← Chapters

အင်မော်တယ်တစ်ပိုင်းနယ်ပယ်၌ ကြိုမမြင်နိုင်သည့် အခြေအနေ

Vol. 32 Ch. 440

အင်မော်တယ်တစ်ပိုင်းနယ်ပယ်၌ ကြိုမမြင်နိုင်သည့် အခြေအနေ

Vol. 32 Ch. 440

အင်မော်တယ်တစ်ပိုင်းနယ်ပယ် အပြင်ဘက်၌ …

ထိုစဉ် ဤနေရာ၌ ကျင့်ကြံသူ ထောင်ပေါင်းများစွာ စုရုံးနေကြသည်။ ထွက်လာ နေကြသည့် သူများလည်း ရှိနေသေးသည်။

အများစုမှာ စိတ်ဓာတ်ကျနေသည့် အမူအရာများ ရှိနေကြပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေသည့် လူများလည်း ရှိသေးသည်။

ပြန့်ရွမ်းပိနှင့် မုယင်ချောင်တို့လည်း လူအုပ်အတွင်း ရှိနေကြသည်။ သူတို့မျက်နှာများမှာ တည်ငြိမ်နေသော်လည်း သူတို့မျက်ဝန်း၌မူ နှလုံးသားမှ စိုးရိမ်ပူပင်မှုကို သိသာစွာ မြင်တွေ့နေရသည်။

ပြန့်ရွမ်းပိ အပါအဝင် ဤနေရာတွင် ရှိနေသော ကျင့်ကြံသူ အားလုံးမှာ တစ်နေရာတည်းကိုသာ ကြည့်နေကြသည်။ ထိုနေရာမှာ သေမင်းမိုင်းတွင်း ရှိရာဆီ ဖြစ်၏။ သေမင်းမိုင်းတွင်းမှာ ဤနေရာနှင့် အတော်လေး အလှမ်းကွာသော်လည်း ထိုနေရာမှ ဆက်တိုက် တုန်ခါနေသံများမှာ  သူတို့ခေါင်းကို တူနှင့် ထုရိုက်နေသည့်အလား ဖြစ်ပေသည်။

“ညီလေးချု ပြန်လာပြီလား ...” ပြန့်ရွမ်းပိက သူ့နောက်ကျောတွင် ဓားတစ်လက် လွယ်ထားသည့် ကျင့်ကြံသူကို မြင်သောအခါ  လက်နှစ်ဖက် ဆုပ်လျက် နှုတ်ဆက်လိုက်သည်။

ထိုလူမှာ အကြွင်းမဲ့ဓားဂိုဏ်းမှ ပါရမီရှင် ချူယန် ဖြစ်ပေသည်။ ယခင် သူက ပြန့်ရွမ်းပိတို့နှင့်အတူ ချောက်နက်ထဲ နှစ်ထောင်ပေါင်းများစွာ  ပိတ်မိနေခဲ့သောသူ ဖြစ်သည်။ မိုဝူကျီ ကြောင့်သာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်သို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

အင်မော်တယ်တစ်ပိုင်း နယ်ပယ်သို့ ရောက်လာပြီးနောက်တွင် အားလုံးက ကျောက်တုံးနက် တူးယူဖို့ရာ အသင်းအဖွဲ့ကိုယ်စီ ပါဝင်လိုက်ကြသော်လည်း ချူယန် တစ်ယောက်တည်းသာ ဘယ်ကိုမျှ မဝင်ခဲ့ဘဲ သူတစ်ယောက်တည်းသာ ကျင့်ကြံနေခဲ့သည်။ သူ့ကျင့်ကြံခြင်း ခရီးမှာ နှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ယခုမှ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။ သူက အထူးသစ်သား စွမ်းအားကို မည်သို့ ဖြေရှင်းလဲ ဆိုသည့် ကိစ္စကိုတော့ မသိနိုင်ပေ။

“အစ်ကိုပြန့်နဲ့ အစ်ကိုမုကို နှုတ်ဆက်ပါတယ်။ ကျုပ်ရောက်နေတဲ့ နေရာက ပြိုသွားလို့ ပြန်လာရတာ ...”

ချူယန်က လက်နှစ်ဖက် ဆုပ်ကာ ရှင်းပြလိုက်သည်။ ဤနှစ်တွေအတွင်း သူ့စူးရှမှုက ပို၍ သိသာထင်ရှားလာသည်။

ပြန့်ရွမ်းပိနှင့် မုယင်ချောင်တို့က ခေါင်းညိ တ်ပြလိုက်သည်။ ထို့နောက် သူတို့ပုံများမှာ စကားပြောဖို့ရာ စိတ်မပါသည့်အလား လှည့်သွားကြသည်။

“ကျုပ် ပြန်လာတုန်းက သေမင်းမိုင်းတွင်းက ပြိုကျပြီးတော့ အင်မော်တယ်လျိုလိုမျိုး ဖြစ်လာပြီ။ ပြီးတော့ အဲဒီပြိုကျမှုက ဒီဘက်ထိ ရွေ့လျားလာတုန်းပဲ ... အဲဒီပြိုကျသွားတဲ့ နေရာမှာ အမျိုးအမည်မသိတဲ့ ပိုးကောင်တွေရော အရောင်မဲ့မျှော့တွေရော အများကြီးပဲ ...” ချူယန် အသံမှာ တည်ငြိမ်နေကာ အခြေအနေကို ရှင်းပြနေဟန် ပေါ်သည်။

ပြန့်ရွမ်းပိက သက်ပြင်းချကာ  ဘာမျှ ပြန်မပြောပေ။ အာကာသ ချောက်နက်အတွင်း သူတိုက ကိုယ်ပိုင်နေရာလေး ရရုံလောက်သာ နေခဲ့ရသည်။ သူတို့က ထိပ်သီး ပါရမီရှင်များသာ မဟုတ်လျှင် စိတ်ဓာတ်ကျလွန်း၍ သေဆုံးလောက်လေပြီ။

သို့သော် ယခုတွင် သူတို့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ ရောက်လာသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ မည်သို့သော ကိစ္စမျိုး ဖြစ်လာသနည်း။

“တာအိုရောင်းရင်းမိုနဲ့ တာအိုရောင်းရင်းလော့တို့ရော ဘယ်မှာလဲ ...” မိုဝူကျီနှင့် လော့ချွမ်းဟယ်တို့ကို မတွေ့၍ ချူယန်က မေးလိုက်သည်။

မုယင်ချောင်က ပြန်ဖြေလိုက်သည်။

“ကျုပ်တို့တွေ ဖြစ်ရပ်လေး တစ်ခုကြောင့် တာအိုရောင်းရင်းမိုနဲ့ တာအိုရောင်းရင်းလော့တို့က ကျုပ်တို့နဲ့ အထင်နည်းနည်း လွဲနေတယ်။ ဒါပေမဲ့လည်း တာအိုရောင်းရင်းချူက သူတို့ကို စိတ်ပူဖို မလိုပါဘူး။ တာအိုရောင်းရင်းမိုရဲ့ ကျင့်ကြံဆင့်က အတော်လေး မြင့်တယ်။ ဒီနေရာမှာ သူ့ကို ဘယ်သူမှ ပြဿနာ ရှာရဲမှာ မဟုတ်လောက်ဘူး ...”

ချူယန်က ခေါင်းညိတ် ပြလိုက်သည်။ သူတို့ ချောက်နက်ထဲတွင် ရှိနေစဉ်ကတည်းက   သူအနေနှင့်  မိုဝူကျီမှာ သာမန် လူတစ်ယောက် မဟုတ်ကြောင်း သိထားပေသည်။

“သူတို့ ဘယ်သွားတာလဲ ဆိုတာ ကျုပ်သိတယ် ...”

နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။

“တာအိုရောင်းရင်း မန့်ဟိုင် ...” ပြန့်ရွမ်းပိက ရောက်လာသောသူကို မြင်သောအခါ မြန်မြန် လက်နှစ်ဖက်ယှက်လျက် နှုတ်ဆက်လိုက်သည်။

သူတို့ ချောက်နက်ထဲတွင် ရှိစဉ် မန့်ဟိုင်မှာ ဇစ်မြစ်မသိသည့် ကျင့်ကြံသူတစ်ဦး ဖြစ်ကာ သူက ဝံပုလွေဘုရင်တောင် ကိုလည်း မကူသလို ကူနို့တို့၊ ကျန်းရှင်းတို့ဘက်မှလည်း မကူပေ။

“တာအိုရောင်းရင်းမုန့်  ... အဲဒါဆို တာအိုရောင်းရင်းမိုက ဘယ်သွားတာလဲ” ချူယန်က အလျင်စလို မေးလိုက်သည်။

မန့်ဟိုင်က သက်ပြင်းချကာ …

“ကျုပ် မမှားဘူးဆိုရင် သူတို့တွေ အင်မော်တယ်လျိုကို ဖြတ်ဖို့ ပြင်နေကြတာပဲ။ အခုတော့ အင်မော်တယ်လျိုထဲ ရောက်နေလောက်ပြီ”

“အာ ” မန့်ဟိုင် စကားအဆုံးတွင် ကျန်လူများက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။

 အင်မော်တယ်လျိုကို ဖြတ်ဖို့လား။

အချိန်ခဏ အကြာတွင် ချူယန်က ပြောလိုက်သည်။

“တာအိုရောင်းရင်းမိုက တကယ်ကို သာမန်လူ မဟုတ်ဘူးပဲ ... ဘယ်နေရာကမှ သူ့ကို ပိတ်လှောင်ထားနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီနေရာမှာ ပြဿနာ ရှိလာမယ် ဆိုတာ သိနေပြီးသား ဖြစ်လိမ့်မယ်။ အဲဒါကြောင့် အရင်ထွက်သွားတာပဲ။ တာအိုရောင်းရင်းမန့်  ဒါနဲ့ တာအိုရောင်းရင်းမိုက အင်မော်တယ်လျိုကို ဘယ်လိုများ ဖြတ်ဖို့  ကြံနေတာတုန်း သိလား ...”

မန့်ဟိုင်က နောက်တစ်ဖန် သက်ပြင်းချကာ …

“ဧရာမ တိုက်သင်္ဘောကြီးနဲပဲ။ အဲဒီသင်္ဘော ကုန်းပတ်မှာ  အမြောက်မျိုးစုံ တပ်ဆင်ထားတယ်။ ကျုပ်လည်း အင်မော်တယ်လျို အစွန်းဘက်ကနေ စိတ်စွမ်းအားနဲ့ လှမ်းမြင်လိုက်ရတာ။ ပြီးတော့ အဲဒီသင်္ဘောက အင်မော်တယ်လျိုထဲ ပျောက်သွားတော့တာပဲ။

အဲဒီတိုက်သင်္ဘောပေါ် ရပ်နေတဲ့သူက တာအိုရောင်းရင်းမိုနဲ့ တူတယ် ...”

“ညီလေးချူ ... ဒီမှာ ပြဿနာ ဖြစ်လာတော့မယ်လို့ ပြောလိုက်တယ်မလား။ ဘာပြဿနာလဲ ..” မုယင်ချောင်က ရုတ်တရက် မေးလိုက်သည်။

ချူယန်က စိတ်ထိခိုက်စွာဖြင့် …

“ကျုပ်သာ မမှားရင် ဒီအင်မော်တယ်တစ်ပိုင်း နယ်ပယ်က မကြာခင် လုံးဝပြိုကျ သွားပြီးတော့ အင်မော်တယ်လျိုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားလိမ့်မယ်”

“မဖြစ်နိုင်တာ” မုယင်ချောင်က အလန့်တကြား အော်လိုက်သည်။

“ဒီနေရာက နှစ်ပေါင်းများစွာ တည်ရှိနေတာ ကြာလှပြီကို ကျုပ်တို့  ရောက်ရောက်ချင်း ဘယ်လိုလုပ် ပြိုတာနဲ့ ကြုံရတာလဲ ”

ချူယန်က ခေါင်းကိုသာ ခါယမ်းလိုက်သည်။ သူက မုယင်ချောင်ကို နှစ်သိမ့်ပေးရန် မလိုအပ်ပေ။

ပြန့်ရွမ်းပိက အဝေးတစ်နေရာကို ကြည့်ကာ သူ့စိတ်ထဲတွင် ဘာတွေးနေလဲ‌တော့ မသိနိုင်ချေ။

“အာ ... တာအိုရောင်းရင်းမိုက လွန်လွန်းလိုက်တာ။ ကျုပ်တို့တွေက ချောက်နက်ထဲကနေ အတူတူ ထွက်လာတာကို သူ ထွက်သွားတာ ကျုပ်တို့ကို ခေါ်တောင် ခေါ်မသွားဘူး”

မန့်ဟိုင်က ပြောလိုက်သော်လည်း စိတ်ထဲ၌ သက်ပြင်းသာ ချလိုက်တော့သည်။ သူက အကြောင်းအရင်းကို သိပေ၏။ ယခုအချိန်မှ ပြန်လည် ပြင်ဆင်၍ မရနိုင်တော့ပေ။

“ကျုပ်လည်း တစ်ကိုယ်ကောင်း ဆန်မိသွားတယ်။ ကျုပ်တို့ တာအိုရောင်းရင်းမိုကိုတော့ အပြစ်တင်လို့ မရဘူး” ပြန့်ရွမ်းပိက နောက်ဆုံးတွင် ဝင်ပြောလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ”ချူယန်က မေးလိုက်သည်။

ပြန့်ရွမ်းပိက ဆက်ပြောလိုက်သည်။

“အရင်နှစ်တွေတုန်းက ဖန်းချီက ကန်ရွယ်ရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရပြီးတော့ အသတ်ခံလိုက်ရတယ်။ လော့ချွမ်းဟယ်က ဒေါသထွက်ပြီးတော့ ဖန်းချီအတွက် ရပ်တည်ပေးခဲ့တယ်။  ရလဒ်အနေနဲ့ သူက မုန့်ထျန်းယွီ လက်ချက်နဲ့ ဒဏ်ရာ အကြီးအကျယ် ရသွားတယ်။ ကျုပ်နဲ့ ညီလေးမုက ဘာမှ မလုပ်မိခဲ့ဘူး။ ပြီးတော့ ညီလေးမုက မုန့်ထျန်းယွီရဲ့ အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်းကိုတောင် ဝင်မိခဲ့တယ် ...”

ချူယန်က မျက်မှောင်ကြုတ် လိုက်သည်။ ဖန်းချီက သူတို့နှင့် အတူတူ ရောက်လာသည် ဖြစ်ကာ သူ အသတ်ခံလိုက် ရသော်လည်း ပြန့်ရွမ်းပိနှင့် မုယင်ချောင်တို့မှာ သူ့အတွက် မရပ်တည် ပေးခဲ့ကြချေ။ လော့ချွမ်းဟယ်က ဒဏ်ရာရသွားသော်လည်း ထိုနှစ်ယောက်က ဘာမျှမလုပ်ခဲ့ပေ။ ထိုမုယင်ချောင်သည် မုန့်ထျန်းယွီ၏ အဖွဲ့ကိုပင် ဝင်သွားလိုက်သေးသည်။ ထိုအရာမှာ လွန်လွန်းပေ၏။

အကယ်၍ သူသာ ဤနေရာ၌  ရှိနေမည် ဆိုလျှင် သူက ဖန်းချီနှင့် လော့ချွမ်းဟယ်အတွက် ရပ်တည် ပေးလိမ့်မည်။ တာအိုရောင်းရင်းမိုက မတရားမှုကို လက်ပိုက် ကြည့်မနေနိုင်သည့်သူ ဖြစ်သည့်အတွက် ထိုသို့ကိစ္စမျိုး ဖြစ်လာသည့်အခါ  ပြန့်ရွမ်းပိနှင့် အခြားလူများကို အကြောင်း မကြားခဲ့သည်က ပုံမှန် ဖြစ်ပေသည်။

“နောက်ထပ် ဘာတွေ ဆက်ဖြစ်သေးတာလဲ” ချူယန်က ဆက်မေးလိုက်သည်။

“အဲဒီနောက်ကျ မိုဝူကျီက တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတယ်။ ပြီးတော့ မုန့်ထျန်းယွီနဲ့ ရင်ဆိုင်ပြီးတော့ မုန့်ထျန်းယွီရဲ့ မှော်ရတနာကိုလည်း ယူသွားခဲ့တယ်။ အဲဒါကြောင့် အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်းက ကျဆင်း လာခဲ့တယ်။ မိုဝူကျီကို ကြောက်ကြလို့ ကန်ရွယ်နဲ့ ဝံပုလွေနက်က အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကနေ ထွက်သွားတာ  အခုထိ ပြန်ရောက်မလာသေးဘူး” ပြန့်ရွမ်းပိက ရှင်းပြလိုက်သည်။

“ကောင်းတယ် ... တကယ်လို့ ယောက်ျားကောင်းပဲ ...” ချူယန်က ထိုသို့ပြောပြီးနောက် ဘာမှ ဆက်မပြောတော့ပေ။ သူ့စရိုက်မှာ မိုဝူကျီနှင့် တူညီသည့်အတွက် ပြန့်ရွမ်းပိနှင် မုယင်ချောင်တို့၏ တစ်ကိုယ်ကောင်းဆန်သည့် အပြုအမူများကို အနည်းငယ် စိတ်ပျက်မိသည်။

ထိုစဉ် ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသားက လေထဲမှ ရောက်ရှိလာကာ အားလုံးကို လက်နှစ်ဆုပ်လျက် ပြောလိုက်သည်။

“တာအိုရောင်းရင်း အပေါင်းတို့ ... သေမင်းမိုင်းတွင်းက ပြိုကျသွားပြီ။ အားလုံးက မသိသေးလောက်ပေမဲ့ အားလုံးကို ပြောပြပါရစေ။ အဲဒါက ကျုပ်တို့တွေ ကျောက်တုံးနက် အများကြီး တူးခဲ့လို့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ပြိုကျသွားတာပဲ ...”

သူ့ရှင်းပြချက်ကို ကြားသောအခါ ဝေဖန်သံများက လူအုပ်ကြား ထွက်ပေါ်လာသည်။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသားက ဆက်ပြောလိုက်သည်။

“အားလုံး  ဒီကိစ္စကို ပေါ့ဆနေလို့ မရဘူး။ အားလုံးလည်း  အင်မော်တယ်လျိုကို ကြားဖူကြမယ်လို့ ထင်ပါတယ်။  သေမင်းမိုင်းတွင်းရဲ့ ပြိုကျသွားတဲ့ နေရာက အင်မော်တယ်လျိုလိုမျိုး ဖြစ်လာပြီ။ သိပ်မကြာခင် အဲဒီနေရာ အင်မော်တယ်လျိုနဲ့ ဆက်သွားလိမ့်မယ်”

အားလုံးက ထိုစကားများကို ကြားသောအခါ လူအများစုက လေအေးများ မှုတ်ထုတ် လိုက်ကြသည်။ မည်သူမျှ အသက်ရဲရဲ မရှူရဲသည့်အလား အင်မော်တယ်တစ်ပိုင်း နယ်ပယ် အပြင်ဘက်ရှိ လေထုမှာ လေးလံလာလေ၏။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသားက လူအုပ်ကြီး ငြိမ်အောင် စောင့်ဆိုင်းပြီးနောက် ဆက်ပြောလိုက်သည်။

“အင်မော်တယ်လျိုထဲမှာ ဘာရှိနေလဲ ဆိုတာ ကျုပ်မပြောလည်း အားလုံး သိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဝင်သွားတာနဲ့ အသက်ရှင်နိုင်ခြေက အလွန်နည်းပါး သွားလိမ့်မယ်။ အားလုံးက အဲဒီ သေမင်းမိုင်းတွင်းက ပြိုကျတဲ့နေရာကို ထပ်မသွားကြဖို့ တွေးနေကောင်း တွေးနေနိုင်တယ်။ ဒါပေမဲ့ အဲဒါက အသုံးမဝင်ဘူး။ အဲဒီပြိုကျတာက ကျောက်တုံးနက် တူးလို့ ဖြစ်လာတာပဲ။

အခု သေမင်းမိုင်းတွင်း အလှည့် ဆိုပေမဲ့ ကြလာရင် မိုင်းတွင်း (က) ၊ မိုင်းတွင်း (ခ)   ကနေ ဖြည်းဖြည်းချင်း တစ်ရက်ကျ ကျုပ်တို့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ထိ ရောက်လာလိမ့်မယ်  ...”

လူအုပ်ကြီး တစ်ခုလုံးမှာ တိတ်ဆိတ် သွားကြတော့သည်။ နေရာတစ်ခုလုံး၌ လေထုမှာ လေးလံလာပေသည်။ မည်သူမျှ ဘာမှမပြောကြပေ။ ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသား စကားများက သူတို့စိတ်ထဲ ရောက်နေပြီ  ဖြစ်ကာ တုန်လှုပ်မှုများနှင့်အတူ စိုးရိမ်သောက ရောက်နေကြသည်။

အထူးသစ်သားစွမ်းအား ရှိနေသော်လည်း အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ အသက်ရှင် နေထိုင်နိုင်သော နေရာ တစ်ခု ဖြစ်ပေသည်။ သို့သော် အင်မော်တယ်တစ်ပိုင်း နယ်ပယ်က အင်မော်တယ်လျို ကဲ့သို့သာ ဖြစ်လာလျှင် သူတို့ ဘယ်နေရများ သွားနေရမည်နည်း။

“ခေါင်းဆောင်ကျောင်း ... ဘာလုပ်ဖို့များ အကြံပြုချင်တုန်း” လူအုပ်ထဲမှ တစ်ယောက်က ဝင်မေးလိုက်သည်။

လူအများစုက ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသားကို သတိပြုမိကြလေသည်။ ထိုသူမှာ ဓားအစွမ်းကုန်း မြေပြန့် ခေါင်းဆောင် ကျောင်းယဲ့ဖြစ်ပေသည်။

ကျောင်းယဲ့က လူအုပ်ကြီးကို ကြည့်လိုက်သည်။ သူ့အသံမှာ တိုးသွားပြီး …

“တာအိုရောင်းရင်း အပေါင်းတို့  ... တာအိုသခင်ကွမ်းနဲ့ ခေါင်းဆောင်တွေက အင်မော်တယ် နယ်မြေကနေ လာတဲ့ အင်မော်တယ်တွေကို လိုက်ပို့နေကြတာ။ သူတို့ ပြန်မရောက်လာသေးတုန်း ကျုပ် စကားနည်းနည်း ပြောချင်တယ်။

ကျုပ်တို့တွေ ဒီနေရာကနေ မြန်မြန် ထွက်သွားသင့်တယ်လို့ ထင်တယ် ...”

ကျောင်းယဲ့ စကားများကို ကြားသောအခါ ဆွေးနွေးမှုများက ထွက်ပေါ်လာပြန်သည်။

အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ထွက်သွားရမှာလား။

အကြံမှာ ကောင်းသော်လည်း သူတို့ ဘယ်လိုလုပ် ထွက်သွားရမှာလဲ။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ထွက်သွားမည်ဆိုလျှင် ဟိုးစဉ်ကတည်းက လုပ်ပြီးလောက်လေပြီ။

ကျောင်းယဲ့က လက်ကာပြကာ ထပ်ပြောလိုက်သည်။

“အားလုံး ပြောချင်တာကို သိပါတယ်။ ကျုပ်တို့တွေ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ဘယ်လိုလုပ် ထွက်သွားလို့ ရမှာလဲ။ ကျုပ်တို့တွေသာ ထွက်သွားလို့ ရတယ်ဆိုရင် အားလုံးက ထွက်သွားပြီးလောက်ပြီမလား။

ကျုပ်တို့ ဘယ်လို ထွက်သွားမယ် ဆိုတာက အရေးမကြီးဘူး။

အရင်ဆုံး အင်မော်တယ်လျိုအကြောင်း အရင်ပြောရအောင် ... အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ထွက်သွားလို့ ရတဲ့ တစ်ခုတည်းသော နည်းလမ်းက အင်မော်တယ်လျိုပဲ။  ကျုပ်တို့ အင်မော်တယ်လျိုထဲကို ဝင်တာနဲ့ ဆယ်ယောက်မှာ ကိုးယောက်လောက်က သေပြီး တစ်ယောက်လောက်ပဲ အသက်ရှင်နိုင်တယ်၊  ပြီးတော့ ဆယ်ယောက်လုံး သေတာလဲ ဖြစ်နိုင်သေးတယ် ...”

ကျင့်ကြံသူ အားလုံးက တည်ငြိမ်လာကြသည်။ အားလုံးက သူတို့လုပ်သင့်သည့် အရာကို စဉ်းစားနေကြသည်။

ကျောင်းယဲ့က ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ကျုပ်တို့ ထွက်သွားလို့ မရဘူး။ ကျုပ်တို့ လက်ရှိနေရာက အင်မော်တယ်လျိုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ တစ်နှစ်လည်း ဖြစ်နိုင်တယ်။ နှစ်တစ်ရာလဲ ဖြစ်သွားနိုင်တယ်။

ဒါပေမဲ့ ကျုပ်တို့တွေ နှစ်တစ်ထောင် အထိတော့ နေနိုင်မှာ မဟုတ်ဘူး။ တကယ်တမ်းကျ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ထွက်သွားနိုင်တဲ့ လူ ရှိလာတယ် ...”

“ဘယ်သူလဲ” တစ်ယောက်က  မေးလိုက်သည်။

ကျောင်းယဲ့က လေးလေးနက်နက် ပြောလိုက်သည်။

“အားလုံးလဲ သူကို သိမှာပါ။ သူက ရောက်လာတာ မကြာသေးတဲ့  ကျင့်ကြံသူ တစ်ယောက်ပဲ။ နာမည်က မိုဝူကျီတဲ့ ... ဒီတာအိုရောင်းရင်းမိုက တိုက်သင်္ဘော ဘယ်လို ရလာတာလဲ မသိပေမဲ့ သူက သူနဲ့အတူတူ လူတွေခေါ်ပြီးတော့ အင်မော်တယ်လျိုဆီ  ထွက်သွားကြပြီ ...”

“အဲဒါက တာအိုသခင်ဝူယု ဆောက်ခဲ့တဲ့ တိုက်သင်္ဘောများ ဖြစ်နေမလား ...” အသက်ကြီးကြီး ကျင့်ကြံသူ တချို့က တာအိုသခင်ဝူယု ဆောက်လုပ်ခဲ့သည့် တိုက်သင်္ဘောအကြောင်း အမှတ်ရလိုက်ကြသည်။ အားလုံးအတွက် ထိုကိစ္စများ အကျယ်တဝင့် မသိကြသော်လည်း ဝူယုဆီ တစ်စုံတစ်ခု ဖြစ်ပျက်ပြီးနောက်တွင် တချို့က သတင်းနည်းနည်း ကြားသိလိုက်ကြရသည်။

ကျောင်းယဲ့က ခေါင်းခါကာ …

“ကျုပ်လည်း မသေချာဘူး။ တာအိုရောင်းရင်းမိုကိုတော့ ကျုပ်က အမြဲလေးစား နေခဲ့မိတာ။ သူနဲ့ စောစော တွေ့ပြီးတော့ မိတ်ဆွေဖြစ်ခွင့် မရတာ ကံဆိုးတာပေါ့ဗျာ”

မည်သူကမျှ သူ့စကားကို မဆန့်ကျင်ကြပေ။ အားလုံးက မိုဝူကျီနှင့် တာအိုသခင်ကွမ်းချွမ်တို့၊ မုန့်ထျန်းယွီတို့ကြားမှ အရှုပ်အထွေးများကို သိကြပေသည်။ ကျောင်းယဲ့ စကားများမှာ တာအိုသခင်ကွမ်းချွမ်ကို ဆန့်ကျင်သည်နှင့် ညီမျှနေပေ၏။

ကျောင်းယဲ့က အေးစက်စွာ ဆက်ပြောလိုက်သည်။

“အခု ကျုပ်ပြောမဲ့ သတင်းကို ခင်ဗျားတို့တွေ သိကြဦးမှာ မဟုတ်ဘူး။ သိပ်မကြာသေးခင်က ကျုပ်တို့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က လူတစ်ယောက်က ကောင်းကင် အင်မော်တယ်အဆင့် စမ်းသပ်ချက် အောင်အောင်မြင်မြင်  ခံယူပြီးတော့ အင်မော်တယ် နယ်မြေကို ဖိတ်ကြားခံခဲ့ရတယ်”

ကျောင်းယဲ့က ပြောလိုက်သည့်အခါ ကျင့်ကြံသူ အများစု၏ မျက်ဝန်း၌ အားကျမှုများ ပေါ်လာလေ၏။ သူက မထီမဲ့မြင် လေသံဖြင့် …

“ဒါပေမဲ့ နောက်ပိုင်း ဘာဆက်ဖြစ်လဲ ဆိုတာ သိကြလား”

“တာအိုသခင်ကွမ်းချွမ် ပြန်ရောက်လာပါပြီ”

ကျောင်းယဲ့ စကားမဆုံးခင် တစ်ယောက်က ကြားဝင် နှောင့်ယှက်လိုက်သည်။

***

All Chapters