← Chapters

ရှည်လျားလှသော အင်မော်တယ်လမ်းစဉ်

Vol. 33 Ch. 456

ရှည်လျားလှသော အင်မော်တယ်လမ်းစဉ်

Vol. 33 Ch. 456

ဟန်ချင်းရုက  သူ့မေးခွန်း မဖြေသည်ကို မြင်၍ မိုဝူကျီက ထိုအကြောင်း မပြောတော့ပဲ တခြားအကြောင်းအရာ မေးလိုက်သည် …

“စီနီယာအစ်မချင်းရု ...  အဲဒါဆို ကျုပ်ကို အင်မော်တယ်နယ်မြေနဲ့ အင်မော်တယ် လောကကြားက ကွာခြားချက်ကို ပြောပြပေးနိုင်မလား။ ပြီးတော့ အင်မော်တယ် ဖွေရှာလှေကားနဲ့ အင်မော်တယ်ဝင်ရိုး ဆိုတာရော ဘာတွေလဲ”

ဟန်ချင်းရုက မိုဝူကျီသည် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ဖြစ်ကြောင်း သိသည့်အခါ မိုဝူကျီက ဘာကိုမျှ မသိသေးကြောင်း နားလည်သွားသည်။ ထိုမေးခွန်းများကို မိုဝူကျီက မမေးလျှင်ပင် သူမက ဖြည်းဖြည်းချင်း ပြောပြသွားမည် ဖြစ်၏။

“ကျမတို့ နေနေတဲ့ အင်မော်တယ်နယ်မြေက  ယုံရင်ရဲ့ အစွန်းအဖျား အပိုင်းသေးသေးလေးပဲ။  ဒီနေရာမှာ ကျင့်ကြံသူတွေက အများဆုံး ကောင်းကင်အင်မော်တယ် အဆင့်ထိပဲ ကျင့်ကြံလို့ ရကြတယ်။

တကယ်လို့ ရှေ့ဆက်မြင့်မားချင်ရင် အင်မော်တယ်ဝင်ရိုးကို ဖြစ်တည်အောင် လုပ်ပြီး အင်မော်တယ်လောက အစစ်ဆီ သွားဖို့လိုတယ်။  အင်မော်တယ်ဝင်ရိုး ဖြစ်တည်လာဖို့က အင်မော်တယ်ဝင်ရိုး ကျောက်တုံးတွေ လိုအပ်တယ်။ ဒါပေမဲ့ အင်မော်တယ်ဝင်ရိုး ကျောက်တုံးရဲ့ဈေးက မတန်တဆပဲ ... ပြီးတော့ အဲဒီကျောက်တုံးတွေက အင်မော်တယ်တစ်ပိုင်းက ထွက်တာလေ”

မိုဝူကျီက ကျောက်တုံးနက် တစ်တုံးကို ထုတ်ယူကာ  “စီနီယာအစ်မချင်းရု ဒါက အင်မော်တယ်ဝင်ရိုး ကျောက်တုံးလား”

ဟန်ချင်းရုက မိုဝူကျီ လက်ထဲမှ ကျောက်တုံးနက်ကို မြင်သောအခါ သူမက အနည်းငယ် တုန်လှုပ်မိသွားသည်။ သို့သော်လည်း မိုဝူကျီက အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ဖြစ်သောကြောင့်  သူ့တွင် အင်မော်တယ်ဝင်ရိုး ကျောက်တုံး တချို့ရှိနေသည်က ပုံမှန်ဖြစ်ပေ၏။

သူမက ခေါင်းညိတ်ပြလိုက်ပြီး …

“ဟုတ်တယ်။ အဲဒါတွေက အင်မော်တယ် ဝင်ရိုးကျောက်တုံးတွေပဲ။ ကောင်းကင်အင်မော်တယ် စမ်းသပ်ချက် ခံယူပြီးသွားလို့ ကောင်းကင်အင်မော်တယ် အဆင့် ရောက်သွားရင် အင်မော်တယ်ဝင်ရိုးကို စတင်ပြီး ဖွဲ့စည်းလို့ရပြီ။  အင်မော်တယ်ဝင်ရိုးရဲ့ စွမ်းအားက  ရှင့်အနေနဲ့ အင်မော်တယ် ဝင်ရိုးကျောက်တုံး  ဘယ်လောက်သုံးနိုင်လဲ ဆိုတဲ့ အပေါ် မူတည်တယ်။  ပြီးတော့ ရှင့်ရဲ့ ဖွဲ့စည်း ဖြစ်တည်လာနှုန်းရောပေါ့ ...”

“စီနီယာအစ်မချင်းရု  ... အဲဒါဆိုရင် အင်မော်တယ်ဝင်ရိုး ကျောက်တုံးများများ သုံးလေလေ အင်မော်တယ်ဝင်ရိုး ဖြစ်ဖို့ အလားအလာ ပိုများလေပေါ့ ဟုတ်လား ...”

ဟန်ချင်းရုက ပြန်ဖြေလိုက်သည် …

“သဘောတရားအရတော့ အဲဒီလိုပဲ။ ဒါပေမဲ့ အားလုံးရဲ့ ကျင့်စဉ်တွေက ကွဲပြားတာဆိုတော့  သူတို့ရဲ့ အင်မော်တယ် ဝင်ရိုးကလည်း မတူညီကြဘူး။ အဲဒါကြောင့် အင်မော်တယ်ဝင်ရိုး ကျောက်တုံး အရေအတွက်လည်း မတူကြဘူး။

တချို့ ထိပ်သီး အင်မော်တယ်ဝင်ရိုးတွေဆိုရင် အင်မော်တယ်ဝင်ရိုး ကျောက်တုံး သန်းချီပြီးတော့ လိုအပ်တာတဲ့။ ဒါပေမဲ့  သာမန်အင်မော်တယ်ဝင်ရိုးက အနည်းဆုံး အင်မော်တယ်ဝင်ရိုးကျောက် တစ်ထောင်လောက်ပဲ လိုအပ်တယ်။

တချို့လူတွေက အဲဒီလောက် ကျောက်တုံးတွေကို မစုဆောင်းနိုင်တော့  ရာဂဏန်းလောက်နဲ့ ရအောင် လုပ်ကြတယ်။ အဲဒါကြောင့် သူတို့ အင်မော်တယ်ဝင်ရိုးက အားနည်းနေတာပဲ”

မိုဝူကျီက မြန်မြန် ပြန်ဖြေလိုက်ရသည် …

“အဲဒါဆို  အင်မော်တယ်လောက အစစ်က လူတွေလည်း  အင်မော်တယ်ဝင်ရိုး ကျောက်တုံးတွေကို သုံးပြီးတော့  အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းဖို့ လိုအပ်တာပဲလား”

ဟန်ချင်းရုက ခေါင်းခါကာ …

“မဟုတ်သေးဘူး။ ကျမအဖေ ပြောတာတော့  သူတို့ အင်မော်တယ်လောကမှာ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့  နည်းလမ်းအမျိုးမျိုး ရှိတယ်တဲ့။ အင်မော်တယ် ဝင်ရိုးကျောက်တုံးက အဲဒီထဲက နည်းလမ်းတစ်ခုပဲ။

နောက်တစ်ခုက  လူတစ်ယောက်၏ တာအိုအသိဉာဏ်ပွင့်မှုပေါ် မူတည်ပြီးတော့လည်း အင်မော်တယ်ဝင်ရိုး ဖြစ်လာနိုင်သေးတယ်။

ဒါပေမဲ့ ကျမတို့က ယုံရင်အစွန်းအဖျားမှာဆိုတော့ တာအိုစည်းမျည်း ဥပဒေသတွေက ပြည့်စုံမနေဘူး။ အဲဒါကြောင့် အသိဉာဏ်ပွင့်ပြီးတော့ ပါရမီကောင်းနေတယ် ဆိုရင်တောင်  အင်မော်တယ်ဝင်ရိုး ဖြစ်တည်လာဖို့ အင်မော်တယ် ဝင်ရိုးကျောက်တုံး သုံးဖို့ လိုလိမ့်မယ်”

“ကျုပ်က အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီးသွားရင် အင်မော်တယ် ဖွေရှာလှေကားကို တက်နိုင်ပြီလား” မိုဝူကျီက မေးလိုက်သည်။

“ဟုတ်တယ်။ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီးတဲ့ ကောင်းကင်အင်မော်တယ် ကျင့်ကြံသူတွေပဲ အင်မော်တယ် ဖွေရှာလှေကားကို တက်နိုင်ပြီးတော့ အစစ်အမှန် အင်မော်တယ် တစ်ယောက် ဖြစ်လာနိုင်တာ” ဟန်ချင်းရုက သက်ပြင်းချကာ ပြောလိုက်သည်။

“အဲဒါဆို စီနီယာအစ်မချင်းရု ... ကောင်းကင် အင်မော်တယ်အဆင့် ရောက်ပြီးသွားရင် အဲထက် မြင့်တဲ့အဆင့်တွေက  ဘာတွေလဲ” မိုဝူကျီက အင်မော်တယ်နယ်မြေနှင့် အင်မော်တယ် လောကကြားမှ ကွာခြားချက်နှင့် အင်မော်တယ်ဝင်ရိုး ကျောက်တုံးအကြောင်းကို အကြမ်းဖျင်း နားလည်သွား၏။

ထိုစဉ် သူက ယင်ပြန့်မြို့မှာ ယုံရင်၏ အစွန်းအဖျားတွင် လာရောက်တည်ထားသော အဆင့်နိမ့် မြို့သေးလေးဖြစ်ကြောင်း မေးစရာမလိုဘဲ သိသွားသည်။ ထိုအရာ၏ ဦးစားပေး ပန်းတိုင်မှာ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများ စုဆောင်းရန် ဖြစ်၏။

ဟန်ချင်းရုက ပြန်ဖြေလိုက်သည်  “ကောင်းကင် အင်မော်တယ်အဆင့် ပြီးရင် ကျင်းရှန်းပဲ  ပြီးသွားရင်တော့ ရွမ်ရှန်း ...”

“အဲဒါဆို ရွမ်ရှန်းအဆင့် နောက်မှာရော ...”

“ပြီးသွားရင်တော့  မဟာ ယီရှန်း၊ မဟာ ကျီရှန်းနဲ့ မဟာ လောရှန်းတို့ပဲ။ မဟာယီရှန်းကို တာ့ယီရှန်းလို့လည်း ခေါ်ကြတယ်။  မဟာကျီရှန်းကိုတော့  စစ်မှန်ခြင်း ကျီရှန်းကျွင်းလို့  ခေါ်ပြီးတော့ မဟာလောရှန်းကို  လောထျန်းရှန့်ရှန်းလို့  ခေါ်တယ်”

“အဲဒါဆို မဟာ လောရှန်းက အင်မော်တယ်ထဲမှာ အားအကောင်းဆုံးလား” သူက ပိုသိလာလေလေ မိုဝူကျီက သေးနုပ်လာလေလေ ခံစားမိနေသည်။ သူက အင်မော်တယ်ဝင်ရိုးပင် မဖွဲ့စည်းရသေးသည့် မြေကမ္ဘာ အင်မော်တယ်အဆင့်လေး ဖြစ်ကာ ကောင်းကင် အင်မော်တယ် အဆင့်နောက်၌ အဆင့်များစွာ ကျန်ရှိနေသေး၏။

ဟန်ချင်းရုက အဖြေပြန်ပေး လိုက်သည် …

“မဟုတ်သေးဘူး ... အင်မော်တယ်ဘုရင်ဆိုတဲ့ အဆင့်လည်း ရှိသေးတယ် ကြားတယ်။  အင်မော်တယ် ဘုရင်တွေက တကယ့်ထိပ်တန်းတွေတဲ့။ သူတို့လှုပ်ရှားသမျှ အကွက်အားလုံးက လျှို့ဝှက် ပညာရပ်တွေချည်းပဲတဲ့”

မိုဝူကျီက တိတ်ဆိတ်သွားလေ၏။ သူက မေးခွန်းများကို ဆက်၍ မမေးတော့ပေ။ အင်မော်တယ်ဘုရင်နှင့် ယှဉ်လျှင် သူက မြေကမ္ဘာအင်မော်တယ် အဆင့်တစ်ယောက်သာ ဖြစ်နေလေ၏။ သူက ကောင်းကင်အဆင့်လွန်ဆုံး ဖြစ်နေသော်လည်း ပုရွက်ဆိတ်များကြားမှ ပုရွတ်ဆိတ် တစ်ကောင်မျှသာ ရှိနေသေး၏။

မိုဝူကျီ၏ စိတ်ဓာတ်ကျမှုကို ခံစားမိပြီး ဟန်ချင်းရုက နှစ်သိမ့်ပေးလိုက်သည် …

“ဂျူနီယာမောင်လေးမို ... အင်မော်တယ် ဘုရင်အဆင့်လည်း အောက်ဆုံးကနေ စကျင့်လာရတာပဲလေ။  ရှင်က ဆေးပညာရော အစီအရင်တွေရော နှံ့စပ် ကျွမ်းကျင်နေတာကို တစ်ရက်ကျ အင်မော်တယ်ဘုရင် ဖြစ်မလာနိုင်ဘူးလို့  ဘယ်လိုလုပ်သိမှာလဲ”

မိုဝူကျီက ရယ်မောလိုက်ပြီး ..

“စီနီယာအစ်မချင်းရု  ပြောတာ မှန်တယ်။  ကျုပ်လည်း အင်မော်တယ်ဘုရင် ဖြစ်မလာနိုင်ဘူးလို့ ပြောလို့မှ မရသေးတာ ...”

ဤနှစ်တွေအတွင်း သူက ဝိညာဉ်ကြောမရှိသည့် သာမန်ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်ခဲ့သည်။ လူများက  သူ့ကို မကျင့်ကြံနိုင်ကြောင်း ပြောကြသော်လည်း သူက ကိုယ်ပိုင်ကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့သေး၏။ သူ့ကျင့်စဉ်မှာ အင်မော်တယ် မော်တယ်ကျင့်စဉ်အပေါ် မူတည်၍ ဖန်တီးထားသော်လည်း ယခုအခါတွင် ယခင်ကျင့်စဉ်၏ အရိပ်အယောင် လုံးဝမပါရှိတော့ပေ။

သူ မကျင့်ကြံနိုင်သည်နှင့် ယှဉ်လျှင် သူက အများကြီး ရောက်နေလေပြီ။ သူက အင်မော်တယ်ဘုရင် ဖြစ်မလာနိုင်ဘူးလို့ မည်သူများ သိမည်နည်း။

ဟန်ချင်းရုက မိုဝူကျီ၏ ယုံကြည်ချက်ရှိရှိပုံစံကို မြင်ရမှ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ ကျင့်ကြံသူ တစ်ယောက်၏ အဆိုးရွားဆုံး ကြောက်ရွံ့မှုမှာ ယုံကြည်ချက် ပျောက်ဆုံးသွားခြင်း ဖြစ်ပေသည်။

“စီနီယာအစ်မချင်းရု ... ကျုပ် မေးစရာနှစ်ခု ရှိသေးတယ်။ လူတစ်ယောက်က သေပြီးသွားရင် ပြန်ပြီး ရှင်သန်နိုင်လား။ ဒါမှမဟုတ် သူ့ဝိညာဉ်က ဒီအတိုင်း ပျောက်ကွယ်သွားတာလား”

ထိုမေးခွန်းမှာ မိုဝူကျီ စိတ်ထဲအမြဲရှိနေသည့် အကြောင်းအရာ ဖြစ်ပေသည်။ ယခု သူက ကောင်းကင်အင်မော်တယ် တစ်ယောက်ကို မြင်တွေ့နိုင်ပြီ ဖြစ်၍ ဤမေးခွန်းကို ထုတ်မေးလိုက်ခြင်း ဖြစ်သည်။

ခဏကြာ တိတ်ဆိတ်နေပြီးနောက် ဟန်ချင်းရုက ပြန်ဖြေလိုက်သည် …

“ကျမ အဖေပြောဖူးတာတော့ လူတစ်ယောက် သေဆုံးပြီးသွားရင် သူက သံသရာ လောကထဲ ကျရောက်သွားတယ်။ တကယ်လို့ သူ့ခန္ဓာကိုယ်က လက်ရှိ ရှိနေသေးတယ်ဆိုရင် တချို့ ထိပ်တန်းပညာရှင်တွေက အဲဒီသူရဲ့ဝိညာဉ်ကို ပြန်ရှာပြီးတော့ အသက်ပြန်သွင်း ပေးနိုင်ကြတယ် ...”

“အဲဒါဆို လူတစ်ယောက်ကို တကယ် အသက်ပြန်သွင်းနိုင်တာပေါ့” မိုဝူကျီက ဟန်ချင်းရု၏ နူးညံ့လှသည့် လက်မောင်းကို ဆုပ်ကိုင်ကာ  အလောတကြီး မေးလိုက်သည်။

“ဂျုနီယာမောင်လေးမို လွတ်ပါဦး ...” ဟန်ချင်းရု မျက်နှာမှာ နီရဲနေလေ၏။ မိုဝူကျီက သူ့ကို ပွေ့ဖက် ထားဖူးသော်လည်း ထိုအချိန်အခါမှာ အန္တရာယ်ကြား ကျရောက်နေသည့် အချိန် ဖြစ်၏။ ယခုအခါ သူတို့က အန္တရာယ်ကြားထဲ ကျရောက်နေခြင်း မဟုတ်၍ မိုဝူကျီ၏ အပြုအမူများမှာ လွန်လွန်းနေသည်။

“တောင်းပန်ပါတယ်။ ကျုပ် အရမ်း စိတ်လှုပ်ရှားသွားမိလို့ပါ။ စီနီယာအစ်မ ကျုပ်ကို ပြောပြပေးပါဦး” မိုဝူကျီက လက်ကို လွှတ်လိုက်ပြီးနောက် သူ့စိတ်နှလုံးသားမှ ခံစားချက်များကို ချိုးနှိမ် မထားနိုင်သေးပေ။

မိုဝူကျီကို လက်ကို လွှတ်လိုက်ပြီးနောက် ဟန်ချင်းရုက ဖြည်းဖြည်းချင်း ပြောလိုက်သည် …

“အဲဒါက ဖြစ်နိုင်တယ်ဆိုပေမဲ့  အခြေအနေတချို့တော့ ရှိတယ်။ လူသားခန္ဓာကိုယ်က အချိန်အတော်ကြာ ပျောက်ကွယ်မသွားရဘူး။ အသက်ဓာတ် အင်မော်တယ်ဆေးပင်နဲ့ အာဟာရ ပေးထားဖို့ လိုအပ်တယ်။

ပြောရမယ်ဆိုရင်တော့ ကိုယ်ပိုင်ဝိညာဉ် နယ်မြေထဲမှာ ထားထားနိုင်ရင် အကောင်းဆုံးပဲ။ အဲဒီလိုလုပ်ပြီးသွားရင်  အသက်ဓာတ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်ပေးနိုင်မဲ့ ပညာရှင်ကို ရှာရမယ်”

သူက ထိုအရာကို ကြားပြီးနောက် ရေအေးနှင့် လောင်းချခံလိုက်ရသည့် အလား ခံစားလိုက်ရသည်။ သူ့တွင် မည်သို့ ကိုယ်ပိုင်ဝိညာဉ်နယ်မြေ ရှိနိုင်မည်နည်း။  အသက်ဓာတ် အင်မော်တယ်ဆေးပင်မှာ အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်သည့်အတွက် သူက မည်သို့ ရှာရမည်နည်း။  ထိပ်သီးပညာရှင် အတွက် သူက မြေကမ္ဘာ အင်မော်တယ် အဆင့်လေးသာ ဖြစ်၍ ထိုသို့မျိုး အားကောင်းသည့် လူ၏ အကူအညီကို မည်သို့ တောင်းခံရမည်နည်း။

မိုဝူကျီ၏ ခံစားချက်များကို သိသည့်အလား ဟန်ချင်းရုက ဆက်မပြောတော့ပေ။ သူမက မိုဝူကျီဘေးနား တိတ်တဆိတ်သာ ထိုင်နေလေ၏။

အချိန်ခဏအကြာတွင် သူမက မိုဝူကျီသည် စကားတစ်ခွန်းမျှ မပြောဘဲ တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက သိုလှောင်လက်စွပ် နှစ်ကွင်းထုတ်ကာ မိုဝူကျီဆီ ပေးလိုက်သည် …

“ဂျုနီယာမောင်လေးမို ... ဒီဟာက ကျိညီအစ်ကိုရဲ့ လက်စွပ်တွေပါ။ တစ်ချက် ကြည့်ကြည့်ပါဦး”

မိုဝူကျီက လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူက တတ်နိုင်သမျှ မြန်မြန်ပို၍ အားကောင်းရန် လိုအပ်နေပေသည်။  မဟုတ်သေးဘူး ပို၍ပို၍ပို၍ အားကောင်းရန် လိုအပ်နေသည်။ ထိုအရာမှာ သူ့အတွက် မဟုတ်ဘဲ ချိန်စုယင်အတွက်သာ ဖြစ်၏။

“စီနီယာအစ်မ ချင်းရုကို ကျေးဇူးတင်ပါတယ်” မိုဝူကျီက သိုလှောင်လက်စွပ်များကို လက်ခံယူလိုက်သည်။

“ဂျုနီယာမောင်လေးမို ပြောတော့ မေးခွန်းနှစ်ခုရှိတယ်ဆို ... ဒုတိယတစ်ခုက ဘာများလဲ” မိုဝူကျီက အသိပြန်ကပ် လာသည်ကို မြင်၍ ဟန်ချင်းရုက မေးလိုက်သည်။

မိုဝူကျီက သက်ပြင်းချလိုက်ရင်း  “ဒုတိယမေးခွန်းက သိပ်အရေးမကြီးပါဘူး  ... ထားလိုက်ပါ ...”

မိုဝူကျီက ဟန်ချင်းရုကို ကမ္ဘာမြေ မည်သို့ ပြန်ရမည့် အကြောင်းကို မေးမြန်းချင်သော်လည်း ချိန်စုယင် ကိစ္စနှင့် ယှဉ်လာလျှင် အရာအားလုံးမှာ လွင့်မျောနေသည့် တိမ်တွေကဲ့သို့ အရေးမပါပေ။

သူက ရှားရိုယင် လုပ်ကြံသည့် အကြောင်းကိုလည်း ဂရုမစိုက်တော့ချေ။ သူ့အတွက် ဖြတ်တိုက်သွားသည့် လေအလား ပြီးဆုံးသွားလေပြီ။ ထိုအကြောင်း ထပ်တွေးရန် မလိုတော့ပေ။

မိုဝူကျီ၏ အစီအရင်တာအို ကျွမ်းကျင်မှုအရ သူက သိုလှောင်လက်စွပ် နှစ်ကွင်းပေါ်မှ အတားအဆီးများကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်။

“ချမ်းသာချက် ” မိုဝူကျီက ကျိညီအစ်ကို လက်စွပ်မှ အင်မော်တယ် ကျောက်များကို မြင်သောအခါ တအံ့တဩ မရေရွတ်မိဘဲ မနေနိုင်ချေ။

ယခင် သူက အင်မော်တယ် ဝင်ရိုးကျောက်တုံး တစ်သိန်းကို အဆင့်နိမ့် အင်မော်တယ်ကျောက် သုံးသန်းဖြင့် လဲလှယ်ခဲ့ရသည်။ ကျိညီအစ်ကို၏ သိုလှောင်လက်စွပ်အတွင်း  အဆင့်နိမ့် အင်မော်တယ်ကျောက် ၂ သန်းကျော် ရှိနေသည့်အပြင်  အဆင့်နိမ့် အင်မော်တယ်ကျောက်ထက် မြင့်သည့် အင်မော်တယ်ကျောက် သောင်းဂဏန်းနီးပါး ရှိနေသေး၏။

မိုဝူကျီက အင်မော်တယ်ကျောက်များကို လက်ထဲ ဆုပ်ကိုင်လိုက်သည့်အခါ ထိုအတွင်းမှ စွမ်းအားများကို ချက်ချင်း ခံစားမိလိုက်သည်။

“စီနီယာအစ်မချင်းရု ... ဒါတွေက အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်တွေလား”

မိုဝူကျီက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူလိုအပ်နေသည့် အရာမှာ ကျင့်ကြံခြင်း အထောက်အပံ့များ ဖြစ်ကာ ဤအလယ်အလတ်အဆင့် ကျောက်များဖြင့် သူက ကောင်းကင်အင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ပေလိမ့်မည်။

အခြားသူများတွင် အင်မော်တယ် ဝင်ရိုးကျောက်တုံးများ မရှိကြသော်လည်း မိုဝူကျီ၌ အလုံးအရင်းလိုက် ရှိပေသည်။

***

All Chapters