လူညာ
Vol. 33 Ch. 447
ချမ်ရှန်းက မိုဝူကျီအတွက် ထောင့်အခန်း၌ နေနိုင်ရန် ပြင်ဆင် ပေးထားသော်လည်း မိုဝူကျီက တစ်ယောက်ယောက်၏ အမိုးအကာအောက် နေနေရသည် ဖြစ်၍ စိတ်ထဲမထားပေ။ သူ့၌ ထပ်တောင်းဆိုခွင့်လည်း မရှိချေ။ သူ့အခန်းကို ပြန်ရောက်ပြီးနောက် မိုဝူကျီ ပထမဆုံး လုပ်လိုက်သည့်အရာမှာ အခန်းအတွင်း အတားအဆီးများ ချထားလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူ့စိတ်စွမ်းအားကို အသိစိတ် ပင်လယ်အတွင်းမှ အဆိပ်အမှတ်အသားပေါ် ပို့လွှတ်လိုက်သည်။
မကြာခင်တွင် မိုဝူကျီက မည်သည့်အမှတ်အသား အမျိုးအစား ဖြစ်ကြောင်း နားလည်သွားပေ၏။ ဤအမှတ်အသား၌ ခြေရာခံအမှတ် ထည့်သွင်းထားပြီး အင်မတန် အားပြင်းသည့် အဆိပ်လည်း ပါဝင်ပေသည်။ ထိုအဆိပ်မှာ ထည့်သွင်းထားသူ လက်အောက် ထိန်းချုပ်မှု အပြည့်အဝ ရောက်ရှိနေပြီး သူမ အလိုရှိသည့် အချိန်တိုင်း သူ့ခန္ဓာအတွင်းမှ အဆိပ်ကို လောင်မြိုက် ပစ်နိုင်လိမ့်မည်။ မကြာခင် အဆိပ်က ထိုလူ၏ သူ့ခန္ဓာအတွင်းမှ ဝိညာဉ်လမ်းကြောင်းတိုင်း အပါအဝင် အသိစိတ် ပင်လယ်အတွင်းပါ ထိုးဖောက် ဝင်ရောက်သွားလိမ့်မည်။
အမှတ်အသား အတွက် မိုဝူကျီက စိတ်ထဲ အရမ်း မထားသောကြောင့် မထိတော့ပေ။ ပထမဦးစွာ သူက ထွက်ပြေးရန် ရည်ရွယ်ချက် မရှိသေးသောကြောင့် ဤနေရာရှိ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် ပေးမည် မဟုတ်ပေ။ အများဆုံး သူက အင်မော်တယ်လျိုကို ဖြတ်၍ ခိုးဝင်လာသည့်အတွက် အလိုရှိစာရင်း အသွင်းခံရရုံသာ ဖြစ်၏။ ဒုတိယတစ်ချက် အနေဖြင့် သူ့တွင် အဆိပ်ဖြေ ချီသွေးကြော ရှိနေသောကြောင့် ထိုအဆိပ် ပေါက်ကွဲထွက်၍ သူ့ခန္ဓာထဲ ပျံ့နှံ့သွားလည်း ကိစ္စမရှိချေ။
ထိုအတွေးများကို ဘေးဖယ်ထားပြီးနောက် မိုဝူကျီက ဆေးလုံးကို ထုတ်ယူလိုက်သည်။
မိုဝူကျီအတွက် ဝိညာဉ်လမ်းကြောင်း ထောက်ပံ့ဆေးလုံး အကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၍ မည်သည့် အင်မော်တယ် ဆေးလုံးအဆင့်မှန်း သတိမပြုမိပေ။ မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ဝိညာဉ်လမ်းကြောင်းများကို ပြန်လည်ကောင်းမွန် လာစေနိုင်သည့် အတွက် ဤဆေးလုံးမှာ သေချာပေါက် ထူးခြားပေလိမ့်မည်။
သူက ကျင့်ကြံခြင်း လောကမှ ရောက်ရှိလာစ ဖြစ်သောကြောင့် အင်မော်တယ်ဆေးလုံး ဖော်စပ်နည်း တစ်ခုတလေမျှ မသိပေ။ ယခု သူ့တွင် ဝိညာဉ်လမ်းကြောင်း ထောက်ပံ့ဆေးလုံး ရှိနေပြီ ဖြစ်၍ အနာဂတ်၌ မှတ်မိလာစေရန် သေချာ လေ့လာကြည့်ရမည်။
ဝိညာဉ်လမ်းကြောင်း ထောက်ပံ့ဆေးလုံးက မိုဝူကျီ လက်ထဲ ရှိနေစဉ် ဖျော့တော့တော့ ရနံ့လေး ထွက်ပေါ်နေလေ၏။ အခြေအနေအရ မိုဝူကျီက ဤဆေးလုံးမှာ အဆင့်နိမ့် အင်မော်တယ်ဆေးလုံး ဖြစ်ကြောင်း ခံစားမိလိုက်သည်။
ခဏတာ လေ့လာပြီးနောက် မိုဝူကျီက ဆေးလုံးကို မျိုချလိုက်တော့သည်။ ထိုဆေးလုံးမှာ သူ့ပါးစပ်ထဲ ရောက်သွားသည်နှင့် တန်းပျော်ဝင် သွားသော်လည်း ထိုဆေးလုံးဖော်စပ်နည်း သတိပြုမိဖို့ မိုဝူကျီ စွမ်းရည်အပေါ် သက်ရောက်မှု မရှိပေ။ သူက သူ့ကိုယ်ပိုင် ဆေးလုံးဖော်စပ်နည်း ရှိနေသောကြောင့် သူ့ဆီမှာသာ ဆေးလုံးရှိနေသရွေ့ ထိုအရာမှ ဆေးလုံးဖော်စပ်နည်း အဖြေထုတ်နိုင်သည့် စွမ်းဆောင်ရည်မှာ ကောင်းကင်ဘုံမှ ချီးမြှင့်ထားသည့် လက်ဆောင် ပါရမီ ဖြစ်ပေ၏။
မိုဝူကျီက ထိုဆေးလုံးကို ဖော်စပ်ဖို့ရာ အနည်းဆုံး ဆေးပင် ဆယ်ပင်ကျော် လိုအပ်ကြောင်း သိပြီးနောက် သက်ပြင်းသာ ချလိုက်မိတော့သည်။ သူ့ဘဝ တစ်လျှောက်လုံးအထိ ထိုအထဲမှ ဆေးပင်တစ်ပင်ကို မမြင်တွေ့ဖူးသည်က နှမြောစရာ ကောင်းလှပေ၏။ ဝိညာဉ်လမ်းကြောင်း ထောက်ပံ့ဆေးလုံးမှာ အင်မော်တယ် ဆေးပင်များနှင့်သာ ဖော်စပ်ထားသောကြောင့် သူက တစ်ပင်တလေမျှ မသိသည့်အခါ မည်သို့ ဆေးလုံး ဖော်စပ်နည်းကို ကောက်ချက်ချနိုင် တော့မည်နည်း။
သူ့ပျက်စီးနေသည့် ချီသွေးကြောများထဲသို့ ခပ်ဖျော့ဖျော့ အင်မော်တယ် ဝိညာဉ်စွမ်းအားလေး စီးဆင်းလာပြီးနောက် အံ့မခန်းနှုန်းဖြင့် ပြန်ကောင်းလာလေသည်။
ဆေးလုံးကောင်း တစ်လုံးဖြစ်ရာ မိုဝူကျီက သူ့ပျက်စီးနေသည့် ချီသွေးကြောများ ပြန်လည် ကောင်းမွန်ရာ၌ ထောက်ပံ့ပေးနိုင်ရန် ချီသွေးကြောများကို စတင် လှည့်ပတ်လိုက်သည်။
လေးနာရီအကြာတွင် သူ့ချီသွေးကြော လေးခုလုံးမှာ အပြည့်အဝ ပြန်ကောင်းမွန် သွားလေပြီ။ သူ့ချီသွေးကြော ၁၀၇ခုလုံးမှာ ဆက်တိုက် ချိတ်ဆက်မိသွားပြီး မိုဝူကျီ၏ အသိစိတ် ပင်လယ်တစ်ခုလုံး တုန်ခါလာကာ သူ့ကျင့်ကြံဆင့်မှာ မြေကမ္ဘာ အင်မော်တယ်အဆင့် ၁၂ ဆီ ခုန်တက်သွားတော့သည်။
သူပျောက်ဆုံးသွားသည့် သဘာဝ စွမ်းအားများက သူ့ဆီ ပြန်လည်ရောက်ရှိလာပြီး သူ့စိတ်စွမ်းအားမှာ အဆများစွာ တိုးပွားနေလေ၏။
မိုဝူကျီက သက်ပြင်း အသာချလိုက်မိသည်။ ဤနေရာတွင် မြေကမ္ဘာ အင်မော်တယ်အဆင့် ၁၂ ဆိုသည်မှာ ဘာဆိုဘာမျှ မဟုတ်သော်လည်း သူက နောက်ဆုံးတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လေပြီ။
ဝမ်လျန်ရှီးက သူ့အသိစိတ် ပင်လယ်အတွင်း အဆိပ်ထားသည် ဖြစ်စေ၊ မထားသည် ဖြစ်စေ မိုဝူကျီက သူမကို ကျေးဇူးတင်မိနေဆဲ ဖြစ်သည်။ သူမအတွက် သူက သူစိမ်းတစ်ယောက် ဖြစ်ကာ သူအကြောင်း မသိဘဲဖြင့် ကူညီပေးခဲ့သည်။ ထို့နောက် သူမအတွက် အသာစီးရနိုင်သည့် အနေအထား ပြုလုပ်ခဲ့ခြင်းမှာ သဘာဝကျသည့် ကိစ္စရပ်ဖြစ်ပြီး မိုဝူကျီက သူမအပြုအမူအတွက် အပြစ်မမြင်ပေ။
မိုဝူကျီက ဝမ်လျန်ရှီး ပေးခဲ့သည့် သိုလှောင် လက်စွပ်အတွင်း စိတ်စွမ်းအားဖြင့် အာရုံခံကြည့်ပြီးနောက် လေအေးများသာ မှုတ်ထုတ်လိုက်တော့သည်။
ဘယ်လိုတောင် ချမ်းသာတာလဲ ...
အဆင့်နိမ့်ဆုံး ဝိညာဉ်ဆေးပင်မှာ အဆင့် ၈ ဆေးပင် ဖြစ်ကာ အလျှံပယ်ရှိနေသည်။ ပိုပြီး တွေ့ရသည့် အရာမှာ အဆင့် ၉ ဆေးပင်များနှင့် အဆင့် ၁ အင်မော်တယ် ဆေးပင်တချို့လည်း ပါဝင်ပေသည်။ သူ ကျန်းရှင်းတွင် ရှိစဉ်က ထိုသို့မျိုး ဆေးပင်များကို တွေ့ရဖို့ရာ အင်မတန် ခက်ခဲလှပေ၏။
ထို့အပြင် သူက ကျောက်စိမ်းပေလွှာနှင့် အတူ အဆင့်နိမ့် အင်မော်တယ် ဆေးမီးဖိုနှင့် အင်မော်တယ် ဆေးလုံးအချို့ကိုလည်း တွေ့လိုက်ရသည်။ ဤအင်မော်တယ် ကျောက်များက အဆင့်နိမ့် အင်မော်တယ် ကျောက်များ ဖြစ်သော်လည်း ဝမ်လျန်ရှီးက သူမအတွက် ပို၍ အဆင့်မြင့်သော အင်မော်တယ် ကျောက်များကို သုံးသောကြောင့် ဤအရာမှာ မိုဝူကျီအတွက် သီးသန့် စုစည်းပေးထားခြင်း ဖြစ်ကြောင်း သေချာလေ၏။
သူရှိနေခဲ့သည့် အခြေအနေဆိုးအရ ဝမ်လျန်ရှီးက မိုဝူကျီ တစ်ယောက် အင်မော်တယ် နယ်မြေထဲ ခိုးဝင်လာပြီးနောက် သူ့တွင် ဘာမှမကျန်ရှိတော့ကြောင်း ခန့်မှန်းမိ၍ ဆေးမီးဖိုနှင့် အင်မော်တယ် ကျောက်တချို့ကို ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ရမည်။
အင်မော်တယ်ကျောက်က မည်မျှအဆင့် ဖြစ်နေစေကာမူ သူ့အတွက် အလွန်အထောက်အကူ ဖြစ်ပေသည်။ မိုဝူကျီက မကျင့်ကြံသည်မှာ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်မှာ တခြားကျင့်စဉ်များနှင့် အလွန်ကွာခြား၍ ဖြစ်၏။ ချီသွေးကြောအတွက် ကျင့်စဉ် ဖြစ်ရုံသာမက ပြောင်းပြန် ကျင့်စဉ်လည်း ဖြစ်သေးသည်။
သူက ဝမ်လျန်ရှီး၏ ကျင့်ကြံဆင့်ကို မသိသော်လည်း သူမက သူ့ထက် အဆင့်မြင့်ကြောင်း သေချာသည်။ ဤနေရာတွင် သူသာ ကျင့်ကြံပါက တစ်ယောက်ယောက် သိသွားလျှင် ကိစ္စများက အဆုံးသတ်ကောင်းမည် မဟုတ်။ ထိုအတွေးဖြင့် မိုဝူကျီက ကျောက်စိမ်းပေလွှာကို ထုတ်ယူရင်း စိတ်စွမ်းအား ပို့လွှတ်လိုက်သည့်အခါ နောက်ထပ် စိတ်စွမ်းအား တစ်မျိုးကို ခံစားမိလိုက်သည်။
မိုဝူကျီက ဝမ်လျန်ရှီးမှာ သူလုပ်နေသည့် အရာများကို လိုက်ကြည့်နေကြောင်း သိလိုက်သော်လည်း သူက ကျောက်စိမ်းပေလွှာကိုသာ ဆက်ကြည့်နေလိုက်သည်။
ဆေးလုံးတာအိုအတွက် အင်မော်တယ်အဆင့်တွင် ရှိနေသည့် ဆေးပင်အချို့နှင့် တချို့ဆေးပင်များ၏ သဘောသဘာဝကို ရှင်းပြထားသည့် အဆင့်နိမ့်ဆုံး ကျောက်စိမ်းပေလွှာ ဖြစ်ပေသည်။ ထိုထဲတွင်ပါသည့် ဆေးပင်တချို့ကို မိုဝူကျီက ဝမ်လျန်ရှီး ပေးထားသည့် သိုလှောင်လက်စွပ်တွင် ပါနေကြောင်း သတိပြုမိလိုက်သည်။
ထိုအရာများမှလွဲ၍ အင်မော်တယ် ဆေးလုံးတချို့အတွက် ဆေးဖော်စပ်နည်းကဲ့သို့ အခြေခံ အကြောင်းအရာများ ပါဝင်ပေသည်။ မိုဝူကျီက ထိုပညာရပ်များကို မသင်ယူပေ။ အကြောင်းမှာ သူ နားလည်ဖို့ လိုအပ်ရုံသာ ဖြစ်၏။ ယခင်က သူ့ပညာရပ်များသည် သူ့ကိုယ်တိုင် ကြောင်းကျိုးဆင်ခြင်၍ ကောက်ချက်ချထားခြင်း ဖြစ်ရာ အစီအရင် တာအိုအတွက်ပင် သူက ချူရှင်းကျီ၏ အမွေအနှစ် လမ်းစဉ်အတိုင်း မလိုက်တော့ပဲ ကိုယ်ပိုင်အစီအရင် တာအိုကို ပြုလုပ်နိုင်လေပြီ။
အမွေးတိုင်တစ်တိုင်စာ ကြာချိန်တွင် မိုဝူကျီက ကျောက်စိမ်းပေလွှာကို ချထားလိုက်ပြီး အဆင့်နိမ့် ဆေးမီးဖိုကို စတင် သန့်စင်လိုက်သည်။ မိုဝူကျီတွင် အသုံးပြုရန် စိတ်စွမ်းအား ပညာရပ်များ မရှိသော်လည်း သူ့စိတ်စွမ်းအားက သာမန် မြေကမ္ဘာအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်ထက် အားကောင်းနေပြီ ဖြစ်သည်။
မိုဝူကျီက ထိုဆေးမီးဖိုကို တစ်နာရီအတွင်း သန့်စင်နိုင်ခဲ့သည်။
မိုဝူကျီက အချိန်ဖြုန်းတီးတတ်သည့် လူစားမျိုး မဟုတ်၍ အဆင့် ၈ ဆေးလုံး ဖော်စပ်ဖို့ရာ အဆင့် ၈ ဆေးပင်များကို ချက်ချင်း ထုတ်ယူလိုက်သည်။
သူက ဝမ်လျန်ရှီးကို အဆင့် ၉ ဆေးလုံးဆရာ ဖြစ်ကြောင်း ပြောထားသော်ငြား တကယ်တမ်းတော့ သူက အဆင့် ၈ ဆေးလုံးကိုပင် မထိတွေ့ဖူးသေးပေ။ ထို့ကြောင့် သူက အဆင့် ၉ ဆေးလုံးဆရာ အမြန်ဆုံး ဖြစ်လာဖို့ လိုအပ်နေသည်။ သူ့တွင် ဆေးပင် လုံလုံလောက်လောက် ရှိပါက သူ့အတွက် မခက်ခဲကြောင်း ယုံကြည်ထားသည်။
မိုဝူကျီက သူ့ပညာရှင်နှလုံးသား မီးတောက်ကို အသုံးမပြုရဲချေ။ အကြောင်းမှာ သူက မြေကမ္ဘာအင်မော်တယ် အဆင့်တွင်သာ ရှိနေသေးသောကြောင့် အဘယ်ကြောင့် ထုတ်ပြရဲဦးမည်နည်း။
ပုံမှန် မြေကမ္ဘာအင်မော်တယ် မီးတောက်ကို အသုံးပြုရန် ဆုံးဖြတ်ပြီးနောက် မိုဝူကျီက အစစ်အမှန် ဖြစ်တည်ခြင်းမဲ့ ဆေးလုံးကို ဖော်စပ်ရန် ရွေးချယ်လိုက်သည်။ ထိုဆေးလုံးမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ထက် ကျင့်ကြံသူ၏ သဘာဝစွမ်းအားများ ပြန်လည် ပြည့်ဝလာရန် ဖြစ်သည်။ ကျန်းရှင်းတွင် ရှိစဉ်က သူက ထိုသို့မျိုး ဆေးလုံးကို ဖော်စပ်လိုသော်လည်း ဖြစ်တည်ခြင်းမဲ့ အင်မော်တယ်မြက်ပင် ရှာမတွေ့၍ လက်လျှော့ခဲ့ရသည်။
ဖြစ်တည်ခြင်းမဲ့ အင်မော်တယ်မြက်ပင်မှာ အဆင့် ၈ ဆေးပင် ဖြစ်ကာ ရှားပါးမှုကြောင့် အဆမတန် ဈေးကြီးလေသည်။ လက်ရှိတွင် သိုလှောင်လက်စွပ်အတွင်း၌ အနည်းဆုံး ဖြစ်တည်ခြင်းမဲ့ အင်မော်တယ် မြက်ပင်ဆယ်ပင် ရှိနေလေသည်။ ထို့အပြင် တခြားလိုအပ်သည့် ဆေးပင်များလည်း ရှိနေ၍ ဖော်စပ်ဖို့ရာ ရွေးချယ်မိခြင်း ဖြစ်၏။
မိုဝူကျီက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် ရှိစဉ် စိတ်ရောကိုယ်ပါ နှစ်၍ ဆေးလုံးဖော်စပ်ခဲ့သည့် နေ့ရက်များကဲ့သို့ ခံစားမိလိုက်သည်။
ဆေးပင်များကို မီးဖိုထဲ ပစ်ထည့်လိုက်ပြီးနောက် မိုဝူကျီက မြေကမ္ဘာ အင်မော်တယ် မီးတောက်ကို အသုံးပြုနေသော်လည်း မိုဝူကျီက ဆေးပင်များကို စတင်၍ သန့်စင်လိုက်သောကြောင့် ဆေးမီးဖိုအတွင်းမှ ဆေးပင်များမှာ အလျင်အမြန် ပေါင်းစပ်သွားကြသည်။
ပုံမှန်အားဖြင့် သန့်စင်နှုန်းမှာ ၉၀ ရာခိုင်နှုန်းအထိ ရောက်ခဲ့ဖူးသော်လည်း ဤတစ်ကြိမ်တွင် အင်မော်တယ် မီးဖိုကို အသုံးပြုပြီး ရာနှုန်းပြည့် သန့်စင်သော ဆေးအဆီအနှစ်များကို လိုချင်မိသည်။
မိုဝူကျီက ရလဒ်ကို တန်းသတိပြုမိလိုက်သည်။ အကြောင်းမှာ သူက ရာနှုန်းပြည့် သန့်စင်နိုင်ခါနီးတွင် ပေါက်ကွဲသံကို ကြားလိုက်ရပြီး တူးနံ့များ ထွက်ပေါ်လာသည်။ ပထမတစ်ကြိမ် ကျရှုံးသွားလေသည်။
မိုဝူကျီက နှစ်ကြိမ်မြောက် ... သုံးကြိမ်မြောက် ... လေးကြိမ်မြောက် ... အထိ ကျရှုံးသွားခဲ့သည်။
သူက ဆေးပင်များကို ဆက်လက် သန့်စင်နေရင်း ရာနှုန်းပြည့်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သော်လည်း ဆေးပင်များက ချက်ချင်း ပေါက်ကွဲသွားပြန်သည်။
***
ဝမ်လျန်ရှီးက စောင့်ကြည့်ရေး ပိတ်ကားမှ စောင့်မကြည့်ခင် မိုဝူကျီဆီ ပထမအကြိမ် စိတ်စွမ်းအား ပို့လွှတ်ထားသည့်အချိန်က မိုဝူကျီ တမင်သိရှိစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ မိုဝူကျီက သူမ စောင့်ကြည့်မှုအောက်တွင် ဆေးလုံး ဆက်ဖော်စပ်ရဲလျှင် သူမက လူမှန်ကို ရှာတွေ့ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း မိုဝူကျီက ဆေးလုံး စဖော်စပ်သေးပဲ ကျောက်စိမ်းပေလွှာကိုသာ လှန်လှော ကြည့်ရှုနေရင်း လေးနာရီ ကုန်ဆုံးခဲ့ရသည်။
ထို့နောက် ဝမ်လျန်ရှီးက စိတ်စွမ်းအားကို ရုပ်သိမ်းကာ မိုဝူကျီ အခန်းအတွင်းရှိ စောင့်ကြည့်ရေး အစီအရင်ကို အသက်သွင်း လိုက်တော့သည်။ မိုဝူကျီက သူမစိတ်စွမ်းအား ရုပ်သိမ်းပြီးနောက်တွင် ဆေးလုံးဖော်စပ်ရဲလား အမှန်တကယ် သိချင်နေမိသည်။
သို့သော်လည်း အမှန်တရားကား သူမကို စိတ်ပျက်ကာ ဒေါသထွက်သွားစေသည်။ မိုဝူကျီက နာရီအတော်ကြာသည့် အထိ ရှစ်ကြိမ်မြောက် ကြိုးစားမှု ကျရှုံးခဲ့သည်။ သူမ စိတ်စွမ်းအား ပြန်ရုပ်သိမ်း လိုက်သော်လည်း သူက ဆေးလုံး မဖော်စပ်သေးသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
အကယ်၍ မိုဝူကျီက အဆင့် ၉ ဆေးလုံးဆရာ သေချာပေါက် မဟုတ်ကြောင်း မပြောနိင်သေးလျှင် သူမက အရူးတစ်ယောက်သာ ဖြစ်နေလိမ့်မည်။ အဆင့် ၉ ဆေးလုံးဆရာ တစ်ယောက်အတွက် အားအင်အပြည့် ပြန်ရပြီးနောက် အဆင့် ၈ ဆေးလုံးဖော်စပ်ခြင်း၌ ရှစ်ကြိမ်အထိ ဆိုးဆိုးရွားရွား ကျရှုံးခဲ့လေသည်။ သူမက ဆေးလုံးများက အကောင်းဆုံး အရည်အသွေး မဟုတ်သော်လည်း သူမပင် အဆင့်၈ ဆေးလုံး ဖော်စပ်နိုင်လိမ်မည် ဟု ယုံကြည်မှု ရှိသည်။
သူမက သက်ပြင်းချလိုက်ပြီး တွေ့ရာ လူတစ်ယောက်ကို ပါရမီရှင် ဆေးလုံးဆရာ တစ်ယောက်ဟု ယုံကြည်မိခြင်းမှာ သူမအတွက် နုံအမိလွန်းခြင်းသာဟု သတိပြုမိလိုက်သည်။
လက်ရှိ သူမက မိုဝူကျီသည် အင်မော်တယ်လျိုကို ဖြတ်လာနိုင်ကြောင်း ပြောထားသည့် အကြောင်းကိုပင် သံသယ ဝင်လာမိသည်။ တိုက်သင်္ဘော တစ်စင်း အင်မော်တယ်နယ်မြေထဲ ဝင်လာနိုင်သည့် သတင်းရစဉ်က မိုဝူကျီသည် ထိုသင်္ဘောပေါ်မှ အဖွဲ့ဝင်တစ်ဦး ဖြစ်နိုင်ကြောင်း တွေးလိုက်မိသေး၏။ တိုက်သင်္ဘောနှင့် ရောက်လာလျှင်ပင် ထိုသို့ ဒဏ်ရာရဖို့ရာက ဖြစ်နိုင်ပေသည်။ မိုဝူကျီ ဒဏ်ရာရနေ၍ အခြားလူများက သူ့အား ဆက်ခေါ်မသွားတော့ပဲ လမ်းပေါ်တွင် ထားခဲ့ခြင်းသာ ဖြစ်ရမည်။
မိုဝူကျီက သနားစဖွယ် အခြေအနေထဲ ကျရောက်နေသောကြောင့် အန္တရာယ်ကင်းသည့် နေရာသို့ သွားနိုင်ရန် သူမကို လိမ်ညာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ မိုဝူကျီ၏ အသက်ရှင်လိုသည့် ဆန္ဒကို တွေးမိသောအခါ ဝမ်လျန်ရှီးက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။ အကြောင်းအရင်းမှာ သူမက သတ်ဖြတ်ရသည်ကို မုန်းတီး၍ ဖြစ်သည်။ သူမက မိုဝူကျီ၏ အသုံးချမှုကို ခံခဲ့ရသော်လည်း သူမက လုပ်ချင်မိသည့် အရာမှာ ထိုလူလိမ်လူညာကို နောက်ထပ် မမြင်ရအောင် ပစ်လွှတ် ပစ်လိုက်ချင်မိရုံသာ ဖြစ်သည်။
***
မိုဝူကျီက ရှစ်ကြိမ် ကျရှုံးပြီးနောက် ပြဿနာမှာ မီးဖိုတွင် ရှိနေကြောင်း သတိပြုမိလိုက်သည်။ မိုဝူကျီက ကိုးကြိမ်မြောက် ဖော်စပ်ရန် ဆက်လက်၍ မကြိုးစားတော့ချေ။ ရှစ်ကြိမ်မြောက်၌ သူက အစစ်အမှန် ဖြစ်တည်ခြင်းမဲ့ ဆေးလုံးကို အလွယ်တကူ ဖော်စပ်နိုင်တော့မည် ဖြစ်ကြောင်း ယုံကြည်ချက်ရှိ၍ ဖြစ်သည်
မိုဝူကျီက ဆေးပင်ကို ဆုပ်ကိုင်လိုက်ပြီး အစစ်အမှန် ဖြစ်တည်ခြင်းမဲ့ ဆေးလုံး စတင်ဖော်စပ်ရန် ပြင်ဆင်နေသည့် အချိန်တွင် သူ့အခန်းရှိ အတားအဆီးမှာ အနည်းငယ် လှုပ်ရှားသွားကြောင်း သတိထားမိုလိုက်သည်။
မိုဝူကျီက အတားအဆီးကို ဖြေလိုက်သည့်အခါ ဝမ်လျန်ရှီးက သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရ၍ မြန်မြန် နှုတ်ဆက်လိုက်သည် “စီနီယာဝမ်ကို နှုတ်ဆက်ပါတယ်”
ဝမ်လျန်ရှီးက မိုဝူကျီကို ခဏစိုက်ကြည့်လိုက်ပြီးနောက် အားလုံးက သူမကဲ့သို့ ဖြစ်လိမ့်မည်ဟု ယုံကြည်မိခြင်းအပေါ် မည်မျှ နုံအကြောင်း တွေးမိလာသည်။ မိုဝူကျီ၏ အသိစိတ်ပင်လယ်၌ အဆိပ်ထည့်လိုက်သည့် အကြောင်းကို သူမက အပြစ်ရှိစိတ် ခံစားမိခဲ့ရသည်။ သို့သော်လည်း မိုဝူကျီ မျက်ဝန်းတွင် ထိုသို့ အပြစ်ရှိစိတ် အရိပ်အယောင် စိုးစဉ်းမျှ မမြင်ပေ။
“တာအိုရောင်းရင်းမို .. မင်းရဲ့ ဆေးဖော်စပ်နိုင်မှု အဆင့် ပြန်ရောက်လာပြီလား” ဝမ်လျန်ရှီးက အကောင်းဆုံး ကြိုးစား၍ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
***