← Chapters

အဆင့် ၃ ဆေးလုံးအကြီးအမှူး

Vol. 33 Ch. 446

အဆင့် ၃ ဆေးလုံးအကြီးအမှူး

Vol. 33 Ch. 446

မိုဝူကျီက လက်သီးဆုပ်လျက် …

“ကျုပ်က ဘယ်လိုများ ကူညီပေးနိုင်တာလဲ သိပါရစေ။ ကျုပ် ကူညီနိုင်တာဆိုရင် သေချာပေါက် ကူပေးပါ့မယ်”

မိုဝူကျီက သူ့ကိုယ်သူ ကယ်တင်နိုင်မည့် နည်းလမ်းကို ထပ်မတွေးနိုင်တော့ သောကြောင့် သူသာ စိတ်လွတ်မနေသရွေ့ ဤသဘောတူညီချက်ကို သေချာပေါက် ငြင်းမည် မဟုတ်ပေ။

“ငါ့နာမည်က ဝမ်လျန်ရှီး။ မင်းက ငါ့ကို တာအိုရောင်းရင်း၊ ငါ့နာမည်အရင်း ဒါမှမဟုတ် စီနီယာလို့ ခေါ်နိုင်တယ် ...”

အမျိုးသမီးက မိုဝူကျီသည် တုံ့ဆိုင်းခြင်းမရှိ သဘောတူသည်ကို မြင်သောအခါ  ခေါင်းညိတ်ပြလိုက်၏။ အင်မော်တယ်လျိုကို အသက်ရှင်လျက်   ဖြတ်လာနိုင်ခြင်းမှာ မိုဝူကျီက သာမန်ထက် ထူးခြားသည့်လူသာ ဖြစ်ပေလိမ့်မည်။ သူမက သူ့ကဲ့သို့ သူမျိုးကို စီနီယာခေါ်ခွင့် ပေးလိုက်သည်က သူမအတွက် များများစားစား မဆုံးရှုံးသွားချေ။

မိုဝူကျီက ဝမ်လျန်ရှီးပေါ် အမြင်ကောင်းကောင်း စတင်ရှိလာသော်လည်း လက်ရှိအနေအထားဖြင့် သူမနှင့် ညှိနှိုင်းခွင့် မရှိသေးမှန်း သေချာသိ၏။ ထိုသိုဆိုလျှင်ပင် သူမက ခွဲခြားမဆက်ဆံပဲ သူမနာမည်ကို ဦးဆုံး မိတ်ဆက်ခဲ့သေးသည် မဟုတ်ပါလော။ ထိုအရာမှာ မိုဝူကျီကို လေးစားမှုပြသခြင်း တစ်မျိုး ဖြစ်ပေသည်။

“ကျုပ်နာမည်က မိုဝူကျီပါ။ ကျုပ် အရင်တုန်းက နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ပါ ...” ချမ်ရှန်းက သူ့နာမည် ပြောထားဖူးသော်လည်း မိုဝူကျီက သူ့နာမည်ကို လေးလေးစားစား ယဉ်ကျေးသမှု ပြန်ပြောရန် လိုအပ်သေး၏။

“ကောင်းပြီ တာအိုရောင်းရင်းမို ... အဲဒါဆို မင်းအခု ဖော်စပ်နိုင်တဲ့ ဆေးလုံးအဆင့်က ဘယ်လောက်လဲ ...” ဝမ်လျန်ရှီးက မိုဝူကျီကို မျှောင်လင့်တကြီး ကြည့်ရင်း မေးလိုက်သည်။

မိုဝူကျီက မျှော်လင့်တကြီး စောင့်ဆိုင်းနေသည့် မျက်ဝန်းအစုံကို မြင်လိုက်ရသည့်အခါ သူ့ဆေးလုံးတာအို အဆင့်အတန်းနှင့် ဤသဘောတူညီချက်မှာ တိုက်ရိုက် ဆက်နွှယ်နေကြောင်း သိလိုက်မိသည်။

“အရင်တုန်းက ကျုပ် အဆင့်၉ ကောင်းကင်ဆေးလုံးကို ဖော်စပ်နိုင်တယ်ဆိုပေမဲ့  ကျုပ်ရဲ့ ဝိညာဉ်လမ်းကြောင်းတွေ ပျက်စီးသွားတော့ ကောင်းကင်ဆေးလုံးကို မဖော်စပ်ဖြစ်တာ ကြာလှပြီ။ ကျုပ်မှာသာ ဆေးပင်တွေ လုံလုံလောက်လောက် ရှိရင်  တစ်ခါပြန်ထိတွေ့မိတာနဲ့ ကျုပ် အဆင့် ၉ ကောင်းကင်ဆေးလုံးကို ပြန်ဖော်စပ်နိုင်လိမ့်မယ် ...” မိုဝူကျီက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

မိုဝူကျီအတွက် သူဖော်စပ်နိုင်သည့် အမြင့်ဆုံးဆေးလုံး အဆင့်မှာ အဆင့် ၇ ဖြစ်ပြီး အဆင့် ၈ နှင့် အဆင့် ၉ ဆေးလုံးများကို တစ်ခါမျှ မဖော်စပ်ကြည့်ဖူးပေ။

သို့သော်လည်း မိုဝူကျီက သူ့ဆေးလုံးဖော်စပ်ရေး  ပညာရပ်သည် သူ့ကိုယ်တိုင် ပြုလုပ်ထားသည့် အင်မော်တယ် မော်တယ် ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ်မှ ဆင်းသက်လာသည် ဖြစ်၍ အလွန်ယုံကြည်မှု ရှိနေသည်။

ထို့အပြင် သူ့ဆေးလုံးဖော်စပ်မှု အောင်မြင်နိုင်နှုန်းမှာ ရာနှုန်းပြည့်နီးပါး ဖြစ်နေပြီ ဖြစ်ရာ အဆင့် ၈ နှင့် အဆင့် ၉ ဆေးလုံးများ မဖော်စပ်ရသေးသည့် အကြောင်းအရင်းမှာ သူက မလုပ်ချင်၍ မဟုတ်ဘဲ သူ့အနေနှင့် ထိုသို့ အဆင့်မြင့် ဝိညာဉ်ဆေးပင်များကို ရှာမတွေ့၍သာ ဖြစ်ပေသည်။

ဝမ်လျန်ရှီးအတွက် အင်မော်တယ်နယ်မြေတွင် အဆင့် ၈ သို့မဟုတ် အဆင့် ၉ ဝိညာဉ်ဆေးပင်များ ရှာရခြင်းမှာ လွယ်ကူလှသည့် အလုပ်ဖြစ်မှန်း သူယုံကြည်မိ၍ ဖြစ်သည်။ သူ့တွင် လုံလောက်သည့် ပစ္စည်းများ ရှိနေသရွေ့ အဘယ်ကြောင့် သူက ဆေးလုံးကို မဖော်စပ်နိုင်ပဲ နေမည်နည်း။

“မင်းက တကယ် အဆင့် ၉ ဆေးလုံးဆရာလား” ဝမ်လျန်ရှီးက ရုတ်ခြည်း မတ်တတ်ရပ်ကာ မိုဝူကျီဆီ လျှောက်လှမ်းလာပြီး သူမ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားနေလေ၏။

ဤအခြေအနေမျှ အထိ  ရောက်နေပြီးသား ဖြစ်သည့်အတွက် မိုဝူကျီက မဟုတ်ကြောင်း မပြောတော့ပဲ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်  “ဟုတ်ပါတယ် စီနီယာဝမ် ... ကျုပ်က အဆင့် ၉ ဆေးလုံးဆရာပါ”

ဝမ်လျန်ရှီးက ခဏတာ အချိန်ယူလိုက်ပြီးနောက် သူမဘာသာ တည်ငြိမ်အောင် ထိန်းကာ …

“တာအိုရောင်းရင်းမို  ... မင်း ဒီလို အဆင့် ၉ ဆေးလုံးဆရာ ဖြစ်လာဖို့ ဘယ်နှနှစ် ကြာခဲ့လဲဆိုတာ အမှန်တိုင်းပြော ...”

မိုဝူကျီက ထိုမေးခွန်းကြောင့် မှင်တက်မိသွားသည်။ သူက  ဆယ်နှစ်တာမျှ ကျင့်ကြံ ရသေးသောကြောင့် ဆေးလုံးဖော်စပ်မှုကို သင်ယူရန်နှင့် အစီအရင်တာအိုကို လေ့လာရန် စုစုပေါင်းအချိန်မှာ  ဆယ်ပုံတစ်ပုံပင် မရှိလောက်ပေ။ ထို့အပြင် သူက ဆေးလုံးဖော်စပ်မှုအစား အစီအရင်တာအိုပေါ်၌သာ အချိန်များများ ကုန်ဆုံးထားသေး၏။

လက်တွေ့တွင် သူက ကိုယ်ပိုင်ကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့စဉ်မှစ၍ ဆေးလုံးဖော်စပ်မှု၌ အချိန်နည်းနည်းသာ သုံးဖြစ်တော့သည်။ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံနေရင်း သူက ပိတ်ဆို့တားဆီးမှုနှင့် မကြုံတွေ့ခဲ့ရသည့် အတွက် ဆေးလုံးများ ဖော်စပ်ဖြစ်လျှင်ပင် သူက ကုသဆေးလုံးများ သို့မဟုတ် သဘာဝစွမ်းအား ပြန်လည်အားဖြည့် ဆေးလုံးများလောက်သာ ဖော်စပ်ဖြစ်လေသည်။

ခဏတာ စဉ်းစားနေပြီးနောက် မိုဝူကျီက ပြန်ဖြေလိုက်သည် …

“နှစ်နှစ်၊ သုံးနှစ်လောက်ပေါ့”

ထိုအချက်အတွက် မိုဝူကျီက အမှန်တကယ် ကြွားဝါနေခြင်း မဟုတ်ပေ။ အကြောင်းမှာ ဆေးလုံးဖော်စပ်ရာ၌ သူသုံးထားသည့် အချိန်ပမာဏမှာ တစ်နှစ်ပင် မပြည့်သည့်အတွက် နှစ်နှစ်၊ သုံးနှစ်ဟု ဆိုလိုက်ခြင်းမှာ နှိမ့်ချပြောထားခြင်း ဖြစ်ပေသည်။

ဝမ်လျန်ရှီးက မျက်လုံးပြူး မျက်ဆံပြူးဖြင့် မိုဝူကျီကို ကြည့်လိုက်ပြီး …

“မင်းက ဘယ်လိုတောင် ပါရမီပါနေတာလဲ။ အဆင့်၉ ဆေးလုံးဆရာ ဖြစ်ဖို့ နှစ်နှစ်၊ သုံးနှစ်ပဲ အချိန်ယူရတယ်ဆိုတော့   ... ငါက မင်းရဲ့ ဝိညာဉ်လမ်းကြောင်းတွေ ပြန်ကုပေးအောင် လိမ်နေတာ မဟုတ်ဘူးမလား”

မိုဝူကျီက စိုးရိမ်တကြီး ပြောလိုက်သည် …

“နှစ်နှစ်ကနေ သုံးနှစ်က စုစုပေါင်းအချိန် မဟုတ်သေးဘူး။ တကယ်တော့ ကျုပ်က ဆေးလုံးဖော်စပ်နည်းတွေနဲ့ ဆေးပင်တွေအကြောင်း သိဖို့ ခုနစ်နှစ် ၊ ရှစ်နှစ်‌လောက် အချိန်ယူခဲ့ရပါတယ်”

ဝမ်လျန်ရှီးက ဆက်မပြောတော့ချေ။ နှစ်နှစ် ဖြစ်ဖြစ်၊ ရှစ်နှစ်ဖြစ်ဖြစ် အဆင့် ၉ ဆေးလုံးအထိ ဖြစ်လာနိုင်ဖို့ရန်က အင်မတန် ပါရမီပါမှသာ ဖြစ်လာနိုင်ခြင်း ဖြစ်သည်။

ထိုစဉ် မိုဝူကျီက  တိတ်တိတ်နေလိုက်ရင်း သူမ လုပ်ခိုင်းမည့်အရာ ပြောမည့်အချိန်ကိုသာ စောင့်နေလိုက်သည်။ သူက အပိုပြောနေခြင်းလား ဒါမှမဟုတ် တကယ်ပြောနေခြင်းလား ဆိုသည့် ကိစ္စရပ်မှာ သူမ စိတ်ဝင်စားခြင်း ရှိ၊ မရှိအပေါ် မူတည်နေလေသည်။

“တကယ်လို့ မင်းကို နောက်ထပ် ဆယ်နှစ်အချိန်ပေးရင် မင်း အဆင့် ၉ ဆေးလုံးဆရာအဆင့် ကနေ အဆင့် ၃ ဆေးလုံးဧကရာဇ် အဆင့်ထိ တက်နိုင်မလား။ ဒါက နည်းနည်း အလျှင်လိုသလို ဖြစ်နေတယ်ဆိုတာ သိပေမဲ့လည်း ဆယ်နှစ်က အရမ်းကို နည်းလွန်း ...”

မိုဝူကျီက ဝမ်လျန်ရှီး စကားကို လက်နှစ်ဖက် ယှက်လျက်  ဖြတ်ပြောလိုက်သည် …

“စီနီယာဝမ် ...  ကျုပ်က အဆင့် ၃ ဆေးလုံးဧကရာဇ်ဆိုတာ ဘာလဲ မသိဘူးဗျ။ ကျုပ်ကို နည်းနည်း ပြောပြပေးလို့ ရမလား”

ဝမ်လျန်ရှီးက ခေါင်းညိတ်ကာ …

“ငါမပြောခင် တစ်ခု မေးကြည့်ချင်တာ ရှိတယ်။ မင်းရဲ့ အသက်က ငါးရာမကျော်သေးတာတော့ သေချာပေမဲ့  မင်းက အသက်ဘယ်လောက် ရှိပြီလဲ မေးကြည့်ချင်တယ်”

မိုဝူကျီက သူမလိုအပ်နေသည့် အကူအညီနှင့် ပတ်သက်နေကြောင်း မှန်းဆမိလိုက် သော်လည်း သူက အသက်သုံးဆယ် ကျော်ကျော်လေးသာ ရှိသေးပေသည်။

အသက်ငါးရာတဲ့လား  ... လာမနောက်စမ်းပါနဲ့  ...

“ကျုပ်က အသက်နှစ်ရာတောင် မပြည့်သေးပါဘူး”  မိုဝူကျီက သူ့ရှိရင်းစွဲ အသက်ထက် ခြောက်ဆ၊ ခုနစ်ဆလောက် ပေါင်းပြောလိုက်ရသည်။ အကြောင်းအရင်းမှာ သူမကို အသက်သုံးဆယ်လေးဖြင့် အင်မော်တယ်နယ်မြေကို ရောက်လာသည်ဟု ဆိုလျှင် ဝမ်လျန်ရှီးက သူ့ကို ပိုသံသယ ဝင်လာပေလိမ့်မည်။

“ကောင်းတယ် ... မင်း အင်မော်တယ်လျိုကို ဖြတ်လာနိုင်တော့ အံ့ဩစရာတော့ မဟုတ်ဘူးပဲ။ မင်းက တကယ်ကို ပါရမီစွမ်း ကောင်းတယ် ...”

ဝမ်လျန်ရှီးက စိတ်လှုပ်ရှားစွာ လက်သီးဆုပ်ထားလိုက်မိပြီး ပြောလိုက်သည် …

“မင်းကို အဆင့် ၃ ဆေးလုံး ဧကရာဇ်ဆိုတာ ဘာလဲဆိုတာ ပြောပြမယ်  ... အင်မော်တယ်နယ်မှာ  ဆေးလုံး တာအိုပညာရှင်တွေကို  အဆင့်ကိုးဆင့် ခွဲခြားထားတယ်။

အဆင့် ၁၊ ၂၊ ၃ အင်မော်တယ်ဆေးလုံးကို  ဖော်စပ်နိုင်ရင် အဆင့် ၁၊ ၂၊ ၃ ဆေးလုံး အကြီးအမှူးလို့ အသီးသီး သတ်မှတ်တယ်။  အဆင့် ၄၊ ၅၊ ၆ အင်မော်တယ်ဆေးလုံးကို ဖော်စပ်နိုင်ရင်တော့ အဆင့် ၄၊ ၅၊ ၆ ဆေးလုံးဘုရင်လို့ ခေါ်ပြီးတော့ အဆင့်  ၇၊ ၈၊ ၉ အတွက်တော့ ဆေးလုံးဧကရာဇ်လို့ ခေါ်တယ်”

မိုဝူကျီက နောက်ဆုံးတွင် အဆင့် ၃ ဆေးလုံးအကြီးအမှူးမှာ ကျင့်ကြံခြင်း လောကမှ အဆင့် ၃ ဆေးလုံးဆရာနှင့် တူညီနေကြောင်း နားလည်သွားပေသည်။ သူမက ဆယ်နှစ်တာ အချိန်ပေး၍ သူ့ကို သုံးဆင့်သာ တိုးတက်လာရန် မျှော်လင့်ထားခြင်းမှာ သူ့ကို အရမ်းအထင်သေးရာ မကျရောက်လွန်း နေဘူးလား။

ထိုအတွေးဖြင့် မိုဝူကျီက ပြောလိုက်သည် …

“ကျုပ်မှာ အင်မော်တယ် ဝိညာဉ်ဆေးပင် လုံလုံလောက်လောက်နဲ့ အင်မော်တယ် ကျောက်တွေသာ ရှိမယ်ဆိုရင် ခင်ဗျားရဲ့ ပန်းတိုင်ဆီ ရောက်ဖို့ ယုံကြည်ချက် အပြည့်အဝ ရှိပါတယ်။ ဒါပေမဲ့ ကျုပ်ကို ဆေးလုံးဖော်စပ်နည်းနဲ့ ကျုပ် လေ့လာဖို့ နမူနာ ဆေးလုံးအချို့သာ ပေးထားပေးပါ”

“တကယ်လို့ မင်းက လိမ်နေတာ မဟုတ်ဘူးဆိုရင် မင်း လုပ်နိုင်မယ်ဆိုတာ ယုံကြည်တယ်။ မင်းလိုအပ်နေတာတွေ အကုန် ပေးနိုင်ပေမဲ့ ဆေးလုံးတာအိုကို လေ့လာပြီးတဲ့နောက်  မင်းက ငါ့ပစ္စည်းတွေနဲ့ ထွက်မပြေးဖို့တော့ သေချာအောင် လုပ်ထားသင့်တယ် မလား။ မင်းက အင်မော်တယ်လျိုကိုတောင် ဖြတ်လာနိုင်တဲ့သူ ဆိုတော့ မင်းရဲ့အင်မော်တယ် တာအိုလမ်းစဉ်နဲ့ ကျိန်ဆိုလို့ ဘာကြောင့်  မရနိုင်ရမှာလဲ ”  ဝမ်လျန်ရှီးက မိုဝူကျီကို ကြည့်လိုက်သည်။

မိုဝူကျီအတွက် သူမဘေးတွင်နေကာ ဆယ်နှစ်တာ ဆေးလုံးဖော်စပ်ရမည့် ကိစ္စမှာ မဖြစ်နိုင်ချေ။ မိုဝူကျီက အဆင့် ၃ ဆေးလုံး ဧကရာဇ်ဖြစ်လာသည်နှင့် သူမလိုအပ်သည်ကို ကူပြီးနောက် ချက်ချင်း ထွက်သွားရန် တွေးတောနေမိသည်။

“စီနီယာဝမ် ... ကျုပ်က အရင်ကရော နောင်ရော ကျိန်ဆိုမှာ မဟုတ်ဘူး။ တကယ်လို့ စီနီယာဝမ် ကျုပ်ကိုမယုံရင် ကျုပ်ကို အဆိပ်ပေးထားပြီးတော့ အဆိပ်ဖြေဆေးကို ခင်ဗျားပဲ သိမ်းထားလိုက်လေ။ ပြီးတော့ စီနီယာဝမ်က ကျုပ်တိုးတက်နှုန်းကို အချိန်မရွေး လာစစ်လို့ ရနေတာပဲ” မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

ဝမ်လျန်ရှီးက မိုဝူကျီကို သံသယနှင့် ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည် …

“ငါ မင်းကို ယုံပါတယ်။ မင်းက အင်မော်တယ် အဆိပ်ဆေးလုံကို စားဖို့ ဆန္ဒရှိတယ် ဆိုမှတော့ မင်းက မင်းစကားကို ရုပ်သိမ်းမဲ့ လူမဟုတ်မှန်း သိသာနေတာပဲ။ ပြီးတော့ ငါက မင်းဆီကို အမြဲတမ်း လာကြည့်မနေနိုင်ဘူး”

မိုဝူကျီ တစ်ယောက်  နှလုံးခုန်  မြန်လာမိသော်လည်း  အမှန်တရားကို မပြောချေ။ သူ ထိုအဆိပ်ဆေးလုံးကို သောက်သုံးရဲသည့် အကြောင်းအရင်းမှာ သူ့တွင် အဆိပ်ဖြေ ချီသွေးကြော ရှိနေ၍ ဖြစ်သည်။ သူ့တိုးတက်နှုန်း အချိန်မှန် လာစစ်ဆေးကြည့်ဖို့ရာ အတွက်တော့ မိုဝူကျီက သူ့အပေါ် အချိန်ဖြုန်းတီးရန် ဆန္ဒမရှိကြောင်း တွေးမိထား၍ များများစားစား မစဉ်းစားမိပေ။

“ဒီမှာ သိုလှောင်လက်စွပ်။ အဲဒီအထဲမှာ ထိပ်တန်းဆေးပင်တွေနဲ့ အတူတူ မင်းပြောတဲ့ ဟာတွေ အားလုံးပါတယ်။ ငါ ယုံရင်ငှက်တောင် သွားပြီးရင် မင်းကို ဆေးလုံးတာအို လေ့လာလို့ရတဲ့ နေရာကို ပို့ပေးမယ်။

မင်းက ဆေးလုံးတာအိုကို အောင်မြင်သွားရင် မင်းကို နောက်တစ်ခါ လာရှာလှည့်မယ်။ မင်း လိုအပ်တဲ့ အင်မော်တယ်ဆေးပင်တွေ အတွက်တော့ မင်းဆီ လူလွတ်ပြီး ပို့ခိုင်းလိုက်မယ်” ဝမ်လျန်ရှီးက မိုဝူကျီဆီ သိုလှောင်လက်စွပ် တစ်ကွင်းပေးကာ သိမ်သိမ်မွေ့မွေ့ ပြောလိုက်သည်။

အမှန်ဖြစ်ဖို့ရာ အလွန်ကောင်းလွန်း နေပေသည်။ သူမက သူ့ကို ဆေးလုံးတာအို လေ့လာခွင့် ပြုရုံသာမက အန္တရယ်များနှင့် ဝေးရာသို့ ခေါ်ဆောင်လာကာ သူ့ကိုပြန်လည် ကုသပေးဦးမည် ဖြစ်သည်။ သူမ အပြုအမူအပေါ်   မိုဝူကျီက ကျေးဇူးတင်မိ သွားသည်။

သိုလှောင်လက်စွပ်က မိုဝူကျီဆီ ရောက်လာသည့်အခါ သူ့အဆိပ်ဖြေ ချီသွေးကြောမှ လှုပ်ရှားမှု နည်းနည်းကို  ခံစားမိလိုက်သည်။ ထို့နောက် မိုဝူကျီက  စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ  စိတ်စွမ်းအားကို သုံးကာ စစ်ဆေး ကြည့်လိုက်သည်။ မိုဝူကျီက သူ့လက်သည်းမှ ချီသွေးကြော၊ ချီသွေးကြောမှ တစ်ဆင့် အသိစိတ် ပင်လယ်အတွင်းသို့   မသိမသာ စီးဆင်းလာသည့် ခံစားမှုတစ်မျိုးကို ရရှိလိုက်သည်။ ခဏအကြာတွင် သူ့အသိစိတ် ပင်လယ်အတွင်းမှ ခရမ်းရေကန်ဘေးတွင် ထိုအရာက   သူ့ကိုယ်သူ မြှုပ်နှံ ဝင်ရောက်လာသည်။

ပျက်စီးနေသည့် ချီသွေးကြောများကြောင့် အဆိပ်ဖြေ ချီသွေးကြောမှာ အဆိပ်ကို အာရုံခံမိ လိုက်သော်လည်း အဆိပ်မဖယ်ရှား နိုင်လိုက်ပေ။ သူ့အဆိပ်ဖြေ ချီသွေးကြောကြောင့်သာ  စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို အသုံးပြုပြီး  ထိုစီးဆင်းမှု ရောက်ရှိသွားသည့် နေရာကို မှန်းဆနိုင်လိုက်ခြင်း ဖြစ်သည်။

မဟုတ်လျှင် သူက အင်မတန် အားနည်းလှသော စီးဆင်းမှုလေးကို သတိပြုမိမည် မဟုတ်ပေ။  အသိစိတ် ပင်လယ်အတွင်း ခရမ်းရေကန်ဘေး ရှိနေသည့် အန္တရာယ်ကို သတိထားမိမည် မဟုတ်ချေ။

မိုဝူကျီက အမှန်ပင် နုံအနေမိခြင်းကြောင်း   စိတ်ထဲ၌ သက်ပြင်း ချလိုက်မိသည်။ ဝမ်လျန်ရှီးက သူ့အကြောင်း ဘာကိုမျှ မသိဘဲ သူ့ကို မက်လောက်စရာ အခြေအနေများ ပေးခဲ့ခြင်းကို တွေးမိလိုက်လျှင် သူ အဆင့် ၃ ဆေးလုံးအကြီးအမှူး ဖြစ်လာပြီးနောက် သူမ လိုအပ်နေသည့် အကူအညီမှာ သေချာပေါက် ရိုးရှင်းမည် မဟုတ်ချေ။

ဝမ်လျန်ရှီးက ပြုံးရင်း ကျောက်စိမ်းဘူးကို ပေးကာ …

“ဒီထဲမှာ ဝိညာဉ်လမ်းကြောင်း ထောက်ပံ့ပေးနိုင်တဲ့ ဆေးလုံးရှိတယ်။ အဲဒါက ကောင်းကင်အင်မော်တယ် အဆင့်အောက်ပဲ အလုပ်ဖြစ်တယ်ဆိုပေမဲ့  မင်းအတွက်တော့ လုံလောက်မှာပါ”

“စီနီယာဝမ်ကို ကျေးဇူးအများကြီး တင်ပါတယ်” မိုဝူကျီက သူမကို လေးလေးနက်နက် ကျေးဇူးစကား ဆိုလိုက်သည်။

ဝမ်လျန်ရှီးက သူ့ကို မကောင်းကြံလျှင်ပင် မိုဝူကျီက သူမကို ကျေးဇူးတင်နေဦးမည် ဖြစ်သည်။ ဝမ်လျန်ရှီး မရှိဘဲ သူ့ချီသွေးကြောများမှာ ပြန်ကောင်းလာနိုင်မည် မဟုတ်ပေ။ ဝမ်လျန်ရှီး မပါရှိပဲ  အင်မော်တယ် နယ်မြေက အင်မော်တယ်တစ်ပိုင်းမှ ရောက်လာသော သူများကို အသည်းအသန် ရှာနေသည့် အခြေအနေတွင် အန္တရာယ်ကင်းအောင် နေနိုင်မည် မဟုတ်ပေ။ အကယ်၍ ဝမ်လျန်ရှီးက သူ့ကို မကောင်း မကြံလျှင် သို့မဟုတ် သူမအတွက် ကာကွယ်ရေး ကွန်ရက်အဖြစ် ဖန်တီးထားလျှင်  သံသယ အဝင်ခံရမည့် သူမှာ သူသာ ဖြစ်လိမ့်မည်။

“အရင်ဆုံး မြန်မြန် ကောင်းအောင် လုပ်လိုက်ပါ။ ချမ်ရှန်း ... မိုဝူကျီကို တိတ်ဆိတ်တဲ့ အခန်းတစ်ခန်းဆီ ခေါ်သွားပေးလိုက် ...” ဝမ်လျန်ရှီးက မိုဝူကျီကို ညင်သာစွာ ပြောလိုက်လေ၏။

“ဟုတ်ကဲ့” ချမ်ရှန်း၏ ပြန်ဖြေသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

“စီနီယာဝမ် ... ဒါနဲ့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ထွက်တဲ့ ကျောက်တုံးနက်တွေက ဘာအတွက် သုံးတာလဲ မေးလို့ရမလား” ဝမ်လျန်ရှီးက သူ့ကို သွားခိုင်းနေသည့် အရိပ်အယောင်များကို မြင်သောအခါ   မိုဝူကျီက လှည့်မေးလိုက်သည်။

ဝမ်လျန်ရှီးက အသာပြောလိုက်သည်  “အချိန်ကျရင် နားလည်လာပါလိမ့်မယ်။ ငါရှင်းပြဖို့ မလိုပါဘူး  ”

မိုဝူကျီက  ကျေးဇူးစကားကို ဆိုလိုက်ပြီး ချမ်ရှန်း နောက်မှ လိုက်ကာ အခန်းထဲမှ ထွက်သွားတော့သည်။

***

All Chapters