← Chapters

ဆေးဖော်စပ်ခြင်း

Vol. 33 Ch. 449

ဆေးဖော်စပ်ခြင်း

Vol. 33 Ch. 449

“မင်း အခုတလော ဥယျာဉ်အကြောင်း  လေ့လာနေတာကို မြင်တယ်။ ကြည့်ရတာ မင်းက ပန်းပင်တွေ ပျိုးထောင်ဖို့ တကယ် စိတ်ဝင်စားတဲ့ပုံပဲ” တာဝန်ခံဝေ့က အဝေးမှ ပြောလိုက်သည်။

မိုဝူကျီက မြန်မြန်ထကာ လက်နှစ်ဖက်ဆုပ်ထားရင်း တာဝန်ခံဝေ့ကို အားနာစွာ  ပြန်ဖြေလိုက်သည် …

“ကျုပ်က ဒီနေရာမှာရှိနေတဲ့ ပန်းမျိုးစုံကို ကြည့်ရင်း လုံးဝနစ်မျောသွားလို့ ခင်ဗျားဆီလာတွေ့ဖို့ မေ့သွားတာပါ။ ကျုပ်မေ့သွားတဲ့အတွက် ဗွေမယူဖို့ မျှော်လင့်ပါတယ်”

တာဝန်ခံဝေ့က လက်ခါပြကာ …

“စိတ်မပူပါနဲ့။ ဒါက ဘာမှမဖြစ်ပါဘူး။ ဒါနဲ့  ဆရာချမ်ရှန်းဆီကနေ မင်းက  ဥယျာဉ်မှူးဆိုတာ ကြားထားပေမဲ့ ဆေးဖော်စပ်တတ်လား ဆိုတာ မေးကြည့်ပါရစေ”

ဆေးဖော်စပ်တာလား ...

ယခု သူ့အနေအထားမှာ ပန်းပင်ပျိုးထောင်ရမည့်သူ ဖြစ်ကာ ဆေးဖော်စပ်ခြင်း တာဝန်မှာ ဆေးဆရာ အလုပ် ဖြစ်နေသောကြောင့် အနည်းငယ် ကတုန်ကယင် ဖြစ်သွားလေ၏။ အင်မော်တယ် နယ်မြေတွင်ပင် ဆေးရာ၏ အဆင့်အတန်းမှာ သာမန် ဥယျာဉ်မှူး တစ်ယောက်ထက် များစွာ မြင့်ပေလောက်သည်။

တာဝန်ခံဝေ့က သူ့အား ဆေးဖော်စပ်တတ်လားဟု အဘယ်ကြောင့် မေးပါလိမ့်။

မိုဝူကျီက အတွေးထဲ နစ်မျှောနေသည်ကို တွေ့ပြီး တာဝန်ခံဝေ့က ရှင်းပြလိုက်သည်

“မင်းမသိလဲ ရပါတယ်။ မင်း ရောက်လာခါစက မင်းဆီကနေ ဆေးပင်အနံ့ရလို့ မေးကြည့်တာပါ။  ကြည့်ရတာ မင်းက ပန်းပင်တွေ တော်တော် စိတ်ဝင်စားတဲ့ပုံပဲဆိုတော့ ဒီလိုဆို ဘယ်လိုလဲ  ...

နက်ဖြန်ကျ ငါ့နေရာဆီ လာခဲ့လိုက် မင်း တာဝန်ယူရမဲ့ မြေနေရာကို ချပေးလိုက်မယ်”

မိုဝူကျီက စိတ်ထဲ အေးစက်သွားမိသည်။ သူ ဝမ်လျန်ရှီး၏ သင်္ဘောပေါ်မှ ဆင်းမလာခင် အဆင့် ၈ အစစ်အမှန် ဖြစ်တည်ခြင်းမဲ့ ဆေးလုံးကို ဖော်စပ်နေခြင်း ဖြစ်သည်။ ပန်းပင်တွေကို တာဝန်ယူထားရသည့် တာဝန်ခံဝေ့က ထိုသို့အသေးစိတ် အချက်လေးကို သတိပြုမိပြီး မှတ်မိလိမ့်မည်ဟု ထင်မထားပေ။ ဤတာဝန်ခံဝေ့က သာမန်တာဝန်ခံ တစ်ယောက်  ဟုတ်ပုံ မပေါ်ပေ။

“ကျုပ်က ဆေးဘယ်လို  ဖော်စပ်ရမယ်ဆိုတာ သိပါတယ်။  ဒါပေမဲ့ ကျုပ်ရဲ့  သန့်စင်နှုန်းက အရမ်း မကောင်းသေးလို့ပါ ...”

မိုဝူကျီက ဤနေရာတွင် ပန်းပင်တွေ စိုက်ပျိုးပြီး မနေချင်သည့်အတွက် မြန်မြန် ပြောလိုက်ရသည်။ အကယ်၍ သူ့တွင် အချိန်ရှိပါက ကျင့်ကြံခြင်း အရင်းအမြစ်များကို ရှာကာ တံခါးပိတ် ကျင့်ကြံမိလောက်သည်။ သူက တာဝန်ခံဝေ့၏ ရည်ရွယ်ချက်ကို မသိရသေး၍  မိုဝူကျိက စကားစမြည် ပြောကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မိုဝူကျီက ဆေးမည်သို့ ဖော်စပ်ရမည်ကို သိသည်ဟု ဆိုလိုက်သည့်အခါ တာဝန်ခံဝေ့က ပျော်ရွှင်သွားရင်း ထပ်မေးလိုက်သည်

“အဲဒါဆို အခု သန့်စင်နိုင်နှုန်းက ဘယ်လောက် ရောက်နေပြီလဲ”

မိုဝူကျီက အသာပြုံးကာ   “ကျုပ်က ၈၀ ရာခိုင်နှုန်းကျော်လေးပဲ ရောက်သေးတာပါ”

အကယ်၍  သူက ဆေးပင်များကို သန့်စင်ရမည်ဆိုလျှင် ၉၀ ရာခိုင်နှုန်းနှင့်အထက်  အထိ အလွယ်တကူ ရနိုင်ကာ  အကယ်၍ သူက ပညာရှင်နှလုံးသားကို အသုံးပြုလျှင် ရာနှုန်းပြည့် သန့်စင်နိုင်ခြေလည်း ရှိ၏။ မိုဝူကျီက အင်မော်တယ် ဆေးပင်များကို မသန့်စင်ဖူးသည့်အတွက် ၈၀ ရာခိုင်နှုန်းလောက်မှာ သူ့အတွက် ပြဿနာ မဟုတ်ကြောင်း မှန်းဆမိသည်။

“ဒီလောက်ဆို ကောင်းနေပါပြီ။ မင်းအတွက် ငါတို့ရဲ့  ပန်းမြိုင်ရာ အိမ်တော်မှာ ဆေးဖော်စပ်နိုင်ဖို့ စီစဉ်ပေးမယ်။  အဲဒါက မင်း ဥယျာဉ်မှူး လုပ်တာထက်တော့ ပိုပြီး အလားအလာ ကောင်းတယ်။ နည်းနည်းတော့ ပင်ပန်းမယ်ဆိုပေမဲ့လည်း  လစာက ဆယ်ဆပိုများတယ်” တာဝန်ခံဝေ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

မိုဝူကျီက ထပ်မေးမြန်းလိုက်သည် …

“ကျုပ်တို့ ပန်းမြိုင်ရာအိမ်တော်က ပန်းပင်ပဲ စိုက်ပျိုးတာ မဟုတ်ဘူးလား။ ဆေးဖော်စပ်ဖို့ လိုလို့လား”

တာဝန်ခံဝေ့က ရယ်မောကာ …

“ဆေးဖော်စပ်တာက ကျုပ်တို့ ပန်းမြိုင်ရာ အိမ်တော်ရဲ့ အဓိကဝင်ငွေ လမ်းကြောင်းလေ။ ကျုပ်တို့ ပန်းစိုက်တာက ကျုပ်တို့ရဲ့ အိမ်တော်သခင်က သဘောကျလို့ ... အဲဒီလိုဆိုရင်တောင် ကျုပ်တို့စိုက်တဲ့ ပန်းပင်တွေထဲမှာ အင်မော်တယ်ဆေးပင်တွေ အများကြီး ပါသေးတယ်”

“အဲဒါဆို ဒီနေရာမှာ ဘယ်လိုဆေးတွေ ဖော်စပ်ကြတာလဲ မေးလို့ရမလား” မိုဝူကျီက သူ့အလုပ်တာဝန်မှာ ဆေးပင်များ သန့်စင်ရုံအတွက်သာ ဖြစ်နေလျှင် စိတ်မဝင်စားသောကြောင့် နောက်ထပ် မေးလိုက်သည်။ အကယ်၍ အင်မော်တယ်ဆေးပင်များ ဖြစ်နေလျှင် သူက ကြာကြာနေကာ ကူညီပေးရလည်း ကိစ္စမရှိချေ။

သူက အင်မော်တယ် နယ်မြေကို ရောက်လာခါစ ဖြစ်၍ ဆေးလုံးဖော်စပ်ရင်း ကျင့်ကြံခြင်း အထောက်အပံ့များ ရနိုင်လျှင် ထိုထက် ပိုကောင်းမည့် ကိစ္စမရှိနိင်တော့ချေ။ ကျောက်တုံးနက်အတွက် မိုဝူကျီက အသုံးဝင်ပုံကို သေချာ မသိသေးသရွေ့ မထိသေးပေ။ သူက အသုံးဝင်ပုံ သိလာလျှင်ပင် လုံလုံလောက်လောက် အားကောင်းလာသည့် အချိန်အထိ စောင့်ဆိုင်းရဦးမည် ဖြစ်၏။

“အဆင့် ၁ အင်မော်တယ် ဆေးပင်ကနေ အဆင့် ၃ ဆေးပင်အထိ ရှိတယ်။ လစာကတော့ မင်းရဲ့ သန့်စင်နှုန်းရယ်၊ မင်း ဖော်စပ်နိုင်တဲ့ အရေအတွက် အပေါ် မူတည်ပြီးတော့ ပေးမှာ။ စိတ်ပူမနေပါနဲ့ ...  မင်းသာ ကောင်းကောင်းလုပ်ရင် မင်းမှာ ကျင့်ကြံဖို့ အထောက်အပံ့ လုံလုံလောက်လောက် ရလာလိမ့်မယ်။

ပြီး‌တော့ အင်မော်တယ် ဆေးလုံးတွေကိုတောင် ရနိုင်သေးတယ်။ မြန်မြန် ကျုပ်နောက်လိုက်ခဲ့ ... အခု စီမံခန့်ခွဲရေးမှူးဟဲဆီ ခေါ်သွားပေးမယ်” တာဝန်ခံဝေ့က စကားပြောပြီးနောက် မိုဝူကျီကို လက်ဝှေ့ပြလိုက်သည်။

မိုဝူကျီက တာဝန်ခံဝေ့ နောက်မှ လိုက်သွားကာ မေးလိုက်သည်

“တာဝန်ခံဝေ့ ... ခင်ဗျား ပေးတဲ့ စာအုပ်က အတော်လေး ကောင်းရက်သားနဲ့ ဘာလို့ ပန်းပင်အကြောင်းပဲ ပါတာလဲ ”

မိုဝူကျီက အင်မော်တယ်နယ်မြေနှင့် မရင်းနှီးသေးသည့် အတွက် အင်မော်တယ်ဆေးပင် အမျိုးအစားများကို မသိသေးပေ။ ထို့ကြောင့် သူ့အတွက် ဦးစားပေးမှာ အမျိုးမျိုးသော ဆေးပင်များ အကြောင်း လေ့လာရန် ဖြစ်သည်။

တာဝန်ခံဝေ့က ပြန်ဖြေလိုက်ပြီး …

“ဒီပန်းမြိုင်ရာရဲ့ စုဆောင်းမှုက အိမ်တော်သခင် လုပ်ပေးထားတာလေ။ သူမက ဆေးပင်တွေအကြောင်း သိရုံတင်မကဘူး ပန်းအကြောင်းလဲ မျိုးစုံ သိတယ်။

မင်းသာ ပန်းမြိုင်ရာ အိမ်တော်ကို ကောင်းကောင်း အကျိုးပြုနိုင်ရင် အိမ်တော်သခင်က မင်းကို ဆုလာဘ်တွေ ချီးမြှင့်လိမ့်မယ်။ ပြီးတော့ မင်းကြိုက်ရာ တောင်းဆိုလို့ ရသေးတယ် ...”

သူက ပြောနေရင်း မိုဝူကျီကို သူတို့အရင်က တွေ့ခဲ့သည့် အနုပညာ လက်ရာမြောက်သည့် အဆောက်အဦရှေ့တွင် ရှိသော ကျောက်တံခါးဆီ ခေါ်ဆောင်လာသည်။

မိုဝူကျီက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့် အခါ ဤနေရာအတွင်း၌ ထားထားသော အမျိုးမျိုးသော လျှို့ဝှက်အစီအရင်များနှင့် ကာကွယ်ရေး အစီအရင်များစွာကို ခံစားမိလိုက်သည်။

“အထဲဝင်ခဲ့  ... ဒါပေမဲ့ လျှောက်တော့ မကြည့်နဲ့ ” တာဝန်ခံဝေ့က ကျောက်တံခါးဆီ အရင်ဖြတ်လိုက်ပြီးနောက်   မိုဝူကျီကို လက်ဟန်ပြကာ ခေါ်လိုက်သည်။

မိုဝူကျီ ကျောက်တံခါးထဲ  ဝင်လိုက်သည်နှင့် သူနောက်မှ အစီအရင်မှာ ပြန်ပိတ်သွားကြောင်း ခံစားမိလိုက်သည်။ သူ့နှလုံးခုန်နှုန်းပင် တစ်ချက် မြန်သွားမိသော်လည်း  မကြာခင်၌ တည်ငြိမ်လာလေ၏။ သူက သာမန်ကာလျှံကာ လူတစ်ယောက် ဖြစ်နေသောကြောင့် ပန်းမြိုင်ရာ အိမ်တော်မှာ သူနှင့် ရင်ဆိုင်ရန် ထိုမျှအထိ မလုပ်လောက်ပေ။

ကျောက်လမ်းဆုံ နှစ်ခုကို ဖြတ်ကျော်ပြီးနောက် တာဝန်ခံဝေ့က အတားအဆီး အစီအရင်များစွာ ရှိနေသော တံခါးရှေ့တွင် ရပ်သွားသည်။ ထို့နောက် တာဝန်ခံဝေ့က ကျောက်စိမ်းပြားကို တံခါးမြောင်းထဲ ထည့်လိုက်သည်နှင့် အတားအဆီးများမှာ ပြေကျသွားသည်။

မိုဝူကျီက တာဝန်ခံဝေ့ နောက်မှ လိုက်လာရင်း  ဆေးဝါးရနံ့ကို ရလိုက်မိသည်။

မိုဝူကျီရှေ့တွင် မီတာ တစ်ထောင်နီးပါးရှိသည့် ခန်းမကျယ်တစ်ခု ရှိနေပြီး ခန်းမအလယ်တွင် အမျိုးမျိုးသော ဆေးပင်အပုံလိုက်ကို  တွေ့မြင်နိုင်လေသည်။ ဆေးပင်များကို သန့်စင်နေသည့် လူခုနစ်ယောက် ရှိပြီး သူတို့ရှေ့တွင် မြေကမ္ဘာမီးတောက် ရှိနေသည်။ အားလုံးက ဆေးအဆီအနှစ်များကို သူတို့ဘေးမှ ကျောက်စိမ်းပုလင်းထဲ ရောက်ရှိသွားကြသည်။

မိုဝူကျီက သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းတွင် ရှိစဉ်  မြေကမ္ဘာမီးတောက်ကို အသုံးပြုဖူးသောကြောင့် ဤနေရာ၌ မြင်ရသည်မှာ တအံ့တဩ မဖြစ်မိပေ။ အားကောင်းလာသည်မှလွဲ၍ ဤမြေကမ္ဘာမီးတောက်နှင့် သူ သုံးခဲ့သည့် မီးတောက်မှာ ခြားနားမှု သိပ်မကွာချေ။

“ဝေ့ဝူ ... ဒါက ဆေးဖော်စပ်တာကို သိတယ်ဆိုတဲ့ ဥယျာဉ်မှူး အသစ်လား” မေးလိုက်သူမှာ လူလတ်အရွယ် အမျိုးသား ဖြစ်၏။

မိုဝူကျီက စိတ်စွမ်းအားသုံးကာ ထိုလူ့အား ခြုံငုံကြည့်လိုက်ပြီး ထိုလူဝန်းကျင်တွင် ရှိနေသော အငွေ့အသက်များမှာ ခို့ယွမ်ထက် သိပ်သည်းနေသောကြောင့် ထိုလူလည်း ကောင်းကင်အင်မော်တယ် အဆင့် ဖြစ်ကြောင်း ပြောနိုင်သည်။ သူ့အရှိန်အဝါက ခြိမ်းခြောက် နိုင်သော်လည်း သူ့ဝိညာဉ် စွမ်းအားမှာ ထိုမျှ အားမကောင်းချေ။ မိုဝူကျီက ထိုလူမှာ ထိုမျှ အားကောင်းနေခြင်း မဟုတ်ကြောင်း ခန့်မှန်းမိလိုက်ပြီး သူ့ကျင့်ကြံဆင့်နှင့်ပင် ထိုလူအား အဆုံးသတ်ပစ် နိုင်လိမ့်မည်။

“ဟုတ်ကဲ့ စီမံခန့်ခွဲရေးမှူး ဟဲ  ... မိုဝူကျီကို မေးပြီးသွားပါပြီ။ သူက ဆေးဖော်စပ်ရတာကို သိတယ်တဲ့” တာဝန်ခံဝေ့က လေးလေးစားစား ပြန်ဖြေလိုက်သည်။

သူ့စကားအဆုံးတွင် မိုဝူကျီဘက် လှည့်ကာ  …

“ဝူကျီ ...  ဒါက  ပန်းမြိုင်ရာ အိမ်တော်ရဲ့ ဆေးဖော်စပ်ခန်းကို စီမံခန့်ခွဲပေးရတဲ့ စီမံခန့်ခွဲရေးမှူးပဲ ”

မိုဝူကျီက လက်သီးဆုပ်ကာ လူလတ်အမျိုးသားကို နှုတ်ဆက်လိုက်သည်  “မိုဝူကျီက စီမံခန့်ခွဲရေးမှူး ဟဲကို နှုတ်ဆက်ပါတယ်”

စီမံခန့်ခွဲရေးမှူးဟဲက မျက်မှောင်ကြုတ်မိသွားသည်။ သူ့ရှေ့တွင် ရှိနေသော ထိုလူက ကျင့်ကြံဆင့် နိမ့်ရုံသာမက  အပြုအမူမှာလည်း မယဉ်ကျေးချေ။ မိုဝူကျီက သူ့ထက် အဆင့်မြင့်သော လူရှေ့တွင် ဦးမညွှတ်ဘဲ  လက်သီးဆုပ်ပြီး  နှုတ်ဆက်ရုံ လောက်သာဟု တွေးနေသည်လား။

တာဝန်ခံဝေ့က စီမံခန့်ခွဲရေးမှူးဟဲ မျက်နှာမှ အမူအရာကို သတိထားမိလိုက်သော အခါ မိုဝူကျီကို ပုတ်လိုက်ပြီး ပြောလိုက်သည် …

“မိုဝူကျီ ... မြန်မြန် မြေကမ္ဘာမီးတောက် ရှာပြီးတော့ ထိုင်ပြီး ဆေးဖော်တော့  ...”

“ကျေးဇူးအများကြီး တင်ပါတယ် တာဝန်ခံဝေ့ ” မိုဝူကျီက ဤစီမံခန့်ခွဲရေးမှူးဟဲမှာ သူ့ကို မကျေနပ်ကြောင်း ခံစားမိလိုက်သည်။ သူက မိုဝူကျီကို မောင်းထုတ်မည့် အရိပ်အယောင်ပင် တွေ့နေရသည်။ ထိုအရာကို သတိပြုမိပြီးနောက် မိုဝူကျီက မြေကမ္ဘာမီးတောက် မြန်မြန်ရှာကာ မီးကို စတင် မြိုက်လိုက်တော့သည်။

မိုဝူကျီ ဝင်လိုက်သည်နှင့် အင်မော်တယ် ဆေးပင်များကိုသာ တွေ့လိုက်ရကြောင်း သတိပြုမိလိုက်သည်။ ထို့ကြောင့် တာဝန်ခံဝေ့မှာ သူ့ကို လိမ်ညာနေခြင်း မဟုတ်ကြောင်း သိလိုက်သည်။ ဝမ်လျန်ရှီးက သူ့အား ဤနေရာသို့ ပို့ဆောင်လိုက်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ဤနေရာမှာ သန့်စင်ဖို့ လေ့ကျင့်ရန် အကောင်းဆုံးနေရာ ဖြစ်ပေသည်။

ယခု သူ့အတွက် ဆေးဖော်စပ်ရန် ဆေးပင်များစွာ ရှိနေသည့်အတွက် အဘယ်ကြောင့် အခွင့်အရေးကို ဖြုန်းတီး နေဦးမည်နည်း။

“မှတ်ထား ... မင်း မအောင်မြင်တဲ့ ဆုံးရှုံးမှုအားလုံးကို မင်းလစာကနေ ဖြတ်ပစ်မယ်” စီမံခန့်ခွဲရေးမှူးဟဲက မိုဝူကျီ ဆေးစတင် ဖော်စပ်နေသည်ကို မြင်သောအခါ သတိပေးရုံမှလွဲပြီး အခြားမပြောတော့ပေ။

မိုဝူကျီက အဆင့် ၁ အင်မော်တယ် စွမ်းအင်မြက်ကို ယူလိုက်သည်။  ဝမ်လျန်ရှီး ပေးထားသည့် ကျောက်စိမ်း ပေလွှာထဲတွင်  ထိုသို့ ဆေးပင်မျိုး ပါကြောင်း မြင်လိုက်ရသော်လည်း သူ မဖော်စပ်နိုင်ခင် ချမ်ရှန်းက ပြန်သိမ်းသွားခြင်း ဖြစ်သည်။ ယခု သူ့တွင် အခွင့်အရေး ရလာပြီ ဖြစ်ရာ ကြိုးစား ကြည့်ချင်မိသည်။

မိနစ်အနည်းငယ် အကြာတွင် မိုဝူကျီက ဆေးပင်ကို သန့်စင်ပြီးသွားကာ သူ့ဘေးမှ ကျောက်စိမ်းပုလင်းထဲ ရောက်ရှိသွားသည်။

“ဘာ” စီမံခန့်ခွဲရေးမှူးဟဲက မိုဝူကျီ၏ သန့်စင်ပြီးသော  ဆေးရည်ကို မြင်သောအခါ တအံ့တဩ ရေရွတ်လိုက်သည်။

မိုဝူကျီက အသက်ကြီးသည့် ပုံမပေါ်သေးသော်လည်း သူ့အသက်အရွယ်ဖြင့် အင်မတန် ကျွမ်းကျင်နေကာ မြန်မြန် သန့်စင်နိုင်လေ၏။ ကြည့်ရသည်မှာ သူက မိုဝူကျီ ကောင်လေးကို ကောက်ချက်ချ မှားခဲ့ပုံ ပေါ်သည်။

မိုဝူကျီက စီမံခန့်ခွဲရေးမှူးဟဲ အသံကို ကြားလိုက်သောအခါ သူလည်း အံ့ဩသွားလေ၏။

စီမံခန့်ခွဲရေးမှူးဟဲက  မိုဝူကျီ၏  သန့်စင်နှုန်းမှာ ၉၀ ရာခိုင်နှုန်း ဖြစ်နေကြောင်း သိနေသည်များလား ....

ထိုအတွေးဖြင့် မိုဝူကျီက ဘေးနားမှ ဆေးလုံးဆရာ တစ်ယောက်က သူ့ကျောက်စိမ်း ပုလင်းကို ထားသည့် အသံကို ကြားလိုက်ရသည်။ ထို့နောက် အနီရောင်အလင်း‌ ပေါ်လာပြီး ထိုကျောက်စိမ်း ပုလင်းမှာ ချက်ချင်း ဖယ်ရှားခံလိုက်ရသည်။

မိုဝူကျီက လက်ခံသည့် ဆေးရည်သာ ကျောက်စိမ်းပုလင်းဆီ ရောက်ရှိသွားပြီး ငြင်းပယ်ခံရသည့် ဆေးရည်မှာ ချက်ချင်း ဖယ်ရှား ခံလိုက်ရကြောင်း နားလည်သွားပေ၏။

မိုဝူကျီက သူ့ကိုယ်သူ ပစ္စည်းတပ်ဆင်ရေး လမ်းကြောင်း၌ အလုပ်လုပ်ရသော သူကဲ့သို့ ခံစားမိသွားသည်။

“စီမံခန့်ခွဲရေးမှူးဟဲ ... တာဝန်ခံဝေ့ ... အိမ်တော်သခင်က ရှင်တို့ နှစ်ယောက်လုံးကို ရှာနေတယ်” ကြည်လင်လှသည့် အသံလေးကို တံခါးအပြင်ဘက်မှ ကြားလိုက်ရသည်။

တာဝန်ခံဝေ့နှင့် စီမံခန့်ခွဲရေးမှူးဟဲက အမိန့်ကို အသိမှတ်ပြုကာ ခန်းမအတွင်းမှ ထွက်သွားကြသည်။

“ဒီက တာအိုရောင်းရင်းကို ဘယ်လိုများ ခေါ်ရမလဲ ...  ကျုပ်နာမည်က ဝမ့်ဟယ်ကျန်းပါ။”

စီမံခန့်ခွဲရေးမှူးဟဲ ထွက်သွားသည်နှင့် မိုဝူကျီနှင့် အနီးဆုံးရှိနေသည့် ဆေးလုံးဆရာက လှည့်လာကာ မေးလိုက်သည်။ ဝမ့်ဟယ်ကျန်းမှာ စီမံခန့်ခွဲရေးမှူးဟဲထက် အသက်ကြီးပုံပေါ်ကာ ဆံပင်ဖြူတချို့ပင် မြင်နေရလေ၏။ မိုဝူကျီက သူ့ကျင့်ကြံဆင့်ကို တစ်ချက် ကြည့်ရုံနှင့် မြေကမ္ဘာ အင်မော်တယ်အဆင့် ဖြစ်ကြောင်း ပြောနိုင်လိုက်သည်။ သို့သော်လည်း သူမျက်ဝန်းမှာ အနည်းငယ် နောက်ကျိနေပြီး ကျင့်ကြံသူများ မရှိသင့်သည့် ဖောယောင်သည့် လက္ခဏာရပ်များ ရှိနေသည်။

မိုဝူကျီက သူသန့်စင်နေသည့် ဆေးပင်များဆီ အကြည့်ရောက်သွားသည့် အခါ ထိုအပုံထဲ၌ သူမှတ်မိသည့်အရာ မပါကြောင်း သတိပြုမိလိုက်သည်။ ထိုအရာများမှာ အဆင့် ၂ ၊ အဆင့် ၃ ဆေးပင်များ မဟုတ်သေးလောက်ချေ။

“ကျုပ်နာမည်က မိုဝူကျီပါ။ နောင်ကျ အစ်ကိုဝမ့်က လမ်းညွှန်ပြသပေးပါဦး” မိုဝူကျီက အလုပ်ကို ရပ်ကာ ဝမ့်ဟယ်ကျန်းကို နှုတ်ဆက်လိုက်သည်။

ဝမ့်ဟယ်ကျန်းက လက်ခါပြရင်း …

“ဘယ်ကလာ  ... ညီလေးမို ဆေးဖော်စပ်တာက ကျုပ်ထက် အများကြီးသာနေပါပြီ။  စောစောလေးက သန့်စင်လိုက်တဲ့ အင်မော်တယ် စွမ်းအင် မြက်ဆိုရင် သန့်စင်နှုန်း  ၉၀ ရာခိုင်နှုန်းရှိမှာ သေချာတယ်။ အဆင့် ၁ အင်မော်တယ်ဆေးပင် ဆိုပေမဲ့  ၉၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်ဖို့က အတော်လေး ခက်တယ်”

မိုဝူကျီက ထိုလူကို စိတ်ထဲမှ ချီးကျူးမိလိုက်သည်။ အကြောင်းမှာ စောစောလေးမှ သူ့သန့်စင်နှုန်းမှာ ၉၀ ရာခိုင်နှုန်း ဖြစ်လေသည်။ သူသာ အကြိမ်ရေနည်းနည်း ထပ်ကြိုးစားလျှင် ၉၉ ရာခိုင်နှုန်းအထိ ရောက်လာမည်ဟု ယုံကြည်ထားသည်။ သူသာ ထိုအဆင့်ထိ ရောက်လာပါက အဆင့် ၂ အင်မော်တယ်ဆေးပင်ဆီ ပြောင်းရုံဖြစ်သည်။ မိုဝူကျီက အဆင့် ၃ အင်မော်တယ် ဆေးပင်အတွက် သန့်စင်နှုန်း ၉၉ ရာခိုင်နှုန်းအထိ ရောက်လာသည့်အခါ သူက ပန်းမြိုင်ရာ အိမ်တော်မှ ထွက်သွားမည် ဖြစ်သည်။ သူ့အတွက် ဆက်နေရန် အကြောင်းပြချက် မရှိတော့ပေ။

သူက အဓိပ္ပာယ်မရှိသည့် ကိစ္စများတွင် အချိန်မဖြုန်းချင်၍ ဤနေရာသို့  ရောက်ရောက်ချင်း အလုပ်ချက်ချင်း လုပ်ခဲ့ခြင်း ဖြစ်သည်။

“အစ်ကိုဝမ့် ... တကယ်တော့ ကျုပ်က အခုမှ ဒီအလုပ်ကို စလုပ်ဖူးတာဆိုတော့ အဆင့် ၁ အင်မော်တယ် ဆေးပင်လောက်ပဲ သိတာ။ အစ်ကိုဝမ့် သန့်စင်နေတဲ့ ဆေးပင်တွေက ကျုပ်ထက် အဆင့်မြင့်တာကိုတော့ သတိထားမိပေမဲ့  တချို့ဆေးပင် နာမည်တွေကို မမှတ်မိသေးဘူး”

မိုဝူကျီက လက်နှစ်ဖက် ယှက်လျက် ဝမ့်ဟယ်ကျန်းဆီမှ နည်းနည်း သင်ယူရန် ပြင်ဆင်လိုက်သည်။

“မင်းက ဒီငွေကွင်းပန်းကို မမှတ်မိဘူးလား” ဝမ့်ဟယ်ကျန်းက မိုဝူကျီကို နားမလည်စွာ ကြည့်လိုက်သည်။ တချို့ ဆေးလုံးဆရာများပင် သူတို့စကားဝိုင်းကို ကြားသောအခါ လှည့်ကြည့်လိုက်ကြ၏။

အဆင့် ၂ ငွေကွင်းပန်းကို မမှတ်မိတဲ့   ဆေးလုံးဆရာ ရှိသေးတယ်လား။

***

All Chapters