← Chapters

အင်မော်တယ်တစ်ပိုင်းနယ်ပယ်မှ တစ်ဦးတည်းသော ကောင်းကင်အင်မော်တယ်

Vol. 32 Ch. 436

အင်မော်တယ်တစ်ပိုင်းနယ်ပယ်မှ တစ်ဦးတည်းသော ကောင်းကင်အင်မော်တယ်

Vol. 32 Ch. 436

ကျောက်တုံးနက် တစ်သိန်း …

အမှန်ကို ကျောက်တုံးနက် တစ်သိန်း ဖြစ်ပေသည်။ ကုန်းဟို့က လက်စွပ်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားလိုက်သည်။ သိပ်မကြာခင်တွင် ပြန်လည် တည်ငြိမ်လာပြီး ကုန်းဟို့က မိုဝူကျီသာ ကျောက်တုံးနက် တစ်သိန်း ထုတ်ယူနိုင်လျှင် သူ့တွင် ထပ်များ ရှိနေမလားဟု တွေးမိလိုက်သည်။

နှစ်ဝက်အတွင်း ဒီလောက်များတဲ့  ကျောက်တုံးနက်တွေကို ဘယ်လိုများ တူးလာနိုင်တာလဲ။

ထိုအတွေးဖြင့် ကုန်းဟို့က မိုဝူကျီ လက်စွပ်ဆီ  စိတ်စွမ်းအား ပို့လွှတ်၍ အာရုံခံကြည့်လိုက်သည်။ သူ့ကို အံ့ဩသွားစေသည်က သူ့စိတ်စွမ်းအားမှာ မိုဝူကျီ လက်စွပ်ကို ထိုးဖောက်နိုင်စွမ်း ရှိမနေပေ။

ကုန်းဟို့၏ စိတ်စွမ်းအား လက်စွပ်အပေါ်  ကျရောက် လာသည်နှင့် မိုဝူကျီက ခံစားမိလိုက်သည်။ ထင်ထားသည့်အတိုင်း ထိုသူက သူ့လက်စွပ်ကို ရှာဖွေလိုနေခြင်း ဖြစ်သည်။

“တာအိုရောင်းရင်းမို ... မင်းဆီမှာ ကျောက်တုံးနက်တွေ ထပ်ပါသေးလား ...” ကုန်းဟို့က လက်စွပ်ကို သိမ်းထားလိုက်ပြီး နဂိုပုံစံ တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။

မိုဝူကျီက ခပ်ယဲ့ယဲ့ပြုံးကာ …

“ကျုပ်မှာ ကျောက်တုံးနက် ရှိသေးတာပေါ့။ တာအိုရောင်းရင်းကုန်းဆီမှာရော အင်မော်တယ်ကျောက် ထပ်ကျန်သေးတယ်လား ...”

ကုန်းဟို့က နောက်ထပ် အဆင့်နိမ့် အင်မော်တယ်ကျောက် ထုတ်မပေးနိုင်တော့ပေ။ ထို့အပြင် မိုဝူကျီကို ပေးလိုက်သည့် အရာများမှာ သူ့တစ်ယောက်တည်း အပိုင် မဟုတ်ဘဲ လူများစွာ၏ ချမ်းသာမှု ပေါင်းစည်းထားခြင်း ဖြစ်သည်။

အချိန်အတော်ကြာ တွေဝေနေပြီးနောက် ကုန်းဟို့က မိုဝူကျီဆီမှ ကျောက်တုံးနက်များ လုယူဖို့ ကိစ္စကို လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းရင်းမှာ သူ ရှုံးနိမ့်လိမ့်မည်ဟု တွေးမိ၍ မဟုတ်ဘဲ ရွှေဥ  ဥပေးသည့် ငန်းကို သတ်သကဲ့သို့ ဖြစ်နေမည်ကို စိုးရိမ်၍ ဖြစ်သည်။ အကယ်၍ သူက မိုဝူကျီ၏ ကျောက်တုံးနက်များကို ခိုးယူလိုက်လျှင် မည်သူက တစ်ခါတည်းဖြင့်  ထိုသို့ ကျောက်တုံးနက် များများကို ပေးနိုင်မည်နည်း။

ကျောက်တုံးနက်များမှာ အမြတ်စွန်းများသည့် စီးပွားရေးကြီး တစ်ခုဖြစ်ကြောင်း ကုန်းဟို့က သေချာသိပေ၏။

အကယ်၍ ကုန်းဟို့က မိုဝူကျီတွင် ကျောက်တုံးနက် တစ်သန်းကျောက်ရှိမှန်း သိနေပါက သူ မည်မျှပင် တည်ငြိမ်စေကာမူ တုံ့ဆိုင်းခြင်းမရှိ လုယုမိမည် ဖြစ်သည်။

သို့သော်လည်း မိုဝူကျီက ကုန်းဟို့နှင့် တစ်ယောက်တည်း စီးပွားရေး ညှိနှိုင်းရဲသဖြင့် သူ့ကျောက်တုံးနက်များ အခိုးယူခံရမည်ကို မကြောက်ရွံ့သည်မှာ ထင်ရှားပေသည်။ ကုန်းဟို့က ကောင်းကင် အင်မော်တယ်အဆင့် ဖြစ်နေသော်လည်း မြေကမ္ဘာအင်မော်တယ် အဆင့် ၉ ဖြစ်သည့် မိုဝူကျီက ထိုလူကို ဖယ်ရှားနိုင်စွမ်း ရှိ၏။

“ဒီလိုဆိုမှတော့ ကျုပ် အရင်သွားနှင့်မယ်။ နောက်တစ်ကြိမ် တွေ့ရင် ကျုပ် အင်မော်တယ်ကျောက် များများ ယူခဲ့မယ်။ ကျောက်တုံးနက် များများ ပြင်ထားဖို့ မမေ့ပါနဲ့ ...”

ကုန်းဟို့ ထွက်မသွားခင် သူက  မိုဝူကျီကို ညွှန်ကြားချက်များ ပေးခဲ့၏။ သူက မိုဝူကျီနှင့် အလဲအလှယ် ရှည်ကြာလို၍ မိုဝူကျီ၏ သိုလှောင်လက်စွပ်ကို မခိုးယူခဲ့ခြင်း ဖြစ်သည်။

မိုဝူကျီက ကုန်းဟို့စကားများကို စိတ်ထဲပင် မထားပေ။ သူက တစ်ကြိမ် လဲလှယ်ဖို့သာ ရည်ရွယ်ထားပေ၏။ ယခု သူ့တွင် အဆင့်နိမ့် အင်မော်တယ်ကျောက် သုံးသန်း ရှိပြီဖြစ်ကာ နောက်တစ်ဆင့်မှာ အင်မော်တယ်လျိုကို ဖြတ်၍ အင်မော်တယ် နယ်မြေကို သွားရန် ဖြစ်သည်။

ကုန်းဟို့ အဝေးရောက် သွားသည့်အခါ မိုဝူကျီက သူ့ယာဉ်ပျံကို ချက်ချင်း ထုတ်ယူလိုက်သည်။ ထိုစဉ် သူ့စိတ်စွမ်းအား အာရုံအတွင်း ပုံရိပ်တစ်ခု ပေါ်လာကာ သူ့ဆီ ခုန်ဝင်လာသည်။

မိုဝူကျီက မလှုပ်ရှားလိုက်ပေ။ သူက ထိုအရာမှာ အလစ် တိုက်ခိုက်ခြင်း မဟုတ်မှန်း သိနေပေသည်။

“ဘုန်း” ပုံရိပ်အမည်း တစ်ခုက သူ့အား ကျော်လွန်သွားပြီး မြေပေါ် ကျရောက်လာသည်။ ထိုအရာမှာ ဒဏ်ရာရနေသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။

ထိုကျင့်ကြံသူက သိပ်မကြာခင် ပြန်ထလာပြီး ဆေးလုံးတချို့ သောက်လိုက်သည်။ သူက ထိုင်ပြီး သူ့ဒဏ်ရာကို ပြန်လည် မကုစားခင်  မိုဝူကျီကိုပင် လက်နှစ်ဖက် ယှက်၍  နှုတ်ဆက်သယောင် ပြုလုပ်လိုက်သေးပေ၏။

ထိုကျင့်ကြံသူမှာ ဆယ်ကျော်သက် လူငယ်လေးနှင့် တူပေသည်။ သူက  ဒဏ်ရာဒလပွ ဖြစ်နေသော်လည်း မျက်လုံးဝိုင်းဝိုင်းနှင့် မျက်ခုံးထူထူ ရှိကာ  သူ့အသားရေမှာ အနည်းငယ် မည်းပြီး  မျက်နှာသွင်ပြင်မှာမူ နူးညံ့ပြီး ငယ်ရွယ်သည့်ပုံ ပေါ်၏။

မိုဝူကျီကို အံ့ဩစေသည်က ထိုလူ၏ ကျင့်ကြံဆင့်မှာ မြေကမ္ဘာ အင်မော်တယ် အဆင့် ကျော်လွန်နေပြီး ကောင်းကင် အင်မော်တယ်အဆင့် ရောက်နေခြင်းကြောင့် ဖြစ်သည်။

မကြာခင်တွင် မိုဝူကျီက နားလည်သွားပေ၏။ ထိုလူမှာ သိပ်မကြာသေးခင်က   အင်မော်တယ် တစ်ပိုင်းအတွင်း  ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းသွားသော ကျင့်ကြံသူသာ ဖြစ်ရမည်။

သူ့အပြင် မိုးကြိုးစမ်းသပ်ချက် အောင်မြင်သွားသော ကောင်းကင် အင်မော်တယ်ကို ဒဏ်ရာ အကြီးအကျယ် ရစေသည့် လူ မရှိနိုင်လောက်ပေ။ ကောင်းကင်အင်မော်တယ် တစ်ယောက်ကို ထိုမျှအထိ ဒဏ်ရာရစေဖို့ရာ အင်မော်တယ် နယ်မြေမှ လူများ၏ လက်ချက်သာ ဖြစ်ပေလိမ့်မည်။

မိုဝူကျီက အနှောင့်အယှက်များ ဖြစ်နေလားဟု တွေးမိနေစဉ် လူငယ်လေးက ရုတ်ခြည်း မတ်တတ် ရပ်လာလေ၏။ သူ့ဒဏ်ရာများမှာ ပြင်းထန်သော်လည်း ဆက်မကုသတော့ပေ။ သူ့အနေနှင့် ဤနေရာမှာ အန္တရာယ်မကင်းကြောင်း သိပေလိမ့်မည်။

“ဒီက အစ်ကိုကြီး ... ကျုပ်နာမည်  ခို့ယွမ်ပါ။ ကျုပ် အနောက်ကနေ အလိုက်ခံရလို့ ဒီနေရာကို မတော်တဆ ရောက်လာတာပါ ...”

လူငယ်လေး ထရပ်လိုက်သည်နှင့် သူက လက်နှစ်ဖက် ဆုပ်ကာ မိုဝူကျီကို နှုတ်ဆက်လိုက်သည်။

“မစိုးရိမ်ပါနဲ့ ဒီနေရာက ကျုပ်အပိုင် မဟုတ်ပါဘူး။ ခင်ဗျား  စိတ်ကြိုက် လုပ်နိုင်ပါတယ်”

ထိုလူငယ်လေးမှာ ရိုးရှင်းဖြောင့်မတ်ဟန် ပေါ်ပြီး ကျင့်ကြံဆင့်ပင် မြင့်နေသော်လည်း သူက မိုဝူကျီကို “အစ်ကိုကြီး” ဟု ခေါ်လိုက်သေးသည်။ သူ့ငယ်ရွယ် နူးညံ့သည့် သွင်ပြင်နှင့် သက်ဆိုင် နေပေလောက်သည်။

မိုဝူကျီက ခို့ယွမ်ကို သူ့ပုံစံလေးကြောင့် အထင်မသေးရဲပေ။ လခြမ်းကွေး အကျဉ်းထောင်မှ အချက်အလက်များအရ အင်မော်တယ်တစ်ပိုင်းတွင် ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းနိုင်သော သူများမှာ ငယ်ရွယ်သူများ ဖြစ်ကြကြောင်း သိထားသည်။ ထို့ကြောင့်သာ သူတို့က ထူးချွန်လွန်းနေခြင်း ဖြစ်သည်။

“ဒီက တာအိုရောင်းရင်းကို ဘယ်လိုများ ခေါ်ရမလဲ” မိုဝူကျီက သူ့နာမည် ပြန်မပြောသေးသည်ကို မြင်ကာ ခို့ယွမ်က အရင်ဦးစွာ မေးလိုက်သည်။

သူက ခို့ယွမ်၏ ရည်ရွယ်ချက်ကို မသိသော်လည်း မိုဝူကျီက စိတ်ထဲ မထားပေ။ သူက ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေလိုက်သည် ။

“ကျုပ်က မိုဝူကျီပါ ...”

“ခင်ဗျား မိုဝူကျီလား ... ဟုန်ဖူကျီနဲ့ မုန့်ထျန်းယွီတို့နဲ့ ရင်ဆိုင်ခဲ့တယ်ဆိုတဲ့ မိုဝူကျီလား ...”  ခို့ယွမ်က တအံ့တဩ မေးလိုက်သည်။ သူက သူမမှားကြောင်း သိလိုက်သည်။

သူက အင်မော်တယ်တစ်ပိုင်း နယ်ပယ်ဆီ ကောင်းကင်အင်မော်တယ်အဖြစ် တက်လှမ်း သွားနိုင်သည့် သူများကို အင်မော်တယ်နယ်မြေမှ လိုက်ဖမ်းနေသည့် သတင်းကို ပေးပို့ချင်သောကြောင့် ဤလူမှာ ထိုသတင်းကို ပြန်လည် ပေးပို့နိုင်လိမ့်မည်။ သူ ရှာတွေ့သူမှာ မိုဝူကျီ ဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။ သူက အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေသည့်အတွက် မိုဝူကျီနှင့် တစ်ခါမျှ မတွေ့ဖူးသေးပေ။ သို့သော်လည်း သူက မိုဝူကျီ၏ ကျော်ကြားလှသော နာမည်ကို အကြိမ်များစွာ ကြားဖူးပေသည်။ တာအိုသခင်ကိုပင် မျက်လုံးထဲ မထည့်သည့် အကြောက်တရား ကင်းမဲ့သော လူသစ်လေး ဖြစ်၏။

“ကျုပ်ကို တွေ့ဖူးလို့လား ...”

မိုဝူကျီက ခို့ယွမ်ကို နားမလည်စွာ ကြည့်လိုက်သည်။ သူက လူတစ်ယောက်ကို တစ်ခါ တွေ့ဆုံဖူးသည်နှင့် ထိုလူအပေါ် အမြင်တော့ ကျန်ရှိပေလိမ့်မည်။ သို့သော်လည်း ခို့ယွမ်ကိုတော့   မိုဝူကျီက နည်းနည်းလေးမျှ မမှတ်မိပေ။

ခို့ယွမ်က မြန်မြန် ပြောလိုက်သည်။

“ကျုပ်က အစ်ကိုမိုကို မတွေ့ဖူးပေမဲ့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ ရှိတဲ့လူအားလုံး  အစ်ကိုမိုရဲ့ နာမည်ကို မကြားဖူးတဲ့သူ  ရှိမှာလဲဗျာ။ ကျုပ်က ကြားပဲ ကြားဖူးတာပါ ...”

“အခု ခင်ဗျားနောက်ကို  အင်မော်တယ် နယ်မြေကလူတွေ လိုက်လာတာမလား” မိုဝူကျီက ခို့ယွမ်ခါးမှ ဒဏ်ရာကို ကြည့်ကာ မေးလိုက်သည်။

ခို့ယွမ်က မြန်မြန် တုံ့ပြန်လိုက်ပြီး  ပြောလိုက်သည်။

“ဟုတ်တယ် .. အစ်ကိုမိုလည်း ဒီကနေ မြန်မြန် ထွက်သွားသင့်တယ်။ သူတို့ မကြာခင် ရောက်လာတော့မယ် ထင်တယ်။ ပြီးတော့ ကျုပ်ကို တစ်ခုလောက် ကူပြီးတော့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ဆီ သတင်းပို့ပေးပါ။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ကျင့်ကြံသူတွေကို ... ”

“အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ ရှိနေတုန်း  ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းသွားရင် ဘာမှ ကောင်းတာ ဖြစ်မလာဘူး ဆိုပြီးတော့လား ...” မိုဝူကျီက ခို့ယွမ်စကားကို အဆုံးသတ် ပေးလိုက်သည်။

“....” ခို့ယွမ်က မိုဝူကျီကို မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြည့်ကာ …

“အစ်ကိုမို ဘယ်လိုလုပ် သိတာလဲ”

မိုဝူကျီက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ ထို့နောက် သူ့ပျံသန်းရေး ရတနာဆီ လက်တစ်ချက် ဝှေ့ကာ …

“တာအိုရောင်းရင်းခို့ ... အခုတော့ တက်ပါဦး ... ကျုပ်တို့တွေ ဒီနေရာက ထွက်သွားပြီးမှ ဆက်ပြောတာပေါ့”

ခို့ယွမ်က မိုဝူကျီ ပျံသန်း‌ရေး ရတနာဆီ ဝင်လိုက်သည်။ ထို့နောက် မိုဝူကျီက အရှိန်နှုန်းကို မြင့်ကာ ထိုနေရာမှ ထွက်သွားတော့သည်။

“အစ်ကိုမို  ကျုပ်ကို မဖြေရသေးဘူးနော်။ ဘယ်လိုလုပ် သိနေတာလဲ ...” သင်္ဘောပျံပေါ်တွင် ခို့ယွမ်က နောက်တစ်ခါ မေးလိုက်သည်။

“ကျုပ် အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ပါရမီရှင်တွေကို ပိတ်ထားတဲ့ အင်မော်တယ်နယ်မြေရဲ့ အကျဉ်းထောင်ကို ရောက်ခဲ့ဖူးတယ် ...” ယခု သူတို့ လွတ်မြောက်လာပြီ ဖြစ်၍ မိုဝူကျီက ခို့ယွမ်ကို လခြမ်းကွေး အကျဉ်းထောင်အကြောင်း တည့်တိုး ပြောပြလိုက်သည်။

မိုဝူကျီ စကားများကို ကြားပြီး ခို့ယွမ်က သူ့ကိုယ်သူ ရေရွတ်လိုက်ကာ …

“အမှန် ဒီလိုဖြစ်နေတာကိုး ... ကျုပ်လည်း သူတို့ တစ်ခုခု လွဲမှားနေတယ်လို့ ခံစားမိနေတာ။ သူတို့က ကျုပ်ကို  တာအိုလမ်းကြောင်းပေါ် ဆက်လိုက်နိုင်ဖို့  အင်မော်တယ် နယ်မြေဆီ ခေါ်သွားမယ်ဆိုပြီး  ပြောခဲ့တာ။

ဒါပေမဲ့ ဒီနေရာမှာ ကျုပ်ကျန်နေတဲ့ ကိစ္စလေးတွေ လက်စ သပ်ဦးမယ် ဆိုတာကို ခွင့်မပြုကြဘူး”

ခို့ယွမ်က ပြောနေရင်း တစ်ခုခု အမှတ်ရသွားဟန်ဖြင့် ခေါင်းစဉ် ပြောင်းကာ ပြောလိုက်သည်

“အစ်ကိုမို မြန်မြန် ကျုပ်ကို ချပေးလိုက်ပါ။ အခု ကျုပ်က ကောင်းကင် အင်မော်တယ်အဆင့် ရောက်သွားပြီ ဆို‌တော့ အလွယ်လေး ရှာတွေ့သွားလိမ့်မယ်။ သူတို့ဆီမှာ  ကောင်းကင် အင်မော်တယ်ကို  ခြေရာခံဖို့ နည်းလမ်း ရှိတယ် ထင်တယ် ...”

မိုဝူကျီက လက်ကာပြလိုက်ရင်း …

“မစိုးရိမ်ပါနဲ့ ... ကျုပ် သင်္ဘောပျံပေါ်က အတားအဆီးတွေနဲ့ ဆိုရင် သူတို့ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ အခုခေါ်သွားမဲ့ နေရာမှာလည်း အစီအရင်တွေနဲ့ ကာထားတာ ဆိုတော့ သူတို့ ရှာတွေ့မှာ မဟုတ်ဘူး။ ကျုပ်မှာ လူတချို့ ရှိသေးတယ်။ အခု ကျုပ်တို့က အင်မော်တယ် နယ်မြေကို သွားဖို့ ပြင်နေတာ။ တာအိုရောင်းရင်းခို့ ... စိတ်ဝင်စားရဲ့လား။ တကယ်လို့ စိတ်ဝင်စားတယ် ဆိုရင် ကျုပ်တို့အတူတူ သွားလို့ ရတယ်”

ခို့ယွမ်က ရိုးရှင်းဖြောင့်မတ် သော်လည်း ပို၍ အရေးကြီးသည်က သူသည်   အင်မော်တယ်တစ်ပိုင်း နယ်ပယ်ရှိ တစ်ဦးတည်းသော ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်ပေသည်။

“အင်မော်တယ်လျိုကို ဖြတ်သွားမှာလား။ အစ်ကိုမိုက အားကောင်းတယ် ဆိုတာ သိပါတယ်။ ကျုပ်ထက် မနိမ့်တာလည်း ဖြစ်နိုင်ပေမဲ့ အင်မော်တယ်လျိုကို ဖြတ်သွားတာက အတော်လေး မိုက်မဲရာ ကျလွန်းတယ်။ အင်မော်တယ်လျိုက ကျုပ်တို့ချည်း မဖြတ်သွားနိုင်ဘူးလေ။ ပြီးတော့ အင်မော်တယ်လျို အတွင်းမှာ  ...”

ခို့ယွမ် စကားမဆုံးခင် မိုဝူကျီက လက်ကာပြရင်း ဝင်ပြောလိုက်သည်။

“တာအိုရောင်းရင်းခို့ ..  အင်မော်တယ်လျိုကို ဖြတ်သွားမဲ့ ကျုပ် ဆုံးဖြတ်ချက်က ခိုင်မာတယ်။ တကယ်လို  လိုက်ဖို့ ဆန္ဒမရှိရင် ထပ်ပြောဖို့ မလိုတော့ဘူး။ ခင်ဗျား ဘယ်နေရာ သွားချင်လဲ။ ကျုပ် အရင်လိုက်ပို့ ပေးလိုက်မယ် ...”

ခို့ယွမ်က စိတ်ပူပင်မိသွားသည်။ သူက ဘယ်နေရာများ သွားနိုင်မည်နည်း။ ယခု သူက ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းထားရာ  အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် သူ သွားနိုင်မည့် နေရာ မရှိချေ။

အချိန်ခဏအကြာတွင် ခို့ယွမ်က သက်ပြင်းချလိုက်ပြီး …

“အစ်ကိုမို ... ကျုပ်လည်း ခင်ဗျားနဲ့ အတူတူ အင်မော်တယ်လျိုကို လိုက်ပါ့မယ်။ ဒီနေရာမှာ အကြောက်တရားနဲ့ နေတာ ထက်စာရင် စွန့်စားရတာ ပိုကောင်းတယ်။ အင်မော်တယ်လျိုထဲမှာ သေတာက အကျဉ်းထောင်မှာ အပိတ်ခံထားရတာထက်စာရင် အဆများစွာ ပိုကောင်းတယ် ”

သူ့၌ ကိစ္စများစွာ ဖြစ်ပြီးသွားလေပြီ။ ကောင်းကင် အင်မော်တယ် အဆင့်သို့ တက်လှမ်းပြီးနောက် သူက အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ မသေဆုံးလျှင်ပင် ညှဉ်းပန်း နှိပ်စပ်ခံနေရဦးမည် ဖြစ်၏။ မိုဝူကျီက အင်မော်တယ် နယ်ပယ်အတွင်း ထိပ်ဆုံးအထိ တက်လှမ်းလာနိုင်ပြီး အင်မော်တယ်လျိုကို ဖြတ်ချင်နေဆဲ ဖြစ်သည်။

အကယ်၍ သူသာ သွားမည် ဆိုလျှင် ခို့ယွမ်အနေနှင့် ဘာကို တွေဝေ နေရဦးမည်နည်း။

“မင်းက ခို့ယွမ် မလား” မိုဝူကျီက ခို့ယွမ်ကို သူတို့ဆုံရာ နေရာကို ပြန်ခေါ်လာပြီးနောက် ပေသီးက ချက်ချင်း ပြောလိုက်သည်။

“ပေသီး ... အာ စီနီယာအစ်မကုယာ ရောလား ” ခို့ယွမ်က ပေသီးနှင့် ကူယာကို ချက်ချင်း မှတ်မိလိုက်သည်။ သူ့မျက်နှာတွင် အံ့ဩနေသည့် အရိပ်အယောင်များ ပေါ်ထွက်နေသည်။ သူက သခင်ပုဆိန်နှင့် အရောင်းအဝယ် လုပ်ဖူးသည့်အတွက် ပေသီးနှင့် ကူယာတို့ကို သိနေခြင်း ဖြစ်သည်။

“ခို့ယွမ် အဖွဲ့ကနေ ကြိုဆိုပါတယ်ကွာ ... သခင်ပုဆိန်ကို အင်မော်တယ် နယ်မြေက လူတစ်ယောက် သတ်သွားပြီ။ အခု ကျုပ်တို့က အစ်ကိုမိုနဲ့ အတူတူ နေပြီးတော့ အင်မော်တယ်လျိုကို ဖြတ်ဖို့ ကြံနေကြတာ။ တကယ်လို့ ကျုပ်သာ မမှားရင် ကောင်းကင် အင်မော်တယ် မိုးကြိုးစမ်းသပ်ချက် ခံယူတာက မင်းမလား ...” ပေသီးက ခို့ယွမ် ပခုံးကို ပုတ်ကာ  ပြုံးရင်း ပြောလိုက်သည်။

ခို့ယွမ်က ခေါင်းညိတ်ပြလိုက်ပြီး …

“ဟုတ်တယ် ကျုပ်ပဲ ... အခု   အင်မော်တယ် နယ်မြေက လူတွေ ကျုပ်တွေ လိုက်ဖမ်းနေကြတာ”

မည်သူကမျှ ခို့ယွမ် စကားကို ထူးဆန်းနေသည်ဟု မထင်ကြပေ။ မိုဝူကျီက လခြမ်းကွေး အကျဉ်းထောင်အကြောင်း သေချာ ရှင်းပြထားပြီးသား ဖြစ်၏။ ဤနေရာရှိ အားလုံးမျာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ အင်မော်တယ်နယ်မြေအတွက် မိုင်းတွင်းနေရာ တစ်ခုမျှသာ ဖြစ်ကြောင်း သိထားကြသည်။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က အင်မော်တယ် နယ်မြေနှင့် ဆက်သွယ်နိုင်သည့် အကြောင်းအရင်းမှာ ဤနေရာတွင် ရှိနေသော  ကျောက်တုံးနက် များကြောင့် ဖြစ်သည်။

ပေသီးက မိုဝူကျီကို ပြောလိုက်သည်။

“တာအိုရောင်းရင်း ခို့ယွမ်က အရမ်း ငယ်သေးတယ်။ ဒီနှစ်တွေမှာ ကျုပ်တို့တွေက သူ့အလားအလာ ကောင်းမှန်း သိထားပြီးသားပါ။ သခင်ပုဆိန်က တာအိုရောင်းရင်း ခို့ယွမ်ကို ကျုပ်တို့ဘက် သွင်းဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ တာအိုရောင်းရင်း ခို့ယွမ်က သူ့ကျင့်ကြံခြင်း အပေါ်မှာပဲ အာရုံစိုက်ချင်လို့ မပူးပေါင်းခဲ့တာပါ ...”

မိုဝူကျီက ခို့ယွမ်ကို အားလုံးနှင့် မိတ်ဆက် ပေးလိုက်သည်။ သူက အင်မော်တယ် ကူးသန်းရေး သင်္ဘောပေါ် အမြောက်များ တပ်ဆင်ရန် ပြင်ဆင်နေစဉ် ထုံချိန်က ရုတ်တရက် ပြောလိုက်သည်

“တာအိုရောင်းရင်းမို ... ကုန်းဟို့နဲ့ သွားတွေ့နေတုန်း မြေလှုပ်သွားတယ် ...”

မိုဝူကျီက ထုံချိန်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

မြေလှုပ်တာလား ... ထိုသို့ စကားစုမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ဆရာကြီးဖူကျိက မတ်တတ်ရပ်ကာ ရှင်းပြလိုက်သည်။

“တာအိုရောင်းရင်းမို .. တာအိုရောင်းရင်းထုံချိန် ပြောချင်တာက မြေကြီးမှာ  လျှပ်တစ်ပြက် အဲဒီလို ဖြစ်သွားတာ ပြီး‌တော့  ...”

“မြေငလျှင်လား” ဆရာကြီးဖူကျိ စကားမဆုံးခင် မိုဝူကျီက အဖြစ်အပျက်ကို နားလည် သွားပေ၏။ မြေငလျှင်လိုမျိုး အရာမှာ သာမာန်သာ ဖြစ်သည်။ ကျယ်ပြောလှသည့် အင်မော်တယ် နယ်ပယ်၌ ပြောဖို့ပင် မလိုတော့ချေ။ ကမ္ဘာမြေပင် မြေငလျှင်အမျိုးမျိုး ကြုံတွေ့ရလေသည်။

“မဟုတ်သေးဘူး တာအိုရောင်းရင်းမို ခင်ဗျား နားလည်တာ လွဲနေပြီ။ ကျုပ်က ငလျှင် အကြောင်း ပြောနေတာ မဟုတ်ဘူး။ မြေကြီးက လှုပ်လာတာဗျ ...” ထုံချိန် အမူအရာမှာ အသည်းအသန် ဖြစ်လာ၏။

“ဘာတွေ ဖြစ်နေတာလဲ” မိုဝူကျီက မျက်မှောင်ကြုတ် လိုက်သည်။ သူက ထုံချိန်သည် မြေငလျှင်လေးကြောင့် အသည်းအသန် ဖြစ်နေမည်ဟု မထင်ပေ။

***

All Chapters