အင်မော်တယ်လျိုကို ဖြတ်သန်းခြင်း
Vol. 32 Ch. 437
ထုံချိန်က ရှင်းပြလိုက်သည်။
“ဒါက ထုံယဲ့နဲ့ ကျုပ် ပထမဆုံး ကြုံဖူးတာတော့ မဟုတ်ဘူး။ ကျုပ်တို့တွေ အရင်တစ်ခါ သေမင်းမိုင်းတွင်းမှာ ရှိနေတုန်းက ခဏတိုင်း ကြုံဖူးတယ်။ အဲဒီလို တစ်ခါဖြစ်တိုင်း အသက်ရှင်နေသလိုမျိုးကြီး လှုပ်တာ … မြေငလျှင်လိုမျိုး တုန်ခါတာမျိုး မဟုတ်ဘူး ”
ထုံယဲ့က ဘေးမှ ဝင်ထောက်လိုက်သည်။
“ဒီလိုမျိုးပဲ။ ကျုပ်တော့ ကျုပ်တို့တွေ ကျောက်တုံးနက် ပမာဏများများ တူးမိတိုင်း ဒီလိုဖြစ်စဉ် ဖြစ်ဖြစ် လာတတ်တယ်”
မိုဝူကျီက မေးခွန်းများ ထပ်မေးချင်သော်လည်း မြေကြီးက ရုတ်တရက် တုန်ခါလာလေသည်။ ထုံချိန် ပြောသည့်အတိုင်း လှုပ်ရှား သွားသလို ဖြစ်၏။
အားလုံးက တည်ငြိမ် နေကြသည်။ မိုဝူကျီက တုန်ခါသွားသည့် မျက်နှာပြင်ကို ကြည့်ရင်း ထုံချိန်က လှုပ်သွားသည်ဟု သုံးနှုန်းထားကြောင်း နားလည် သွားတော့သည်။
ထိုသို့မျိုး ဖြစ်ရပ်မှာ လှုပ်ရှားမှု တစ်ခုနှင့် တူသည်။ ထုံယဲ့ ပြောသကဲ့သို့ အသက်ရှင်နေသည့်အလား ထင်မှတ်ရပေသည်။
မိုဝူကျီက အသက်လမ်းကြောင်း ပိုင်ဆိုင်ထားသည့်အတွက် အသက်စွမ်းအားနှင့် ပတ်သက်လာလျှင် ကျန်သူများထက် ပိုအာရုံခံ ကောင်းပေသည်။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က အသက်ရှိနေတာများလား။ မိုဝူကျီက ထိုအတွေး တွေးမိလာသည့်အခါ ကျောပြင်တစ်လျောက် ကြက်သီးတဖြန်းဖြန်း ထသွားလေ၏။
လှုပ်ရှားမှုက တစ်မိနစ်ခန့် ကြာပြီးနောက် ဖြည်းဖြည်းချင်း ရပ်တန့် သွားလေသည်။ ဘေးပတ်လည်တွင် ထူးထူးဆန်းဆန်း ပြောင်းလဲမသွားပေ။ ကြည့်ရသည်မှာ ပုံမှန်မြေနက်များ ကဲ့သို့သာ ဖြစ်၏။
အားလုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး စကားတစ်ခွန်းမျှ မပြောကြပေ။
အချိန်ခဏ အကြာတွင် မိုဝူကျီက လေးလေးနက်နက် ပြောလိုက်သည်။
“အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ ဘာဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်လို တုန်ခါမှုမျိုးပဲ ဖြစ်ဖြစ် ကျုပ်တို့ လက်ရှိစွမ်းအားနဲ့ ဘာမှ လုပ်ပေးလို့ မရဘူး။ ကျုပ်တို့တွေ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားရမယ်။ အခုတော့ ကျုပ် တိုက်သင်္ဘောကို ထုတ်လိုက်ဦးမယ်။ ဆရာကြီးဖူကျိ ... ကျုပ်ကို ကူပြီး အမြောက်တွေ တပ်ပေးပါဦး ...”
မိုဝူကျီ စကားဆုံးသည့်အခါ သူက အင်မော်တယ် ကူးသန်းရေး သင်္ဘောကြီးကို တန်းထုတ်ပြလိုက်သည်။
အင်မော်တယ် ကူးသန်းရေး သင်္ဘောကြီးကို မမြင်ဖူးသေးကြသည့် ထုံညီအစ်ကို၊ ပေသီးတို့ ကျန်လူများမှာ လေအေးများ မှုတ်ထုတ် လိုက်ကြသည်။ ထိုသင်္ဘောကြီးက အလွန်ကြီးမားနေ၍ မဟုတ်ဘဲ ဖိနှိပ်နိုင်စွမ်းနှင့် ရဲစွမ်းသတ္တိရှိသည့် အငွေ့အသက်များ ပိုင်ဆိုင်ထားသောကြောင့် လူများကို ကြောက်ရွံ့ သွားစေသည်။
“ဒါက”
ခို့ယွမ်လည်း မှင်တက် သွားသည်။ သူက မိုဝူကျီ၏ အင်မော်တယ် ကူးသန်းရေး သင်္ဘောမှာ သာမန် မဟုတ်ကြောင်း ပြောနိုင်လေသည်။
“ဒါက ကျုပ်တို့တွေ အင်မော်တယ်လျိုကို ဖြတ်ဖို့ အင်မော်တယ် ကူးသန်းရေး သင်္ဘောပဲ။ ဘယ်လိုလဲ” ပေသီးက ပြန်တည်ငြိမ်လာပြီ ဖြစ်ရာ သူက ခို့ယွမ် ပခုံးကို ပုတ်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ခို့ယွမ်က ရိုးရှင်းသည့် လူငယ် တစ်ယောက် ဖြစ်သော်လည်း ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ပခုံးပုတ်ကာ ရှင်းပြနိုင်ခဲ့သည့်အတွက် ပေသီးမှာ အလွန် စိတ်ကျေနပ်နေသည်။
“အံ့ဩဖို့ကောင်းလိုက်တာ ...” ခို့ယွမ်က ဆက်တိုက် ချီးကျူးလိုက်သည်။ သူက မိုဝူကျီကို ချီးကျူးတာလား ဒါမှမဟုတ် အင်မော်တယ် ကူးသန်းရေး သင်္ဘောကို ပြောခြင်းလားတော့ မသိရပေ။
မိုဝူကျီက အမြောက်များ ထုတ်ယူလိုက်သည့်အခါ ခို့ယွမ်က စိတ်ခံစားချက် မျိုးစုံဖြင့် သက်ပြင်းချလိုက်မိသည်။ သူက မိုဝူကျီ ဖိတ်ကြားချက်ကို လက်ခံခဲ့သည်မှာ ကံကောင်းလှပေသည်။
“အစ်ကိုမို ကျေးဇူး အများကြီး တင်ပါတယ် ...” ခို့ယွမ်က မိုဝူကျီကို ဦးညွှတ်၍ ကျေးဇူး စကားဆိုလိုက်သည်။
ယခင်က မိုဝူကျီ သူ့ကို ဖိတ်ကြားခြင်းမှာ သူ့အင်အားကို သုံးလို၍ဟု ထင်မှတ်ခဲ့သည်။ သို့သော် ယခုတွင် သူက နားလည်သွားလေပြီ။ မိုဝူကျီ ပေးသည် အကူအညီမှာ သူ့စွမ်းအားဖြင့် ပြန်ပေးအပ် နိုင်သည့်ထက်ပင် ပိုကြီးမားနေသေး၏။ မိုဝူကျီက သူ အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းသွားသည့် ကိစ္စကို သနားသွားသည်သာ ဖြစ်ရမည်။
မိုဝူကျီက ခို့ယွမ် ပခုံးကို ပုတ်ကာ …
“တာအိုရောင်းရင်းခို့ ... ကျုပ်တို့တွေ အင်မော်တယ်လျိုထဲ ရောက်တဲ့အခါကျ ခင်ဗျား အကူအညီ လိုရင် လိုလာမှာ။ ကျုပ်တို့အတူတူ ကြိုးစားပြီးတော့ အင်မော်တယ်လျိုကို ဖြတ်ကြတာပေါ့ ...”
မိုဝူကျီက ခို့ယွမ်အပေါ် အမြင်ကောင်းတချို့ ရှိလေသည်။ ခို့ယွမ်က သူ့စကားလုံးများနှင့် အပြူအမူများမှာ မကြွားဝါတတ်သော လူဖြစ်ပေသည်။ အရှင်းဆုံး ပြောရလျှင် ခို့ယွမ်၏ ရိုးရိုးအေးအေး နေတတ်မှုမှာ သူ့စရိုက်သာ ဖြစ်၏။ အခြားကျင့်ကြံသူများကဲ့သို့ လိမ်လည် လှည့်ဖျားတတ်သည့် ပုံစံမျိုး မဟုတ်ပေ။
ဆရာကြီးဖူကျိနှင့် မိုဝူကျီတို့က ဧရာမ အမြောက်ဆယ်ခုကျော် တပ်ဆင်နေသည်ကို မြင်ပြီးနောက် အခြားသူများမှာ စိတ်လှုပ်ရှား လာကြသည်။ ထိုအမြောက်များမှာ အံ့ဩစရာ ကောင်းလှပြီး အင်မော်တယ်လျိုကို ဖြတ်သည့်အခါ ထိုအမြောက်များမှာ သေချာပေါက် အသုံးဝင်လာလိမ့်မည်။
မိုဝူကျီက အားလုံး အမူအရာကို တစ်ချက်ကြည့်ကာ သူတို့က အခြေအနေကို နားလည်မှု လွဲနေကြောင်း သိလိုက်သည်။ သူက မြန်မြန် ပြောလိုက်သည်။
“အားလုံး ဒီအင်မော်တယ် ကူးသန်းရေး သင်္ဘောမှာ ရှိတဲ့ အမြောက်တွေက အတော်လေး အံ့အားသင့်စရာ ကောင်းပေမဲ့ ကျုပ်တို့မှာ ယမ်းစာက ငါးဆယ်ပဲ ကျန်တော့တယ်။ အမြောက်တစ်ခုစီအတွက် နှစ်ခုစာတောင် မလုံလောက်တော့ဘူး။ အဲဒါကြောင့် ကျုပ်တို့တွေ အင်မော်တယ်လျိုကို ဖြတ်ရင် ဒီယမ်းစာတွေကို ချွေတာဖို့ အကောင်းဆုံး ကြိုးစားရမယ်”
သူတို့က မိုဝူကျီ စကားများ ကြားသောအခါ အားလုံး၏ မျက်နှာတွင် စိတ်ပျက်မှုများ ထွက်ပေါ်လာလေ၏။ မိုဝူကျီလည်း နေရခက် သွားသည်။ သူက ထိုသို့မျိုး ထိပ်တန်း အမြောက်ယမ်းစာများကို ဘာမှမဟုတ်သည့် ပါးမွှားလေးများပေါ်၌ ဖြုန်းတီးမိခဲ့သည်။
အမြောက်များကို တပ်ဆင်ပြီးနောက် အားလုံးက အင်မော်တယ် ကူးသန်းရေး သင်္ဘောပေါ် တက်လိုက်ကြသည်။ မိုဝူကျီက အဓိက ထိန်းချုပ်မှုကို တာဝန်ယူထားပြီး ကူယာကို ဒုခေါင်းဆောင် အဖြစ် ချမှတ်ထား လေသည်။ သူမက တိုက်ခိုက်စွမ်းအားနှင့် ပတ်သက်၍ တာဝန်ယူထား ရသည်။
အတွေ့အကြုံများသည့် လူများစွာ ပါသော်လည်း မိုဝူကျီက ကူယာကို ပို၍ သဘောတွေ့ လေသည်။ သူတို့နှစ်တစ်ဝက်တာ ကျောက်တုံးနက် အတူတူ တူးသည့် အချိန်အတွင်း ကူယာ၏ မြော်မြင်မှုမှာ ထိပ်တန်း ဖြစ်ပေသည်။
မိုဝူကျီက အင်မော်တယ်ကျောက် တစ်သန်းကို စွမ်းအားကန်ထဲ ထည့်ပြီးနောက် ဆရာကြီးဖူကျိက အင်မော်တယ် ကူးသန်းရေး သင်္ဘော၏ ခုခံကာကွယ်ရေး အစီအရင်ကို အသက်သွင်း လိုက်သည်။ အားလုံး၌ တာဝန်ယူမှု ကိုယ်စီ ရှိထားကြရာ ဆရာကြီးဖူကျိ၏ တာဝန်မှာ ဤသင်္ဘော၏ ကာကွယ်ရေး အစီအရင် ကျန်ရှိနေစေရန် ဖြစ်သည်။ ဤတာဝန်၏ အရေးပါမှုမှာ မိုဝူကျီ ပြီးလျှင် ဒုတိယနေရာ ဖြစ်ပေသည်။
မိုဝူကျီ စိတ်စွမ်းအားက သင်္ဘော၏ ထိန်းချုပ်ခန်းဆီ ရောက်ရှိသွားလေ၏။ သူက လက်ကို ဆန့်ကာ စက်ကို စတင် နှိုးလိုက်သည်။ အဖြူရောင် အလင်းတန်းနှင့်အတူ ဤတိုက်သင်္ဘောမှာ လေထဲ၌ ဝှီးခနဲ ရွေ့လျား သွားတော့သည်။
မကြာခင်တွင် မိုဝူကျီလည်း တိုက်သင်္ဘော၏ အံ့အားသင့်စရာ ကောင်းမှုကို ခံစားမိလိုက်သည်။ ထိုအရာမှာ ပျံသန်းရေး ရတနာ မဟုတ်သော်လည်း တိုက်သင်္ဘောနှုန်းမှာ ပျံသန်းရေး ရတနာထက်ပင် မြန်ဆန်နေသေး၏။ ထိုမျှတင် မကသေးဘဲ ပျံသန်းရေး ရတနာထက်လည်း ပို၍ ငြိမ်ပေသည်။
“တော်တော် မြန်တာပဲ” ထုံယဲ့ပင် မပြောမိဘဲ မနေနိုင်တော့ချေ။
ထုံချိန်က နှာခေါင်းရှုံ့ကာ …
“ထိပ်တန်း ပန်းပဲပညာရှင် ဆယ်ယောက်ရဲ့ အကျိုးအားထုတ်မှုက အသုံးမကျဘဲ နေပါ့မလား။ အရင် တာအိုသခင်ဝူယု ရှိတုန်းက အင်မော်တယ်တစ်ပိုင်း နယ်ပယ်က စည်ပင်ကြီးပွားတဲ့ နေရာ တစ်ခုပဲ။ ဆရာကြီးဖူကျိ အပါအဝင် နေရာအသီးသီးက ရောက်လာကြတဲ့ နောက်ထပ် ပန်းပဲပညာရှင် ကိုးယောက်လည်း ရှိသေးတယ်။ သူတို့အားလုံးနီးပါးက ထိပ်တန်း ပန်းပဲပညာရှင်တွေချည်းပဲ။ အင်မော်တယ် နယ်မြေက ကျင့်ကြံသူတောင် ဒီလို အရည်အသွေးနဲ့ တိုက်သင်္ဘောကို ဖန်တီးနိုင်မှာ မဟုတ်ဘူး”
လော့ချွမ်းဟယ်လည်း ဤတိုက်သင်္ဘော အမြန်နှုန်းကို ခံစားမိ၍ သူ့စိတ်ထဲ၌ ခံစားချက်မျိုးစုံ ရောပြွန်းနေပေသည်။ မိုဝူကျီ ချောက်နက်ထဲ ရောက်လာစဉ် သူက အချိန်တိုအတွင်း ထွက်သွားနိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်ခဲ့သည်။ သူနှင့် ကျန်လူများမှာ ချောက်နက်ထဲ နှစ်ပေါင်းများစွာ နေခဲ့သော်လည်း သူတို့က ထွက်လမ်းကို မရှာနိုင်ချေ။ မိုဝူကျီ အင်မော်တယ်တစ်ပိုင်း နယ်ပယ်သို့ ရောက်ပြီးသည့် နောက်တွင်လည်း သူက နှစ်အနည်းငယ်အတွင်း ထွက်သွားနိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်ခဲ့သည်။ ထိုကျင့်ကြံသူများက အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် ဘယ်လောက်များ ကြာမြင့်နေပြီလဲ။ တာအိုသခင်ဝူယုက ထွက်သွားနိုင်မည့် နည်းလမ်း ရှာတွေ့ခဲ့သော်လည်း သူက အဆုံးသတ်တွင် ကျရှုံးခဲ့ရသေးသည်။
မိုဝူကျီ၏ ကံတရားကြောင့် သူက တာအိုသခင်ဝူယု၏ တိုက်သင်္ဘောကို ရရှိခဲ့သော်လည်း ဘာလို့များ သူတို့တွင် ထိုသို့သော ကံတရားမျိုး ရှိမနေရသနည်း။ တစ်ခါတစ်ရံ၌ ကံကောင်းမှုကို စွမ်းအားအဖြစ် ယူဆ၍ ရပေသည်။
သူက ပြန့်ရွမ်းပိနှင့် မုယင်ချောင်တို့အကြောင်း တွေးမိလိုက်သောအခါ လော့ချွမ်းဟယ်က သက်ပြင်းသာ ချလိုက်သည်။ သူက မိုဝူကျီကို သူ့ကို ခေါ်ဆောင်လာသည့် အကြောင်းအရင်းမှာ သူက ကြယ်တာရာ ဘုရင်တောင်၏ ကြယ်တာရာသခင် ဖြစ်နေ၍ မဟုတ်ဘဲ ဖန်းချီ အသတ်ခံရစဉ်က သူတစ်ယောက်တည်း ရှေ့ထွက်ကာ ရင်ဆိုင်ခဲ့၍ ဖြစ်သည်။
သိုသော်လည်း ပြန့်ရွမ်းပိတို့နှင့် မုယင်ချောင်တို့မှာ မဝင်ပါခဲ့ကြချေ။ မိုဝူကျီက ပတ်သက် ဆက်ဆံရေးကို တန်ဖိုးထားသည့်သူမှန်း သိသာနိုင်သည်။ မဟုတ်လျှင် မိုဝူကျီက သူတို့ကို အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ ထားရစ်ခဲ့၍ ရမနေဘူးလား။
နေ့ဝက်အတွင်း ကျယ်ပြန့်ကာ အဆုံးမဲ့လှသည့် လျိုမှာ မိုဝူကျီ မျက်စိရှေ့ ပေါ်လာလေ၏။
မိုဝူကျီက အတွေ့အကြုံ ကြွယ်ဝ၍ ဗဟုသုတရှိသော်လည်း သူက ထိုလျိုကြီးကို မြင်သည့်အခါ ကြောင်အမ်း သွားမိသည်။ သူက ဖြည်းဖြည်းချင်း သင်္ဘောအရှိန်ကို လျော့ချလိုက်သည်။ သူတို့က လျိုထဲ ဝင်လာပြီ ဖြစ်သည့်အတွက် အင်မော်တယ်တစ်ပိုင်း နယ်ပယ်၏ နယ်နမိတ်အတွင်းမှ ထွက်လာပြီ ဖြစ်၏။
အင်မော်တယ် နယ်ပယ်ကို ခပ်ရှရှဓားဖြင့် နှစ်ပိုင်း ပိုင်းထားသည့်အလား ဖြစ်သည်။ လျို၏ အစွန်းတစ်ဖက်မှာ လုံးဝကို ဖြောင့်တန်း နေပေသည်။ ထို့နောက် မမြင်နိုင်သည့် အနက် ရှိနေသေးသည်။
လျိုမှာ မပြီးဆုံးနိုင်သကဲ့သို့ ဖြစ်နေပြီး ဟင်းလင်းပြင်တစ်ခုလို ဖြစ်နေသော်လည်း ထိုကဲ့သို့ ခံစားချက်မျိုး မပေးစွမ်းဘဲ မလွတ်မြောက်နိုင်သည့် ချောက်နက်ကြီး တစ်ခုအလား ဖြစ်သည်။ အင်မော်တယ်လျို၏ အခြားဖက်ကို မမြင်နိုင်ပေ။ အနက်ကိုလည်း မမြင်နိုင်သလို နယ်နိမိတ်ကိုလည်း မမြင်ရပေ။
ကျယ်ပြောလှသည့် လျိုအတွင်း တိမ်များက ဆက်တိုက် လွှင့်မျှောနေပြီး မထင်မရှား ဖြစ်နေသည်။ ထိုသည်က လူများကို စိတ်ထဲ၌ ရင်တုန်စေသည့် ခံစားချက်မျိုးကို ပေးနေသည်။ ထိုသို့လျိုကြီးနှင့် ရင်ဆိုင်ရသည့်အခါ မည်သူမဆို သေးငယ်သွားကြောင်း ခံစားမိလိမ့်မည်။
မိုဝူကျိ စိတ်ထဲတွင်လည်း တုန်လှုပ်မှုအပြည့် ဖြစ်၏။ ထိုလျိုကို မြင်ပြီးနောက် အင်မော်တယ်လျို အစစ်အမှန်အကြောင်း နားလည် သွားတော့သည်။
“ဒါက အင်မော်တယ်လျိုပဲ။ ဒီနေရာကို ဖြတ်ဖူးတဲ့ လူတွေ ရှိပေမဲ့ တစ်ယောက်မှ မအောင်မြင်ဖူးဘူး။ ပြောရမယ် ဆိုရင်တော့ ဒီနေရာကို ကိုယ်ပိုင် ပျံသန်းရေး ရတနာနဲ့ ပျံသန်းဖို့ တွေးနေတယ်ဆိုရင် အဲဒါက မဖြစ်နိုင်တဲ စိတ်ကူးပဲ ...” ဆရာကြီးဖူကျိက အေးစက်စွာ ပြောလိုက်သည်။ သူက အင်မော်တယ်လျို အစွန်းဘက်ကို လာဖူးသည့်အတွက် သာမန် လူများထက် ပိုသိနေသည်။
“ဘုန်း ” တိုက်သင်္ဘောမှာ အင်မော်တယ်လျိုထဲ ရောက်နေပြီ ဖြစ်ရာ အားလုံး၏ စိတ်ထဲ၌ တင်းကျပ်နေကြသည်။
“တိုက်သင်္ဘောက အင်မော်တယ်လျိုထဲကို ဝင်လာပြီ။ အားလုံး တိုက်ဖို့ ပြင်ထားကြ ...” မိုဝူကျိက ထိုစကားကို ပြောပြီးနောက် ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာကာ သင်္ဘောတစ်ခုလုံးကို တုန်ခါသွားစေသည်။ ထို့နောက် မိုဝူကျီက ဘာမျှ မမြင်ရတော့ပေ။ အားလုံးမှာ တိမ်မည်းတွေကဲ့သို့ အရာများသာ ဖြစ်နေသည်။ ထိုမျှတင်မကသေးဘဲ သူ့စိတ်စွမ်းအားမှာလည်း ထုတ်လွှင့်၍ မရတော့ပေ။
“မြန်မြန် အမြောက်ကို သုံးလိုက် ... ဒါက အရောင်မဲ့မျှော့တွေပဲ ဖြစ်မယ် ...”
မိုဝူကျီတင် မကပေ။ အာလုံးလည်း သူတို့ အမြင်အာရုံနှင့် စိတ်စွမ်းအားများ ကန့်သတ်ခံလိုက်ရသည်။ သူတို့မျက်လုံးထဲ၌ မှောင်မည်း နေလေ၏။ ဆရာကြီးဖူကျိက ဆုံးဖြတ်လိုက်ရင်း အလောတကြီး အော်ပြောလိုက်သည်။ သူက တိုက်ခိုက် စွမ်းအားကို တာဝန်ယူထားသူမှာ သူ မဟုတ်ဘဲ ကူယာ ဖြစ်ကြောင်း မေ့လျော့နေခဲ့သည်။
အင်မော်တယ် ကူးသန်းရေး သင်္ဘောမှာ စတင်၍ ပိုမို တုန်ခါလာလေ၏။ ကြည့်ရသည်မှာ အင်မော်တယ်လျို အနက်ပိုင်းသို့ အချိန်မရွေး ထိုးဆင်း သွားတော့မည့် အနေအထား ဖြစ်နေသည်။
အားလုံး၏ စိတ်ထဲ၌ လေးလံ သွားကြသည်။ သူတို့က အင်မော်တယ်လျိုထဲ မဝင်ခင် စိတ်ကို သေချာပြင်ဆင် လာကြသော်လည်း အင်မော်တယ်လျိုထဲ ဝင်ဝင်ချင်း အရောင်မဲ့မျှော့များ ဝိုင်းရံခံရမည်ဟု ထင်မထားကြပေ။ အကယ်၍ အရောင်မဲ့မျှော့ အဝိုင်းခံထားရလျှင် ကျင့်ကြံဆင့် မည်မျှပင် မြင့်နေစေကာမူ ပြန်လည် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ တိုက်သင်္ဘော၏ ကာကွယ်ရေး အစီအရင်မှ ထွက်ပြီး အရောင်မဲ့မျှော့များကို ရင်ဆိုင်မည့် နည်းလမ်းသာ ရှိပေ၏။
“တကယ်လို့ အရောင်မဲ့မျှော့တွေ ဆိုရင် အမြောက်တွေက အသုံးမဝင်ဘူး” ထုံချိန်က အသည်းအသန် ပြောလိုက်သည်။
ဆရာကြီးဖူကျိက အမြောက်ပစ်ရန် ပြောသော်လည်း အမြောက်များကို ထိန်းချုပ်ထားသည့်သူက ဘာမျှမလုပ်ပေ။ ထို့အပြင် သူတို့က ဤသည်မှာ အမြောက်များကို ပစ်သင့်သည့် အချိန်ကောင်း ဟုတ်လား မသေချာပေ။ ဒုတိယတစ်ချက်မှာ တိုက်ခိုက်စွမ်းကို တာဝန်ယူထားသူမှာ ကူယာ ဖြစ်ကာ ကူယာက တစ်လုံးမျှ မပြောသေးပေ။
ဆရာကြီးဖူကျိက တည်ငြိမ် သွားလေ၏။ သူက ဤနေရာ၌ အစိုးရိမ်ဆုံးလူ ဖြစ်နေသည့် အကြောင်းအရင်းကို သေချာ သိပေသည်။ သူက ထိုအရောင်မဲ့မျှော့များ မည်မျှ ကြောက်စရာ ကောင်းကြောင်း သိသည့် တစ်ဦးတည်းသော သူ ဖြစ်၏။ ဤအရောင်မဲ့မျှော့များ နှင့် ယှဉ်လိုက်လျှင် သေမင်းမိုင်းတွင်းတွင် ရှိနေသော အရာများမှာ ပိုးကောင်သာသာ ဖြစ်ပေ၏။
မိုဝူကျီက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်း လိုက်သည်။ မကြာခင်တွင် သူတို့သင်္ဘောကို ဝန်းရံထားသည့် အရာများမှာ အရောင်မဲ့မျှော့များ မဟုတ်ဘဲ ပိုးကောင်ဥများ ဖြစ်နေကြောင်း သိလိုက်သည်။
“အားလုံး မစိုးရိမ်ကြပါနဲ့ ... အဲဒါတွေက အရောင်မဲ့မျှော့ မဟုတ်ပါဘူး။ သေမင်း မိုင်းတွင်းတုန်းက ကျမသေချာ လေ့လာထားလို့ အရောင်မဲ့မျှော့တွေရဲ့ လှုပ်ရှားမှုကို အကြမ်းဖျင်းတော့ နားလည်ထားတယ်။ ဒီဟာတွေကို မမြင်နိုင်ပေမဲ့ အစ်ကိုမိုရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြတာပေါ့ ...” ကူယာက ဘာဆိုဘာမျှ မလုပ်သေးဘဲ အခြေအနေကို ရှင်းပြ ပေးလိုက်သည်။
အမြောက် ပစ်ခတ်ခြင်းက ရိုးရှင်းသော်လည်း သူတို့တွင် ယမ်းစာ နည်းနည်းသာ ရှိပေသည်။ ထို့အပြင် အမြောက်များနှင့် ပစ်ခြင်းက ပြဿနာကို မဖြေရှင်းနိုင်ပေ။
ဆရာကြီးဖူကျိက မကျေမနပ် ဘာမျှမဖော်ပြပေ။ သူက တစ်ခုခု အကဲဖြတ် မှားယွင်း သွားကြောင်း ခံစားနေမိသည်။ ထိုအရာများမှာ အရောင်မဲ့မျှော့ မဟုတ်ပေ။ ထို့အပြင် ကူယာက မမှားပေ။ အမြောက်များနှင့် ပစ်ခတ်ခြင်းက ထိုပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ယခု တိုက်သင်္ဘော အပြင်ဘက်တွင် ထိုအရာများနှင့် ပြည့်နေသောကြောင့် အမြောက်နှင့် ပစ်ခတ်ခြင်းမှာ အသုံးမဝင်ပေ။
***