ချောင်မူရှစ်
Vol. 33 Ch. 455
ဟန်ချင်းရုက ခေါင်းခါပြလိုက်ပြီး “ဆေးဆရာမို ... အဲဒီအကြောင်းကို သိတာက ရှင့်ကို ပိုဒုက္ခရောက်စေလိမ့်မယ်”
မိုဝူကျီက အေးဆေး ပြန်ဖြေလိုက်သည် “ကျုပ်သိဖို့ လိုတယ်လေ။ အိမ်တော်သခင်မက ကျုပ်ကို ပြောပြဖို့ တောင်းဆိုပါတယ်ဗျာ”
မိုဝူကျီက အတင်းဖျင်းများကြောင့် ထိုမေးခွန်းများကို မမေးလိုသော်လည်း ယခု သူက ကျိညီအစ်ကိုကို သတ်ထားမိပြီး ဟန်ချင်းရုကို အဝေးခေါ်ထုတ်လာသည့် အတွက် တစ်ဖက်လူက သူ့အား လွတ်ပေးလိမ့်မည်ဟု မယုံကြည်ပေ။ ထိုသို့မျိုး ရန်သူကြီးနှင့် ရင်ဆိုင်နေရသည့်အချိန် နာမည်ပင် မသိရလျှင် ညဘက်၌ ငြိမ်းချမ်းစွာ အိပ်စက်နိုင်မည် မဟုတ်ပေ။
ဟန်ချင်းရုက နားလည်သွားပြီး ပြောပြလိုက်သည် …
“သူက ယင်ပြန့်မြို့ ဟဲလျန် ကုန်သည်အိမ်တော်ရဲ့ အုပ်ချုပ်ရေးမှူးလေ။ ပြီးတော့ ယင်ပြန့် အမြွှာလုပ်ကြံရေးသမားက သူ့လက်အောက်က လူတွေပဲ။ သူက အတော်လေး အာဏာကြီးတယ် ပြောရရင် ယင်ပြန့်မြို့အတွင်းက အရာအားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်တယ်”
“ခဏ ... အိမ်တော်သခင်မဟန် ... ကုန်သည်အိမ်တော် တစ်ခုရဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက်က အင်မော်တယ်နယ်မြေက အင်မော်တယ် မြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်တယ်တဲ့လား” မိုဝူကျီက ဟန်ချင်းရု စကားကို ဖြတ်မေးလိုက်သည်။
ဟန်ချင်းရုက မိုဝူကျီကို ကြည့်ကာ …
“ဆေးဆရာမို ... တကယ်လို့ ကျမအတွက် စဉ်းစားပေးတယ်ဆိုရင် ကျမကို စီနီယာအစ်မ ချင်းရုလို့ပဲ ခေါ်ပါ။ ဒီနေ့က စပြီးတော့ ကျမက ပန်းမြိုင်ရာ အိမ်တော်အကြောင်း ပြောဖို့ရာ အသာထား ... တွေးကို မတွေးချင်တော့ဘူး ”
“ပန်းမြိုင်ရာအိမ်တော်က ခင်ဗျားအပိုင် မဟုတ်ဘူးလား။ ဘာလို့ အဲဒီလို ပြောရတာလဲ” မိုဝူကျီက ထိုမေးခွန်းများ မေးပြီးနောက် သူက စကားမှားသွားကြောင်း သိလိုက်သည်။ သူက မြန်မြန် ပြောလိုက်ရသည် …
“စီနီယာအစ်မ ချင်းရု အဲဒါဆို ကျုပ်ကိုလည်း ဆေးဆရာမိုလို့ မခေါ်ပါနဲ့။ ကျုပ်လည်း ဆေးဆရာရယ်လို့တော့ မဟုတ်ဘူး”
“အဲဒါဆို ဂျုနီယာ မောင်လေးမိုလို့ခေါ်မယ်”
ဟန်ချင်းရုက ပန်းမြိုင်ရာ အိမ်တော်နှင့် ပတ်သက်သည့် ကိစ္စများကို ရှင်းပြမည့်အစား …
“ဟဲလျန် ကုန်သည်အိမ်တော်က တကယ်တော့ အင်မော်တယ်လောကရဲ့ ဟဲလျန်ကုန်သည် အဖွဲ့အစည်းခွဲ တစ်ခုပဲ။ ယင်ပြန့်မြို့က အဆောက်အဦကလည်း ဟဲလျန်ကုန်သည် အိမ်တော်ကို မျက်နှာသာပေးတာ ပြဖို့ ဆောက်ထားရုံ သပ်သပ်ပဲ။
ပြီးတော့ လောင်ချိုက်ရဲ့ ကျင့်ကြံဆင့်က ကျင်းရှန်း (ရွှေအင်မော်တယ်) အဆင့်ထိတောင် ရောက်သွားပြီ။ ပြီးတော့ သူက ဟဲလျန်ကုန်သည် အိမ်တော်ရဲ့ အပြောင်းလဲမျှခြေ အဆောင်တွေလည်း ရှိသေးတယ်”
မိုဝူကျီ မေးချင်သည့် မေးခွန်းများ အစီအရီပေါ်လာလေ၏။ အင်မော်တယ်နယ်မြေနှင့် အင်မော်တယ် လောကကြားက ကွာခြားချက်က ဘာဖြစ်မည်နည်း။ ရွေအင်မော်တယ် အဆင့်ဆိုသည်မှာ ဘယ်လိုအမျိုးအစား ဖြစ်သနည်း။ သို့သော်လည်း သူက ထိုမေးခွန်းများကို ဖြည်းဖြည်းချင်း မေးရမည်မှန်း သိပေသည်။ ဟန်ချင်းရုက ထိုမေးခွန်းများကို တရစပ် ဖြေနိုင်မည် မဟုတ်ပေ။
ဟန်ချင်းရုက မိုဝူကျီက အားလုံးကို လုံးစေ့ပတ်စေ့ မသိဘဲ ဖြစ်နေသည်ကို မသိရှာပေ။ သူမက ဆက်ပြောလိုက်လေ၏။
“လောင်ချိုက်မှာ အဲဒီအဆောင် ရှိနေတာဆိုတော့ သူက ယင်ပြန့်မြို့ထဲမှာ နေနိုင်သလို သူသွားချင်တဲ့နေရာကို စိတ်ကြိုက်သွားနိုင်တယ်။ ပြီးတော့ အမည်မသိတဲ့ အကြောင်းပြချက် တချို့ကြောင့် သူက ပန်းမြိုင်ရာအိမ်တော်မှာ ချောင်မူရှစ် စာအုပ်ရှိတာကို သိသွားပြီးတော့ ချက်ချင်း အငမ်းမရ လိုချင်လာတယ်။
သူဘာမှမလုပ်နိုင်ခင်မှာ ပန်းမြိုင်ရာ အိမ်တော်က သူတို့ရဲ့ ပိုင်ဆိုင်မှု အဲဒီစာအုပ်အကြောင်း အပြင်ပေါက်ကြားသွားတာ သိလိုက်ကြတယ်။ ပြီးတော့ ပန်းမြိုင်ရာ အိမ်တော်ရဲ့သခင်လေးက ကျမကို စွဲလမ်းနေတာဆိုတော့ သူက ကျမရဲ့ မိထွေးဆီ ချဉ်းကပ်ပြီးတော့ ကျမနဲ့ လက်ထပ်ပွဲ စီစဉ်ဖို့ တောင်းဆိုခဲ့တယ်။ သတို့သမီးဘက်ကို တင်တောင်းတဲ့ ပစ္စည်းက အဲဒီစာအုပ်နဲ့ပဲ ...
ကျမရဲ့ မိထွေးက နှစ်ခါပြန်တောင် မစဉ်းစားပဲနဲ့ ချက်ချင်း လက်ခံလိုက်တယ်။ သတို့သမီး ခေါ်ဆောင်တဲ့နေ့မှာပဲ ကျင့်ကြံသူ အုပ်လိုက် ရောက်လာပြီး ပန်းမြိုင်ရာအိမ်တော်ဆီ ချီတက်လာကြတယ်။ အဲဒီလူတွေက ပန်းမြိုင်ရာအိမ်တော်က လူအားလုံးကို သတ်ဖြတ်ခဲ့ပြီးတော့ အစေခံတချို့လောက်ပဲ အသက်ရှင်ခွင့် ပေးခဲ့တယ်။ အဲဒီကျင့်ကြံသူ အုပ်စုရဲ့ ခေါင်းဆောင်က ကျမရုပ်ကိုမြင်တော့ သဘောကျသွားပြီး ခေါ်သွားချင်တာ။ ကျမက ဒီနေရာကို သုံးနှစ် စောင့်ရှောက်ခွင့်မပေးရင် ကိုယ့်ဘာသာ ချက်ချင်း သတ်သေပစ်မယ်လို့ ပြောထားလို့သာ ”
သူက နားထောင်လိုက်ရင်း အခြေအနေ အကြမ်းဖျင်းကို ခန့်မှန်းမိလိုက်သည်။ ယင်ပြန့်မြို့၏ ဟဲလျန်အိမ်တော်မှ အုပ်ချုပ်ရေးမှူး လောင်ချိုက်က ပန်းမြိုင်ရာ အိမ်တော်မှ ချောင်မူရှစ် စာအုပ်ကို အလိုရှိနေခြင်း ဖြစ်သည်။ သို့သော် ထိုသို့မဖြစ်ခင် ပန်းမြိုင်ရာအိမ်တော်က ထိုစာအုပ်ကို ဟန်ချင်းရုကို တင်တောင်းပစ္စည်းအဖြစ် သူမမိထွေးဆီ ပေးလိုက်ပြီဖြစ်၏။
လောင်ချိုက်က သူ့လူများကို ခေါ်ဆောင်၍ ပန်းမြိုင်ရာအိမ်တော်ဆီ ရောက်လာသည့်အချိန် ပန်းမြိုင်ရာ အိမ်တော်က ချောင်မူရှစ်ကို တခြားသူလက်ထဲ လွှဲပေးလိုက်သည့် သတင်းမှာ မပျံ့နှံ့သေးခြင်းသာ ဖြစ်လိမ့်မည်။ ထိုဖြစ်ရပ်အတွင်း လောင်ချိုက်က သူ့အာရုံဖမ်းစားနိုင်သွားသည့် ဟန်ချင်းရုကို သတိပြုမိခြင်း ဖြစ်လိမ့်မည်။ ထိုစဉ် ဟန်ချင်းရုက ပန်းမြိုင်ရာအိမ်တော်ကို သုံးနှစ်တာ စောင့်ရှောက်ရန် တောင်းဆိုခဲ့ပြီး လောင်ချိုက်က ဟန်ချင်းရုကို အတော်လေး စွဲလမ်းသွား၍သာ တောင်းဆိုချက်ကို လက်ခံခဲ့ခြင်း ဖြစ်ပေမည်။ သို့သော်လည်း သူက သူမကို စောင့်ကြည့်ရန် လူတချို့ ပို့လွှတ်ထားကာ စောင့်ကျပ်စေ၏။
“ဒီနှစ်က သုံးနှစ်ပြည့်တဲ့နှစ်ပဲ ... တကယ်လို့ ရှင် ရောက်မလာရင်လည်း ကျမက လောင်ချိုက်ကိုတော့ လက်ထပ်မှာ မဟုတ်ဘူး”
မိုဝူကျီက ဟန်ချင်းရု စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သိပေသည်။ သူမက သေဖို့ရာသာ ရွေးချယ်လိုက်မည် ဖြစ်သည်။ သို့သော်လည်း သူမအတွက် ကိုယ်တိုင် သတ်သေဖို့ရာ လွယ်ကူမည် မဟုတ်ပေ။ သူမဘေးနား အနီးကပ် ရှိနေသည့် တင်တင်းမှာလည်း လောင်ချိုက်၏ လက်အောက်ခံ မဟုတ်ပါလော။ သူတို့က ဟန်ချင်းရုကို သူမဘာသာ သတ်သေအောင် အဘယ်ကြောင့် လွတ်ထားမည်နည်း။
ဟန်ချင်းရုက ပြောလိုက်ရင်း သက်ပြင်းချလိုက်ကာ …
“တင်တင်းက ကျမနောက်က အမြဲလိုက်နေခဲ့တာဆိုတော့ လောင်ချိုက် လက်အောက်က ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး”
“အဲဒါဆိုရင် ချောင်မူရှစ်က လောင်ချိုက်လက်ထဲ ရောက်သွားပြီလား” မိုဝူကျီက ထိုစာအုပ်အကြောင်း ပိုမို စိတ်ဝင်စားပေ၏။
ဟန်ချင်းရုက ပြန်ဖြေလိုက်သည် “မရောက်သေးဘူး။ ပန်းမြိုင်ရာအိမ်တော်က ကျမ မိထွေးဆီ ပေးလိုက်တာက အတုကြီး”
“ဘယ်လိုလုပ် သိတာလဲ ” မိုဝူကျီက ရေရွတ်လိုက်သည်။
“ဘာလို့လဲဆိုတော့ ကျမက အစစ်ကို တွေ့ထားတယ်လေ။ ပန်းမြိုင်ရာအိမ်တော်က လောင်ချိုက်ရဲ့ အာရုံစိုက်မှုကို ကျမမိထွေးဆီ ပြောင်းလိုက်တာ သိသာတယ်” ဟန်ချင်းရုက နောက်တစ်ဖန် သက်ပြင်းချလိုက်သည်။ ဤလောကရှိ အရာအားလုံးမှာ ကြံစည်ထားသလိုသာ ဖြစ်၏။
မိုဝူကျီက ချောင်မူရှစ် စာအုပ်ကို တစ်ချက်ကြည့်ခွင့်ရမလားဟု မေးချင်သော်လည်း ဟန်ချင်းရု၏ အမူအရာကို မြင်လိုက်သည့်အခါ သူက မမေးရက်တော့ပေ။
မိုဝူကျီက ဘာမျှမပြောခင် ဟန်ချင်းရုက ရှေးဟောင်း စာအုပ်တစ်အုပ်ကို လှမ်းပေးလာသည် …
“ဂျူနီယာမောင်လေးမို ... ရှင်က ဆေးပင်တွေအကြောင်း ပိုသိတယ်ဆိုတော့ ဒီချောင်မူရှစ်ကို ရှင့်ဆီပေးလိုက်မယ်။ ပန်းမြိုင်ရာအိမ်တော်မှ ကျမရေးထားတဲ့ ဆေးပင်တစ်ရာ စုစည်းမှုနဲ့ ပန်းမြိုင်ရာ စုစည်းမှု စာအုပ်တွေက ချောင်မူရှစ် အတုပေါ် အခြေခံပြီးတော့ ရေးထားတာ။ စာအုပ်အစစ်က ကျမနဲ့ ရှိနေတာကို တစ်ယောက်မျှ သိမှာမဟုတ်ဘူး”
“စီနီယာအစ်မ ချင်းရုကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီစာအုပ်က ကျုပ်အတွက် အရမ်းအသုံးဝင်မှာ။ ကျုပ်ပြီးသွားရင် စီနီယာကို ပြန်ပေးပါ့မယ်” မိုဝူကျီက အားနာမနေတော့ပဲ ချောင်မူရှစ်စာအုပ်ကို ချက်ချင်း လက်ခံလိုက်သည်။
ဟန်ချင်းရုက လက်ကာပြကာ …
“ကျမက ဆေးဆရာလည်း မဟုတ်သလို ဆေးလုံးအကြောင်းလည်း မသိဘူးလေ။ ဒီစာအုပ်က ကျမအတွက် အရေးမပါပါဘူး။ အဲဒါကြောင့် ပြန်ပေးဖို့ မလိုပါဘူး”
“စီနီယာအစ်မက နောက်ကျ ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ” မိုဝူကျီက ချောင်မူရှစ်စာအုပ်ကို သေချာသိမ်းထားပြီး မေးလိုက်သည်။
ဟန်ချင်းရုက ဘာမျှမရှိသည့် ဂူအပြင်ဘက်ကို ကြည့်လိုက်သည်။ အချိန်ခဏအကြာတွင် သူမက ပြန်ဖြေလိုက်သည် …
“ကျမက အစတော့ ယုံရင်အင်မော်တယ်နယ်မြေရဲ့ ဆေးပညာပြိုင်ပွဲ အခွင့်အရေးကို အသုံးချပြီးတော့ ယုံရင်အင်မော်တယ် လောကဆီ သွားပြီး အဖေကိုရှာဖို့ တွေးထားတာ။ အခုတော့ ဘာလုပ်ရမှန်း မသိတော့သလို ဘယ်သွားရမှန်းလည်း မသိတော့ဘူး”
မိုဝူကျီက ဟန်ချင်းရု သူ့အား ဆေးပင် သန့်စင်နှုန်း မေးခွန်းထုတ်သည့် အကြောင်းအရင်းကို နောက်ဆုံးတွင် နားလည်သွားတော့သည်။ သူက ဟန်ချင်းရု ရည်မှန်းချက်မှ လစ်ဟာချက်ကို သွားမစရဲချေ။ ဟန်ချင်းရုက အတွေ့အကြုံ မရှိသောကြောင့် သူမက သူ့ဆီမှ အကူအညီရလျှင်ပင် ဆေးပညာ ပြိုင်ပွဲတွင် မပါဝင်နိုင်ကြောင်း မသိချေ။
“စီနီယာအစ်မချင်းရု ... အဲဒါဆို ကျုပ်နဲ့ ခဏနေလေ။ ခင်ဗျား ယုံရင်အင်မော်တယ် လောကဆီ သွားနိုင်မဲ့ နည်းလမ်း စဉ်းစားပေးပါ့မယ်” မိုဝူကျီက ဟန်ချင်းရုကို အင်မော်တယ်လောကဆီ သွားနိုင်ရန် ကူညီပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဟန်ချင်းရုက ခေါင်းညိတ်ကာ …
“ယုံရင်အင်မော်တယ် လောကဆီ မဝင်ခင် ရှင့်ရဲ့ အင်မော်တယ်ဝင်ရိုး ဖြစ်တည်နေဖို့ လိုအပ်တယ်။ မဟုတ်ရင် အင်မော်တယ် ဖွေရှာလှေကားကြောင့် သွေးမြူ ဖြစ်သွားလိမ့်မယ်”
သူက ထိုအရာကို ကြားသောအခါ မိုဝူကျီက မြန်မြန် မေးလိုက်သည် …
“စီနီယာအစ်မချင်းရု ... ကျုပ်က အင်မော်တယ် ဝင်ရိုးအကြောင်း ဘာမှမသိသေးဘူး။ ပြီးတော့ အင်မော်တယ်ဖွေရှာ လှေကားဆိုတာလဲ မသိသေးဘူး။ အင်မော်တယ်နယ်မြေ မဟုတ်ဘူးလား။ ဘာလို့ အင်မော်တယ်ဖွေရှာ လှေကား တက်ဖို့ လိုတာလဲ”
ဟန်ချင်းရုက မိုဝူကျီကို တအံ့တဩ ကြည့်လိုက်သည်။ သူမက မိုဝူကျီကဲ့သို့ မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်က ထိုအရာများကို အဘယ်ကြောင့် မသိသည်ကို နားမလည်ပေ။
မိုဝူကျီက ဟန်ချင်းရုကို မလိမ်ပေ။ သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် …
“ကျုပ်က အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ခိုးဝင်လာတာဆိုတော့ အဲဒီအကြောင်းတွေကို တစ်ခုမှ မသိတာပါ”
“ရှင်က အင်မော်တယ်တပိုင်းနယ်ပယ်ကလား။ ယုံရင် ကျင့်ကြံသူ မဟုတ်ဘူးပေါ့။ အင်မော်တယ် လျိုအစွန်းမှာ ရှိနေတဲ့ ဓားအလင်း အကာအရံကို ဘယ်လိုများ ဖြတ်လာတာတုံး” ဟန်ချင်းရုက မိုဝူကျီကို မှင်တက်ကာ မေးလိုက်သည်။
မိုဝူကျီက ထိုသို့သာ ပြန်ပြောနိုင်လေ၏…
“ကျုပ်က ကံအတော်လေး ကောင်းသွားတာပါ။ ကျုပ်သာ တာအိုရောင်းရင် ဝမ်လျန်ရှီးလို လူမျိုးနဲ့ မတွေ့ဖူးဆိုရင် ကျုပ် သေနေလောက်ပြီ။ ဒါနဲ့ ဟုတ်သား ပန်းမြိုင်ရာအိမ်တော်ကနေ ဝမ်လျန်ရှီးကို လာရှာတဲ့ ဝတ်စုံနီနဲ့ မိန်းကလေးက ဘယ်သူများလဲ”
ဟန်ချင်းရုက မိုဝူကျီ၏ အစီအရင် တာအိုအပေါ် ကျွမ်းကျင်မှုကို ပြန်လည် အမှတ်ရလိုက်ရင်း သူမက သဘောတူ ထောက်ခံမိလိုက်သည်။ သူမက မိုဝူကျီမေးခွန်းကို နားလည်ကာ …
“သူမက လောင်ချိုက်ရဲ့ အမျိုးတစ်ယောက်လေ။ သူမက ပန်းမြိုင်ရာအိမ်တော်မှာ ကျမကို စောင့်ကြည့်ဖို့ နေနေရတာ ...
သူမက မကောင်းတဲ့လူတော့ မဟုတ်ပါဘူး။ သူမက အတော်လေး သတိမထားဘဲ နေတတ်တယ်။ ဝမ်လျန်ရှီးရဲ့ စီမံခန့်ခွဲရေးမှူး ချမ်ရှန်းက ကျမ အဖေရဲ့ မိတ်ဆွေတစ်ယောက်လေ။
သူက အင်မော်တယ်ဝင်ရိုး ဖြစ်တည်ပြီးတော့ အင်မော်တယ်လောကထဲ ရောက်နေပြီဆိုပေမဲ့ အဲကနေ ထွက်လာပြီး ဒီမှာလာနေတာက ဝမ်လျန်ရှီးရဲ့ တုန်လှုပ်ချောက်ချားဖွယ် မျိုးနွယ်စု အင်အားကြောင့်ပဲ။
သူတို့က သူသုံးဖို့အတွက် ပြောင်းလဲမျှခြေ အဆောင်ကို ထုတ်ပေးနိုင်တယ်။ ချမ်ရှန်းက ရှင့်ကို လမ်းမှာတွေ့ပြီးတော့ ပန်းမြိုင်ရာအိမ်တော်ဆီ ခေါ်လာတယ်ဆိုပြီး ကြားလိုက်တာ။ အဲဒါနဲ့ ရှင်က လောင်ချိုက်နဲ့ မပတ်သက်လောက်ဘူးလို့ မှန်းဆမိလိုက်တာပဲ”
“အဲဒါဆို ချမ်ရှန်းက တစ်ဆင့် ခင်ဗျားအဖေဆီ ဘာလို့ သတင်းမပို့တာလဲ” မိုဝူကျီက မေးလိုက်သည်။
ဟန်ချင်းရုက ခေါင်းခါကာ မိုဝူကျီ မေးခွန်းကို မဖြေချေ။ အင်မော်တယ်လောက၌ ဟဲလျန်ကုန်သည် အိမ်တော်မှာ မည်မျှ အားကောင်းနေသနည်း။ ချမ်ရှန်းက လက်အောက်ခံသာသာ ဖြစ်ပေသည်။ သူမ ဖခင်က အင်မော်တယ်လောကထဲ ရောက်သွားသည်မှာ မည်မျှကြာပြီနည်း။ အကယ်၍ ချမ်ရှန်းကို သတင်းစကား ပါးခိုင်းလျှင် သူမက သူတို့ကို ထိခိုက်အောင် လုပ်မိသလို ဖြစ်သွားလိမ့်မည်။ သူမ ရည်ရွယ်ချက်မှာ ဆေးပညာပြိုင်ပွဲမှ တစ်ဆင့် အင်မော်တယ်လောကဆီ နေရာတစ်နေရာစာ ရပြီး သူမအဖေကို တိတ်တဆိတ် ရှာဖွေရန် ဖြစ်၏။
***