အင်မော်တယ် ကျောက်များအတွက် လဲလှယ်ခြင်း
Vol. 32 Ch. 435
“အာ ...” ဤတစ်ကြိမ်၌ ထုံချိန်ပင် မိုဝူကျီကို ကြည့်လိုက်သည်။
မိုဝူကျီက အားလုံးကို ပြောပြရန် ဆုံးဖြတ်ထားသည်မှာ သူတို့က ကျောက်တုံးနက် လအတော်ကြာ တူးပြီးနောက် နက်ရှိုင်းသည် ဆက်ဆံရေး တည်ဆောက် ပြီးသောကြောင့် ဖြစ်သည်။ မည်သို့ပင် ဖြစ်လာစေကာမူ သူတို့အားလုံးမှာ နောင်၌ သူ့ဘေးတွင် ရှိကာ အတူတူ တိုက်ခိုက်ပေးမည့်သူများ မဟုတ်လော။
“အရင်တုန်းက ကျုပ် အာကာသထဲ ရှိနေတုန်း လခြမ်းကွေး အကျဉ်းထောင်လို့ခေါ်တဲ့ အရာကို မြင်ခဲ့ဖူးတယ်။ လခြမ်းကွေး အကျဉ်းထောင်က အင်မော်တယ်နယ်မြေ ရတနာ တစ်ခုပဲ။ အဲဒီအကျဉ်းထောင်မှာ ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းနိုင်တဲ့ ပါရမီရှင် ကျင့်ကြံသူတွေနဲ့ ပြည့်နေတာ ...”
“ညီလေးမို ပြောတာက လခြမ်းကွေး အင်မော်တယ်နန်းတော်လား ...” လော့ချွမ်းဟယ်က မြန်မြန် ဝင်မေးလိုက်သည်။
မိုဝူကျီက ပြန်ဖြေလိုက်ရင်း “ဟုတ်တယ် ... လခြမ်းကွေး အင်မော်တယ်နန်းတော်ပဲ ... ဒါပေမဲ့ အမှန်တော့ အဲဒါက အင်မော်တယ်နယ်မြေက ပိုင်တဲ့ အကျဉ်းထောင် တစ်ခုပဲ။ အာကာသထဲ ပေါ်လာတာက အဲက ပါရမီရှင်တစ်ယောက်က ထွက်ပြေးဖို့ ကြိုးစားရင်းနဲ့ အကျဉ်းထောင်မှူးကို သတ်လိုက်လို့ ... အာကာသထဲ လှည့်လည်ပြီး ပေါ်ပေါ်လာတာ ...”
မိုဝူကျီ စကားကို ကြားသည့်အခါ အားလုံးက တိတ်ဆိတ် သွားကြသည်။ အားလုံး ဤနေရာတွင် ရှိနေနိုင်ခြင်းမှာ သူတို့ဂြိုဟ်များ၌ အတော်ဆုံး ဖြစ်ခဲ့ကာ ထိပ်သီး ပါရမီရှင်များဟုပင် ယူဆနိုင်၍ ဖြစ်သည်။ သို့သော်လည်း သူတို့သာ အင်မော်တယ်နယ်မြေဆီ ရောက်သွားသည်နှင့် အားလုံးကြား၌ အားအနည်းဆုံး ဖြစ်သွားပေလိမ့်မည်။ သူတို့ကို လက်တစ်ဖျောက်လောက် တီးလိုက်ရုံဖြင့် သတ်နိုင်သူများ ရှိသည့်အထိ အသေးအမွှားလေး ဖြစ်နေလိမ့်မည်။
“တာအိုရောင်းရင်းမို ... ကျုပ်တို့တွေ ကျောက်တုံးနက် တူးတာ ခဏနားကြမလား ...” ဆရာကြီးဖူကျိက မိုဝူကျီကို မေးရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ဆရာကြီးဖူကျိအတွက် ကျောက်တုံးနက်များမှာ အရေးကြီးသော်လည်း အရေးကြီးဆုံးအရာမှာ စိတ်စွမ်းအင် ကျောက်ချောများ လုံလုံလောက်လောက် လဲလှယ်နိုင်ဖို့ ဖြစ်သည်။ သူတို့အတွက် ဤငရဲနေရာမှ ထွက်သွားနိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူတို့ လဲလှယ်နိုင်သည့် စိတ်စွမ်းအင် ကျောက်ချော အရေအတွက်ပေါ် မူတည်နေပေသည်။ ဤနေရာ၌ တစ်ရက်ရက်ကျ သူတို့ မိုးကြိုးစမ်းသပ်ချက် ခံယူရလျှင်ပင် ဘာအကျိုးရှိမည်နည်း။
သူတို့ကိုလည်း အင်မော်တယ်နယ်မြေက အကျဉ်းထောင်ဆီ ခေါ်ဆောင် သွားခံရမှာပဲ မဟုတ်လား။
မိုဝူကျီကို အားလုံးက ဝိုင်းကြည့် လိုက်သောကြောင့် ပြန်ဖြေလိုက်သည်။
“ကျုပ်တို့တွေ အခုချိန်အထိ အတူတူ ရှိနေခဲ့တာ ဆိုတော့ အားလုံးကို မိတ်ဆွေရင်းတွေလို့ပဲ တွေးမိတယ်။ အဲဒါကြောင့် နောင်အတွက် ကျုပ်အကြံအစည်ကို အားလုံးသိအောင် ပြောပြမယ်။ ဒါပေမဲ့ အားလုံးကို မပြောခင် အရင် တစ်ခု ပြောစရာရှိတယ်။ ကျုပ်အကြံကို ကြားပြီးရင်တော့ ဒီအဖွဲ့ကနေ ထွက်သွားလို့ မရတော့ဘူ။ အဲဒါကြောင့် ထွက်သွားချင်ရင် အခု ထွက်သွားပါ။ ကျုပ်ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ် ...”
မည်သူကမျှ မပြောကြပေ။ အကြောင်းမှာ ထုံညီအစ်ကို၊ ပေသီးနှင့် ကူယာတို့သာ သူ့အကြံကို မသိသေးခြင်း ဖြစ်သည်။ သို့သော်ငြား သူတို့က မိုဝူကျီကို အထူး လေးစားနေကြပြီ ဖြစ်ရာ သူ့အဖွဲ့ထဲ ဝင်ပြီးနောက် သူတို့က ဘာမှဆုံးရှုံးမှုမရှိဘဲ ကျောက်တုံးနက်များစွာပင် တူးယူနိုင်ခဲ့သေးရာ အဘယ်ကြောင့် သူတို့က ထွက်ချင်ကြမည်နည်း။
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ကာ “အားလုံးက သဘောတူနေမှတော့ ကျုပ်တဲ့တိုးပဲ ပြောတာ့မယ်။ ကျုပ်ဆီမှာ တိုက်သင်္ဘောတစ်စင်း ရှိတယ်။ အဲဒီသင်္ဘောနဲ့ဆိုရင် ကျုပ်တို့ကို အင်မော်တယ်နယ်မြေဆီ ခေါ်ဆောင် သွားနိုင်လိမ့်မယ်။ အဲဒါကြောင့် ကုန်းဟို့ဆီက အဆင့်နိမ့် အင်မော်တယ်ကျောက် လဲပြီးသွားရင် ကျုပ်တို့တွေ အင်မော်တယ်လျှိုကို ဖြတ်ပြီးတော့ အင်မော်တယ်နယ်မြေကို သွားနိုင်လိမ့်မယ်။ ကျုပ်တို့တွေ အင်မော်တယ်လျှိုကို ဖြတ်ရင်း ကျရှုံးသွားနိုင်ပြီးတော့ ထာဝရ ပိတ်မိနေတာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် အင်မော်တယ်လျှိုက ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ ပြောပြနေဖို့ မလိုလောက်ဘူး ထင်တယ်။ ပြောရမယ် ဆိုရင်တော့ အောင်မြင်နိုင်ချေက ငါးဆယ် ရာခိုင်နှုန်းပဲ ...”
“အာ ... တာအိုရောင်းရင်းမို ...” ထုံညီအစ်ကိုက ထိုအရာကို ကြားသောအခါ အံ့ဩသွားကြသလို ကျေနပ် သွားကြသည်။ အကယ်၍ အောင်မြင်နိုင်ချေ ဆယ်ရာခိုင်နှုန်းလောက်သာ ရှိမယ်ဆိုလျှင်လည်း သူတို့က တုံ့ဆိုင်းခြင်းမရှိ သဘောတူမည် ဖြစ်သည်။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် အဓိပ္ပာယ်မဲ့စွာ နေခဲ့၍ ဘာအကျိုးရှိမည်နည်း။ သူတိုက မကျင့်ကြံနိုင်ဘဲ နေ့တိုင်းဆိုသလို အထူးသစ်သား စွမ်းအားကြောင့် စိတ်ပူပင် စိုးရိမ်နေရလေသည်။ သေသည်ထက်ပင် ခက်ခဲနေသော ဘဝကို ရှင်သန်ရသည်မှာ လုံလောက်လေပြီ။
ကျင့်ကြံသူ တစ်ယောက် ထပ်တိုးတက်ဖို့ရာ မကျင့်ကြံနိုင်လျှင် ကျင့်ကြံသူ တစ်ယောက်နှင့် ဖုတ်ကောင်များကြား ဘာကွာခြားမည်နည်း။
ပေသီးနှင့် ကူယာတို့လည်း ချက်ချင်း ပြန်ဖြေလိုက်ကြသည် “အစ်ကိုမို ... ကျုပ်တို့တွေအတွက် အောင်မြင်နိုင်ချေ ဆယ်ရာခိုင်နှုန်းပဲ ရှိမယ် ဆိုရင်တောင် သဘောတူမှာ ...”
ထုံညီအစ်ကိုက တာအိုသခင်ဝူယု ဆောက်လုပ်ထားသော တိုက်သင်္ဘော ဟုတ်လားဟုပင် မမေးမြန်းချေ။ သူတို့ကို အင်မော်တယ်လျှိုကို ဖြတ်၍ ခေါ်ဆောင်သွားနိုင်သရွေ့ တိုက်သင်္ဘော၏ ဇစ်မြစ်မှာ အရေးမကြီးပေ။
မိုဝူကျီက ရှစ်မီတာ၊ ကိုးမီတာအနက်တွင် ရှိနေသော ကျောက်တုံးနက်များကို အာရုံခံနိုင်သောကြောင့် သူ့တွင် အင်မော်တယ်လျှိုကို ဖြတ်သန်းသွားနိုင်မည့် သင်္ဘော ရှိနေခြင်းမှာ အထူးအဆန်းတော့ မဟုတ်ပေ။
“တာအိုရောင်းရင်းမို ... ကျုပ်တို့တွေ ခင်ဗျားအဖွဲ့ထဲ ဝင်ဖို့ ဆုံးဖြတ်လိုက် ကတည်းက ကျုပ်တို့တွေက ခင်ဗျားရဲ့ ခေါင်းဆောင်မှုနောက်ကို လိုက်ဖို့ ရည်ရွယ် ထားပြီးသားပါ။ ပြီးတော့ ကျုပ်တို့တွေ အင်မော်တယ်လျှိုထဲ ပိတ်မိနေတာက အင်မော်တယ်တစ်ပိုင်း နယ်မှာ ရှိတာထက်တော့ ပိုကောင်းမှာပါ ...” ထုံချိန်နှင့် ထုံယဲ့တို့က သူတို့အမြင်ကို ပြောပြလိုက်သည်။
အားလုံးက သဘောတူမည်မှန်း သိထားသော်လည်း မိုဝူကျီက အားလုံး၏ တုံ့ပြန်မှုကို ကြားသောအခါ ပြောမပြတတ်သည့် ပျော်ရွှင်မှုကို ခံစားလိုက်ရသည် “အားလုံးက ဒီလိုဆိုမှတော့ ကျုပ်တို့ အဆင့်နိမ့် အင်မော်တယ်ကျောက် ရပြီးသွားရင် အင်မော်တယ်လျှိုကို ဖြတ်မဲ့အကြောင်း ဆွေးနွေးကြတာပေါ့။ ”
“အဆင့်နိမ့် အင်မော်တယ် ကျောက်တွေလား ” ဆရာကြီးဖူကျိက မိုဝူကျီသည် ကုန်းဟို့နှင့် အလဲအလှယ်အကြောင်း အသေးစိတ် မပြောပြထားသောကြောင့် မေးကြည့်လိုက်သည်။
မိုဝူကျီက ရှင်းပြလိုက်သည် “ကျုပ်က ကျောက်တုံးနက်တွေကို စိတ်စွမ်းအင် ကျောက်ချောအစား အဆင့်နိမ့် အင်မော်တယ်ကျောက်တွေနဲ့ လဲဖို့ ပြောထားတာ။ ဒီစိတ်စွမ်းအင် ကျောက်ချောတွေချည်းဆိုရင် တိုက်သင်္ဘောကို ထောက်ပံ့ပေးနိုင်ပါ့မလား ဆိုတာ စိုးရိမ်မိလို့ ပြီးတော့ အင်မော်တယ်ကျောက်တွေက စိတ်စွမ်းအင် ကျောက်ချောတွေထက် ပိုကောင်းတယ်လေ ...”
မိုဝူကျီ ရှင်းပြချက်ကို ကြားပြီးနောက် အားလုံးက မပျော်ရွှင်ဘဲ မနေနိုင်တော့ပေ။ ဆရာကြီးဖူကျိက တိုက်သင်္ဘောမောင်းနှင်ရန် စိတ်စွမ်းအင် ကျောက်ချောများ လိုအပ်သည်ဟု ပြောခဲ့သော်လည်း သူက ထိုစိတ်စွမ်းအင် ကျောက်ချော တစ်မျိုးတည်းဖြင့် မလုံလောက်မည်ကို စိုးရိမ်နေမိခဲ့ရာ ယခုမှ စိတ်အေးလက်အေး သက်ပြင်း ချနိုင်တော့သည်။ သင်္ဘောမောင်းနှင်ဖို့ရာ စွမ်းအားအရင်းအမြစ် မလုံလောက်ခြင်းမှာ အင်မော်တယ်လျှိုအတွင်း သွားဖို့ရာ ဝမ်းနည်းဖွယ် အကောင်းဆုံး ကိစ္စ ဖြစ်ပေသည်။
မိုဝူကျီက ဆက်ပြောလိုက်သည် “ဒီတစ်ကြိမ်တော့ ကျုပ်တို့တွေ အင်မော်တယ် နယ်မြေက လက်ခံဖူးတာထက် ပိုများတဲ့ ကျောက်တုံးနက် သန်းသုံးဆယ်လောက်ကို တူးရမယ်။ ပြီးတော့ ဒီတစ်ခါ အလဲအလှယ် လုပ်ရင် ဒီလောက်အများကြီး မလဲဘူး။ ကျုပ်တို့ဘာသာ ခွဲဝေယူကြမယ်။ ကန့်ကွက်တဲ့သူများ ရှိလား ...”
“အစ်ကိုမို ... ကျမတို့ကို ဒီနေရာ ခေါ်လာပေးတာလဲ ရှင်ပဲ။ တိုက်သင်္ဘော ပိုင်ဆိုင်တာရော ဒီကျောက်တုံးနက်တွေကို တွေ့ခဲ့တာရောက ရှင်ပဲလေ။ ကျမတို့ လုပ်ခဲ့တာဆိုလို့ အင်အားလေး နည်းနည်း စိုက်ထုတ်ရုံပဲ ရှိတာ ... နောက်တစ်နည်းနဲ့ ပြောရမယ်ဆိုရင် ရှင်သာ ကျမတို့ကို ဒီနေရာ ခေါ်မလာဘဲ တွေ့ရာလူ ခေါ်လာရင်လည်း ဒီကျောက်တုံးနက်တွေကို ရမှာပဲ …
ပြီးတော့ ကျမတို့တွေ သေမင်းမိုင်းတွင်းမှာ လအနည်းငယ် ကြားတဲ့အထိ တူးတယ်ဆိုရင်တောင် ကျမတို့တွေက ရှင်ရဲ့ လမ်းညွှန်မှု မပါဘဲ ကျောက်တုံးနက် ထောင်ကျော်တောင် တွေ့မှာ မဟုတ်ဘူး။ ဒီကျောက်တုံးနက် ပမာဏနဲ့ဆိုရင်တောင် အင်မော်တယ်နယ်မြေကို သွားဖို့ သင်္ဘောလက်မှတ်ကို ဝယ်ဖို့ လုံလောက်မှာ မဟုတ်ဘူး။ အဲဒါကြောင့် အစ်ကိုမိုပဲ အားလုံး သိမ်းထားလိုက်ပါ ...” အရင်ဦးဆုံး ပြောလိုက်သူမှာ ကူယာ ဖြစ်နေလေ၏။
မိုဝူကျီက ကူယာကို အလွန်လုပ်ကိုင်စွမ်း ရှိသူအဖြစ် သတ်မှတ် ထားလေသည်။ သူမက များများစားစား မပြောသော်လည်း ဉာဏ်ကောင်းပြီး ကိစ္စများကို အလွယ်တကူ နားလည်လွယ်ပေသည်။
လော့ချွမ်းဟယ်လည်း ဝင်ပြောလိုက်သည် “ကျုပ်လည်း ကျောက်တုံးနက် သုံးစရာ မရှိဘူးဆိုတော့ ညီလေးမိုဆီမှာပဲ ထားလိုက်မယ် ...”
ကူယာနှင့် လော့ချွမ်းဟယ်တို့က စတင်ပြောလိုက်ကြ၍ အားလုံးလည်း ကူယာအမြင်ကို ထောက်ခံလိုက်ကြသည်။
ဆရာကြီးဖူကျိနှင့် အခြားလူများက မိုဝူကျီနှင့် အချိန်အကြာဆုံး အလုပ်တွဲလုပ်ကြသူများ ဖြစ်သောကြောင့် မိုဝူကျီ စရိုက်ကို နားလည်နေလေပြီ။ သူတို့က ကျောက်တုံးနက်များကို ငြင်းလျှင်ပင် မိုဝူကျီက မောင်ပိုင်စီးမည် မဟုတ်မှန်း သိထားကြသည်။ သို့သော်လည်း ကူယာ ပြောသည်က မှန်ကန်ပေသည်။ သူတို့ထဲတွင် ထုံညီအစ်ကိုမှလွဲ၍ ကျောက်တုံးနက် သောင်းဂဏန်း ရဖူးသည့်သူ မပါချေ။
မိုဝူကျီက အားလုံးအမြင်များကို စောင့်ဆိုင်းနေပြီးနောက် လက်နှစ်ဖက် ဆုပ်လျက် “ကျုပ်မှာ အကြံတစ်ခု ရှိတယ်။ ဒါပေမဲ့ ကျောက်တုံးနက်ကို ဘာအတွက်သုံးမှန်း သေချာ မသိသေးတော့ ကျုပ်အရင်ဆုံး သိမ်းထားပေးမယ်။ ကျုပ်တို့တွေ အင်မော်တယ်နယ်မြေကို ရောက်ပြီးတာနဲ့ ကျုပ်တို့ဘာသာ တိုက်နေရင် စောစောစီးစီး သေသွားလိမ့်မယ်။ ကျုပ်က တစ်ခါက တျန်းဂျီဂိုဏ်းချုပ် ဖြစ်ခဲ့ဖူးတော့ အင်မော်တယ်နယ်မြေကို ရောက်ပြီးရင် တျန်းဂျီဂိုဏ်း တည်ထောင်မယ်။ အဲကျရင် တျန်းဂျီဂိုဏ်းကို မဝင်ချင်တဲ့သူတွေက ကိုယ့်ဝေစုကို ယူပြီးတော့ ထွက်သွားလို့ ရတယ် ...”
“ကျမလည်း သဘောတူတယ် ...” ကူယာက ထိုအရာမှာ အင်မော်တယ်နယ်မြေ၌ သူတို့ဘဝအတွက် ကျောက်တုံးနက်များကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းလမ်းဟု တွေးမိသောကြောင့် ဝင်ပြောလိုက်သည်။
အားလုံးက တစ်ယောက်ပြီး တစ်ယောက် သဘောတူ လိုက်ကြသည်။ အင်မော်တယ်နယ်မြေကို ခိုးဝင်သည့် မြေကမ္ဘာ အင်မော်တယ်များအတွက် အုပ်စုဖွဲ့၍ မနေကြလျှင် သေဖို့ရာ ပိုမြန်ဆန်နေလိမ့်မည်။ လော့ချွမ်းဟယ်က မိုဝူကျီ တစ်ယောက် ကြယ်တာရာ ဘုရင်တောင် အကြောင်း ထုတ်မပြောသည့် အကြောင်းအရင်းကို စဉ်းစားနေမိသည်။ သို့သော် တျန်းဂျီဂိုဏ်းမှာ ကျန်းရှင်း၏ သမိုင်းကြောင်း ရှည်လျားသည့် ထိပ်သီးဂိုဏ်း တစ်ခု ဖြစ်နေသောကြောင့် လော့ချွမ်းဟယ်မှာ သဘောတူစွာ ထွက်ရပ်လိုက်သည်။
“ကောင်းပြီလေ ... အဲဆို ဒီနေရာက ကျောက်တုံးနက်တွေကို အရင်တူးကြတာပေါ့။ ပြီးရင် သေမင်းမိုင်းတွင်းကနေ ချက်ချင်း ထွက်သွားကြမယ် ” မိုဝူကျီက တန်းပြောလိုက်သည်။
***
ကုန်းဟို့က စတင်၍ မျက်မှောင်ကြုတ်မိလာသည်။ မိုဝူကျီဆီ သတင်းပို့လိုက်သည်မှာ သုံးရက်တင်းတင်း ပြည့်သွားသော်လည်း မိုဝူကျီက ရောက်မလာသေးပေ။ မိုးကြိုးစမ်းသပ်ချက် ခံယူထားသည့် ကျင့်ကြံသူကို မတွေ့သည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက အင်မော်တယ် နယ်မြေကို ပြန်လောက်လေပြီ။
သူက နောက်ထပ် နာရီအနည်းငယ် ထပ်စောင့်ရန် ဆုံးဖြတ်လိုက်သည်။ မိုဝူကျီက ထိုအချိန်အတွင်း ရောက်မလာပါက သူ့ဘက်မှ ယဉ်ကျေးပြနေမည် မဟုတ်ပေ။
သူ့စိတ်စွမ်းအားအတွင်း သင်္ဘောပျံ တစ်စင်း၏ အရိပ်အယောင် ပေါ်လာသည့်အခါ မတ်တတ် ရပ်လိုက်သည်။ မိုဝူကျီမှာ စိတ်ဝင်စားဖို့ ကောင်းလှသည့် လူဖြစ်နေသောကြောင့် ကုန်းဟို့က ခေါင်းညိတ်မိလိုက်သည်။ အကယ်၍ သူသာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် သူ့ကို ရှောင်ရန် ပုန်းနေရဲပါက သူ့သေတွင်းကို တူးနေသည်သာ ဖြစ်လိမ့်မည်။
မိုဝူကျီက သူ့သင်္ဘောပျံကို သိမ်းလိုက်ပြီးနောက် လက်နှစ်ဖက် ဆုပ်လျက် “တာအိုရောင်းရင်းကုန်း ... ကျုပ်က အတော်လေး အဝေးရောက်နေတာနဲ့ လာတာ နည်းနည်း နောက်ကျသွားတယ်။ တာအိုရောင်းရင်း ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်...”
လက်တွေ့တွင် မိုဝူကျီက သတင်းရရချင်း သူက နေ့တစ်ဝက်တာ ကုန်ဆုံး၍ တူးထားသည့် မိုင်းတွင်းကို လက်စဖျောက်နေခြင်း ဖြစ်ပေသည်။ ကုန်းဟို့က မပြောင်းမလဲ ကျန်ရှိနေပြီး အသာပြောလိုက်သည် “မင်း ကျောက်တုံးနက် ဘယ်လောက် ပြင်လာလဲ ...”
မိုဝူကျီက ခပ်ယဲ့ယဲ့ပြုံးကာ “ကျုပ်မှာ ကျောက်တုံးနက် လုံလုံလောက်လောက် ပါပါတယ်။ ဒါပေမဲ့ တာအိုရောင်းရင်း ကုန်းဆီမှာရော အင်မော်တယ်ကျောက် ဘယ်လောက်များများ ပါတုန်း”
မိုဝူကျီက သူ့ကို မလိမ်ညာရဲသည်ကို သိ၍ ကျောက်တုံးနက် လိုသည်ထက် ပါလာသည်ဟု ကြားလိုက်သောအခါ သူ့နှလုံးခုန်နှုန်းများမှာ မြန်ဆန်လာပေသည်။ သူက မိုဝူကျီဆီမှ ကျောက်တုံးနက် တစ်သိန်း မရနိုင်လောက်ဟု ထင်မှတ်ခဲ့သော်လည်း သူက ထိုသို့ ပြောရဲသည့်အတွက် ထိုပမာဏနှင့် ကွာဝေးလှမည် မဟုတ်ပေ။ မိုဝူကျီက ထိုပမာဏ၏ တစ်ဝက်ခန့်လောက်ပင် ရှိနေလျှင် ကုန်းဟို့က ဂွင်အကြီးကြီး မိလိုက်ခြင်း ဖြစ်ပေသည်။
“ဒီမှာ အင်မော်တယ်ကျောက် သုံးသန်း ... မင်းဆီမှာ ကျောက်တုံးနက် တစ်သိန်း ရှိရင် ဒါတွေအားလုံး မင်းအပိုင်ပဲ ...” ကုန်းဟို့က လက်စွပ်တစ်ကွင်း ထုတ်ကာ မိုဝူကျီရှေ့ ယမ်းပြလိုက်သည်။
“ကျုပ်က ဒီဟာတွေ တူးယူဖို့ လူရာကျော်ရဲ့ အချိန်တွေ အားစိုက်မှုတွေ ရင်းခဲ့ရတာ။ အဲဒါကြောင့် တာအိုရောင်းရင်းကုန်းရဲ့ လက်စွပ်ကို တစ်ချက် ကြည့်ခွင့် ပေးပါ့လား ...” မိုဝူကျီက အလွန် စိတ်လှုပ်ရှားနေသော်လည်း တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ သူ့လက်ထဲတွင် အင်မော်တယ်ကျောက် သုံးသန်း ရှိနေခြင်းသည် တိုက်သင်္ဘောကို မောင်းနှင်နိုင်တော့မည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။
သူက ကုန်းဟို့ သံသယဝင်မည်ကို စိုးရိမ်၍ ထပ်ပြောလိုက်သည် “တာအိုရောင်းရင်းကုန်း ...စိတ်မပူပါနဲ့ သူတို့ကို စိတ်စွမ်းအင် ကျောက်ချောနဲ့ ပြန်ရှင်းပေးမှာပါ။ ဒီအင်မော်တယ် ကျောက်တွေအကြောင်း မပေါက်ကြား စေရပါဘူး”
ကုန်းဟို့က မိုဝူကျီသည် အနည်းငယ် စိတ်ကြီးဝင်နေသည်ဟု ခံစားမိလိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူ့ရှေ့မှ မိုဝူကျီမှာ ပုရွက်ဆိတ်သာသာ ဖြစ်သောကြောင့် လက်စွပ်ယူ၍ ထွက်ပြေးဖို့ ကြိုးစားလျှင်ပင် ကုန်းဟို့က သူ့ဆီမှ အလွယ်တကူ ပြန်ယူနိုင်လိမ့်မည်။ မိုဝူကျီက စိုးရိမ်ရမည့်သူ ဖြစ်ပေသည်။ ကျောက်တုံးနက် တစ်သိန်းမှာ နည်းလှသည့် အရေအတွက် မဟုတ်သဖြင့် ကုန်းဟို့က မိုဝူကျီကို ရိုက်စား လုပ်သွားနိုင်၏။
“မင်းအတွက် ...” ကုန်းဟို့က သူ့လက်ကို ဆန့်ထုတ်ကာ လက်စွပ်ကို ပေးလိုက်သည်။ ထို့နောက် သူဘေးပတ်လည်တွင် ဝိညာဉ်စွမ်းအားလှိုင်းများ ထုတ်လွှင့်ထားလိုက်ပြီး မိုဝူကျီက ရုတ်ရုတ် လုပ်သည်နှင့် တန်းသတ်ပစ်မည် ဖြစ်သည်။
မိုဝူကျီ၏ စိတ်စွမ်းအားက လက်စွပ်ကို ထိုးဖောက်သွားသည့်အခါ ပမာဏ သုံးသန်းရှိသည့် အင်မော်တယ်ကျောက်များကို တွေ့လိုက်ရပေသည်။ မိုဝူကျီက ထိုအင်မော်တယ် ကျောက်များကို သူ့လက်စွပ်ထဲ ပြောင်းထည့်လိုက်ပြီး ကျောက်တုံးနက် တစ်သိန်းကို ထုတ်ကာ ကုန်းဟို့၏ လက်စွပ်ထဲ ပြန်ထည့်ပေးလိုက်သည်။
မိုဝူကျီ၏ အပြုအမူများကြောင့် ကုန်းဟို့က သူ့အား စိုက်ကြည့်လိုက်သည်။ ထို့နောက် ကုန်းဟို့က သူ့စိတ်စွမ်းအား သုံး၍ လက်စွပ်ကို စစ်ဆေး ကြည့်လိုက်သည့်အခါ မျက်လုံးများပင် တလက်လက် ဖြစ်သွားလေ၏။ အထဲတွင် သူ့ကို စောင့်ကြိုနေသည့် ကျောက်တုံးနက် တစ်သိန်း ကွက်တိ ရှိနေသည်။
***