← Chapters

ကောင်းကင်အင်မော်တယ်အဆင့်ဆီ တက်လှမ်းခြင်း

Vol. 33 Ch. 457

ကောင်းကင်အင်မော်တယ်အဆင့်ဆီ တက်လှမ်းခြင်း

Vol. 33 Ch. 457

“ဟုတ်တယ် အဲဒါတွေက အလယ်အလတ်အဆင့် အင်မော်တယ်ကျောက်တွေပဲ။ အဲဒါနဲ့ဆိုရင် ရှင် ကောင်းကင်အင်မော်တယ် အဆင့် တက်လှမ်းနိုင်လိမ့်မယ် ...” ဟန်ချင်းရုက ဖြေလိုက်သည်။

မိုဝူကျီက ဝမ်းမြောက်စွာ ပြောလိုက်သည် …

“စီနီယာအစ်မချင်းရု ... ကျုပ် ကောင်းကင် အင်မော်တယ်အဆင့် တက်ဖို့ ပြင်လိုက်ဦးမယ်။ ခင်ဗျားလဲ ဒီမှာနေပြီးတော့ အင်မော်တယ်ဝင်ရိုးဖွဲ့စည်းဖို့ ကြိုးစားကြည့်ပါ့လား”

“အာ” ဟန်ချင်းရုက ခေါင်းခါပြီး မငြင်းခင် ကြောင်အမိသွားသည်  “ဂျုနီယာမောင်လေးမို ... ရှင်ပဲ အရင်ကျင့်ကြံပါ။ ကျမက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ အခု မလိုသေးပါဘူး”

အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းသည့် ကိစ္စမှာ ပြောရုံနှင့် ပြီးသွားသည့်ကိစ္စ မဟုတ်ချေ။ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများစွာ လိုအပ်နေသေးသည် မဟုတ်ပါလော။ သို့သော်လည်း သူမတွင် ကျောက်တုံး တစ်တုံးပင် မရှိချေ။ မိုဝူကျီက အင်မော်တယ် ဝင်ရိုးကျောက်တုံး တစ်တုံးရှိလျှင်ပင် ထိုအရေအတွက်မှာ အင်မော်တယ်ဝင်ရိုး ဖြစ်ပေါ်ဖို့ရာ မလုံလောက်သေးပေ။

မိုဝူကျီက ပြုံးလိုက်ပြီး လက်စွပ်တစ်ကွင်း ထုတ်ယူကာ ဟန်ချင်းရုဆီ ပေးလိုက်သည် …

“စီနီယာအစ်မချင်းရု ... ဒီထဲမှာ အင်မော်တယ် ဝင်ရိုးကျောက်တုံးတွေ ပါတယ်။ စိတ်ကြိုက်သုံးပါ။ မလောက်ရင်လည်း ကျုပ်ကို အသိပေး ...”

ဟန်ချင်းရုက သိုလှောင်လက်စွပ်ကို နားမလည်စွာ ကြည့်လိုက်သည်။ ထို့နောက် စိတ်စွမ်းအား ပို့လွှတ်ပြီး အာရုံခံကြည့်လိုက်သည့် အခါ အလွန်အံ့ဩမိသွားသည်။ ခဏအကြာတွင် သူမက  …

“အင်မော်တယ် ဝင်ရိုးကျောက်တုံး သန်းချီ ရှိနေတာလား”

မိုဝူကျီက “အမ်း” တစ်လုံးတည်း  ပြန်ဖြေလိုက်ပြီးနောက် …

“ကျုပ်က အင်မော်တယ်တစ်ပိုင်း နယ်ပယ်က လာတာဆိုတော့ အခြားဟာ မရှိရင်တောင် အင်မော်တယ် ဝင်ရိုးကျောက်တုံးတော့ ရှိတယ်”

ထိုသို့ပြောပြီးနောက် မိုဝူကျီက အစီအရင်အလံ ဆယ်ခု ပစ်လွှတ်ကာ ဟန်ချင်းရုနှင့် သူ့ကို ခြားထားလိုက်သည်။ တစ်ချိန်တည်းတွင် သူက အဆင့်နိမ့် အင်မော်တယ် ကျောက်အပုံလိုက်နှင့် အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် ဆယ်ဂဏန်းကို ထုတ်ကာ ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းရန် ပြင်ဆင်လိုက်သည်။

ဟန်ချင်းရုက နောက်ဆုံးတွင် အသိပြန်ဝင်လာပြီး ခုခံရေး အစီအရင်အတွင်းမှ မိုဝူကျီကို အံ့ဩတကြီး ငေးကြည့်နေမိ၏။ သူမက သူမ၏ ဂျုနီယာမောင်လေး အသစ်မှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်၌ ရိုးရိုးတမ်းတမ်း ပုဂ္ဂိုလ်မဟုတ်မှန်း သေချာသွားသည်။

လူတစ်ယောက်တွင် ထိုမျှ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများ ရှိနေသည်လား။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ အင်မော်တယ် ဝင်ရိုးကျောက် ဝယ်ယူသည့်အခါ အင်မော်တယ် နယ်မြေဘက်မှ လူများက ရာဂဏန်းလောက်သာ ရရှိခြင်း ကြားဖူး၏။

ဤလက်စွပ် တစ်ကွင်းတည်းဖြင့် အင်မော်တယ်ဝင်ရိုးကျောက် ဆယ်နှစ်တာ စုဆောင်းမှုနှင့် ညီမျှပေသည်။

အချိန်ခဏအကြာတွင် ဟန်ချင်းရုက နဂိုအတိုင်း ပြန်ဖြစ်လာပြီး သူမက အင်မော်တယ် ဝင်ရိုးကျောက်များကို ဆုပ်ကိုင်ကာ သူမ အင်မော်တယ်ဝင်ရိုးကို စတင်ဖွဲ့စည်းလိုက်သည်။ သူမက အင်မော်တယ်လောကကို မသွားနိုင်သည်မှာ သူမကိုယ်တွင် ရှိနေသည့် အမှတ်အသားကြောင့် ဖြစ်သလို အင်မော်တယ်ဝင်ရိုးကျောက် တစ်တုံးတလေမျှ မရှိသည့်အတွက် ဖြစ်ပေ၏။

ယခု ဂျုနီယာမောင်လေးမိုက သူမ အမှတ်အသားကို ဖယ်ရှားပေးရုံသာမက သူမကို အင်မော်တယ်ဝင်ရိုး ကျောက်တုံးများလည်း အများကြီး ပေးနေသေးသည်။ သူမက မည်သို့ စိတ်မလှုပ်ရှားပဲ နေနိုင်မည်နည်း။  ထိုမျှ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများဖြင့် သူမ  ပါရမီကို ပေါင်းစပ်လိုက်လျှင် အင်မော်တယ်ဝင်ရိုးကို အောင်အောင်မြင်မြင် ဖြစ်တည်လာလိမ့်မည်။  သူမ အင်မော်တယ်ဝင်ရိုး ဖြစ်ပေါ်လာသည်နှင့် အင်မော်တယ်လောကဆီ သွားနိုင်လိမ့်မည်။

***

ဤသည်က မိုဝူကျီအတွက် အင်မော်တယ်ကျောက်များကို သုံး၍ ဒုတိယအကြိမ် ကျင့်ကြံခြင်း ဖြစ်ပေသည်။ ပထမတစ်ကြိမ်တွင် သူက အင်မော်တယ်ကျောက် တစ်ထောင်သာ အသုံးပြုခဲ့ရသည်။ အင်မော်တယ်လျိုအတွင်း သူက ကျင့်ကြံနေသော်လည်း အင်မော်တယ်ကျောက်မှ စွမ်းအားအများစုမှာ ဖြုန်းတီးသလို ဖြစ်သွားခဲ့၏။ ယခု သူ့လက်ရှိအခြေအနေကို  စစ်မှန်သည့် ကျင့်ကြံခြင်းဟု ခေါ်ဆိုရပေမည်။

အဆင့်နိမ့် အင်မော်တယ်ကျောက်များက တစ်တုံးပြီး တစ်တုံး မိုဝူကျီဘေးတွင် ပျောက်ကွယ်ကုန်ကြသည်။ မိုဝူကျီ၏ ကျင့်ကြံဆင့်မှာလည်း ဆက်တိုက် မြင့်တက်နေ၏။ တစ်လအတွင်း မိုဝူကျီက မြေကမ္ဘာအင်မော်တယ် အဆင့် ၁၂ မှ ပြီးပြည့်စုံခြင်းအဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်။

သူ့အနီးအနားမှ အင်မော်တယ်ကျောက်များကို စုစည်းပြီးနောက် မိုဝူကျီက မတ်တတ်ရပ်ကာ အစီအရင်ကို ဖြေလျော့လိုက်သည်။

ဟန်ချင်းရုက သူမ အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းနေဆဲ ဖြစ်ကာ သူမနောက်၌ မှိန်ဖျဖျ အင်မော်တယ် အငွေ့အသက်များ ထွက်ပေါ်နေသည်။ မိုဝူကျီက ထိုအရာမှာ ဟန်ချင်းရု ဖွဲ့စည်းထားသော အင်မော်တယ်ဝင်ရိုး ဖြစ်လိမ့်မည် ဖြစ်ကြောင်း မှန်းဆမိသည်။

သူမက ဤနေရာတွင် ထိုင်နေသည်မှာ နတ်သမီး တစ်ပါးနှင့် တူလှသည်။ သူမ  ဆံပင်ရှည်များက ကြောရှင်းလှပကာ နူးညံ့လှသည့် ပခုံးသားပေါ် သေသေသပ်သပ် ဖြာကျနေသည်။ သူမ၏ ချောမောလှပပြီး ဆွဲဆောင်မှုရှိလှသော သွင်ပြင်နှင့် ပေါင်းစပ်လိုက်သည့်အခါ သူမ၏ အလှတရားကို မချီးကျူးမိပဲ မနေမိတော့ချေ။

လောင်ချိုက်က ဟန်ချင်းရု အပေါ် အတော်လေး စွဲလမ်းနေသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ သူမက အမှန်ကို အတော်လေး လှပလွန်း၏။ ထို့အပြင် သူမက အပြင်ဘက်တွင် နူးညံ့သည့်ဟန် ပေါ်သော်လည်း စိတ်အတွင်း၌ ပြတ်သားမှုများလည်း ရှိပေသည်။ သူမက မိုဝူကျီ လေးစားရသည့် လူစားမျိုး ဖြစ်သည်။

မိုဝူကျီက သူမကို မနှောင့်ယှက်တော့ပဲ  မိုးကြိုးစမ်းသပ်ချက် ခံယူမည့် အကြောင်း ကျောက်စိမ်းပေလွှာတစ်ခု ချန်ထားကာ ဂူထဲမှ ထွက်သွားလိုက်သည်။

မိုဝူကျီက ဤနေရာတွင် သူ့မိုးကြိုးစမ်းသပ်ချက်ကို မရင်ဆိုင်ရဲပေ။ ဤနေရာမှာ ပုန်းအောင်းနေသည့် နေရာ ဖြစ်သည့်အတွက် ဤနယ်ပယ်တစ်ဝိုက် မလုပ်သည်က ပို၍ ကောင်းပေသည်။ ထို့အပြင် ဟန်ချင်းရု စကားများအရ ဤနေရာတွင် အားကောင်းသည့် သားရဲများစွာ ရှိသည့်အတွက် သူ့အတွက် လုံခြုံသည့် နေရာကို ရှာရန် ပို၍ လိုအပ်နေသည်။

သူ့ယာဉ်ပျံကို ထုတ်ကာ မိုဝူကျီက  အမြန်ဆုံးနှုန်းဖြင့် ကြာငါးသွယ် တောင်အနက်ပိုင်းဆီ ပျံသန်းလာလိုက်သည်။

သုံးရက်အကြာတွင် မိုဝူကျီက ကုန်းပြေမြင့်တစ်ခု အပေါ်၌ ရပ်လိုက်သည်။ ဤနေရာမှာ ကြာငါးသွယ် တောင်စပ်နှင့် ကွာဝေးလှပေသည်။ ထို့အပြင် ဤနေရာတွင်  ရှည်လျားနေသည့် တောင်များ မရှိသလို လျိုများလည်း မရှိသည့်အတွက် သားရဲများ အနီးအနား၌ ရှိမည်မဟုတ်ပေ။

ပို၍ အရေးကြီးသည်က ဤနေရာရှိ အင်မော်တယ် စွမ်းအားများမှာ ပေါကြွယ်ဝ၍ မိုးကြိုးစမ်းသပ်ချက် ခံယူရန် သင့်တော်လှ၏။

မိုဝူကျီက အဆင့်နိမ့် အင်မော်တယ်ကျောက် တစ်သိန်းကို ထုတ်လိုက်ပြီးနောက် သူ့ဘေးနားတစ်ဝိုက်၌  ခုခံရေး အစီအရင်နှင့် စွမ်းအားစုစည်းခြင်း အစီအရင်ကို  ပြုလုပ်ထားလိုက်သည်။  ထိုစဉ် သူက ကျိညီအစ်ကိုကို ကျေးဇူးတင်မိ သွားသည်။ ကျိညီအစ်ကိုသာ ဟန်ချင်းရုနှင့် သူတို့နောက် လိုက်မလာလျှင် သူက အင်မော်တယ်ကျောက်များ ဘယ်မှရမည်နည်း။

ကောင်းကင်အင်မော်တယ် အဆင့်ကို တက်လှမ်းဖို့ရာ အတိဒုက္ခ ဖြတ်ကျော်ခြင်း ဆေးလုံး လိုအပ်သော်လည်း မိုဝူကျီတွင် မရှိချေ။ သို့သော်လည်း မိုဝူကျီက စိုးရိမ်ခြင်း မရှိချေ။ သူ့ကျင့်စဉ်များမှာ တခြားလူများနှင့် ကွာခြားပေသည်။ အနည်းဆုံးတော့ မိုဝူကျီက စတင်ကျင့်ကြံ ကတည်းမှ  ပိတ်ဆို့မှုကို တစ်ခါမျှ မကြုံရသေးပေ။ သူ ရင်ဆိုင်ရသည့် တစ်ခုတည်းသော ပိတ်ဆို့မှုမှာ ကျင့်ကြံခြင်းအတွက် လိုအပ်သည့် အထောက်အပံ့၊ အရင်းအမြစ်များ ဖြစ်ပေ၏။

မိုဝူကျီ၏ ပြောင်းပြန် လှည့်ပတ်မှုနောက်တွင် အဆင့်နိမ့် အင်မော်တယ် ကျောက်များမှ စွမ်းအားက သူ့ဆီ စီးဝင်လာသည်။ အချိန်တိုလေးအတွင်း  သူ့နောက်တွင် မှိန်ဖျဖျ အင်မော်တယ် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသော်လည်း အမွေးတိုင်တစ်တိုင်စာ ကြာချိန်နောက်၌   သူ တပ်ဆင်ထားသော စွမ်းအား စုစည်းခြင်း အစီအရင်မှာ ပတ်ဝန်းကျင်မှ အင်မော်တယ် ဝိညာဉ်စွမ်းအားများကို စတင်စုပ်ယူပေးလာသည်။

မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ ဆက်တိုက် မြင့်တက်နေကာ မိုးကြိုးချက် ခံယူရန် ပြင်ဆင်နေသည်။ ထို့နောက် သူက ကောင်းကင် အင်မော်တယ်အဆင့်သို့ ရောက်ရှိပေလိမ့်မည်။

အချိန်ကုန်ဆုံးလာသည်နှင့် အမျှ မိုဝူကျီက အင်မော်တယ် ကျောက်များကို ထပ်ကာ ထုတ်ယူလိုက်သည်။ တစ်ချိန်တည်းတွင် သူ့စွမ်းအား စုစည်းခြင်း အစီအရင်က စွမ်းအားများ ပိုမို၍ စုပ်ယူလာသည်။ သို့သော်လည်း သူ့စိုးရိမ်မှုမှာလည်း မြင့်တက်လာပေ၏။ သူက လက်ရှိ အခြေအနေမျိုးနှင့် တစ်ခါမျှ မကြုံတွေ့ဖူးပေ။ သူ့စွမ်းအားမှာ ဆက်တိုက် မြင့်တက်လာကာ သူ့ခန္ဓာအတွင်းမှ ချီသွေးကြောများမှာလည်း အင်မော်တယ် ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေပြီး ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းရန် နီးကပ်လို့ နေချေပြီ။ သို့သော်လည်း မိုးကြိုးကျရောက်လာမည့် အရိပ်အယောင်ပင် ပေါ်မလာချေ။

သူ့လက်စွပ်ထဲမှ အင်မော်တယ်ကျောက် အရေအတွက် နည်းပါးသွားသည်ကို  ခံစားမိပြီး မိုဝူကျီ စိတ်ထဲ လေးလံလာမိသည်။ သူ့၌  အတိဒုက္ခဖြတ်ကျော်ခြင်း ဆေးလုံး ရှိရန် ဆုတောင်းမိလိုက်သည်။  အကယ်၍ သူ့တွင် ဆေးလုံးရှိနေပါက မိုးကြိုးလျှပ်စီးချက်ကို နှိုးဆွနိုင်လိမ့်မည်။

ဤသည်က မိုဝူကျီအတွက် မိုးကြိုးစမ်းသပ်ချက် ခံယူရန် မဟုတ်ကြောင်း ခံစားမိသည့် ပထမဆုံအကြိမ် ဖြစ်ပေသည်။

နောက်တစ်ရက် ကုန်ဆုံးသွားလေ၏။ မိုဝူကျီက အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် နောက်ဆုံး အရေအတွက်ကို ထုတ်ယူလိုက်တော့သည်။ သူက ဤအလယ်အလတ် အဆင့် အင်မော်တယ် ကျောက်များမှာ  မိုးကြိုးစမ်းသပ်ချက် ဆင့်ခေါ်ရန် မလုံလောက်ကြောင်း သိလိုက်သည်။ ထို့နောက် သူက ဤကိစ္စကို လက်လျှော့လိုက်ပေ၏။ သူက အတိဒုက္ခဖြတ်ကျော်ခြင်း ဆေးလုံး ဖော်စပ်ရန်  လိုအပ်နေသည့် အင်မော်တယ် ဆေးပင်ကို ရှာကာ ဖော်စပ်လိုက်မည်။

“ဝေါင်း”

ကျယ်လောင်သည့် မာန်ဖီသံက ထွက်ပေါ်လာ၏။ မိုဝူကျီက သားရဲတစ်ကောင် လာနေပြီမှန်း သိလိုက်သည်။ သူ့တွင် ထိပ်သီး လေလွတ်မြောက်ရေး နည်းစနစ်ကို ပိုင်ဆိုင် ထားသော်လည်း သူက သားရဲများ အနီးရောက်လာစေဖို့ ဆန္ဒမရှိပေ။

မိုးကြိုးစမ်းသပ်ချက်သည် သူ့အကြံများကို လုံးဝ ဖျက်ဆီးပစ်လိုက်၏။ နဂိုက သူသည် တစ်ရက်တာ စမ်းသပ်ချက် ခံယူရန် ပြင်ဆင်ထားရာ  ယခုတွင် ငါးရက်တာ ကုန်ဆုံးသွားသော်လည်း မိုးကြိုး စမ်းသပ်ချက်က ကျရောက် မလာသေးပေ။ မိုးကြိုးစမ်းသပ်ချက် မပါရှိဘဲ သူက အင်မော်တယ် စွမ်းအားများကို အသည်းအသန် စုပ်ယူနေသောကြောင့် သားရဲ၏ အာရုံစိုက်ခံလိုက်ရသည်မှာ မထူးဆန်းတော့ပေ။

မိုဝူကျီက သူ့ကြိုးစားမှု လက်လျော့ရန် ပြင်လိုက်သည့်အချိန် မီတာတော်တော် ရှည်လျားသည့်  မွေးနက် ခြင်္သေ့တစ်ကောင်က သူ့စိတ်စွမ်းအား အာရုံထဲ ပေါ်လာသည်။ ထိုအရာမှာ ကောင်းကင်အင်မော်တယ် အဆင့်ကို ကျော်လွန်နေသည့်သားရဲသာ ဖြစ်ရမ်ည။ မိုဝူကျီ စိတ်ထဲ တင်းကျပ်သွားမိ၏။ သူက  အစီအရင်အလံကို မသိမ်းနိင်ခင်  မွေးနက် ခြင်္သေ့မှာ ကောင်းကင်ဆီ ခုန်ဝင်လိုက်ကြောင်း မြင်လိုက်ရသည်။

မွေးနက် ခြင်္သေ့ လှုပ်ရှားလိုက်သည်နှင့် ထိုခြင်္သေ့ကြီးမှာ သူ့ကို ပစ်မှတ်ထားနေခြင်း မဟုတ်ကြောင်း သိလိုက်သည်။ ခြင်္သေ့ကြီး၏ ပစ်မှတ်မှာ သုံးမျက်လုံး ချိုးငှက်ကြီး ဖြစ်၏။

သုံးမျက်လုံး ချိုးငှက်က မွေးနက် ခြင်္သေ့ ခုန်ဝင်လာသည်ကို မြင်သောအခါ လေထဲတွင် တောင်ပံဖြန့်ကာ  ကောင်းကင်ဆီ တစ်ဟုန်ထိုး ပျံတက်လိုက်သည်။ သို့သော်လည်း သူတောင်ပံခတ်နေ သည်က အနှေးပြကွက်ဖြင့် ပြသနေသည့်အလား တစ်ခုခုမှာ ချုပ်နှောင်ခံလိုက်ရသည်။

မိုဝူကျီက ထိုအရာမှာ မွေးနက် ခြင်္သေ့ကြီး၏ စွမ်းအားစက်ကွင်း ဖြစ်ကြောင်း သိ၏။

ငါ ထွက်သွားရမယ်  ...

မိုဝူကျီ  ထိုအတွေး တွေးမိနေစဉ်  သုံးမျက်လုံးချိုးငှက်က  ပုံရိပ်မည်းတစ်ခု အန်ထုတ်လိုက်သည်။

ထိုအရာက မိုဝူကျီကို ဒေါသပုန် ထသွားစေသည်။ မွေးနက် ခြင်္သေ့က သုံးမျက်လုံးချိုးငှက်ကို တိုက်ခိုက်နေသော်လည်း ထိုငှက်က သူ့ဘက်  လှည့်ကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ထိုပုံရိပ်မည်း၌ သတ်ဖြတ်ချင်စိတ်များ မပါဝင်နေပေ။ ထို့အစား မိုဝူကျီက  အင်မော်တယ် စွမ်းအားများသာ ခံစားမိလိုက်ပြီး သစ်သီးရနံ့ ရရှိလိုက်သည်။

ထိုသစ်သီးရနံ့ ရရှိပြီးနောက် မိုဝူကျီက မြေကမ္ဘာ အင်မော်တယ်အဆင့်၌ ပိတ်လှောင်ထားသော အတားအဆီး နှောင်ကြိုးများ ပြေလျော့လာသည်ကို ခံစားမိလိုက်သည်။

ထိုစဉ် မိုဝူကျီက ထိုသစ်သီးသည် သူ့အား မိုးကြိုးစမ်းသပ်ချက် ခံယူနိုင်စေရန် အသုံးဝင်မှန်း မသိလျှင် သူက အရူးသာ ဖြစ်လိမ့်မည်။ သူက တွေဝေမနေဘဲ သစ်သီးကို ယူကာ ပါးစပ်ထဲ ထည့်လိုက်တော့သည်။ တစ်ချိန်တည်းတွင် သူ့အင်မော်တယ် သဘာဝစွမ်းအားများကို လှည့်ပတ်လိုက်လေ၏။

အင်မော်တယ်စွမ်းအားများ လှည့်ပတ်ခြင်းကြောင့် သစ်သီးမှာ ချက်ချင်း ပျော်ဝင်သွားပြီး မိုဝူကျီ ခန္ဓာကိုယ်ထဲမှ ချီသွေးကြောထဲ စီးဆင်းသွားတော့သည်။ သူ့ခန္ဓာထဲမှ ၁၀၇ ခုသော ချီသွေးကြောတို့မှာ ဆက်တိုက် တဂျွတ်ဂျွတ် မြည်သံများ ထုတ်လွှင့်ရင်း အရှိန်ဟုန် ပြင်းပြင်းဖြင့် ပြောင်းပြန်  လှည့်ပတ်နေကြသည်။

မိုဝူကျီ ခန္ဓာအတွင်း၌  ပေါက်ကွဲအား တစ်ခု ဖြစ်ပေါ်လာကာ ထိုအင်အားက မိုဝူကျီ ခန္ဓာတစ်ခုလုံး ပေါက်ကွဲသွားသည့်အလား ခံစားလိုက်ရစေသည်။

မွေးနက် ခြင်္သေ့က မိုဝူကျီ တစ်ယောက်  အသီး  မျိုချလိုက်သည်ကို မြင်လိုက်သည်နှင့် သုံးမျက်လုံး ချိုးငှက်ကို လက်လျှော့ကာ မိုဝူကျီဘက် လှည့်လာသည်။ သုံးမျက်လုံး ချိုးငှက်က ချက်ချင်းဆိုသလို မွေးနက် ခြင်္သေ့၏ စွမ်းအား စက်ကွင်းကို ချိုးဖျက်ကာ  အရိပ်အဖြစ် ပြောင်းလဲပြီး ကောင်းကင်ဆီ အရှိန်ဖြင့် ပျံသန်းသွားသည်။

***

All Chapters