အင်မော်တယ်လျိုထဲမှ အန္တရာယ်များ
Vol. 32 Ch. 441
ထိုကျင့်ကြံသူ စကားအဆုံးတွင် ကွမ်းချွမ်၊ မုန့်ထျန်းယွီနှင့် ချင်ယွဲ့တို့က အင်မော်တယ်တစ်ပိုင်း နယ်ပယ် အဝင်ဝသို့ ရောက်ရှိလာသည်။ အားလုံးက သူတို့မျက်နှာ၌ မသာမယာ ဖြစ်နေမှန်း သတိပြုမိလိုက်ကြသည်။
“အားလုံး ဘာလို့ ထွက်နေကြတာလဲ”
ကွမ်းချွမ်က ထိုမေးခွန်း အဖြေကို သိပြီးသား ဖြစ်သော်လည်း ကွမ်းချွမ်က မေးလိုက်သည်။
လျှာစောင်းထက်သည့် ကျင့်ကြံသူ တစ်ဦးက မြန်မြန် ရှေ့ထွက်လာကာ ရိုရိုသေသေ ပြောလိုက်သည်။
“တာအိုသခင်ကို တင်ပြစရာ ရှိပါတယ်။ ခေါင်းဆောင်ကျားက အင်မော်တယ်တစ်ပိုင်းနယ်ပယ် မကြာခင် ပျက်စီးသွားပြီးတော့ အင်မော်တယ်လျိုရဲ့ အစိတ်အပိုင်း ဖြစ်သွားမယ် ဆိုပြီး ပြောနေပါတယ်။
အဲကြောင့် သူက ကျင့်ကြံသူအားလုံးကို စုစည်းပြီးတော့ ကျုပ်တို့တွေ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကနေ ဘယ်လို ထွက်သွားရမလဲ ဆိုတာကို ဆွေးနွေးတိုင်ပင် နေကြတာပါ ...”
ကွမ်းချွမ်က ထိုစကားများ ကြားသောအခါ ကျောင်းယဲ့ကို အေးစက်စွာ တစ်ချက် လှမ်းကြည့်လိုက်သည်။
ကျောင်းယဲ့က လေထဲ ရပ်နေဆဲ ဖြစ်ပေသည်။ သူ့အမူအရာမှာ တည်နေပြီး မုန့်ထျန်းယွီတို့ ပြန်ရောက်လာသည့် ကိစ္စကို လုံးဝ လျစ်လျူရှုထားဟန် ပေါ်သည်။ သို့သော်လည်း ကွမ်းချွမ်လည်း ပြန််ရောက်လာပြီ ဖြစ်၍ သူက ဆက်မပြောတော့ခြင်း ဖြစ်သည်။
ချူယန်က ရှေ့ထွက်လာကာ ကျောင်းယဲ့ဆီ လက်နှစ်ဖက် ဆုပ်လျက် …
“တာအိုရောင်းရင်းကျောင်း ကျေးဇူးပြုပြီးတော့ ဆက်ပြောပါ ...”
ကျောင်းယဲ့က ခေါင်းညိတ်ပြ လိုက်သော်လည်း ဘာမှဆက်မပြောပေ။ တစ်ဖက်တွင် မုန့်ထျန်းယွီက အေးစက်စွာ သရော်လိုက်သည်။
“အင်မော်တယ်တစ်ပိုင်း နယ်ပယ်ရဲ့ လူသစ်တွေက ဘယ်တုန်းက အဲလောက် မောက်မာလာတာတုန်း”
ချူယန် အကြည့်က မုန့်ထျန်းယွီဆီ ရောက်သွားကာ မထူးမခြားနား မေးလိုက်သည်
“ခင်ဗျားက ဘယ်သူလဲ”
“ကျုပ်က အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်း ခေါင်းဆောင် မုန့်ထျန်းယွီပဲ ...”
မုန့်ထျန်းယွီက မကျေမနပ် ပြောလိုက်သည်။ သူ့တွင် တော်ဝင်တုတ် ရှိမနေသော်လည်း သူက လူသစ်လေးကိုတော့ ကြောက်မနေပေ။ သူက လူသစ်တိုင်းမှာ မိုဝူကျီကဲ့သို့ သာမန်ထက် ထူးခြားနေလိမ့်မည်ဟု မယုံပေ။
“ဆိုတော့ ခင်ဗျားက မုန့်ထျန်းယွီကိုး ... ခင်ဗျားက ဖန်းချီကို သတ်လိုက်တာလား” ချူယန်က ထိုစကားများကို ပြောလိုက်ရင်း ရှေ့တက်လာကာ သူ့နောက်ကျောတွင် ရှိနေသော ဓားမှာလည်း တုန်ခါလာသည်။
“မုန့်ထျန်းယွီ ... ဒီနေ့ ကျုပ် ချူယန်က ခင်ဗျားကို စိမ်ခေါ်မယ်။ ခင်ဗျား သတ္တိရှိရင် ရှေ့ထွက်ခဲ့ ...”
ဖန်းချီကို သူ မသတ်လိုက်သော်လည်း မုန့်ထျန်းယွီက လူသစ်လေး၏ စိမ်ခေါ်မှုကို ခံရသည့်အခါ မည်သို့ သည်းခံနိုင်မည်နည်း။ သူက မတုံ့ဆိုင်းနေဘဲ ရှေ့ထွက်လာလေ၏။
ကွမ်းချွမ်က မုန့်ထျန်းယွီဘက်မှ ကာပေးကာ လူအုပ်ကြီးဆီ လက်နှစ်ဖက် ဆုပ်လျက် …
“တာအိုရောင်းရင်း အပေါင်းတို့ ကျုပ်တို့တွေ ဒီလို သေရေးရှင်ရေးအမျှ အရေးကြီးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဆိုတော့ အားလုံး အတူတူ ပူးပေါင်း အဖြေရှာပေးကြမယ်လို့ မျှော်လင့်ပါတယ်”
ထို့နောက် သူက ကျားယဲ့ဘက် လှည့်ကာ …
“ခေါင်းဆောင်ကျောင်းက စကားမဆုံးသေးဘူး ထင်တယ်။ ကျုပ်ကို စိတ်ထဲ မထားပါနဲ့ ဆက်ပြောပါ ... ကျုပ်က တာအိုသခင်ဆိုပေမဲ့ အားလုံးနဲ့ အဆင့်အတူတူပါပဲ ...”
ချူယန်က ကွမ်းချွမ် ဝင်တားလိုက်သည်ကို မြင်သောအခါ ထပ်၍ ရန်မစတော့ပေ။ ထို့အစား ကျန်လူများကဲ့သို့ သူလည်း ကျောင်းယဲ့ကို ကြည့်လိုက်သည်။
ကျောင်းယဲ့က ကွမ်းချွမ်ဘက်သို့ မျက်နှာမူကာ လက်နှစ်ဖက် ဆုပ်လိုက်ပြီး …
“သိပ်မကြာသေးခင်က အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ ကောင်းကင် အင်မော်တယ်အဆင့် စမ်းသပ်ချက် အောင်မြင်သွားတဲ့သူက ခို့ယွမ်တဲ့။ သူ အောင်မြင်ပြီးတော့ အင်မော်တယ် နယ်မြေက လူတွေ ရောက်လာကြတယ်။
အပေါ်ယံတော့ သူတို့က တာအိုရောင်းရင်း ခို့ယွမ်ကို အင်မော်တယ် နယ်မြေဆီ ဖိတ်ကြားသလို ဆိုပေမဲ့ တကယ်တမ်းကျ သူတို့မှာ မကောင်းတဲ့ အကြံတွေ ရှိနေတယ်။ သူတို့က စမ်းသပ်ချက် အောင်မြင်သွားတဲ့ လူတွေကို ဘာလို့ ခေါ်သွားချင်မှန်းတော့ မသိပေမဲ့ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး ဆိုတာ သိနေတယ်။ တာအိုရောင်းရင်းခို့က သူတို့အကြံကို ဖောက်မြင်ပြီးတော့ ထွက်ပြေးသွားခဲ့တာ ... ရလဒ်အနေနဲ့ နောက်ကနေ လိုက်ဖမ်းခံရရော သူ့လက်ရှိနေရာကိုတော့ အခုထိ မသိရသေးဘူး ...”
ချက်ချင်းဆိုသလို လူအုပ်ကြီးမှာ ဆူညံပွက်လော ရိုက်လာကြပြန်သည်။ အများစုမှာ အတွေးတချို့ တွေးမိကြသော်လည်း ကျောင်းယဲ့က ထုတ်ပြောလိုက်သောအခါ သူတို့နားထဲ၌ နြူကလီးယားဗုံး ပေါက်ကွဲသွားသည့်အလား ဖြစ်၏။
အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ကျင့်ကြံသူများအတွက် အင်မော်တယ် နယ်မြေကို သွားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ကောင်းကင်အင်မော်တယ် အဆင့်ထိ တက်လှမ်းနိုင်ရန် ကျင့်ကြံဖို့ ဖြစ်သည်။
အောင်မြင်နိုင်ချေမှာ အလွန်နည်းပါးသော်လည်း မျှော်လင့်ချက် အနည်းငယ်တော့ ရှိပေသေးသည်။ သို့သော် ကျောင်းယဲ့ စကားများ ကြားသောအခါ သူတိုက မည်သို့ တောင့်ခံထားနိုင်တော့မည်နည်း။
“တာအိုသခင်ကွမ်း အဲဒါ အမှန်ပဲလား” ချက်ချင်းဆိုသလို လူတစ်ယောက်က ရှေ့ထွက်ကာ ကွမ်းချွမ်ကို မေးလိုက်သည်။ ကွမ်းချွမ်က အင်မော်တယ် နယ်မြေမှ လူများနှင့် အမြဲအဆက်အသွယ် ရှိပေသည်။
ကွမ်းချွမ်က ခပ်တိုးတိုး ပြောလိုက်သည်။
“တာအိုရောင်းရင်းကျောင်းရဲ့ စကားတွေက အမှန်ပါပဲ။ ကျုပ်လည်း အခုလေးတင်မှ သိလာတာပါ။ ဒီတစ်ကြိမ်တော့ အားလုံးနဲ့ ဒီ ကိစ္စကို ဆွေးနွေးရမယ်”
ချင်ယွဲ့နှင့် မုန့်ထျန်းယွီတို့သာ ထိုစကားလုံးများမှာ အလိမ်အညာ ဖြစ်ကြောင်း သိကြပေသည်။ သူတို့က ဤကိစ္စကို သိလာသည်မှာ ကြာမြင့်လှလေပြီ။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်နှင့် ပတ်သက်၍ သူတို့ အင်မော်တယ် နယ်မြေကို ကူညီနေသည့် အကြောင်းအရင်းမှာလည်း သူတို့ကို အင်မော်တယ်နယ်မြေဆိ ဝင်ခွင့်ပေးမည်ဟု ကတိရထားသောကြောင့် ဖြစ်သည်။
သို့သော်လည်း အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ပျက်စီးလာပြီး အင်မော်တယ်လျိုနှင့် ဆက်စပ် သွားပေတော့မည်။ ထို့ကြောင့် အင်မော်တယ်နယ်မြေမှ ကျင့်ကြံသူများက ချက်ချင်း ထွက်ခွာသွားကြသည်။ ထို့အပြင် သူတို့က အလောတကြီး ထွက်သွားသည့်အတွက် ကျန်နေခဲ့သည့် သူတို့မှာ တစ်ချိန်လုံး လှည့်စားခံနေရကြောင်း နားလည်သွားပေသည်။
လက်တွေ့တွင် ကွမ်းချွမ်နှင့် ကျန်လူတို့မှာ အတွေးလွန် နေကြခြင်း ဖြစ်သည်။ အင်မော်တယ် နယ်မြေက သူတို့ကို လက်လျှော့ပေးမည့် ရည်ရွယ်ချက် မရှိပေ။ အရှင်းဆုံးပြောရလျှင် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ကျင့်ကြံသူတချို့ကို အင်မော်တယ် နယ်မြေဆီ ဝင်ခွင့်ပြုဖို့ရန်က ထိုမျှခက်ခဲသည့် ကိစ္စမဟုတ်ချေ။ အကြောင်းအရင်းမှာ ပျက်စီးလာမှုက အလွန်ကြောက်ဖို့ ကောင်းသောကြောင့်သာ ဖြစ်သည်။ အင်မော်တယ် နယ်မြေမှ ရောက်လာသော ကောင်းကင် အင်မော်တယ်များမှာ ထိုပျက်စီးမှုက သူတို့အစီအရင် ထိခိုက်မှု ရှိပြီး အင်မော်တယ် နယ်မြေကို ပြန်၍ မရတော့မည်ကို စိုးရိမ်ကြ၍ ဖြစ်သည်။
ထိုစိုးရိမ်မှုကြောင့် ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူများမှာ ကွမ်းချွမ်နှင့် အခြားလူများ အတွေးကို ဂရုမစိုက်နိုင်တော့ခြင်း ဖြစ်သည်။ သူတို့က အစီအရင်မှ တဆင့် အလောတကြီး ပြန်သွားကြသည်။ ကွမ်းချွမ်နှင့် အခြားလူများမှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ထွက်သွားရန် အမေးခံရသည့်အခါ သူတို့တုံ့ပြန်မှုက ထိုသို့ဖြစ်နေခြင်း ဖြစ်သည်။
လူအများစုက ကွမ်းချွမ် လိမ်ညာနေမှန်း သိကြသည်။ သို့သော်လည်း မည်သူမျှ ဂရုမစိုက်နိုင်ကြပေ။ ယခု သူတို့အားလုံးမှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ မည်သို့ ထွက်သွားရမည်ကိုသာ စိုးရိမ်ပူပင်နေကြသည်။
“တာအိုရောင်းရင်းတို့ ကျုပ်မှာ အကြံတစ်ခု ရှိတယ်” ကျောင်းယဲ့ စကားများက လူအုပ်ကြီးကို ငြိမ်ကျသွားစေသည်။
လူအုပ်ကြီး ငြိမ်ကျသွားပြီးနောက် ကျောင်းယဲ့က ဆက်ပြောလိုက်သည်။
“တာအိုသခင်ကွမ်းချွမ် ... အင်မော်တယ် နယ်မြေက လူတွေလာလာနေတဲ့ အစီအရင်နေရာကိုတော့ အကြမ်းဖျင်း သိမှာပါ။ ကျုပ်တို့တွေ အစီအရင်နေရာကို ရှာပြီးတော့ ဒီနေရာကနေ ထွက်သွားရအောင်”
“အသုံးမဝင်ဘူး။ အဲဒီအစီအရင်က အဆင့်မြင့် အင်မော်တယ်ကျောက် သုံးဖို့ လိုတယ်။ ကျုပ်တို့မှာ မရှိဘူးလေ။ ပြီးတော့ ကျုပ်တို့တွေ အစီအရင်ထဲ မဝင်ခင် တခြားဘက်က အရင်ဖွင့်ထားပေးဖို့ လိုသေးတယ်”ချင်ယွဲ့က သက်ပြင်းချကာ ပြောလိုက်သည်။
“ဝုန်း ဝုန်း” ပြိုကျသံများက ပဲ့တင်ထပ်ကာ လေထုမှတစ်ဆင့် ပျံ့နှံ့လာသည်။ လူအုပ်ကြီးက ထိုနေရာကို လှမ်းကြည့်ရင်း လုံးဝ တိတ်ဆိတ် သွားကြသည်။
ကျင့်ကြံသူ တစ်ယောက်က နောက်ဆုံးတွင် သည်းမခံနိုင်တော့သည့်အလား သူ့ပျံသန်းရေး သင်္ဘောကို ထုတ်ကာ အော်ပြောလိုက်သည်။
“ကျုပ်တော့ သေရင်တောင် အင်မော်တယ်လျိုထဲမှာ ကံစမ်းကြည့်မယ်”
တစ်ယောက်က ရှေ့မှ သွားပြီဖြစ်ရာ နောက်လူများကလည်း ပျံသန်းရေး ရတနာကိုယ်စီ ထုတ်ယူ၍ အင်မော်တယ်လျိုဆီ ထွက်ခွာ သွားကြသည်။
***
အင်မော်တယ် ကျောက်များက အမြန်ဆုံးနှုန်းဖြင့် ကုန်ခန်းနေသည်။ မိုဝူကျီက သူ့ပြောင်းပြန် လှည့်ပတ်ခြင်းကို သုံးကာ သူ့ခန္ဓာကိုယ်ကို ငြိမ်အောင် ထားလိုက်ပြီး အင်မော်တယ်လျိုနက်ထဲ ကျမသွားစေရန် ကာကွယ်ထားသည်။
သို့သော်လည်း အင်မော်တယ်လျိုမှ စုပ်ယူအားမှာ ပို၍ ပို၍ အားကောင်းလာပေသည်။ မိုဝူကျီက အင်မော်တယ်လျို အတွင်းပိုင်းထဲ ရောက်လေလေ သူ့လွတ်မြောက်နိုင်မည့် မျှော်လင့်ချက်လည်း နည်းပါးလာလေလေ ဖြစ်ကြောင်း သေချာသိထားသည်။ သူက ချောက်နက်ကဲ့သို့ ထွက်လမ်းမရှိသည့် နေရာမျိုး၌ပင် အဆုံးသတ် သွားနိုင်သည်။ အင်မော်တယ်လျို အနက်ပိုင်း၌ အန္တရာယ် များများစားစား မရှိသည်မှာ ကံကောင်းလှပေသည်။ အန္တရာယ်များသာ ရှိနေပါက လွတ်မြောက်မည့် အခွင့်အရေးပင် ရှိလိမ့်မည် မဟုတ်ချေ။
သူက ထိုအတွေးဖြင့် မိုဝူကျီက သဘာဝစွမ်းအား သိုလှောင်ဆေးလုံး ပုလင်းလိုက် ထုတ်ယူကာ ဆေးလုံးများကို မျိုချလိုက်သည်။ သူ့ချီသွေးကြော ၁၀၇ ခုလုံးမှာ ဆက်တိုက် လှည့်ပတ်နေပြီး ဘေးပတ်လည်မှ အင်မော်တယ်ဝိညာဉ် စွမ်းအားများကို အသည်းအသန် စုပ်ယူဖို့ ကြိုးစားနေသည်။
ဝိညာဉ်စွမ်းအားများက မိုဝူကျီ ခန္ဓာထဲ ဝဲကတော့အလား စီးဆင်းလာသည်။ သဘာဝ စွမ်းအား သိုလှောင်ရေး ဆေးလုံးမှာ ဝိညာဉ်စွမ်းအားများကို သဘာဝ စွမ်းအားအဖြစ် အမြန်အဆန် ပြောင်းလဲပေးနေသည်။ သူက သူ့သဘာဝစွမ်းအားများ တိုးပွားလာမှုကို ခံစားမိလိုက်ကာ ပေအနည်းငယ် မြင့်တက်လာလေ၏။
မိုဝူကျီက စိတ်ထဲ၌ ပျော်ရွင်မိသွားသည်။ သူက တိုက်သင်္ဘောမပါရှိဘဲ သူ့အတွက် အင်မော်တယ်လျိုအတွင်း တစ်လက်မ မြင့်တက်လာဖို့ရာ အလွန်ခက်ခဲကြောင်း သိပေသည်။ ယခုအခါ ပေအနည်းငယ် မြင့်တက်လာသောကြောင့် သူ့နည်းလမ်းမှာ အမှန်တကယ် အလုပ်ဖြစ်ကြောင်း ဆိုလိုနေသည် မဟုတ်ပါလော။ ထို့အပြင် သူက ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ်က အင်မော်တယ်လျို အတွင်းမှ စုပ်ယူအားကို ပြန်လည် ချေဖျက် နိုင်သည်ဟု ခံစားနေမိသည်။
အင်မော်တယ် ကျောက်များမှာ အချိန်တိုအတွင်း စွမ်းအား ကုန်ဆုံး သွားတော့သည်။ နောက်တစ်ကြိမ် မိုဝူကျီက အင်မော်တယ် ကျောက်များကို ထပ်မံ ထုတ်ယူလိုက်သည်။ အစပိုင်းတွင် မိုဝူကျီက အင်မော်တယ် ကျောက်များကို ခါးမှ အဝတ်အိတ်ထဲ ထည့်ထားသော်လည်း အချိန်ကုန်လာသည်နှင့်အမျှ မိုဝူကျီက အင်မော်တယ်ကျောက်များကို သူ့ဘေး၌သာ ထားထားတော့သည်။ သူ့ပြင်းထန်လှသည့် ဝိညာဉ်စွမ်းအား စုပ်ယူအားကြောင့် ထိုအင်မော်တယ် ကျောက်များကို သူ့ဘေးနား မျှောလွင့်နေစေသည်။ အင်မော်တယ်ကျောက်များက အင်မော်တယ် ဝိညာဉ်စွမ်းအားများ ထုတ်လွှင့်နေပြီး ထိုစွမ်းအားများကို သူက စုပ်ယူပစ်လိုက်သည်။
အင်မော်တယ်ကျောက်များကို အရူးအမူး သုံးစွဲမှုကြောင့် မိုဝူကျီက အင်မော်တယ်လျို အတွင်း သူ့ခန္ဓာကို ထိန်းထားနိုင်လေပြီ။ သူက အင်မော်တယ်လျို အတွင်းမှ စုပ်ယူအားကို ဖြည်းဖြည်းချင်း အသားကျလာအောင် ပြုလုပ်လိုက်သည်။ မဟုတ်လျှင်လည်း သူက ထိုစုပ်ယူအားကို ချေဖျက်ဖို့ရန် နည်းလမ်း ရှာဖွေရုံ ဖြစ်၏။
သူ့အကာအရံဆီ တိုးဝင်လာကြသော အရောင်မဲ့မျှော့များမှာ ဆက်တိုက်ဆိုသလို ပြာအဖြစ် ပြောင်းကုန်ကြသည်။ သို့သော်လည်း မိုဝူကျီက တည်ငြိမ်နေဆဲ ဖြစ်သည်။
အခြားလူများအတွက် အင်မောတ်တယ်လျိုကို ဖြတ်ဖို့ရန်က ခက်ခဲပေသည်။ သို့သော်လည်း သူ့အတွက်တော့ ဖြစ်နိုင်ချေ ရှိသေး၏။ ပထမဦးစွာ သူက အရောင်မဲ့မျှော့များကို မကြောက်ပေ။ ဒုတိယအားဖြင့် သူ့တွင် စိတ်ဝိညာဉ်မျက်လုံး ရှိသေးသည်။ ယခု သူက အင်မော်တယ်လျိုမှ စုပ်ယူအားကို အသားကျသွားလေပြီ။ အကယ်၍ သူသာ လက်ရှိအနေအထားကို ဆက်လက် ထိန်းထားနိင်ပြီး အင်မော်တယ်လျိုအတွင်းမှ တခြားသက်ရှိများကို ရှောင်ရှားနိုင်လျှင် အသက်ရှင်နိုင်ခြေ ရှိလေ၏။
ထိုအရာအားလုံးမှာ သူ့၌ အင်မော်တယ်ကျောက် လုံလုံလောက်လောက် ရှိနေသောကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ မိုဝူကျီက အင်မော်တယ်ကျောက်များမှ သူ့စုပ်ယူအားမှာ အလွန် မြန်ဆန်နေကြောင်း သတိထားမိသည်။
မိုဝူကျီက အားကောင်းသည့် သားရဲအုပ်နှင့် မတွေ့သေးသည်မှာ ကံကောင်းလှပေသည်။ သူက အင်မော်တယ် ကျောက်များကို ဆက်လက်သုံးနေသည်။ ထိုအင်မော်တယ် ဝိညာဉ်စွမ်းအားများကို အင်မော်တယ်လျိုမှ စုပ်ယူအားနှင့် ရင်ဆိုင်ရန် အသုံးပြုနေစဉ် မိုဝူကျီက မြေကမ္ဘာ အင်မော်တယ် အဆင့် ၉ မှ အဆင့် ၁၀ သို့ ရောက်ရှိသွားပေသည်။
သူက မြေကမ္ဘာ အင်မော်တယ်အဆင့် ၁၀ ရောက်လာသည်နှင့် မိုဝူကျီအတွင်းမှ သဘာဝစွမ်းအားများမှာ ဖောင်းပွလာလေသည်။ သူက နောက်ထပ် သုံးမီတာ တက်နိုင်ခဲ့သည်။
ထိုစဉ် မိုဝူကျီက စိတ်ခံစားချက်မျိုးစုံဖြင့် သက်ပြင်း ချလိုက်တော့သည်။ ပြောရမည်ဆိုလျှင် ‘အဆိုးထဲမှ အကောင်း’ ဟူသော စကားအတိုင်း ဖြစ်ပေသည်။ သူသာ အင်မော်တယ်လျိုအတွင်း ပိတ်မိမနေလျှင် ထိုသို့ အကျိုးကျေးဇူးများ မည်သို့ ရရှိမည်နည်း။ သူ့စွမ်းအား တိုးတက်လာရုံသာမက သဘာဝစွမ်းအား များမှာလည်း မျှတလာ၏။
ရက်အနည်းငယ်အတွင်း သူက ထိုသို့အကျိုးကျေးဇူး ရရှိလာခြင်း ဖြစ်သည်။ သူက ဤနေရာတွင် နောက်ထပ် အချိန်ကြာကြာ နေလိုက်ပါက အကျိုးကျေးဇူး ထပ်များမည် ဖြစ်ကြောင်း သေချာနေသည်။
မိုဝူကျီက သူ့အောင်မြင်မှုကို ဝမ်းမြောက်နေစဉ် တောင်အသေးအရွယ် ပုံရိပ်နက် တစ်ခုက ချည်းကပ်လာသည်။
အကယ်၍ ထိုအရာမှာ အကျိုးအပဲ့ သို့မဟုတ် မြေစိုင်သား ဖြစ်နေလျှင် မိုဝူကျီက သူ့လေလွတ်မြောက်ရေး နည်းစနစ်ဖြင့် ရှောင်ရှား၍ ရပေဦးမည်။ သို့သော်လည်း ရောက်ရှိလာသည့် ဖိအားအရ မိုဝူကျီက ထိုအရာမှာ အကျိုးအပဲ့ မဟုတ်ကြောင်း သိလိုက်သည်။ ပြင်းထန်လှသည့် ဖိအားအောက်တွင် မိုဝူကျီက တစ်လက်မမှ မရွေ့လျားနိုင်ပေ။
“ဘုန်း” မိုဝူကျီက သူ့ကလီစာများ ပါးစပ်မှ အန်ထွက်ကုန်ပြီ ဟုပင် ခံစားမိလိုက်ရသည်။ သူ့တစ်ကိုယ်လုံးမှာ စာရွက်ပါးလေးကဲ့သို့ လွင့်စဉ် သွားတော့သည်။
သေပြီ ...
ထိုအတွေးသာ မိုဝူကျီ စိတ်ထဲ ပေါ်လာလေ၏။
ထိုအရာမှာ သူ့စွမ်းအားနှင့် ရင်ဆိုင်နိုင်သော အရာ မဟုတ်ချေ။ ထိုသို့မျိုး ဧရာမအကောင်ကြီးရှေ့တွင် သူ့မြေကမ္ဘာ အင်မော်တယ်အဆင့် ၁၀ မှာ ပုရွက်ဆိတ်ထက်ပင် မသာချေ။
သူက သေပြီမှန်း သိသော်လည်း မိုဝူကျီက ကုသဆေးလုံးအချို့ကို သောက်လိုက်သေး၏။ သူ့တစ်ကိုယ်လုံးမှာ လေလွတ်မြောက်ရေး နည်းစနစ်ဖြင့် လွှင့်ပါသွားလေသည်။ တစ်ချိန်တည်းတွင် သူက အင်မော်တယ်လျိုအတွင်း ပြုတ်ကျသွားဖို့ပင် စိတ်ပြင်ဆင်ထားသည်။ အင်မော်တယ်လျိုထဲ ပြုတ်ကျသွားခြင်းက ထိုဧရာမအကောင်ကြီး အစားခံရသည်ထက် ပိုကောင်းပေသည်။
“ဘုန်း” နောက်ထပ် ကြောက်မက်ဖွယ် အင်အားတစ်ခု ထပ်ရောက်ရှိလာသည်။ ပြင်းထန်လှသည့် လေမုန်တိုင်းကြောင့် မိုဝူကျီက နောက်တစ်ဖန် လွှင့်စင်သွားပြန်သည်။
မိုဝူကျီက စိတ်စွမ်းအားဖြင့် သေချာစွာ မြင်လိုက်ရသည်။ သူ့ကို ဦးဆုံး လွင့်စဉ် သွားစေသော ဧရာမအကောင်ကြီးမှာ မီးခိုးရောင်နဂါးကြီး ဖြစ်နေသည်။ ထိုစဉ် မီးခိုးရောင် နဂါးက နောက်ထပ် နဂါးတစ်ကောင်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူတို့သဘာဝ စွမ်းအားများမှ ထွက်ပေါ်လာသော စွမ်းအားလှိုင်းများမှာ မိုဝူကျီ ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရာ မဟုတ်ချေ။
ထိုဧရာမ နဂါးနှစ်ကောင်မှာ တောင်ကြီးအလား ဖြစ်၏။ တောင်ကြီးနှစ်လုံး တိုက်ခိုက်ကြသည့်အခါ သူတို့ ဘေးပတ်လည်မှ သက်ရှိအားလုံးက အပိုင်းပိုင်း အစစ ဖြစ်ကုန်ကြသည်။
မိုဝူကျီ တစ်ကိုယ်လုံး၌ ချွေးအေးများပင် စီးကျနေပေသည်။ သို့သော်လည်း သူက စိတ်အတွင်း ပျော်ရွင်နေမိသည်။ ထိုနဂါးနှစ်ကောင်၏ အမြင်၌ သူက ပုရွက်ဆိတ်မျှသာ ဖြစ်ပေသည်။
မိုဝူကျီက နဂါးသေကောင်မှာ အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်မှန်း သိသော်လည်း တိုက်ပွဲကို ဝင်မစမ်းရဲပေ။ သူက လေလွတ်မြောက်ရေး နည်းစနစ်ကို အဆုံးစွန်ထိ သုံးပြီး ထွက်ပြေးလိုက်သည်။ နဂါးနှစ်ကောင် ဖြစ်နေသည်က ကံကောင်းလှပေသည်။ တစ်ကောင်တည်း ဆိုပါက သူ အစားခံရလောက်လေပြီ။
အင်မော်တယ်လျို ...
အမှန်ပင် ကျင့်ကြံသူများ ဝင်ချင်သလို ဝင်နိုင်သည့် နေရာ မဟုတ်ပေ။ သူ့ အမြန်နှုန်း မြင့်လိုက်သည်က ပို၍ ကောင်းပေမည်။ မဟုတ်လျှင် သူက အင်မော်တယ်ကျောက်များ ပြတ်လပ်သွားနိုင်ပြီး နောက်ထပ် နဂါးနှင့် ထပ်မဆုံလျှင်ပင် သေဆုံးသွားနိုင်သည်။
***