ပန်းမြိုင်ရာ အိမ်တော်
Vol. 33 Ch. 448
မိုဝူကျီက ဝမ်လျန်ရှီး ထိုမေးခွန်းမေးသည့် အကြောင်းအရင်းကို မသိသော်လည်း သူက အေးအေးဆေးဆေး ပြန်ဖြေနိုင်လိုက်သည်
“ကျုပ်က အဆင့်၈ ဆေးလုံးအတွက် ဖော်စပ်နိုင်စွမ်း ပြန်ရပြီဆိုတော့ အဲဒါကိုတော့ အလွယ်တကူ ဖော်စပ်နိုင်ပါပြီ။ မကြာခင် အဆင့် ၉ ဆေးလုံးကိုလည်း ဖော်စပ်နိုင်တော့မှာပါ ...”
ဝမ်လျန်ရှီးက နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။ သူမအနေဖြင့် ဤလူက ထိုမျှ အရေထူလိမ့်မည်ဟု ထင်မထားပေ။
သူမက ဆေးလုံးတစ်လုံး ထုတ်ကာ မိုဝူကျီဆီ ပေးလိုက်ပြီး “ဒီဆေးလုံးကို သောက်လိုက် ... ပြီးတော့ကျ ...”
ဝမ်လျန်ရှီးက မိုဝူကျီကို သင်္ဘောပေါ်မှ မောင်းမချခင် ချမ်ရှန်းက ဝင်လာကာ တင်ပြလိုက်သည် …
“မမလေး ... ကျုပ်တို့တွေ ပန်းမြိုင်ရာ အိမ်တော်ကို ရောက်ပါပြီ”
သင်္ဘောက နည်းနည်း တုန်ခါသွားပြီးနောက် လုံးဝ ရပ်တန့်သွားတော့သည်။ ဝမ်လျန်ရှီးက ရယ်ရယ်မောမော အသံတစ်သံကို ကြားလိုက်ရပြီး “မမရှီး ရောက်လာဖို့ နေ့တိုင်း မျှော်နေတာကို ဘာလို့ နောက်ကျမှ ရောက်လာရတာလဲ ... ညီမကို မေ့သွား ...”
သူမ စကားမဆုံးခင် မျက်နှာဝိုင်းဝိုင်းနှင့် နီနီရဲရဲ တောက်တောက်စိုစို ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးက သင်္ဘောရှေ့ ပေါ်လာသည်။ နောက်အခိုက်အတန့် ပိုင်းလေး၌ ထိုမိန်းကလေးမှာ ဝမ်လျန်ရှီးရှေ့ ရောက်လာတော့သည်။
“မမရှီး ဒါက ဘယ်သူကြီးလဲ။ သူ့ကို တစ်ခါမှ မတွေ့ဖူးပါဘူး” ဝတ်စုံနီနှင့် မိန်းကလေးက ဝမ်လျန်ရှီး ဘေးနားမှ မိုဝူကျီကို မြင်သည့်အခါ တအံ့တဩ မေးလိုက်သည်။ သူမက ဝမ်လျန်ရှီး ထွက်သွားစဉ် ခေါ်သွားခဲ့သည့် တစ်ဦးတည်းသော အိမ်အစေခံမှာ ချမ်ရှန်းသာ ဖြစ်ကြောင်း သေချာသိထားသည်။
“အို့ ...” ဝမ်လျန်ရှီးက အာမေဋိတ် ‘ အို့’ ဟုသာ ထွက်လိုက်နိုင်ပြီး မြန်မြန် ပြောလိုက်ရသည် …
“ဒါက လမ်းမှာတွေ့လာတဲ့ ကျင့်ကြံဆင့်နိမ့် နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ပါ။ ဒီနေရာမှာ ပန်းပင်တွေ ဂရုစိုက်ဖို့ လူလိုနေတယ် ကြားတာနဲ့ သူ့ကို တစ်ခါတည်း ခေါ်လာတာ။ တကယ်လို့ ပန်းပင်တွေ စောင့်ရှောက်ဖို့ ဥယျာဉ်မှူးလိုရင် သူ့ကို ဒီမှာ အလုပ်ပေးထားလို့ ရတယ်။ မလိုဘူးဆိုရင်တော့ ပြန်လွှတ်ရုံပေါ့ ...”
“မမကို ကျေးဇူးတင်ပါတယ်။ ညီမလေးလည်း အခုတလော ပန်းပင်တွေ ပိုစိုက်ဖြစ်နေတာ ဆိုတော့ ညီမလေးကို ကူဖို့ ဥယျာဉ်မှူးအချို့ ခန့်မလား တွေးမိနေတာ ... သူ့ကို ဒီမှာပဲ နေခိုင်းလိုက်တာပေါ့။ ညီမလေးက မမကို အဖော်ပြုပေးမယ်လေ”
ဝတ်စုံနီနှင့် မိန်းကလေး စကားမဆုံးခင် ဝမ်လျန်ရှီးက ပြုံးကာ ဝင်ဖြတ်ပြောလိုက်သည် “မမက အဲဒီကို မသွားတော့ဘူး။ အခု ယုံရင်ငှက်တောင်ကို အရင်သွားချင်လို့ ... ချမ်ရှန်း မိုဝူကျီကို ပန်းမြိုင်ရာ အိမ်တော်ဆီ ခေါ်သွားလိုက်ပါ ...”
သူမ စကားအဆုံးတွင် ဝမ်လျန်ရှီးက မိုဝူကျီကိုဘက် လှည့်လိုက်ပြီးနောက် တစ်ခုခု ပြောတော့မည့်ဟန် ရှိသော်လည်း သက်ပြင်းချ၍ တစ်ခွန်းမျှ မပြောဘဲ လှည့်ထွက်သွားတော့သည်။
“မမ ... ညီမလေးလည်း ယုံရင်ငှက်တောင်ကို မမနဲ့အတူ လိုက်ချင်တယ်” ဝတ်စုံနီနှင့် မိန်းကလေးက သူမနောက်မှ ထပ်ချပ်မကွာ လိုက်သွားလေ၏။
သူက မြေကမ္ဘာ အင်မော်တယ်အဆင့် ဖြစ်သော်လည်း မိုဝူကျီ၏ စိတ်စွမ်းအားမှာ အင်မတန် အားကောင်းနေပြီ ဖြစ်ရာ ဝမ်လျန်ရှီးက ချမ်ရှန်းဆီ တီးတိုးပြောလိုက်ကြောင်း အာရုံခံမိလိုက်သည်။ သို့သော် ဝမ်လျန်ရှီး ထိုသို့ပြုမူရသည့် အကြောင်းအရင်းကိုတော့ နားမလည်ပေ။
ထို့အပြင် သူမသဘောထားမှာ ပြောင်းလဲသွားခဲ့ပြီး သူမ မျက်ဝန်းအတွင်း၌ စိတ်ပျက်မှု အရိပ်အယောင်များ တွေ့မြင်နေရသည်။ သို့သော်လည်း သူမက နောက်တစ်ကြိမ် ဆေးပင်များ ပို့ဆောင်သည့်အခါ သူလုပ်သည့်အရာများကို တွန်းအားမပေးသလို သူမကို မည်သို့ ဆက်သွယ်ရမည့် အကြောင်းများကို ပြောမသွားချေ။
“ငါ့နောက်လိုက်ခဲ့ ...” ချမ်ရှန်း အသံမှာ အေးစက်နေလေ၏။
မိုဝူကျီက ကျောက်စိမ်းပုလင်းကို သိမ်းထားရင်း ချမ်ရှန်းနောက်မှ လိုက်ကာ သင်္ဘောပေါ်မှ ဆင်းလာလိုက်သည်။
သူတို့ သင်္ဘောပေါ်က ဆင်းလိုက်သည်နှင့် မိုဝူကျီက ပန်းရနံ့ သင်းသင်းလေးကို ရှူရှိုက်မိလိုက်သည်။ သူ့ရှေ့တွင် ကြီးကျယ်ခမ်းနားလှသော “ပန်းမြိုင်ရာ အိမ်တော်” ဆိုသည့် ဆိုင်းဘုတ်ကြီး ရှိနေလေသည်။
ပန်းမြိုင်ရာ အိမ်တော်အဝင်ဝမှာ ထိုမျှ ကြီးမားပုံ မပေါ်သော်လည်း မိုဝူကျီက ဤနေရာ၌ ဝိညာဉ်စွမ်းအား အရှိန်အဝါ၊ အငွေ့အသက်များ ပြည့်နှက်နေကြောင်း ခံစားမိနေ၏။
“မမလေး ပေးလိုက်တဲ့ သိုလှောင်လက်စွပ် ပြန်ပေး” သင်္ဘောပေါ်က ဆင်းလာသည်နှင့် ချမ်ရှန်းက မိုဝူကျီ နားမလည်နိုင်သည့် အရာတစ်ခုကို ပြောလိုက်သည်။
မိုဝူကျီက နားမလည်စွာ ပြန်မေးလိုက်သည် “စီမံခန့်ခွဲရေးမှူး ချမ်ရှန်း ... ဒီသိုလှောင်လက်စွပ်က ကျုပ်ဆေးလုံး ဖော်စပ်ရအောင် ပေးထားတာလေ။ ခင်ဗျားကို ပေးလိုက်ရင် ကျုပ်က ဘယ်လိုလုပ် တိုးတက်လာတော့မှာလဲ”
ချမ်ရှန်းက ခေါင်းခါကာ “မင်းက အခု ပန်းမြိုင်ရာ အိမ်တော်မှာ ပန်းပင်တွေ ပြုစုပျိုးထောင်ရမှာ ဆိုတော့ အခြားအရာတွေ တွေးမနေနဲ့တော့ ”
မိုဝူကျီ စိတ်ထဲ လေးလံသွားမိသည်။ သူက ချမ်ရှန်းအနေဖြင့် ဤသို့ လုပ်ရဲလိမ့်မည်ဟု ထင်မထားပေ။ ထို့အပြင် သိုလှောင်လက်စွပ်၌ အနည်းငယ် တန်ဖိုးရှိသည့် အဆင့်နိမ့် အင်မော်တယ် ဆေးမီးဖိုသာ ရှိပေသည်။ ချမ်ရှန်းက ဆေးပင်အချို့နှင့် အဆင့်၁ အင်မော်တယ် ဆေးပင်များကိုတော့ စိတ်ဝင်စားမည် မဟုတ်မှန်း သေချာသည်။ မိုဝူကျီက ချမ်ရှန်း၏ ဝမ်လျန်ရှီးအပေါ် သစ္စာရှိမှုကို ခံစားမိသောကြောင့် ဝမ်လျန်ရှီး နောက်ကွယ်တွင် တစ်မျိုးတစ်မည် လုပ်မည် မဟုတ်ပေ။
“စီမံခန့်ခွဲရေးမှူး ချမ်ရှန်း ... အဲဒါဆို ဘာအဓိပ္ပာယ်လဲ။ ကျုပ်ကို ခင်ဗျားရဲ့ မမလေးဆီ ခေါ်သွားပေးပါ။ ရှင်းရှင်းလင်းလင်း သိချင်တယ်” မိုဝူကျီက စိတ်ရှုပ်ထွေးနေဆဲ ဖြစ်၏။
ချမ်ရှန်း မျက်နှာက လေးနက်သွားကာ “မိုဝူကျီ ... မမလေးက ကြင်နာတတ်မှန်း သိပေမဲ့ သူမ ကြင်နာတတ်တာကို မင်းအခွင့်ကောင်း မယူသင့်ဘူး။ မင်းက ဒီလိုဆက်လုပ်နေမယ် ဆိုရင် ငါ့ကို အပြစ်လာမဆိုနဲ့”
မိုဝူကျီက ဘာဖြစ်သွားမှန်း မသိသော်လည်း သူ့အတွက် ဝမ်လျန်ရှီးကို နောက်တစ်ကြိမ် ထပ်တွေ့ရန် မဖြစ်နိုင်မှန်း သိလိုက်သည်။ သူက သိုလှောင်လက်စွပ်ကို ထုတ်ယူကာ ချမ်ရှန်းအား ဘာမှမပြောဘဲ ပေးလိုက်သည်။ သူတို့ကြား နားလည်မှု လွဲမှားနေသော်လည်း မိုဝူကျီက သူမဆီ အတင်းကျပ် တောင်းဆိုနေမည် မဟုတ်ပေ။
“ဆရာချမ်ရှန်း ...” ချမ်ရှန်းက လက်စွပ်ကို သိမ်းပြီးနောက် အရေးအကြောင်း များစွာနှင့် အကြီးအကဲ တစ်ယောက်က မြန်မြန် ရောက်လာကာ နှုတ်ဆက်လိုက်သည်။
ချမ်ရှန်းက ခေါင်းညိတ်ပြပြီးနောက် “တာဝန်ခံဝေ့ ... ဒါက ပန်းစိုက်ဖို့ ကူညီမဲ့သူပါ။ တကယ်လို့ အကူအညီလိုရင် သူ့ကို ခေါ်လိုက်ပါ။ မလိုရင်တော့ သူလုပ်ချင်တာ လုပ်ရအောင် ထားလိုက်ပါ။ ကျုပ်က မမလေးနဲ ယုံရင်ငှက်တောင်ဆီ သွားရဦးမှာမို့လို့ ကြာကြာမနေတော့ဘူး”
“အစေခံက ကောင်းကောင်း ကိုင်တွယ်လိုက်ပါ့မယ်။ ခရီးလမ်း ချောမွေ့ပါစေ ...” အကြီးအကဲက ချမ်ရှန်းကို လိုက်နှုတ်ဆက်လိုက်သည်။
ချမ်ရှန်း ထွက်သွားပြီးနောက်တွင် အကြီးအကဲက မိုဝူကျီကို သူ့နောက်လိုက်လာဖို့ ခေါ်လိုက်သည်။
အကယ်၍ သူက ဝမ်လျန်ရှီးဆီက အကူအညီနှင့် ကတိစကား ရှိမနေလျှင် မိုဝူကျီက စောစောစီးစီး ထွက်ခွာ သွားလောက်လေပြီ။ မိုဝူကျီက လက်ရှိအခြေအနေ အကြောင်း တစ်လုံးမျှ မသိသော်လည်း သူက အကြီးအကဲဆီ လက်နှစ်ဖက်ယှက်၍ “တာဝန်ခံဝေ့ကို နှုတ်ဆက်ပါတယ်။ ကျုပ်က မိုဝူကျီပါ ...”
တာဝန်ခံဝေ့က ခေါင်းညိတ်ပြသော်လည်း စကားမပြောပေ။ ထို့နောက် သူတို့ ပန်းမြိုင်ရာ အိမ်တော်ထဲ ရောက်ရှိသွားသည်။
မိုဝူကျီက စိတ်စွမ်းအားကို သုံးကာ ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ သို့သော် သူက ဤနေရာတွင် သုံးထားသော အတားအဆီး အစီအရင်များကို မမှတ်မိချေ။
ပန်းမြိုင်ရာ အိမ်တော်ထဲ ဝင်လာပြီးနောက် မိုဝူကျီက သူ့မြင်ကွင်းအတွင်း ပေါ်လာသော အမျိုးမျိုးသော ပန်းပင်များကြောင့် တအံ့တဩ ဖြစ်မိသွားသည်။ ဤနေရာကို ပန်းမြိုင်ရာ အိမ်တော် မဟုတ်ဘဲ ပန်းသန်းချီ အိမ်တော်ဟုပင် ခေါ်ဆိုသင့်သေးသည်။
ပန်းခင်းကြီး အလယ်တွင် လမ်းတစ်လမ်း ရှိနေပြီး ထိုလမ်းမှာ အင်မတန် အနုပညာ လက်ရာမြောက်သော အဆောက်အဦဆီ ဦးတည်ထားပေ၏။ မိုဝူကျီက ထိုအရာမှာ ပန်းမြိုင်ရာ အိမ်တော်၏ နေထိုင်ရာ စံအိမ်ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။ ပန်းပင်များအကြား ယာကွက်များကိုလည်း အတန်းလိုက် တွေ့လိုက်ရသည့် အတွက် ထိုအရာမှာ ထောင်ချီနေသော လယ်ယာဧက ဖြစ်ကြောင်း သိလိုက်သည်။
မိုဝူကျီက ထိုပန်းများကို မမှတ်မိသော်လည်း သူက ကောင်းကင်အဆင့် ဆေးလုံးဆရာ ဖြစ်သည့်အတွက် ထိုပန်းအများစုမှာ အင်မော်တယ်ဆေးပင်များ ဖြစ်ကြောင်း ပြောနိုင်သည်။
တာဝန်ခံဝေ့က မိုဝူကျီကို ပန်းခင်းကြီးဖြတ်ကာ ခေါ်လာပြီး အိမ်အတန်းလိုက် ရှိနေသော နေရာရှေ့တွင် ရပ်တန့်သွားသည်။ ဤနေရာမှာ စောစောက သူတို့ မြင်ခဲ့ရသည့် အနုပညာမြောက်သည့် အဆောက်အဦနှင့် ကီလိုမီတာ တော်တော် ကွာဝေးပေသည်။
မိုဝူကျီက ဤနေရာမှာ ဥယျာဉ်မှူး နေအိမ်များလားဟု စဉ်းစားနေစဉ် တာဝန်ခံဝေ့က အိမ်တစ်လုံကို လက်ညှိုးထိုးပြကာ “မိုဝူကျီ ... မင်းက နောင်ကျ အဲဒီမှာ နေရမယ်။ ဒါနဲ့ ဒီနေရာက ပန်းတွေအကြောင်း လေ့လာထား .... နောက်ထပ် ရက်နည်းနည်းကြာရင် ကျုပ်ကို လာရှာလှည့်။ မင်း တာဝန်ယူရမဲ့ နေရာကို ခွဲပေးမယ် ။ လစာအနေနဲ့တော့ မင်းဘာသာ ကျုပ်ဆီ တိုက်ရိုက် လာတောင်းလိုက် ”
သူက ပြောလိုက်ရင်း တာဝန်ခံဝေ့က မိုဝူကျီကို စာအုပ်တစ်အုပ် ထုတ်ပေးသည်။
“ကျုပ်က လစာရမှာလား” မိုဝူကျီကို ဤနေရာဆီ ဆေးလုံးတာအို လေ့လာရန် ခေါ်လာသည် ဖြစ်ကာ ယခု လစာရမည်ဖြစ်ပြီး ပန်းပင်တွေ စောင့်ရှောက်ဖို့ အကြောင်း ပြောနေ၍ အတော် ထူးဆန်းနေပေသည်။ သူတို့က သူကို အိမ်အစောင့်အဖြစ် သတ်မှတ်နေသည် မဟုတ်ပါလော။
တာဝန်ခံဝေ့က ပြုံးလိုက်သည့်အခါ သူ့ပါးစပ်မှ သွားမည်းများ ပေါ်လာပြီး “ဒါပေါ့။ အများကြီးတော့ မဟုတ်ပေမဲ့ အားလုံးရနိုင်တဲ့ အရာတော့ မဟုတ်ဘူးလေ။ မင်းက မင်းအလုပ် ကောင်းကောင်းလုပ် ... တကယ်လို့ မင်းက အရည်အချင်း မပြည့်မီရင်တော့ မင်းနဲ့ဒီပန်းမြိုင်ရာ အိမ်တော်နဲ့ ဆိုင်တော့မှာ မဟုတ်ဘူး”
ထို့နောက် တာဝန်ခံဝေ့မှာ လှည့်ထွက်သွားတော့သည်။
မိုဝူကျီက သူ့ကိုယ်ပိုင်အိမ်ကို အာရုံခံကြည့်လိုက်သည့် အခါ သူ့အခန်း၌ “ဃ ၁၁၅” ကို မြင်လိုက်ရသည်။ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဖုန်မှုန့်များက သူ့ပေါ် ကျရောက်လာတော့သည်။
မိုဝူကျီက အခန်းကို ကြည့်ပြီးနောက် မည်မျှ သာမန်ဖြစ်နေကြောင်း သိသွားသည်။ ခုတင်တစ်လုံး၊ စားပွဲတစ်လုံးနှင့် အတူ ကုလားထိုင် တစ်လုံးသာ ရှိလေသည်။
အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ သူ့အိမ်ပင် ဤနေရာထက် များစွာ သာသေး၏။ မိုဝူကျိက ခေါင်းကို ခါလိုက်ရင်း ဖုန်မှုန့်များကို ရှင်းရန် ဖုန်ရှင်းပညာရပ် တစ်ခုသာ ထုတ်သုံးလိုက်တော့သည်။ သန့်ရှင်းပြီးနောက် သူက ထိုင်ခုံပေါ်ထိုင်လိုက်ပြီး ဝမ်လျန်ရှီး ပေးခဲ့သည့် ကျောက်စိမ်း ပုလင်းကို ထုတ်ယူလိုက်သည်။
ထိုအထဲတွင် ဆေးလုံးတစ်လုံးသာ ရှိနေလေ၏။ ထိုဆေးလုံးကို မမြင်တွေ့ဖူးသော်လည်း ဤဆေးလုံးမှာ အဆိပ်ဖြေဆေးမှန်း သိလိုက်သည်။
သူက လက်ရှိအခြေအနေကို နားလည်သွားကာ ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်တော့သည်။ ဆေးလုံးက မှိန်ဖျော့ဖျော့ ကုသစွမ်းအင် အဖြစ် ပြောင်းလဲသွားပြီး သူ့အသိစိတ် ပင်လယ်အတွင်း ဝင်ရောက်သွားကာ အဆိပ်အမှတ်အသားကို ဖယ်ရှားပေးလိုက်သည်။ ဤအရာမှာ အမှန်ပင် အဆိပ်ဖြေဆေးလုံး ဖြစ်ပေသည်။ ဝမ်လျန်ရှီးက အပြစ်ရှိစိတ် ခံစားမိ၍လား ဒါမှမဟုတ် သူ့ကို ထိန်းချုပ်ရန် ဆန္ဒမရှိတော့သော ကြောင့်လားတော့ မသိပေ။
မဖြစ်နိုင်လောက်ပေ။ ထိုသို့ဆိုလျှင် ဝမ်လျန်ရှီ၏ သူ့အပေါ် နောက်ဆုံး သဘောထားမှာ တစ်ခုခု မှားယွင်းနေသေး၏။
မိုဝူကျီက အဖြစ်အပျက်များစွာ ကြုံတွေ့ဖူး၍ ခဏတာ တွေးတောပြီးနောက် နားလည်သဘောပေါက် သွားတော့သည်။ သူ့နောက်ဆုံး ကောက်ချက်ချမှုမှာ ဝမ်လျန်ရှီးက သူ့အကူအညီ မလိုချင်တော့၍ သူတို့ သဘောတူညီချက်ကို အဆုံးသတ်ပစ်ခြင်း ဖြစ်သည်။ ဝမ်လျန်ရှီးက သူတို့ သဘောတူညီချက် ဖျက်သိမ်းပြီး နောက်တွင်ပင် ကြင်နာစွာဖြင့် သူ့အဆိပ်ကို ဖြေပေးခဲ့သေး၏။ သို့သော်လည်း သူမက အစပိုင်းတွင် ပေးထားသမျှ အရာအားလုံး ချက်ချင်း ပြန်ယူသွားလေသည်။
မိုဝူကျီက လှောင်ပြောင် ရယ်မောမိလိုက်သည်။ အကြောင်းအရင်းမှာ သူက ဤနေရာတွင် အောင်မြင်ရန် ကြံစည် နေမိသောကြောင့် ဖြစ်သည်။ သူက ထွက်မသွားခင် အဆင့် ၃ ဆေးလုံးအကြီးအမှူး ဖြစ်လာဖို့ ကြံရွယ် ထားသော်လည်း မူလအခြေအနေသို့ မြန်မြန် စွန့်ပစ်ခံလိုက်ရမည်မှန်း မည်သို့သိမည်နည်း။
အမျိုးသမီးများက အမှန်ပင် တစ်ညတည်းနှင့် အတွေးများကို အမြန်အဆန် ပြောင်းပစ်နိုင်ကြသည်။ ကံကောင်းလှစွာ သူမက မြန်မြန်ဆန်ဆန် စိတ်ပြောင်းသွားသော်လည်း သူ့ကို ကုသပေးခဲ့သေးသည်။
မိုဝူကျီက များများ မတွေးချေ။ ထိုအမျိုးသမီးမှာ အလွန်ကြင်နာတတ်သည်ဟု ယူဆ၍ ရပေသည်။ သူမက သူနှင့် အလုပ်တွဲ မလုပ်နိုင်ကြောင်း ဆုံးဖြတ်ပြီးနောက်တွင် သူ့အား အလုပ်ပေးထား ရုံသာမက သူ့ကို ပြန်လည် ကောင်းမွန်လာစေရန် ကူညီပေးခဲ့ပြီး သူ့ခန္ဓာအတွင်းမှ အဆိပ်ကိုလည်း လိုလိုလားလား ဖယ်ရှားပေးခဲ့သည်။
စိတ်ကို သေချာပြန်စုစည်းပြီး နောက်တွင် မိုဝူကျီက ပန်းမြိုင်ရာ အိမ်တော်မှ ထွက်မသွားခင် ရက်နည်းနည်းနေ၍ တစ်ခုခု အကြောင်း သိရန် နေဖို့ ဆုံးဖြတ်လိုက်သည်။
တစ်ဖက်လူက သူနှင့် အလုပ်တွဲလုပ်ရန် စိတ်မဝင်စားသောကြောင့် သူ့အတွက် ဤနေရာ၌နေရန် အကြောင်းပြချက် မရှိတော့ပေ။ သူတို့ ထပ်တွေ့ဆုံလျှင် သူမကူညီခဲ့သည့် ကျေးဇူးကို သေချာပေါက် ပြန်ပေးဆပ်မည် ဖြစ်၏။ ထိုအတွေးဖြင့် မိုဝူကျီက စိတ်ထဲတွင် တည်ငြိမ်သွားကာ တာဝန်ခံဝေ့ ပေးထားခဲ့သော စာအုပ်ကို ဖွင့်လိုက်သည်။ အစပိုင်းတွင် မိုဝူကျီက စိတ်မဝင်စားချေ။ အကြောင်းမှာ တာဝန်ခံဝေ့မှာ ကျင့်ကြံဆင့် မြှင့်နေသည့် ဥယျာဉ်မှူး တစ်ယောက်သာ ဖြစ်၍ သူ့ဆီက ဘာပစ္စည်းကောင်းများ ရလာမည်နည်း။
မိုဝူကျီက စာအုပ်ဖွင့်ပြီးနောက် သူက တစ်ခုခု လွဲမှားနေကြောင်း သတိပြုမိလိုက်သည်။ ထိုအရာမှာ အမှန်ပင် ပန်းမြိုင်ရာ အပြည့်အစုံ စာအုပ်တစ်အုပ် ဖြစ်ပေသည်။ ဆေးပင် ဖြစ်ဖြစ်၊ အင်မော်တယ်ဆေးပင် ဖြစ်ဖြစ် ဤနေရာတွင် ဖူးပွင့်ပါက ဤစာအုပ်အတွင်း ရေးမှတ်ထားလေ၏။ မိုဝူကျီက စာအုပ်ဖွင့်ပြီးသည်နှင့် စာအုပ်ထဲ ဈာန်မျောသွားတော့သည်။
သုံးရက်အကြာ မိုဝူကျီက ပန်းမြိုင်ရာအိမ်တော်မှ ထွက်သွားမည့် အတွေးကို လက်လျှော့လိုက်တော့သည်။ သူက အင်မော်တယ်အဆင့်နှင့် အထက် ရှိသော ပန်းပင်များကို လေ့လာရင်း အချိန်ကုန်ဆုံး လိုက်သည်။ သူက တာဝန်ခံဝေ့ကို သွားရှာရန် လုံးလုံး မေ့လျော့သွားလေ၏။
ကိုးရက်မြောက်နေ့တွင် တာဝန်ခံဝေ့က မိုဝူကျီကို အရင်လာရှာလိုက်ရသည်။
***