိုးရှိလေလေ ဖြစ်သည်။
ပေသီးနှင့် ကူယာ အပါအဝင် ဆရာကြီးဖူကျိနှင့် အခြားလူများမှာ အချိန်တိုအတွင်း ရောက်ရှိ လာကြသည်။
မိုဝူကျီက ဆရာကြီးဖူကျိကို ပေသီးနှင့် ကူယာအကြောင်း ပြောပြထားပြီးပြီ ဖြစ်ရာ ကျန်သော အဖွဲ့သားများမှာလည်း ထိုသတင်းကို သိလောက်ကြောင်း မှန်းဆမိသည်။ လော့ချွမ်းဟယ်၊ ထုံညီအစ်ကိုနှင့် ကျာချီတို့က သူတို့ဘေးတွင် ရှိနေသည့် ပေသီးနှင့် ကူယာတို့ကို မြင်သည့်အခါ မည်သူမျှ ထိတ်ထိတ်လန့်လန့် ဖြစ်မသွားကြပေ။
“ကျုပ်က အခု ကျောက်တုံးနက်တွေကို ပိုများများ တူးဖို့ ရည်ရွယ်ထားတယ်။ ဒီခရီး ပြီးဆုံးသွားရင် ကျုပ်တို့တွေ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကို ပြန်လာနိုင်မလားဆိုတာ မသေချာဘူး။ အဲဒီတော့ တစ်ယောက်ယောက် ပြောစရာ ရှိသေးလား ...”
မိုဝူကျီက ကုန်းဟို့နှင့် တွေ့ပြီးနောက် အင်မော်တယ်လျှိုကို သွားမည့် သူ့အစီအစဉ်ကို ထုံညီအစ်ကို၊ ပေသီးနှင့်ကူယာတို့ သိစေရန် တဲ့တိုးပြောလိုက်ခြင်း ဖြစ်သည်။
ဆရာကြီးဖူကျိ၊ လော့ချွမ်းဟယ်နှင့် ကျာချီတို့က မိုဝူကျီ အစီအစဉ်ကို သိနေပြီးသား ဖြစ်သောကြောင့် သူတို့အတွက် အံ့ဩစရာ မဟုတ်ပေ။
ထုံညီအစ်ကိုမှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် လတ်တလော ပျော်မွေ့နေပြီ ဖြစ်ရာ မိုဝူကျီ၏ အင်အားနှင့် စွမ်းရည်ကိုလည်း အပြည့်အဝ လေးစားပြီးသား ဖြစ်၏။ ထို့ကြောင့် သူတို့က ကျောက်တုံးနက်များ ထပ်တူးမည့် ကိစ္စကို သဘောတူကြလေသည်။ ပေသီးနှင့်ကူယာတို့က မိုဝူကျီအဖွဲ့ဆီ ဝင်မည် ဆုံးဖြတ်ထားပြီးပြီ ဖြစ်၍ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ အချိန်မရွေး ထွက်သွားနိုင်ရန် ပြင်ဆင်ထားပြီးလေပြီ။ ထို့ကြောင့် အားလုံးက သဘောတူလိုက်ကြသည်။
“တာအိုရောင်းရင်းမို ... တာအိုသခင်အိမ်တော်ကို သွားဦးမှာလား” ဆရာကြီးဖူကျိက မိုဝူကျီနှင့် ကုန်းဟို့ကြားမှ အလဲအလှယ်ကို မသိသေးသည့်အတွက် အင်မော်တယ် ကူးသန်းရေး သင်္ဘောအတွက် အဓိက စွမ်းအားအရင်းအမြစ်ကို ကွမ်းချွမ်ဆီမှ ရရှိလိမ့်မည်ဟု ထင်နေခြင်း ဖြစ်သည်။
မိုဝူကျီက ရယ်မောလိုက်ရင်း
“ဆရာကြီးဖူကျိ စိတ်မပူပါနဲ့။ ကျုပ် သင်္ဘောအတွက် စွမ်းအား အရင်းအမြစ်ရဖို့ တွေ့ထားပြီးပါပြီ။ ကျုပ်ပြောမဲ့ အကြောင်းကို နောက်တစ်ခေါက် အင်မော်တယ်နယ်မြေက လူလာပြီး အလဲအလှယ် လာလုပ်ရင် သိလာလိမ့်မယ်။ အခုတော့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က အရင် ထွက်သွားကြတာပေါ့ ...”
မိုဝူကျီ၏ စကားကို နားထောင်ပြီးနောက်တွင် ဆရာကြီးဖူကျိနှင့် အခြားလူများ၏ စိတ်ဓာတ်များ မြင့်တက်လာကြသည်။ မိုဝူကျီက သီးသန့် မပြောလိုက်သော်ငြား အားလုံးက မိုဝူကျီသည် အင်မော်တယ် ကူးသန်းရေး သင်္ဘော၏ စွမ်းအား အရင်းအမြစ်အတွက် အင်မော်တယ် နယ်မြေမှ လူများနှင့် ချိတ်ဆက်မိကြောင်း ပြောနိင်ကြသည်။
မိုဝူကျီက မတ်တတ်ရပ်လိုက်ကာ အင်မော်တယ်တစ်ပိုင်းမှ ထွက်သွားရန် ပြင်နေသည့်အချိန် အပြင်ဘက်မှ အသံတစ်သံ ကြားလိုက်ရသည်။
“တာအိုရောင်းရင်းမို … အခု အားလားဗျ ... တာအိုသခင်ကွမ်းချွမ်က ပွဲတစ်ခု ကျင်းပနေတာ ... အဲဒါ ခင်ဗျားကို ဧည့်သည်အဖြစ် ဖိတ်ကြား ခိုင်းလိုက်လို့ပါ ...”
အကယ်၍ ကုန်းဟို့က သူ့အား ကွမ်းချွမ်အကြောင်း သတိပေးမထားလျှင် မိုဝူကျီက သွားဖို့ရာ သဘောတူလိုက်မည် ဖြစ်ပေသည်။ သို့သော်လည်း မိုဝူကျီက တာအိုသခင် အိမ်တော်တွင် တပ်ဆင်ထားသည့် တစ်ပိုင်းတစ်စ သတ်ဖြတ်ခြင်း အစီအရင်ကို မကြားဖူးသည့်အတွက် မသွားချင်တော့ပေ။ မိုဝူကျီက သူအစီအရင်တာအိုနှင့် ကျင့်ကြံဆင့်ကို ယုံကြည်ချက် ရှိသော်လည်း တစ်ပိုင်းတစ်စ သတ်ဖြတ်ခြင်း အစီအရင်မှာ အင်မော်တယ်နယ်မြေမှ အစပြုလာခြင်း ဖြစ်နေသေးသည်။ ထို့ကြောင့် သူ့အသက်ကို စတေးပြီး ကုန်းဟို့ပင် ကြောက်ရွံ့ရသည့် နေရာသို့ ဝင်မသွားချင်ချေ။
“အခုက မအားသေးဘူး။ ဒါနဲ့ တာအိုသခင်ကွမ်းမှာ အချိန်ရှိရင် ကျုပ်တို့ အင်မော်တယ်တစ်ပိုင်း နယ်ပယ် အဝင်ဝမှာ ခဏတော့ တွေ့လို့ ရတယ်။ သူ့ကို အဲဒီနေရာမှာ အမွှေးတိုင်တစ်ဝက်ခန့် ကြာချိန်လောက် စောင့်နေမယ်လို့ ပြောပေးပါဦး ...” မိုဝူကျီက တဲ့တိုး ဖြေလိုက်သည်။
***
မိုဝူကျီနှင့် အခြားလူများ အင်မော်တယ်တစ်ပိုင်း နယ်ပယ် အဝင်ဝကို ရောက်ပြီး နှစ်မိနစ်ခန့်ကြာချိန်တွင် ကွမ်းချွမ်၏ ရယ်သံကို ကြားလိုက်ရသည်။
“တာအိုရောင်းရင်းမိုက တံခါးပိတ်ကျင့်ကြံရာကနေ နောက်ဆုံးတော့ ထွက်လာပြီဆိုပြီး ဒီက အစ်ကိုကြီးက မင်းကို ဖိတ်ပြီးတော့ အရင်တုန်းက အကြောင်းလေး ပြန်ပြောမလားလို့ ... ကျုပ်တို့တွေ အင်မော်တယ်နယ်ပယ်မှာ အချိန်တစ်ခုထိ အတူတူ နေရဦးမှာဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိထားတာ ကောင်းတယ်လေ။ မင်းရဲ့ အဖွဲ့အတွက် မိုင်းတွင်းကောင်း တချို့လည်း ချထားပေးလို့ ရတယ် ...”
မိုဝူကျီက လက်နှစ်ဖက် ဆုပ်လျက် ပြုံးနေသည့် ကွမ်းချွမ်ကို ကြည့်ကာ
“တာအိုသခင်ကွမ်းက အတော်လေး သဘောကောင်းပေမဲ့ ကျုပ်က အခု တခြားနေရာ သွားစရာ ရှိနေလို့။ ကျုပ် ပြန်လာရင်တော့ တာအိုသခင်ကွမ်းဆီ သေချာပေါက် လာတွေ့ပါ့မယ် ...”
“ဟုတ်ပါပြီ ... တာအိုရောင်းရင်းမိုလည်း ချောမွေ့တဲ့ ခရီးလေး ဖြစ်ပါစေလို့ ဆုတောင်းပေး နေပါ့မယ်။ ဒါနဲ့ ဟုတ်သား အဖွဲ့အစည်း ခေါင်းဆောင်မုန့်က အရင်တစ်ခါ အဖြစ်အပျက်အတွက် အရမ်းကို စိတ်မကောင်း ဖြစ်နေရှာတာ။ အဲဒါနဲ့ အင်မော်တယ်တစ်ပိုင်း ကျောက်တုံးတွေကိုတောင် ပြင်ဆင်ထားပြီးတော့ ညီလေးမိုဆီ ပေးဖို့ ကြံနေတာ ...” ကွမ်းချွမ်က အပြုံးများ ဝေဆာရင်း ထပ်ပြောလိုက်သည်။
သူ့စိတ်အတွင်းမှ ဒေါသမီးတောက်မှာမူ မိုဝူကျီကို အရှင်လတ်လတ် ဝါးမျိုပစ်ရန် မစောင့်နိုင်တော့ပေ။ မိုဝူကျီက အချိန်အတော်ကြာ တံခါးပိတ် ကျင့်ကြံနေသော်လည်း သူ့တာအိုသခင် အိမ်တော်ဆီ ယောင်လို့ပင် ရောက်မလာခဲ့ပေ။ ကွမ်းချွမ်က ဒေါသထွက်နေသည့် အကြောင်းအရင်းမှာ မိုဝူကျီက သူ့တာအို သခင်အိမ်တော်ကို ရောက်မလာသည့် အတွက် မိုဝူကျီကို မည်သို့ နှိမ်နင်းရမည်နည်း။
အကယ်၍ သူက မိုဝူကျီကို မနှိမ်နင်းနိုင်လျှင် မုန့်ထျန်းယွီ၏ တော်ဝင်တုတ် ရရှိရေးနှင့် မိုဝူကျီ၏ အထူးသစ်သားဓာတ် ဖယ်ရှားရေး နည်းလမ်းကို မည်သို့ ရနိုင်တော့မည်နည်း။
မိုဝူကျီက ကွမ်းချွမ် ပြုလုပ်ရန် ကြိုးစားနေသည့် အရာများကို မည်သို့ မသိဘဲ နေမည်နည်း။ သူက မိုဝူကျီကို မုန့်ထျန်းယွီနှင့် တွေ့ခိုင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။ အကယ်၍ မိုဝူကျီသာ ကုန်းဟို့နှင့် တွေ့မထားပါက မုန့်ထျန်းယွီ၏ စိတ်စွမ်းအင် ကျောက်ချောများမှာ မိုဝူကျီ သွားရောက်သည့် အကြောင်းအရင်း ဖြစ်လာပေလိမ့်မည်။ သို့သော်လည်း မုန့်ထျန်းယွီ၏ စိတ်စွမ်းအင် ကျောက်ချောက မိုဝူကျီအတွက် ယခုအခါ ဘာမျှ မဟုတ်တော့ပေ။ သူက မုန့်ထျန်းယွီကို လွှတ်မပေးနိုင်သော်လည်း ယခု သူက ကွမ်းချွမ်တို့၊ မုန့်ထျန်းယွီတို့နှင် သွားရှုပ်မည့်အစား အရေးကြီးသည့် အရာများကို လုပ်ရန် ကျန်နေသေးသည် မဟုတ်ပါလော။
“အဲဒါဆို တာအိုသခင်ကွမ်းကိုပဲ ဒီသတင်း တစ်ဆင့်ပြောပေးဖို့ ဒုက္ခပေးရတော့မှာပဲ။ ကျုပ် မကြာခင် ရောက်လာမှာမလို့ စိတ်စွမ်းအင် ကျောက်ချောတွေ အသင့်ပြင်ထားပေးဖို့ ပြောထားပေးပါဦး ...” မိုဝူကျီက သူ့ပြောချင်တာ ပြောပြီးနောက် ကွမ်းချွမ်ကို ဘာမျှ ထပ်မပြောတော့ဘဲ သင်္ဘောပျံထုတ်ကာ ထွက်သွားလိုက်သည်။
မိုဝူကျီ ထွက်သွားသည်နှင့် ဆရာကြီးဖူကျိနှင့် အခြားလူများမှာလည်း ကြာကြာမနေတော့ဘဲ ကိုယ်စီ ပျံသန်းရေး ရတနာများ ထုတ်ကာ မိုဝူကျီနောက်မှ လိုက်သွားကြသည်။
ကွမ်းချွမ် မျက်နှာမှာ မှောင်မှိုင်းနေပြီး သူ့လူများကို မိုဝူကျီနှင့် သူ့လူများနောက်မှ လိုက်ပြီး သတ်ခိုင်းရန် ချင့်ချိန် စဉ်းစားနေမိသည်။ ကွမ်းချွမ်က မိုဝူကျီနှင့် ပြဿနာ မဖြစ်လိုသောကြောင့် သူ့ကိုယ်သူ ထိန်းချုပ်ထားသော်လည်း မိုဝူကျီမှာ သူ့ကို လေးစားမှု တစ်စက်လေးမျှ မရှိပေ။ အကယ်၍ ကွမ်းချွမ်သာ မိုဝူကျီဆီမှာ ရှိနေသည့် အရာများကို အလိုမရှိပါက သူတို့နောက်မှ လိုက်ရန် လူများကို လွှတ်လိုက်လောက် လေပြီ။
သူက ထပ်မစောင့်နိုင်တော့ပေ။ ကွမ်းချွမ်က မိုဝူကျီကို သတ်ပြီး သူလိုချင်တာ ရရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားလေ၏။
***
တစ်ရက်အကြာတွင် မိုဝူကျီက သေမင်းမိုင်းတွင်း အဝင်ဝတွင် ရပ်လိုက်သည်။ ဆရာကြီးဖူကျိနှင့် ကျန်လူများ၏ သင်္ဘောပျံများလည်း ရပ်လိုက်ပြီး သင်္ဘောပျံမှ ကိုယ်စီ ထွက်လာကြသည်။
“ဒါက သေမင်း မိုင်းတွင်းလား” ပေသီးနှင့်ကူယာက တအံ့တဩ မေးလိုက်သည်။
သေမင်းမိုင်းတွင်းမှာ ဝင်သည်နှင့် သေဆုံးနိုင်သောကြောင့် နာမည်ဆိုးနှင့် ကျော်စောလေသည်။ ယနေ့အထိ ဝင်သွားကြသည့် သူများတွင် အသက်ရှင်လျက် ထွက်လာနိုင်သူကို တစ်ခါမျှ မတွေ့ဖူးသေးပေ။
မိုဝူကျီက ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။ ဒီဟာက သေမင်းမိုင်းတွင်းပဲ။ ဒီနေရာမှာ လနည်းနည်းလောက် နေပြီးတော့ ကျောက်တုံးနက်တူးဖို့ ဆုံးဖြတ်ထားတယ်။ ကျုပ်တို့တွေ အင်မော်တယ်နယ်မြေက လူနဲ့ အလဲအလှယ်လုပ်တဲ့ အချိန်ကျ ဒီနေရာက ထွက်သွားကြမယ်။ ကျုပ်က ကျောက်တုံးနက်တူးဖို့ ကိုယ်ပိုင် နည်းလမ်းရှိတယ် ဆိုပေမဲ့ သေမင်းမိုင်းတွင်းထဲ ဝင်တာက အန္တရာယ်များတာမလို့ ခင်ဗျားတို့ နှစ်ယောက် မလိုက်ချင်ရင် အတင်းကြပ် မတိုက်တွန်းပါဘူး ...”
“မဟုတ်ပါဘူး။ ကျုပ်တို့တွေ ဆန္ဒရှိပါတယ် ... ကျုပ်တို့တွေ ဒီအဖွဲ့ထဲ ဝင်ဖို့ ဆုံးဖြတ်ကတည်းက ခင်ဗျား ဘယ်သွားသွား တွန့်ဆုတ်မနေဘဲ လိုက်မှာပါ ...” ပေသီးနှင့် ကူယာက ဆက်တိုက် ဝင်ပြောလိုက်သည်။
မိုဝူကျီက ထိုအဖြေကို အလွန် ကျေနပ်သွားသောကြောင့် ခေါင်းညိတ် ပြလိုက်သည်။ သူက ထုံညီအစ်ကိုဘက် လှည့်ကာ ပြောလိုက်သည် “ခင်ဗျားတို့ နှစ်ယောက်က နောက်ကနေ လိုက်ပြီးတော့ ကျန်တဲ့သူတွေက ကျုပ်ဘေးက လိုက်ခဲ့ပါ ...”
မိုဝူကျီက ပညာရှင်နှလုံးသားကို အကာအရံအဖြစ် အသုံးပြုပြီး သေမင်းမိုင်းတွင်း အနက်ပိုင်းထဲ ဝင်သွားလိုက်သည်။ ထုံညီအစ်ကိုတွင် သူတို့ကိုယ်ပိုင် မီးတောက်များ ရှိကြ၍ နောက်မှာ သူတို့ ရှိနေခြင်းက ပို၍ စိတ်ချရစေသည်။
***