အင်မော်တယ်နယ်မြေမှ ပထမဆုံး ဆက်သွယ်ပတ်သက်မှု
Vol. 33 Ch. 445
“လူလေး ... ယုံရင်ငှက်တောင်ဆီ ဘယ်လို သွားရမလဲ ...” မိုဝူကျီက လမ်းဘေးတွင် ထိုင်နေရင်း အတွေးထဲ နစ်မျှောနေစဉ် အသံတစ်သံ ထွက်ပေါ်လာလေ၏။
မိုဝူကျီက ခေါင်းကို မော့ကြည့်လိုက်သည့်အခါ မနီးမဝေးတွင် သင်္ဘောပျံ ရပ်နားထားသော လူလတ်အမျိုးသားက သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။
မိုဝူကျီက သူ့အား နှုတ်ဆက်ရန် အမြန်ထရပ်လိုက်သည်။ ယခု မိုဝူကျီ၏ ချီသွေးကြောများက ပျက်စီးနေပြီ ဖြစ်ကာ သူ့အာရုံခံနိုင်စွမ်းမှာ အနိမ့်ဆုံးအထိ ကျဆင်းနေလေပြီ။ ထို့ကြောင့် ဘာလုပ်ရမည်ကို ဆက်တွေးတောနေခြင်း ဖြစ်၏။ ထိုလူ အသံမထွက်ခင်အထိ မိုဝူကျီက ထိုသူ့ကို လုံးဝ သတိမပြုမိခြင်းက လွန်လွန်းပေ၏။
“မိုဝူကျီက စီနီယာကို နှုတ်ဆက်ပါတယ် ...” မိုဝူကျီက မြန်မြန် ဦးညွှတ်ကာ နှုတ်ခွန်းဆက်လိုက်သည်။ သူက ထိုလူ၏ ကျင့်ကြံဆင့်ကို မပြောနိုင်သော်လည်း မိုဝူကျီက ထိုလူမှာ သူ့ထက် များစွာ အားကောင်းကြောင်း မသိမသာ ခံစားမိနေသည်။
“ချမ်ရှန်း … သူ့ကို ဒီခေါ်ခဲ့ပါဦး ...” သင်္ဘောပျံ တည်ရှိရာမှ ထွက်ပေါ်လာသော အသံချိုချိုလေးကို ကြားလိုက်ရသည်။
“နာခံလျက်ပါ” လမ်းလာမေးသည့် အမျိုးသားက လက်မြှောက်လိုက်သည့်အခါ မိုဝူကျီက သူ့ကို လာရစ်ပတ်သော အင်မတန် အားကောင်းသည့် စွမ်းအားကို ခံစားမိလိုက်သည်။
မိုဝူကျီ၏ စိတ်ထဲ လေးလံသွားမိသည်မှာ သူက ထိုလူ၏ ပြိုင်ဘက် မဟုတ်နိုင်ကြောင်း သတိပြုလိုက်မိ၍ ဖြစ်သည်။ မိုဝူကျီ ခြေထောက်များ မြေပေါ် ပြန်ကျလာသည့်အခါ သူက သင်္ဘောပျံဘေး ရောက်ရှိနေပြီ ဖြစ်၏။
မိုဝူကျီက စိတ်စွမ်းအားဖြင့် ထိုသင်္ဘောပျံကို အာရုံခံ၍ မရသော်လည်း ထိုသင်္ဘောပျံမှာ သာမန်လူတစ်ယောက် ထိန်းချုပ်နိုင်သည့်အရာ မဟုတ်မှန်းတော့ ပြောနိုင်လေသည်။ သင်္ဘောပေါ်မှ အင်မော်တယ် စွမ်းအားများက သူယခင်က အသုံးပြုသည့် အင်မော်တယ်ကျောက်ထဲမှ အင်မော်တယ် စွမ်းအားထက်ပင် ပို၍ သိပ်သည်းပေသည်။ ဤသင်္ဘောပျံ၏ အဆင့်မှာ ဆရာကြီးဖူကျိ သူ့အတွက် ပြုလုပ်ပေးထားသော ယာဉ်ပျံထက် များစွာ သာလွန်နေ၏။
မိုဝူကျီက သူသာ ဤနေရာတွင် ကျင့်ကြံပါက သူ့အသက်လမ်းကြောင်းကို အသုံးပြု၍ သူ့ချီသွေးကြော လေးခု ပြန်ကောင်းလာနိုင်နှုန်းမှာ အဆများစွာ တိုးတက်သွားမည့် အကြောင်းအထိ စဉ်းစားမိသွားသည်။
“မမလေး ... ဒီလူက မိုဝူကျီလို့ ခေါ်ပါတယ်။ သူ့အနားက တခြားလူ အရိပ်အယောင်တော့ မတွေ့ခဲ့ရပါဘူး။ သူ့လိုမျိုး သေမျိုးတစ်ယောက်က ဒီနေရာကို ဘယ်လိုရောက်လာလဲတော့ ကျုပ်လည်း မတွေးတတ်တော့ဘူး” ချမ်ရှန်းဟု အမည်ရှိသည့် အမျိုးသားက မိုဝူကျီကို သင်္ဘောပေါ် ခေါ်ဆောင်လာပြီးနောက် ရိုရိုသေသေ ပြောလိုက်သည်။
သူ့အား အခေါ်လွတ်လိုက်သည့် မိန်းကလေးမှာ အလွန်ငယ်ရွယ်သော အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမ မျက်နှာကို ပါးလွှာသည့် ပိုးပဝါလေးဖြင့် ကာထားသော်လည်း သူမ၏ လစ်ဟာနေသော ဖြူဖွေးဖွေး၊ ချောမွတ် နူးညံ့လှသည့် အသားရေမှ မိုဝူကျီက ထိုအမျိုးသမီးမှာ အင်မတန် ကျက်သရေရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ပြောနိုင်သည်။ ထို့အပြင် သူမ၏ အစိမ်းဖျော့ဖျော့ ကြာပန်း ဝတ်ရုံမှာ သူမကို ထူးခြားနှစ်သက်ဖွယ် သွင်ပြင်ကို ပေးစွမ်းနေ၏။
သူမ ခန္ဓာမှ ရနံ့သင်းသင်းလေးပင် မိုဝူကျီ၏ ဝိညာဉ်အား အားအသစ်လောင်းထည့်လိုက်သည့်အလား ဖြစ်ပေ၏။
“သူက သေမျိုး တစ်ယောက်တော့ မဖြစ်နိုင်ဘူး။ သူ့ခါးမှာ သိုလှောင်အိတ်ရှိနေတယ်လေ ...” ထိုအရာကို ပြောလိုက်သူမှာ မိန်းမပျိုလေးဘေးမှ နောက်ထပ် အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမက နည်းနည်း အရပ်ရှည်ကာ မျက်နှာဝိုင်းဝိုင်းဖြင့် နှစ်လိုဖွယ်ကောင်းသည့်ပုံ ပေါ်၏။ သူမ၌ တောက်ပနေသည့် မျက်လုံးအစုံ ရှိပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူမကို ထပ်မံကြည့်ချင်စိတ် ပေါ်လာနိုင်အောင် ပြုစားနိုင်၏။
သူ့အားနည်းလှသည့် ကျင့်ကြံဆင့်ကြောင့် မိုဝူကျီက သိုလှောင်လက်စွပ်ကို အဝတ်အတွင်း ဝှက်ထားခြင်း ဖြစ်ကာ သူ့ခန္ဓာတွင်မူ သာမန်သိုလှောင်အိတ် တစ်လုံးသာ ချိတ်ဆွဲထားပေသည်။
သူ့စိတ်စွမ်းအားဖြင့် စစ်ဆေးမကြည့်ဘဲဖြင့် အရပ်ရှည်ရှည် အမျိုးသမီးမှာ သူ့သိုလှောင်အိတ်ကို စိတ်စွမ်းအားဖြင့် အာရုံခံသွားကြောင်း သိလိုက်သည်။ ထိုအရာက သူအပေါ် လေးစားခြင်းမရှိမှန်း ပြသခြင်း ဖြစ်၍ သူမအပေါ် အကောင်းမြင်စိတ်ကို လျော့ကျသွားစေသည်။
သိုလှောင်အိတ်အတွင်း ဝိညာဉ်ဆေးပင် အချို့သာ ရှိသော်လည်း သူ့ခွင့်ပြုချက် မရရှိပဲ သူ့ပစ္စည်းများကို ရှာဖွေခြင်းသည် သူ့ကို ဂရုမစိုက်မှန်း ဖြစ်နေသည် မဟုတ်ပါလော။ စောစောက စကားလာပြောသည့် ချမ်ရှန်းပင် ထိုသို့မလုပ်ခဲ့ချေ။ သူမရည်ရွယ်ချက်က မည်သို့ပင် ဖြစ်စေကာမူ ထိုသို့ ပြုမူခြင်းက မလေးမစား ပြုမူလွန်း၏။
မိုဝူကျီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်
“ကျုပ်က တကယ့်သေမျိုး တစ်ယောက်ပါ။ ဆေးလုံး ဆရာတစ်ယောက်က ကျုပ်မှာ ကျင့်ကြံဖို့ ပါရမီပါတယ် ထင်ပြီးတော့ သူ့အိမ်မွေးတိရစ္ဆာန်လေးတွေ စောင့်ရှောက်ဖို့ ခေါ်သွားခဲ့တာပါ။ ပြီးတော့ ကျုပ်ကို သူ့ကျင့်စဉ်ကို သင်ပေးပြီးတော့ ဆေးလုံးဖော်စပ်နည်း တချို့ကိုလည်း သင်ပေးခဲ့ပါတယ် ...
ကျုပ် တိုးတက်လာနှုန်းက အတော်လေးမြန်တော့ အဲဒီဆေးလုံးဆရာက ကျုပ်ကို သူ့တပည့်အဖြစ် သတ်မှတ်ပြီးတော့ သင်ပေးခဲ့တယ်။ မကြာသေးခင်က ကျုပ်ဆရာနဲ့ သူ့မိတ်ဆွေတို့က မှော်ရတနာ တစ်ခု သွားရှာကြတုန်း ကျုပ်ကို စောင့်နေဖို့ ပြောခဲ့တယ်။
ကျုပ်စောင့်နေပေမဲ့ သူက ပေါ်မလာလို့ သူ့ကို သွားရှာဖို့ ထွက်လာတာပါ။ နောက်ပိုင်းကျ ကျုပ်လည်း လမ်းပျောက်သွားပြီးတော့ သားရဲတစ်ကောင်နဲ့ တွေ့တာကနေ ကျုပ် အသက်လေး မသေကောင်း မပျောက်ကောင်း ကံကောင်းသွားပေမဲ့ ဝိညာဉ်လမ်းကြောင်းတချို့တော့ ဖျက်ဆီးခံလိုက်ရတယ် ...”
“မင်းက ဆေးလုံးတာအိုကို သိတာလား ...” ချမ်ရှန်းက တအံ့တဩ မေးလိုက်သည်။ သူက မိုဝူကျီ ပြောလိုက်သည့် သူ့ဝိညာဉ်လမ်းကြောင်းများ ပျက်စီးသွားသည့် အပိုင်းကိုပင် ဂရုမစိုက်ချေ။
မိုဝူကျီက မြန်မြန် ပြောလိုက်သည် …
“ကျုပ် အရမ်း ကျွမ်းကျင်နေတယ်လို့တော့ မပြောပါဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က သာမန်ဆေးလုံးအချို့ကိုပဲ ဖော်စပ်နိုင်သေးတာပါ ...”
မိန်းမပျိုလေးက ခေါင်းညိတ်ပြကာ “အဲဒါဆို မင်းက ယုံရင်ငှက်တောင်ကိုသိလား”
မိုဝူကျီ ယုံရင်အင်မော်တယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် လခြမ်းကွေးအင်မော်တယ် အကျဉ်းထောင်ကို ရုတ်ခြည်း တွေးမိလိုက်သောကြောင့် တစ်ခုတော့ နားလည်သွားပေသည်။ ဤယုံရင်ငှက်တောင် သည်လည်း ယုံရင်အင်မော်တယ် နယ်မြေ၌ တည်ရှိပေလိမ့်မည်။
ပြောရမည်ဆိုလျှင် မိုဝူကျီအတွက် ထိုယုံရင်ငှက်တောင် အကြောင်း ကြားဖူးသည်က ပထမဆုံးအကြိမ် ဖြစ်သော်လည်း သူမသိသည့်အကြောင်း ထုတ်ပြော၍ မရကြောင်း သိ၏။ ဤနေရာကား အဆုံးတမဲ့ ကျယ်ပြောလှသောကြောင့် ဆက်နေနေလျှင် သူ့အသက်လေး စတေးထားသလို ဖြစ်နေလိမ့်မည်။ ဤမိန်းမပျိုလေးက အကျင့်ကောင်းကာ လေးစားဖွယ် ကောင်းသည့် လူနှင့် တူသောကြောင့် ဤနေရာမှ ထွက်သွားရန် သူမကို အကူအညီတောင်းနိုင်မည့် အခွင့်အရေး ရှိမလား တွေးနေမိသည်။
သို့သော်လည်း သူမကို မှားယွင်းစွာ ကောက်ချက်ချမိပါက သူမက သူ့ကို ရိုးရိုးမီးလုံး တစ်ချက်တည်းနှင့် အဆုံးသတ်ပစ်နိုင်လိမ့်မည်။ မည်သို့ပင် ဖြစ်စေကာမူ မိုဝူကျီက ကံပေါ် လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်သည်။
မိုဝူကျီက အရာအားလုံး လွှင့်ချဖို့ရာ ပြင်ဆင်ထားပြီး ဤတောင်ကို သိသည့်အကြောင်း ပြောမည့်ဆဲဆဲတွင် အမျိုးသမီးဖြစ်သူက ရုတ်တရက် မေးလာသည်
“အဲဒါဆို မင်းဖော်စပ်နိုင်တဲ့ အမြင့်ဆုံးအဆင့် ဆေးလုံးက ဘယ်လောက်လဲ”
မိုဝူကျီက မည်သို့ဖြေရမှန်း မသိသော်ငြား အဖြေကို မြန်မြန်ဆန်ဆန် ဖြေလိုက်သည် …
“ကျုပ် ဝိညာဉ်လမ်းကြောင်းတွေ မပျက်စီးခင်တုန်းက ကျုပ်က အဆင့်၅ မြေကမ္ဘာ ဆေးလုံးထိ ဖော်စပ်နိုင်ပေမဲ့ အခုတော့ အဆင့် ၃ လူသား ဆေးလုံးကိုပဲ ဖော်စပ်နိုင်တော့တယ်”
“မင်းက တကယ်ပဲ အဆင့် ၅ မြေကမ္ဘာ ဆေးလုံး ဖော်စပ်နိုင်တာလား” ချမ်ရှန်းက မိုဝူကျီသည် တွေ့ရာ ဆရာတစ်ယောက်နောက် လိုက်နေသည့် တပည့်တစ်ယောက်မှန်း သိပြီးနောက် အဆင့် ၅ ဆေးလုံးဆရာ ဖြစ်နေလိမ့်မည်ဟု မယုံနိုင်၍ တုန်လှုပ်တကြီး ကြည့်ကာ မေးလိုက်သည်။ အကယ်၍ ဤသို့ကိစ္စရပ်သာ အားလုံးအတွက် ဖြစ်နေမည်ဆိုလျှင် ဤကမ္ဘာ၌ ဆေးလုံးဆရာ အများအပြား ဖြစ်နေလိမ့်မည်။
မိုဝူကျီက အဆင့် ၅ ဆေးလုံးဆရာ ဖြစ်နေကြောင်း ပြောလိုက်လျှင် အားလုံးအတွက် အံ့ဩတကြီး မဖြစ်နိုင်ကြောင်း တွေးထားမိသောကြောင့် စိတ်ထဲ လေးလံသွားမိသည်။ လက်တွေ့တွင် ဆေးလုံးတာအို အရည်အချင်းအရ သူက သင့်တော်သည့် ဆေးပင်များနှင့် စမ်းသပ်ခွင့်များ ရရှိလျှင် အဆင့် ၇ ဆေးလုံးဆရာ ဖြစ်နေပေလိမ့်မည်။ အဆင့် ၆ ဆေးလုံးအတွက် သူက မျက်လုံးပိတ်ထားလျက်နှင့်ပင် ဖော်စပ်နိုင်၏။ ထို့အပြင် ဤနေရာမှာ အင်မော်တယ်နယ်မြေ ဖြစ်၍ အဆင့် ၅ ဆေးလုံးဆရာ ဖြစ်ကြောင်း ထုတ်ပြောလိုက်လျှင် ရုတ်ရုတ်သဲသဲ ဖြစ်လာလိမ့်မည် မဟုတ်ကြောင်း တွေးခဲ့မိသည်။ သို့သော်လည်း လက်တွေ့မှာ ဤနေရာ၌ အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားပေသေး၏။
“အဲဒါက ကျုပ်အရင်က ရခဲ့တဲ့ ရလဒ်ပါ။ အခုတော့ ကျုပ်က အဆင့် ၃ ဆေးလုံး ဖော်စပ်နိုင်ရုံလေးပါ” မိုဝူကျီက မြန်မြန် ထပ်ရှင်းပြလိုက်ရသည်။
ထိုစဉ် သတင်းဓားပျံ တစ်ချောင်း ရောက်ရှိလာကာ ချမ်ရှန်းအမည်ရှိ စီမံခန့်ခွဲရေးမှူးက ဖမ်းလိုက်ပြီးနောက် သူ့အမူအရာမှာ မကောင်းတော့ချေ။
“မမလေး ... အင်မော်တယ်တပိုင်းနယ်ပယ်က ပြိုကျပြီးတော့ အင်မော်တယ်လျိုရဲ့ အစိတ်အပိုင်း ဖြစ်သွားတော့မဲ့ အရိပ်အယောင်တွေ ပြနေတယ်တဲ့။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ကျင့်ကြံသူတွေကလည်း အင်မော်တယ်လျိုကို ဖြတ်လာဖို့ အသည်းအသန် ကြိုးစားနေကြတယ်တဲ့။ ပြီးတော့ တချို့က တိုက်သင်္ဘောနဲ့ ဒီကိုတောင် ရောက်လာပြီးပြီ ...”
မမလေးဖြစ်သူက သတင်းဓားပျံကို ကြည့်ကာ ခေါင်းတစ်ချက် ညိတ်လိုက်ပြီးတော့ …
“ငါသိပြီ။ အခု သင်္ဘောပျံကို ပြန်လှည့်ကြစို့ ... မင်းက ယင်ပြန့်မြို့ကနေ ယုံရင်ငှက်တောင်ရဲ့ တည်နေရာကို သတင်းပို့ပြီး လှမ်းတောင်းထားလိုက် ...”
“ဟုတ်ကဲ့ပါ” ချမ်ရှန်းက မြန်မြန် လုပ်ဆောင်လိုက်သည်။
မိုဝူကျီက မမလေးအမိန့်ကို ကြားသောအခါ သူက သူတို့အတွက် အသုံးမဝင်တော့မှန်း သိလိုက်သည်။ သူက လက်သီးဆုပ်ကာ နှုတ်ဆက်ပြီး သင်္ဘောပေါ်က ဆင်းသွားတော့မည့် အချိန်တွင် မမလေးဖြစ်သူ၏ စကားကို ကြားလိုက်ရသည် …
“မင်းက ငါ့နောက် လိုက်ခဲ့ ...”
သူမက ပြောပြီးနောက်တွင် လှည့်ကာ သင်္ဘောပျံ၏ အခန်းငယ်လေးအတွင်း ဝင်ရောက်သွားလေ၏။ မိုဝူကျီက သူမနောက်မှ လိုက်သွားရုံမှလွဲ၍ လုပ်စရာ မရှိတော့ကြောင်း သိလိုက်သည်။ သူ သင်္ဘောအခန်းငယ်ထဲ လိုက်ဝင်လိုက်သည်နှင့် သင်္ဘောပျံက တုန်ခါလာကာ ထွက်ခွာလိုက်တော့သည်။
မိုဝူကျီက မမလေးနောက်မှ လိုက်သွားရင်း အခန်းအတွဲလိုက်မှ အဝေးဆုံးနေရာတွင် ရှိနေသည့် အခန်းငယ်လေးအတွင်း ဝင်လိုက်သည့်အခါ ရနံ့သင်းသင်းလေးကို ခံစားမိလိုက်သည်။ ချက်ချင်းဆိုသလို မိုဝူကျီက ဤအခန်းမှာ သူမ ကိုယ်ပိုင်အခန်းမှန်း သိလိုက်သည်။
သူ့ကိုခေါ်သည့် အကြောင်းအရင်းကို လုံးဝ မသိသော်လည်း မိုဝူကျီက ခေါင်းကို ငုံ့ကာ တိတ်တိတ်နေလိုက်သည်။
“မင်းပြောတဲ့အထဲမှာ ဟာကွက်တွေ ရှိနေတာ သိတယ်မလား” မိန်းမပျိုလေးက ရုတ်တရက် မေးလာ၏။
သူမ ဆိုလိုသည့် အဓိပ္ပာယ်ကို ကောင်းကောင်း သဘောပေါက်နေသောကြောင့် မိုဝူကျီစိတ်ထဲ လေးလံ အေးစက်သွားမိသည်။ ပြဿနာမှာ ဆရာတစ်ယောက်က သေမျိုးတစ်ယောက်ကို ခေါ်လာရင်း နောက်ဆုံးတွင် တပည့်အဖြစ် လက်ခံခဲ့ကာ ထိုတပည့်က အဆင့် ၅ ဆေးလုံးဆရာ ဖြစ်လာသည့် အကြောင်းမှာ အတော်လေး စိတ်ကူးယဉ် ဆန်လွန်းနေသည်။ အင်မော်တယ်နယ်မြေ၌ ထိုသို့ဖြစ်ခဲ့လျှင်ပင် လက်တွေ့မဆန်သေးပေ။
ထိုစကားတွင် ဟာကွက်များစွာ ရှိနေသော်လည်း သိပ်ကြီးကြီးမားမားတော့ မဟုတ်ပေ။ ပြဿနာမှာ မိုဝူကျီ အဆင့် ၅ ဆေးလုံးဆရာ ဖြစ်ပြီးနောက်မှ တပည့်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း မိုဝူကျီက မွေးကတည်းမှ စတင် ဆေးဖော်စပ်လာလျှင်ပင် ဆယ်စုနှစ်မျှသာ ရှိပေဦးမည်။ ထိုသို့မျိုးလူက ဆေးလုံးပညာရှင် တစ်ယောက် ဖြစ်လာခြင်းမှာ သူ့ကိုယ်သူ အမွန်းတင်လွန်းနေခြင်း သို့မဟုတ် သူက လိမ်ညာနေခြင်းသာ ဖြစ်ရမည်။
အရေးကြီးဆုံး အချက်မှာ သူ့ဝိညာဉ်လမ်းကြောင်းများ ပျက်စီးသွားခြင်း ဖြစ်သည်။ သူ့ဝိညာဉ် လမ်းကြောင်းများကို ဖျက်ဆီးပစ်ရန် တစ်ဖက်လူက မည်မျှ အားကောင်းနေသနည်း။ သူ့ဝိညာဉ်လမ်းကြောင်းများ ပျက်စီးပြီးနောက်တွင် သူက မည်သို့ အသက်ရှင်နေနိုင်သနည်း။
မိုဝူကျီက နောင်ဘာလုပ်ရမည်ကို တွေးရင်း သက်ပြင်းသာ ချလိုက်တော့သည်။ သူ့ကို သင်္ဘောပျံဆီ ခေါ်ဆောင်လာစဉ် ကတည်းမှ ထိုအကြောင်းကို တွေးမိနေခြင်း ဖြစ်သည်။ ထို့အပြင် သူက အင်မော်တယ်နယ်မြေကို အများကြီး မျှော်မှန်းထားမိသည်။ မိုဝူကျီက အင်မော်တယ်နယ်မြေ အတွင်း၌ပင် အဆင့် ၅ ဆေးလုံးဆရာမှာ အလွယ်တကူ ရရှိနိုင်သည့် အရာ မဟုတ်ကြောင်း သတိပြုမိလိုက်သည်။
“တကယ်လို့ ငါမှန်းတာသာ မမှားရင် မင်းက အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကနေ ခိုးဝင်လာတာ မလား” မျက်နှာပိုးပဝါပါးလေးနှင့် အမျိုးသမီးက မေးလိုက်သည်။
မိုဝူကျီက သူမစကားမှ ခိုးဝင်လာသည့် အကြောင်း ကြားလိုက်သောအခါ စိတ်အနှောင့်ယှက် ဖြစ်မိသွားသည်။ ထိုသို့ဆိုလျှင် တခြားလူများကို အင်မော်တယ်နယ်မြေဆီ ဝင်ခွင့်မပြုခြင်း မဟုတ်ပါလော။
သူတို့လုပ်မိလျှင် ခိုးဝင်လာရမည်လား။
ဤနေရာ၌ သူ့တည်ရှိမှုမှာ ပုရွက်ဆိတ် တစ်ကောင်မျှထက်ပင် မပိုပေ။ လူများက သူတို့ ပြောချင်သည့်အတိုင်း၊ လုပ်ချသည့်အတိုင်း လုပ်ပိုင်ခွင့် ရှိကြပေသည်။
မိုဝူကျီ အဖြေကိုပင် မစောင့်ဘဲ အမျိုးသမီးက ထပ်ပြောလိုက်သည်
“အင်မော်တယ်လျိုကို ဖြတ်လာနိုင်ဖို့က ရွမ်အင်မော်တယ်တွေတောင် လုပ်နိုင်တာ မဟုတ်ဘူး။ မင်းက မြေကမ္ဘာအင်မော်တယ် အဆင့်လေးနဲ့ ဖြတ်လာတယ်လို့ ပြောရဲလား။ ဒါတင် မကသေးဘူး။ မင်းက ဆေးလုံးဆရာလည်း ဖြစ်နေသေးတယ်။ ဒါမှမဟုတ် ငါ တံခါးပိတ် ကျင့်ကြံတာ ကြာသွားလို့ အရင်က မင်းလိုလူမျိုးကို မတွေ့ခဲ့တာများလား”
“ကျုပ်က ကံလေးကောင်းသွားရုံပါ ... ကျုပ် အင်မော်တယ်လျိုကို ဖြတ်လာနိုင်တယ်၊ မဖြတ်လာနိုင်ဘူး ဆိုတာက အရေးမပါပါဘူး။ အခု ကျုပ် ဝိညာဉ်လမ်းကြောင်းတွေက ပျက်စီးနေပြီဆိုတော့ သာမန် သေမျိုးတစ်ယောက်ထက် မပိုပါဘူး” တစ်ဖက်လူက အများကြီး မှန်းဆထားပြီးပြီ ဖြစ်ရာ သူ့အတွက် ထပ်လိမ်ဖို့ ကြိုးစားနေဖို့ရာ မလိုတော့ပေ။
အမျိုးသမီးက ခပ်တိုးတိုး ပြောလိုက်သည် …
“မင်းရဲ့ ဝိညာဉ်လမ်းကြောင်းတွေ ပျက်စီးမနေရင်တောင် အင်မော်တယ်နယ်မြေကို ခိုးဝင်လာတဲ့အတွက် အသတ်ခံရမှာ အနှေးနဲ့ အမြန်ပဲ ...”
မိုဝူကျီက ဘာမျှမပြောပေ။ သူက ရွမ်အင်မော်တယ်အဆင့်မှာ မည်သို့ ကျင့်ကြံသူမျိုး ဖြစ်သလဲဟုသာ တွေးတောနေမိသည်။ ထိုအမျိုးသမီးက သူ အင်မော်တယ်နယ်မြေထဲ ခိုးဝင်လာသည့် အကြောင်းကို ပြောသည့်အခါ အတော်လေး စိတ်မသက်မသာ ခံစားနေရသည်။ အကယ်၍ သူသာ အားကောင်းပါက အင်မော်တယ်နယ်မြေ အကာအရံကို တစ်စစီ လုပ်ပစ်ပြီး အင်မော်တယ်တစ်ပိုင်း နယ်ပယ်နှင့် အင်မော်တယ် နယ်မြေအတွက် ကူးသန်းရေး အစီအရင် ဆောက်လုပ်ပေးဖို့ရာ တွေဝေနေမည် မဟုတ်ပေ။
အင်မော်တယ်နယ်မြေထဲ မဝင်ရဘူးဟု မည်သူက သတ်မှတ်ခဲ့သနည်း။ အကြောင်းပြချက်က မည်သို့ပင် ဖြစ်စေကာမူ တစ်ယောက်ယောက်က လုံလုံလောက်လောက် အားကောင်းသည်နှင့် မလုပ်နိုင်သည့် အရာ မရှိတော့ချေ။
“ဒါပေမဲ့ မင်းကို ငါ့အဆင့်အတန်းနဲ့ ကယ်ပေးနိုင်တယ်။ ငါတို့တွေ သိုသိုသိပ်သိပ် လုပ်ရမယ်”
သူမ စကားမဆုံးခင် မိုဝူကျီက အရင်ဦးစွာ ဦးညွှတ်၍ ပြောလိုက်သည်
“စီနီယာကို ကျေးဇူအများကြီး တင်ပါတယ်။ တကယ်လို့ စီနီယာက ကျုပ်ကို အဲဒီလိုလုပ်ပေးမယ်ဆိုရင် ကျုပ် စီနီယာကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး”
အမျိုးသမီး လေသံမှာ ပို၍ပင် တိုးသွားကာ …
“မင်းက သာမန်မဟုတ်ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ မင်းက ဘယ်လောက်ပဲ ထူးချွန်နေပါစေ ဒီနေရာမှာ လွတ်ပေးလိုက်ရင် မင်းကို သေခိုင်းလိုက်တာနဲ့ အတူတူပဲ။
အခု ငါတို့တွေ သဘောတူညီမှု တစ်ခု လုပ်ကြမယ်။ မင်းအသက်ကို ကယ်ပေးပြီးတော့ ဝိညာဉ်လမ်းကြောင်း ပြန်ကောင်းလာအောင်လည်း ကုပေးမယ်။ ဒါပေမဲ့ မင်းဘက်ကလည်း ငါ့ကို တစ်ခု ပြန်ကူညီပေးရမယ်”
***