ကောင်းကင်အင်မော်တယ်၏ မိုးကြိုးစမ်းသပ်ချက်
Vol. 32 Ch. 434
မိုဝူကျီ သေမင်းမိုင်းတွင်းထဲ လှမ်းလိုက်သည်နှင့် အရောင်မဲ့မျှော့များ လောင်ကျွမ်းသွားသံကို သူ့ပညာရှင်မီးတောက် အကာအရံအပြင်ဘက်မှ ဆက်တိုက် ကြားနေရသည်။ ပေသီးနှင့် ကူယာတို့မှာ အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲမှ အံ့ဩမှုကို အထင်းသား မြင်နေရသည်။
ထိုစဉ် သူတို့နှစ်ယောက်က မိုဝူကျီ အဖွဲ့ထဲ ဝင်ရန် ဆုံးဖြတ်ချက် မှန်မှန် ချနိုင်ခဲ့သည့်အတွက် စိတ်ထဲမှာ ပျော်ရွှင်မိနေကြသည်။ မိုဝူကျီက သေမင်းမိုင်းတွင်းထဲ ထိခိုက်ဒဏ်ရာမရှိ ဝင်သွားနိုင်သောကြောင့် နောင်အခါ၌ သူ မသွားနိုင်မည့် နေရာ မရှိလောက်တော့ပေ။ တစ်ရက်ကျရင် သူက အင်မော်တယ်နယ်မြေအထိ သွားနိုင်ပေလိမ့်မည်။
အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူများစွာ ရှိသော်လည်း အများစုမှာ သူတို့ အသက်ရှင်ဖို့ရာအတွက် စိတ်စွမ်းအင် ကျောက်ချော လဲလှယ်ရန် ကျောက်တုံးနက်သာ နေ့တိုင်း တူးနေကြသည်။ ဤနေရာရှိ အားလုံးမှာ သူတို့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် ဆက်နေသရွေ့ သူတို့အတွက် အနာဂတ်မရှိကြောင်း သိကြ၍ တစ်ရက်ရက်ကျ အင်မော်တယ်နယ်မြေကို သွားနိုင်ဖို့သာ မျှော်လင့်ထားကြသည်။
“ကျုပ် ကျောက်တုံးနက် သုံးတုံးရှိတဲ့ နေရာတွေ့လိုက်တယ်” နာရီအတော်ကြာ လမ်းလျှောက်လာပြီးနောက် ပေသီးက စိတ်လှုပ်ရှားစွာ ထပြောလိုက်သည်။
သူက သေမင်းမိုင်းတွင်းတွင် ကျောက်တုံးနက်များစွာ ရှိကြောင်း သိသော်လည်း ထိုမျှ များများစားစား ရှိနေလောက်မည်ဟု ထင်မထားပေ။ အချိန်တိုအတွင်း သူက ကျောက်တုံးနက် သုံးတုံး ရှာနိုင်ခဲ့ပြီး ထိုကျောက်တုံးများမှာ မြေအောက် နှစ်မီတာခန့်သာ နက်လေ၏။
ထုံယဲ့က ပေသီးစကားပကို ကြားသောအခါ အော်ရယ်ကာ ”ညီအစ်ကိုပေသီး ... ကျုပ်တို့တွေ ကျောက်တုံးနက် သုံးတုံးအတွက်နဲ့ ရပ်ပြီး တူးနေမဲ့အစား ကျုပ်တို့ ညီအစ်ကိုမိုက အဲဒီအချိန်ကို ကျင့်ကြံဖို့ပဲ သုံးလိမ့်မယ် ...”
“အာ ...” ကူယာနှင့် ပေသီးတို့က မိုဝူကျီကို သိချင်စွာ ကြည့်လိုက်ကြသည်။ အကြောင်းမှာ တကယ်ဆိုလျှင် ကျောက်တုံးနက် တစ်တုံးကိုပင် အလွတ်မပေးသင့်တာ ဖြစ်သင့်သည် မဟုတ်ပါလော။ သူတို့က ထုံယဲ့ စကားနောက်မှ အဓိပ္ပာယ်ကိုလည်း နားမလည်ကြပေ။
မိုဝူကျီက ရယ်မောလိုက်ပြီး “တာအိုရောင်းရင်းထုံယဲ့ ပြောတာမှန်တယ်။ ကျုပ်တို့မှာ အခုလူအင်အား တောင့်နေပေမဲ့ ကျောက်တုံးနက် သုံးတုံးအတွက်နဲ့တော့ အချိန်မဖြုန်းသင့်ဘူး”
မိုဝူကျိက ကျောက်တုံးနက် သုံးတုံး တူးယူဖို့ စိတ်မဝင်စားသည်ကို သတိပြုမိပြီး ပေသီး သက်ပြင်းချကာ ဆက်မပြောတော့ပေ။ သူက မိုဝူကျီသည် တစ်ခါတည်းဖြင့် ကျောက်တုံးနက် ၂၀၀ ကို ထုတ်ပေးနိုင်သဖြင့် မိုဝူကျီတွင် ကျောက်တုံးနက် ပမာဏ များများစားစား ရှာနိုင်စွမ်း ရှိလိမ့်မည် ဖြစ်ကြောင်း မှန်းဆမိ၏။
ထို့နောက် သူက ကျောက်တုံးနက်များ ထပ်တွေ့သေးပေသည်။ ဤတစ်ကြိမ်တွင် ကျောက်တုံးနက် ခြောက်တုံး တွေ့သော်လည်း သူက ဆိတ်ဆိတ်သာ နေလိုက်ပြီး ဘာမျှ မပြောတော့ပေ။ မိုဝူကျီက ကျောက်တုံးနက် ရှာနိုင်စွမ်း ရှိသောကြောင့် သူလည်း ပေသီးမြင်သည်ကို မြင်လိမ့်ပေမည်။ မိုဝူကျီက ဘာမှ မလုပ်သောကြောင့် ထိုပမာဏမှာ မိုဝူကျီ အာရုံကို မဖမ်းစားနိုင်ခြင်းသာ ဖြစ်ရမည်။
ပေသီး မသိထားသည့် အမှန်တရားမှာ ထိုကျောက်တုံးနက် ခြောက်တုံး မပြောလျှင်ပင် မိုဝူကျီက မြေအောက် ငါးမီတာအနက်မှ ကျောက်တုံးနက် ရာကျော်ကို တွေ့ထားပေသေး၏။ သို့သော် ထိုအရာများမှာ မိုဝူကျီအတွက် ချွေးထွက်ဖို့ရာ မထိုက်တန်သေးပေ။ မိုဝူကျီ အမြင်အရ သူတို့ရှစ်ယောက်မှာ ဆက်တိုက်တူးမည် ဖြစ်သောကြောင့် အနည်းဆုံး ကျောက်တုံးနက် သိန်းဂဏန်းလောက် ရှိသည့် မိုင်းတွင်းကို ရှာဖို့ လိုလေသည်။ အကောင်းဆုံးပုံစံမှာ ယခင်တစ်ခါကကဲ့သို့ ကျောက်တုံးနက် သန်းချီတွေ့မည့် မိုင်းတွင်းမျိုး ဖြစ်သည်။
တစ်ရက်တာ လမ်းလျှောက် လာပြီးနောက် ကူယာနှင့် ပေသီးတို့မှာ မိုဝူကျီက တူးဖို့ရာ စိတ်ရော ဝင်စားသေးလားဟု တွေးတောနေမိစဉ် မိုဝူကျီက ရပ်လိုက်သည်။
“တာအိုရောင်းရင်းမို တွေ့ပြီလား ...” ဆရာကြီးဖူကျိက အရင်ဆုံး မေးလိုက်သည်။
တာအိုရောင်းရင်းမိုက ခေါင်းညိတ်ပြကာ “ကျုပ် ဒီနေရာမှာ အစီအရင် လုပ်ပေးမယ်။ အနည်းဆုံး နှစ်ဝက်လောက်တော့ တူးရလောက်တယ်။ ကျောက်တုံးနက် ပမာဏက အရင်တစ်ခါထက် နည်းမှာ မဟုတ်ဘူး …”
ယခင်တစ်ခါက သူတို့မှာ တစ်နှစ်တာ အချိန်ယူ၍ ကျောက်တုံးနက် တူးယူခဲ့ရလေသည်။ ထိုအချိန်က လော့ချွမ်းဟယ်နှင့် ကျာချီသာ ရှိပေသည်။ လက်ရှိတွင် လူရှစ်ယောက် ရှိနေပြီ ဖြစ်ရာ မိုင်းတွင်းတူးသည့် နေရာ၌ ထိပ်တန်း ပညာရှင်များ ဖြစ်သော ထုံညီအစ်ကိုလည်း ပါနေပေသေးသည်။
“ဒါပေမဲ့ ဒီနေရာမှာ ကျောက်တုံးနက် မရှိဘူး မလား။ သုံးမီတာအောက် ဆိုရင်တော့ မပြောတတ်ဘူး …” ကူယာက နားမလည်စွာ ဝင်မေးလိုက်သည်။ သူမက ကျောက်တုံးနက် အာရုံခံရာ၌ ပေသီးထက် ပိုအားကောင်းပေသည်။ သူမက သုံးမီတာ ကျော်ကျော်လေးအထိ အာရုံခံနိုင်သောကြောင့် မိုဝူကျီက ဤနေရာတွင် ရပ်လိုက်သည့်အခါ ပို၍ နားမလည်နိုင် ဖြစ်လာရသည်။
မိုဝူကျီက အစီအရင် ပြုလုပ်ရန် ပြင်ဆင်နေချိန် ကူယာ၏ မေးခွန်းကို ကြားလိုက်ရ၍ ပြန်ဖြေပေးလိုက်သည် ”အင်း ဒီနေရာက ကျောက်တုံးနက်တွေက ငါးမီတာလောက် နက်တယ် …”
မိုဝူကျီ ကျင့်ကြံဆင့်မှာ မြင့်လာသောကြောင့် သူ့စိတ်စွမ်းအားမှာ မြေနက် ကိုးမီတာအထိ ထိုးဖောက်နိုင်ပြီ ဖြစ်၏။ ကျောက်တုံးနက်များမှာ ယခင်နှင့် ယှဉ်လျှင် အနည်းငယ် အပေါ်ရောက်သေး၏။ မိုဝူကျီ၏ အားကောင်းလှသော စိတ်စွမ်းအားကြောင့် သူ အာရုံခံနိုင်သည့် နေရာကို ယခင်ကထက် ယုံကြည်ချက်ရှိရှိ တူးယူလာနိုင်သည်။
နေ့တစ်ဝက် အကြာတွင် မိုဝူကျီက အစီအရင်များ တပ်ဆင်၍ ပြီးဆုံးသွားလေပြီ။
မိုဝူကျီ၏ လမ်းညွှန်မှုအောက်တွင် ရှစ်ယောက်သား ကျောက်တုံးနက်တွင်းများ စတူးလိုက်ကြသည်။ ရလဒ်မှာ လူတစ်ယောက်တည်းက ရှစ်ရက်တာ အတွင်း ရရှိလာနိုင်သည့် အရာမျိုး မဟုတ်ပေ။
နေ့တစ်ဝက်အတွင်း ငါးမီတာ မိုင်းတွင်းကို တူးပြီးသွားလေပြီ။
ကူယာနှင့် ပေသီးတို့မှာ ကျောက်တုံးနက်များ အစီအရီ ရှိနေသည့် မြင်ကွင်းကို ကြည့်ကာ ကြောင်အနေမိကြသည်။ သူတို့ရှေ့တွင် ရှိနေသော ကျောက်တုံးနက် အရေအတွက်မှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ထွက်လာသည့် တစ်နှစ်တာ ပမာဏထက် ပိုများပေသည်။
ပေသီးက မိုဝူကျီသည် အဘယ်ကြောင့် ကျောက်တုံးနက် နည်းနည်းလေး အပေါ် စိတ်ဝင်စားမှု မရှိကြောင်း သိရှိသွားသဖြင့် မိုဝူကျီကို လေးလေးစားစား ကြည့်လိုက်မိသည်။ အကယ်၍ သူသာ မိုဝူကျီ ဆိုပါက စောစောလေးမှ တွေ့လာသည့် ကျောက်တုံးနက်များ အပေါ် အချိန်ဖြုန်းနေမည် မဟုတ်ပေ။
သူတို့ တူးယူနှုန်းမှာ မြန်ဆန်လာသည့်အတွက် ကျောက်တုံးနက်များလည်း မြေကြီးထဲမှ ပိုပို ထွက်ပေါ်လာပေသည်။ ရက်အနည်းငယ်အတွင်း သူတို့က ကျောက်တုံးနက် တစ်သန်းနီးပါး တူးယူပြီးသွားလေပြီ။
***
သေမင်းမိုင်းတွင်းနှင့် မိုင်ထောင်ချီ ကွာဝေးသောနေရာတွင် သင်္ဘောပျံ တစ်စင်း ဆိုက်ရောက်လာပြီး လူတချို့ ဆင်းလာကြသည်။ ဦးဆောင်လာသူမှာ တာအိုသခင်ကွမ်းချွမ် ဖြစ်၏။ သူ့နောက်မှ လူမှာ မုန့်ထျန်းယွီ မဟုတ်ဘဲ လွင်ပြင်ကျယ် မဟာမိတ်၏ မဟာမိတ်ခေါင်းဆောင် ချင်ယွဲ့ ဖြစ်နေသည်။
“မဟာမိတ်ခေါင်းဆောင်ချင် ... အခု ကျုပ်တို့တွေ ရှေ့ဆက်သွားရင် သေမင်းမိုင်းတွင်းဆီ ရောက်သွားလိမ့်မယ်။ မိုဝူကျီတို့အဖွဲ့ သေမင်းမိုင်းတွင်းမှာ ရှိနေတာ ဖြစ်နိုင်ရဲ့လား …” ကွမ်းချွမ်က အဝေးမှ သေမင်းမိုင်းတွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
ဘေးမှာ ရပ်နေသည့် ချင်ယွဲ့က ခေါင်းခါကာ “မဖြစ်နိုင်ဘူး။ မိုဝူကျီ မပြောနဲ့ သေမင်းမိုင်းတွင်းက ထိပ်တန်း ပညာရှင်တွေတောင် သေမင်းမိုင်းတွင်းကို ဒီအတိုင်း ဝင်ရဲကြတာ မဟုတ်ဘူး။ ထားပါတော့ ... မိုဝူကျီက သေမင်းမိုင်းတွင်းထဲ ဝင်နိုင်စွမ်း ရှိနေရင်တောင် ကျန်တဲ့သူတွေကရော ...”
“ဒီလူက အတော်လေး ဉာဏ်များတယ်။ အစတုန်းက သူ့ကို ကျုပ်အိမ်တော်ဆီ လာမယ်ထင်နေတာ ဒါပေမဲ့ သူက တစ်ခေါက်လေးတောင် ရောက်မလာခဲ့ဘူး။ ကျုပ် ထောင်ချောက်တွေကို သိနေတာလား မသိဘူး ...” ကွမ်းချွမ် အသံတွင် ကူကယ်ရာမဲ့သည့် အရိပ်အယောင်များ ပါဝင်နေသည်။
“ကုန်းဟို့နဲ့ တွေ့သွားတာလည်း ဖြစ်နိုင်ချေ ရှိတယ်။ သူသာ ကုန်းဟို့နဲ့ ချိတ်ဆက်မိသွားရင် သူ့အတွက် တာအိုသခင် အိမ်တော်ကို လာစရာ မလိုတော့ဘူးလေ ...” ချင်ယွဲ့က ပြောလိုက်သည်။
ကွမ်းချွမ်က တိတ်ဆိတ် သွားလေ၏။ ခဏတာ စဉ်းစားပြီးနောက်
“ညီလေးချင် ပြောတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဟုန်ဖူကျီကို မိုဝူကျီက သတ်လိုက်တာဆိုရင် ပေသီးနဲ့ ကူယာက သူ့ဘေး ရှိနေမှာ မဟုတ်ဘူး။ ကုန်းဟို့က ဟုန်ဖူကျီကို သတ်လိုက်ပြီးတော့ မိုဝူကျီကို အစားထိုးလိုက်တာ နေမယ် ... အဲလိုဆိုရင်တောင် ကုန်းဟို့က စိတ်စွမ်းအင် ကျောက်ချောတွေ များများစားစား မပေးတာ သေချာနေတာဆိုတော့ မိုဝူကျီက ကျုပ်ကို လာရှာရမှာပဲ။ မုန့်ထျန်းယွီနဲ့ အရင်တစ်ခါ အဖြစ်အပျက် ပြီးကတည်းက မိုဝူကျီက ကုန်းဟို့ပေးတဲ့ စိတ်စွမ်းအင် ကျောက်တုံး သိန်းဂဏန်းလောက်လေးနဲ့ မတင်းတိမ်နိုင်လောက်ဘူး ဆိုတာ ကျုပ်သိနေတယ်။ ပြီးတော့ သူက ဒီနေရာမှာ ကျင့်ကြံဖို့ အထူးသစ်သား စွမ်းအားကို ဖယ်ရှားနိုင်တယ် ဆိုတော့ သူ့အနေနဲ့ စိတ်စွမ်းအင် ကျောက်တုံးကို ပိုလိုချင်တာက ပုံမှန်ပဲ ...”
“အစ်ကိုကွမ်း ... မိုဝူကျီ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကို ရောက်လာတော့ ကျန်းရှင်းက လူနှစ်ယောက်လည်း ပါလာတယ်မလား ... ပြန့်ရွမ်းပိတို့ မုယင်ချောင်တို့ဆီကနေ မိုဝူကျီအကြောင်း စုံစမ်းလို့ ရတာပဲ ...” ချင်ယွဲ့က ပြန်ဖြေလိုက်သည်။
ကွမ်းချွမ်က ခေါင်းညိတ်ပြကာ ”ဟုတ်သား ... မိုဝူကျီက ကန်ရွယ်နဲ့လည်း ရန်ကြွေး ရှိတယ်ဆိုတော့ ကန်ရွယ်ဆီလည်း မေးမြန်းလို့ ရနိုင်တယ်။ အခု သွားကြစို့ ... ဒီနေရာမှာ အချိန်ကုန်ပြီး စောင့်နေမဲ့အစား အဲဒီလူတွေကို သွားရှာရအောင် … ငါတို့တွေ လအတော်ကြာ ရှာပြီးပြီဆိုတော့ ဒီလို ဆက်လုပ်နေရင် ဘာမှ အကျိုးထူးလာမှာ မဟုတ်ဘူး ...”
ကွမ်းချွမ် စကားအဆုံးတွင် အဝေးတစ်နေရာမှ မိုးကြိုးသံများကို ကြားလိုက်ပြီး မိုးကြိုးလျှပ်စီးများက ဆင်းသက် လာလေသည်။
“တစ်ယောက်ယောက်တော့ မိုးကြိုးစမ်းသပ်ချက် ခံယူတော့မယ် ...” ကွမ်းချွမ်နှင့် ချင်ယွဲ့တို့မှာ အချင်းချင်း ကြည့်လိုက်ကြသည်နှင့် တစ်ယောက်မျက်လုံး၌ တစ်ယောက် အကြောက်တရားများကို မြင်လိုက် ကြရသည်။
ဘယ်နှနှစ် ရှိသွားပြီလဲ ... အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ ကောင်းကင်အင်မော်တယ် တက်လှမ်းဖို့ရာ မိုးကြိုးစမ်းသပ်ချက် ခံယူသည့် သူ မရှိခဲ့သည်မှာ နှစ်များစွာ ကြာမြင့်လှလေပြီ။ အင်မော်တယ်နယ်မြေနှင့် သူ သဘောတူညီချက်အရ ကျောက်တုံးနက် ရောင်းဝယ်ရေး အပြင် သူက ဤနေရာ၌ ကောင်းကင်အင်မော်တယ် အဆင့် တက်လှမ်းနိုင်သည့် ကျင့်ကြံသူ နာမည်ကိုလည်း တင်ပြဖို့ လိုအပ်ပေသည်။
“သွားပြီးတော့ ကြည့်ကြည့်ရအောင် ...” ကွမ်းချွမ်က တွေဝေမနေဘဲ ပြောနေရင်း သတင်း လှမ်းပို့လိုက်သည်။
***
“ဒီနေရာမှာ တစ်ယောက်ယောက် မိုးကြိုး စမ်းသပ်ချက် ခံယူနေတာလား ...” မိုဝူကျီနှင့် ကျန်လူများက သေမင်းမိုင်းတွင်းမှ မိုးကြိုးလျှပ်စီးချက်များကို မြင်တွေ့နေရသောကြောင့် ဆရာကြီးဖူကျိက တအံ့တဩ ပြောလိုက်သည်။
မိုဝူကျီက လခြမ်းကွေး အင်မော်တယ် နန်းတော်ကြောင်း တွေးမိလိုက်သည်။ အကယ်၍ ဤလူသာ မိုးကြိုးစမ်းသပ်ချက် ခံယူနေပါက အင်မော်တယ်နယ်မြေသို့ ခေါ်ဆောင်သွားပြီး လခြမ်းကွေး အကျဉ်းထောင်ထဲ ပိတ်လှောင်ထား ခံရနိုင်သည်။
“ဒီနေရာမှာ မိုးကြိုးစမ်းသပ်ချက် ခံယူနိုင်တယ်ဆိုတော့ ဒီလူက အတော်လေး အရည်ချင်းရှိတဲ့ လူပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်ကတော့ တာအိုရောင်းရင်းမိုကို အလေးစားဆုံးပဲ။ ဒီနေရာမှာ လနည်းနည်းလောက်နဲ့ ကျောက်တုံးနက် ဆယ်သန်းကျော် တူးယူနိုင်တာဆိုတော့ ဒီလိုမျိုး ဖြစ်နိုင်တယ်ဆိုတာ သူများကသာ လာပြောပြရင် ကျုပ်တော့ ယုံနိုင်မှာ မဟုတ်ဘူး” ပေသီးက ကျောက်တုံးနက် ၁၀၀ ကို တခါတည်း တူးယူရင်း ပြောလိုက်သည်။
အားလုံးလည်း သူနှင့် အတွေးတူ ရှိကြလေသည်။
သာမန်ကျင့်ကြံသူများမှာ တစ်ကြိမ်တွင် ကျောက်တုံးနက် တစ်တုံး၊ နှစ်တုံးသာ ရှာနိုင်ပြီး တစ်ခါတည်းဖြင့် ကျောက်တုံးနက် ရာချီတွေ့သူမှာ ရှားပါးလှပြီ ဖြစ်ရာ ထောင်ချီ၊ သန်းချီ တွေ့ဖို့ရာမှာ မရှိသလောက် နည်းပါးပေသည်။
သို့သော်လည်း မိုဝူကျီ ရှာတွေ့သည်မှာ သန်းချီနေပြီး ကျောက်တုံးနက် ငါးသန်းကျော် ရှိသည့် မိုင်းတွင်းကို တကယ် တွေ့ရှိခဲ့လေသည်။ မိုဝူကျီ ရှာတွေ့သည့် ကျောက်တုံးနက်တွင်း၏ တစ်ခုတည်းသော ခြားနားချက်မှာ သိပ်မနက်ခြင်း ဖြစ်သည်။ ကျောက်တုံးနက်များမှာ မြေပေါ်ထက် မြေအောက်ထဲ၌ ပိုမိုတွေ့ရှိနိင်ပေသည်။
နေ့ဝက်အကြာတွင် စမ်းသပ်ချက်လည်း ပြီးဆုံးသွားလေပြီ။ ထိုစဉ် မိုဝူကျီ ခါး၌ ချိတ်ဆွဲထားသော ဆက်သွယ်ရေး ပုတီးစေ့မှာ လင်းလာလေ၏။
မိုဝူကျီက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်သည် “နှစ်ဝက်တောင် ရှိသွားပြီပဲ။ ကုန်းဟို့က သတင်းတောင် ပို့နေပြီလား ...”
“သူ အခုလာမယ်တဲ့လား ” ထုံချိန်က ချက်ချင်း မေးလိုက်သည်။
မိုဝူကျီက ခေါင်းညိတ်ပြကာ “အင်း ... သူက သူ ရောက်နေပြီမလို့ သူ့အတွက် ကျောက်တုံးနက်တွေ ပြင်ထားခိုင်းတာ ... ”
“စောစောလေးက မိုးကြိုးစမ်းသပ်ချက် ခံယူသွားတဲ့ ကျင့်ကြံသူအတွက် ရောက်လာတာ နေမှာ။ အင်မော်တယ်နယ်မြေက လူတွေက အဲဒီလူအတွက် ရောက်လာကြတာ။ ကျောက်တုံးနက် လဲဖို့က ဒုတိယ ရည်ရွယ်ချက်ပေါ့ ...” ထုံချိန်က ဖြေလိုက်သည်။
“သူတို့က ဘယ်လိုလုပ် သိတာလဲ ” ကျာချီက နားမလည်၍ ဝင်မေးလိုက်သည်။
ထုံချိန်က အေးစက်စွာ ပြုံးရင်း ”အင်မော်တယ်တစ်ပိုင်း နယ်ပယ်က တစ်ယောက်ယောက် ပြောလိုက်တာပေါ့။ ဒီနေရာမှာ တစ်ယောက်ယောက် မိုးကြိုးစမ်းသပ်ချက် ခံယူတိုင်း အင်မော်တယ်နယ်မြေက လူတွေက ချက်ချင်း သိတာပဲ။ ဆရာကြီးပိုချင်ဆီက ကြားဖူးတာတော့ ကောင်းကင်အင်မော်တယ် အဖြစ် အဆင့်တက်သွားတဲ့နောက် အင်မော်တယ်နယ်မြေကို ခေါ်သွားတဲ့သူတွေဆီမှာ ဘာမှ ကောင်းတာ ဖြစ်လာမှာ မဟုတ်ဘူးတဲ့ …”
“အဲဒါဆို အားလုံးက အင်မော်တယ်နယ်မြေကို သွားဖို့ ဘာလို့ စိတ်အားထက်သန် နေရတာတုန်း ” ကူယာက မေးလိုက်သည်။
ထုံချိန်က ခေါင်းခါကာ “ကျုပ်လည်း အဲဒါတော့ မသိဘူး။ ဒါပေမဲ့ ကျုပ်က ဆရာကြီး ပိုချင်စကားတွေကို ယုံတယ် ... ”
မိုဝူကျိက လေးလေးနက်နက် ပြောလိုက်သည် “ဆရာကြီးပိုချင် ပြောတာ မှန်တယ်။ အင်မော်တယ်နယ်မြေဆီ ခေါ်သွားခံရတဲ့ လူအားလုံးကို အကျဉ်းချထားတာ ... ”
***