← Chapters

ဝါဒတောင်က မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး

Vol. 56 Ch. 779

ဝါဒတောင်က မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး

Vol. 56 Ch. 779

အခန်း (၇၇၉) ဝါဒတောင်က မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး

ယန်ယန်လက်ချောင်းသိုင်းကွက်အောက်တွင် ကျန်းချောင်၏လက်သီးချက်က ရန်ကျောက်ကဲ လက်ညှိုးညွှန်ရာနေရာသို့ လမ်းလွဲသွားသည်။

ကျန်းချောင် အလွန်အမင်း တုန်လှုပ်သွားရသည်။ ကံကောင်းသည်မှာ သူက သတိရှိသူဖြစ်သဖြင့် သူ၏သိုင်းကွက်တွင် စွမ်းအားကုန်ထည့်သွင်းထားခြင်းမရှိသောကြောင့် လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ခဲ့သည်။

ကျန်းချောင်က ဘယ်လက်ကိုညာလက်ရှေ့တွင်ထားလိုက်ပြီး လက်နှစ်ဖက်ယှက်လျှက် ရန်ကျောက်ကဲ၏ လက်ချောင်းစွမ်းအားကို ပိတ်ဆို့ရန် ကြိုးစားလိုက်၏။ သို့သော် ရန်ကျောက်ကဲ၏ ယင်ယန်လက်ချောင်းသိုင်းကွက်မှ ပြောင်းလဲမှုများက လုံးဝနှောင့်နှေးမှုမရှိဘဲ အလွန်လျှင်မြန်သည်။

ကျန်းချောင်မှာ စွမ်းအားအပြည့်မထုတ်နိုင်ခင်မှာပင် ရန်ကျောက်ကဲ၏လက်ချောင်းက သူ၏ ဘယ်ဘက်လက်ဖဝါးအလယ်ဗဟိုကို ထိုးဖောက်သွားသည်။ မှိန်ဖျော့သောအလင်းတန်းတစ်ခုက ကျန်းချောင်၏ဘယ်ဘက်လက်ဖဝါးတွင် သွေးနီရောင်အပေါက်တစ်ခု ဖြစ်သွားစေပြီး အလင်းတန်းက ရှေ့ဆက်ဖောက်ထွက်သွား၏။

သို့သော် ကျန်းချောင်၏ ညာဘက်လက်က တိုက်ခိုက်မှုကိုတားဆီးထားပြီး ပြင်းထန်သော ယန်စွမ်းအားအနှစ်သာရက ထူးကဲယင်လက်ချောင်းစွမ်းအားကို ပိတ်ဆို့ထားသည်။

ယင်နှင့်ယန် တစ်ခုနှင့်တစ်ခု ဖြတ်ကျော်ရိုက်ခတ်သွားသည်နှင့် ပြောင်းလဲမှုများ ထပ်မံ ဖြစ်ပေါ်လာသည်။

ကျန်းချောင်က တစ်ချက်ပင်မတုံ့ဆိုင်းဝံ့ဘဲ လျှင်မြန်စွာနောက်ဆုတ်လိုက်ပြီး ရန်ကျောက်ကဲ၏ လက်ချောင်းသိုင်းကွက်ကို ရှောင်တိမ်းလိုက်၏။

ကျန်းချောင် ဒေါသလည်းထွက်သွားသလို တုန်လှုပ်သွားသည်။ နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်ရောက်ခဲ့ပြီးနောက် ထူးကဲယန်လက်သီးသိုင်း ထုတ်ဖော်အသုံးပြုလိုက်တိုင်း သူ၏တန်ခိုးစွမ်းအားက တုနှိုင်းမရအောက် ကြောက်မက်ဖွယ်ရာ ပြင်းထန်လှသည်။

အထက်ဘုံကမ္ဘာမှာပင် ကျန်းချောင်၏ တိုက်ခိုက်ရေးစွမ်းရည်က ကျင့်ကြံခြင်းအဆင့်တူသူများကြားတွင် အလွန်ထူးချွန်သည်။

သို့သော် ရန်ကျောက်ကဲက ယင်ယန်ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားပြီး ယင်ယန်လက်ချောင်းသိုင်းကွက်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်သည်ဖြစ်ရာ ကျန်းချောင်၏ထူးကဲယန်လက်သီးသိုင်းကို ကောင်းကောင်းယှဉ်ပြိုင်နိုင်သည့်အပြင် ထို့ထက်ပင် သာလွန်သွားသေး၏။

ထိုအချိန်...

ခန်းမောက်ရှန်းက ကျန်းချောင်နှင့်ပူးပေါင်းပြီး အချိန်ရေစီးကြောင်းဓားသိုင်းကိုထုတ်ဖော်ကာ ရန်ကျောက်ကဲအား တိုက်ခိုက်လိုက်သည်။ ရေစီးကြောင်းပမာဓားအလင်းတန်းက ရန်ကျောက်ကဲထံသို့ ဝင်ရောက်လာသည်။

ဓားအလင်းတန်းအောက်တွင် ရန်ကျောက်ကဲ၏အရှိန်အဟုန်က ချက်ချင်းနှေးကွေးသွား၏။

ရန်ကျောက်ကဲက မျက်နှာပျက်သွားခြင်းမရှိဘဲ သူ၏ခြေထောက်တစ်ဖက်အောက်တွင် အနက်ရောင်ချီနှင့် ကျန်တစ်ဖက်အောက်တွင် အဖြူရောင်ချီများ စုစည်းလိုက်သည်။ အနက်ရောင်ချီနှင့်အဖြူရောင်ချီများပေါင်းစပ်သွားပြီး ရန်ကျောက်ကဲ၏ ခြေဖဝါးအောက်မှတစ်ဆင့် ကျောရိုးဆီသို့ ဆန်တက်သွားသည်။

သူ၏ဘယ်ဘက်လက်ချောင်းက ခန်းမောက်ရှန်း၏ဓားအလင်းတန်းဆီသို့ ထိုးညွှန်လိုက်ပြီး လက်ချောင်းထိပ်မှ အဖြူရောင်နှင့်အနက်ရောင်ချီများ ဝေဝါးစွာထွက်ပေါ်လာသည်။

ယင်နှင့်ယန် ငါးပုံသဏ္ဌန်က ပေါင်းစပ်သွားပြီး ထိုက်ကျိကားချပ်အသွင် ပေါ်ထွက်လာသည်။

ထိုက်ကျိကားချပ်လှည့်ပတ်သွားသည်နှင့် ခန်းမောက်ရှန်း၏ဓားအလင်းတန်းက လမ်းကြောင်းပြောင်းသွားပြီး ရန်ကျောက်ကဲကိုမထိခိုက်တော့ဘဲ ကျန်းချောင်ကို ခုတ်ပိုင်းချလိုက်သည်။

ထင်မှတ်မထားသည့်ဖြစ်ရပ်ကြောင့် ခန်းမောက်ရှန်းရော ကျန်းချောင်ပါ မျက်လုံးပြူးသွားကြသည်။

နတ်ဘုရားသိမြင်ခြင်းအဆင့်သို့တက်ရောက်ခဲ့ပြီးနောက် ခန်းမောက်ရှန်းက သိုင်းတာအိုနှင့် ကြယ်တာရာချီစွမ်းအားအနှစ်သာရကို သူ့အလိုဆန္ဒအတိုင်း ပြီးပြည့်စုံစွာထိန်းချုပ်နိုင်စွမ်း ရှိသည်။

ရန်သူက သူ့ထက်စွမ်းအားများစွာမြင့်မားခြင်းမရှိလျှင် သို့မဟုတ် သူ၏ အချိန်ရေစီးကြောင်းဓားသိုင်းကို တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းမရှိဘူးဆိုလျှင် ခန်းမောက်ရှန်းအနေဖြင့် တိုက်ပွဲတွင်ရှုံးနိမ့်သည့်တိုင် သူ၏သိုင်းစွမ်းရည်ကို အပြည့်အဝ ပြသနိုင်ပေသေးသည်။

သို့သော် ယခုလိုအဖြစ်မျိုး မည်သို့ဖြစ်နိုင်ပါမည်နည်း။

သူ၏ဓားအလင်းတန်းက လမ်းလွဲသွားပြီး သူကိုယ်တိုင်ပင် ထိန်းချုပ်ရန် ခက်ခဲသွားသည်။

သူ့တိုက်ကွက်ကို ရန်ကျောက်ကဲက ရှောင်ထွက်သွားသဖြင့် ကျန်းချောင် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။

သူ၏ ဘယ်ဘက်လက်ဖဝါးထက်မှ လောင်ကုန်းသွေးကြောဆုံချက်မှာလည်း ရန်ကျောက်ကဲလက်ချောင်းဖြင့် အထိုးခံရသဖြင့် ကြယ်တာရာချီစွမ်းအားအနှစ်သာရများ အဆက်မပြတ်စီးဆင်းထွက်နေသဖြင့် ယာယီအားဖြင့် လှုပ်ရှားနိုင်ခြင်း မရှိပေ။

ထိုသို့ ကြီးမားသည့်တန်ဖိုးပေးဆပ်ပြီးမှ ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ပြီး အသက်ရှူချောင်သွားစဉ် ခန်းမောက်ရှန်း၏ အချိန်ရေစီးကြောင်းဓားက ချက်ချင်းပင် သူ့ရှေ့ရောက်လာသည်။

ဓားအလင်းတန်းက ကျန်းချောင်ကိုလွှမ်းခြုံသွားပြီး သူ၏လှုပ်ရှားမှုများကနှေးကွေးသွားကာ သူ၏ဘယ်ဘက်ပခုံးကို ဓားချက်ထိမှန်သွားပြီး သွေးများဖြာထွက်လာသည်။

ခန်းမောက်ရှန်းက စွမ်းအားကုန်အသုံးပြုပြီး သူ၏ဓားကိုပြန်လည်ရုတ်သိမ်းလိုက်နိုင်သဖြင့် ကျန်းချောင် လွတ်မြောက်သွားရသည်။

သို့သော် ခန်းမောက်ရှန်း၏ဓားအလင်းတန်းကို ယင်ယန်လက်ချောင်းသိုင်းဖြင့် လမ်းလွဲအောင်ပြုလုပ်ပြီးသည့်နောက် ရန်ကျောက်ကဲက သက်တံ့ဓားကိုထုတ်ယူကာ ထိုးစိုက်ချလိုက်သည်။

ဓားအလင်းက နေရာတိုင်းတွင်ရှိနေပြီး အရာခပ်သိမ်းကို ပျောက်ကွယ်သွားစေသည်။

ခန်းမောက်ရှန်း၏မျက်လုံးရှေ့တွင် တောက်ပသည့်အလင်းစက်တစ်ခု အဆက်မပြတ်ချဲ့ထွင်လာပြီး မိုးမြေတစ်ခုလုံးအား သိမ်းပိုက်သွားသည်။

ထို့နောက်မှာတော့ ဓားအလင်းတန်းက သူ့မျက်ခုံးနှစ်ခုကြားထိုးဖောက်ဝင်ရောက်သွားပြီး သူ၏ဦးခေါင်းအတွင်း စိုက်ဝင်သွားသည့်ပမာ ဖြစ်သည်။

ထိုစဉ် အချိန်များ တဟုန်ထိုးစီးဆင်းပြောင်းလဲသွားပြီး အချိန်စီးကြောင်းအလင်းရောင်တစ်ခုထွက်ပေါ်လာကာ ခန်းမောက်ရှန်း၏အရှိန်အဟုန် ရုတ်တရက် မြင့်တက်လာပြီး ရန်ကျောက်ကဲ၏ဓားချက်ကို ကပ်သီလေး ရှောင်တိမ်းလိုက်နိုင်သည်။

ဤလျှို့ဝှက်ပညာရပ်ကြောင့် ခန်းမောက်ရှန်း၏ အမြန်နှုန်းကမြင့်တက်လာသော်လည်း သူ၏အသက်ဓာတ်သည်လည်း လျှင်မြန်စွာ ကုန်ဆုံးဆုတ်ယုတ်သွားသည်။

အချိန်မီရှောင်တိမ်းလိုက်သည့်တိုင် ခန်းမောက်ရှန်း၏ မျက်ခုံးနှစ်ခုကြားတွင် အနီရောင်အစက်တစ်စက်ထွက်ပေါ်လာပြီး သူ၏စိတ်အာရုံထဲအထိ စူးရှနာကျင်လာသည်။

ထိုသို့သောအကျပ်အတည်းကာလတွင် ကျန်းချောင်က ရပ်ကြည့်မနေနိုင်ဘဲ လေထဲသို့ခုန်ပျံဝင်ရောက်ကာ ရန်ကျောက်ကဲဦးခေါင်းအား ထိုးနှက်တိုက်ခိုက်လိုက်သည်။

သူ၏ ဘယ်လက်ကိုအသုံးမပြုနိုင်သော်လည်း ညာဘက်လက်က လက်သီးတင်းတင်းဆုပ်ထားပြီး ရန်ကျောက်ကဲ၏ ဦးခေါင်းကိုထိုးနှက်ချလိုက်သည်။

တောက်ပသော ရွှေရောင်အလင်းတန်းများ စုစည်းပြီး တဖြည်းဖြည်း ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။

ကျန်းချောင်၏ခန္ဓာကိုယ်တစ်ခုလုံးက ကြီးမားသော ခရမ်းရောင်နေမင်းကြီး ကောင်းကင်ထက်မှ ဆင်းသက်လာသည့်အလား ထင်မှတ်ရသည်။

ရွှေရောင်နေမင်းနှင့် နှိုင်းယှဉ်လျှက် ခရမ်းရောင်နေမင်းက ပိုမိုကြောက်မက်ဖွယ်ရာ ကောင်းသည်။ ကမ္ဘာ့အဆုံးသတ်ကပ်ဆိုးကြီးစတင်ဖြစ်ပွားလာပြီး ကမ္ဘာတစ်ခုလုံး ပြိုကျသွားသည့်အလား ခံစားရ၏။

ဤသည်က ကျန်းချောင်ကိုယ်တိုင် တီထွင်ထားသော ‘ခရမ်းရောင်နေစက်ဝန်း’ သိုင်းပညာဖြစ်ပြီး နေသူတော်စင်ဂိုဏ်းမှ ဘိုးဘေးများတီထွင်ခဲ့သည့် သိုင်းပညာများအားလုံးထက် သာလွန်သည်။

သူ၏လက်သီးချက် ထိုးစိုက်ချလိုက်သည်နှင့် ထူးကဲယန်စည်းတံဆိပ်မှစွမ်းအားများပါဝင်နေသလိုပင် ယောင်ဝါးဝါး ခံစားရသည်။

သို့ပေသိ ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ကျန်းချောင် ၊ မင်း ဘယ်ကိုပဲရောက်ရောက် ငါတို့ဝါဒတောင်က မင်းကိုအလွတ်ပေးမှာ မဟုတ်ဘူး”

ထို့နောက် သူက ယင်ယန်လက်ချောင်းသိုင်းကွက်ကို နောက်တစ်ကြိမ်အသုံးပြုလိုက်ရာ သူ၏လက်ချောင်းထက်မှ အဖြူရောင်ချီထွက်ပေါ်လာပြီး လေထဲတွင် လှည့်ပတ်သွားသည်။

ကျန်းချောင်၏ ပြင်းထန်လွန်းသော ခရမ်းရောင်နေစက်ဝန်းက ဦးတည်ရာပြောင်းပြီး လှည့်ထွက်သွားသည်။

ပြင်းထန်သည့်လက်သီးချက်က ရန်ကျောက်ကဲထံဝင်ရောက်မလာတော့ဘဲ ခန်းမောက်ရှန်းထံ တည့်တည့်မတ်မတ် ကျရောက်သွားသည်။

ရန်ကျောက်ကဲ၏ နတ်ဘုရားအဆုံးသတ်ဓားဝိညာဉ် ထိမှန်ခံထားရသည့်ခန်းမောက်ရှန်းမှာ အသက်အန္တရယ်မှ သီသီလေးကင်းလွတ်ခဲ့သည့်တိုင် သူ့စိတ်အာရုံထဲအထိ စူးရှနာကျင်မှုကိုခံစားနေရပြီး အာရုံစူးစိုက်မရ ဖြစ်နေသည်။

ထိုအချိန် ကျန်းချောင်၏ လက်သီးချက်က ရုတ်တရက်ဝင်ရောက်လာသည့်အခါ ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။

သို့သော် ပြင်းထန်သည့် ခရမ်းရောင်နေစက်ဝန်းက ခန်းမောက်ရှန်း၏ ခြေထောက်ကိုသာ ရိုက်မိသွားသဖြင့် အချိန်ရေစီးကြောင်းဓားသိုင်းဆက်ခံသူမှာ အသက်အန္တရယ်မရှိဘဲ ခြေ‌ထောက်တစ်ဖက်သာ ကျိုးသွားရသည်။

ခန်းမောက်ရှန်း အံတင်းတင်းကြိတ်ထားပြီး အသံတစ်စက်မှမထွက်ခဲ့ပေ။

နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်နှစ်ယောက်ပူးပေါင်းတိုက်ခိုက်သည့်တိုင် ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ကို အနိုင်မယူနိုင်သည်မှာ မည်သည့်နေရာတွင် ရှိပါသနည်း။

ပို၍ပင် မယုံနိုင်စရာကောင်းသည်မှာ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များဖြစ်ကြသော သူတို့နှစ်ဦးမှာ အချင်းချင်း ပြန်လည်တိုက်ခိုက်သလို ဖြစ်နေကြခြင်းပင်။

ရန်ကျောက်ကဲကတော့ သူတို့၏ပူးပေါင်းတိုက်ခိုက်မှုများကြားမှာပင် လွတ်လွတ်လပ်လပ်လှုပ်ရှားနေပြီး သူတို့နှစ်ယောက်ကတော့ ရုန်းကန်လှုပ်ရှားရင်း ပျာယာခတ်နေကြရသည်။

သူတို့ကိုပိုပြီး အေးစိမ့်စွာ ခံစားရစေသည်မှာ ရန်ကျောက်ကဲ၏စိတ်က ဤနေရာတွင်ရှိနေဟန်မတူပေ။

သူ့စိတ်ကတစ်နေရာသို့ ရောက်နေသလိုမျိုးဖြစ်၏...။

“ငါတိုက်ခိုက်နေတဲ့အချိန် တောင်းတျဲမိစ္ဆာဝိညာဉ်ကို ချိတ်ပိတ်ထားတဲ့ဓားသန့်စင်တဲ့အလုပ်လည်း အရှိန်မြှင့်သွားခဲ့တယ် ၊ ဒါပေမဲ့ ပြီးမြောက်ဖို့တော့ အချိန်တစ်ခု လိုအပ်နေသေးတယ်”

ခန်းမောက်ရှန်း ၊ ကျန်းချောင်တို့နှင့်တိုက်ခိုက်နေရင်ပင် ရန်ကျောက်ကဲက သွေးရေကန်ထက်တွင်ရှိနေသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်လည်း ဆက်သွယ်နေခဲ့သည်။ သို့တိုင် နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်နှစ်ယောက် ပူးပေါင်းတိုက်ခိုက်မှုကို သက်သောင့်သက်သာ ပြန်လည်တိုက်ခိုက်နိုင်နေဆဲ ဖြစ်၏။

ယင်ယန်ကောင်းကင်ကျမ်းစာကို အောင်မြင်ပြီးနောက်ပိုင်း ရန်သူများစွာ တစ်ပြိုင်တည်းဝင်ရောက်တိုက်ခိုက်သည်ကို ရန်ကျောက်ကဲအနေဖြင့် လုံးဝကြောက်ရွံ့ခြင်း မရှိတော့ပေ။

သူက မူလကပင် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ၏ နက်နဲမှုများကို သိမြင်ထားသူဖြစ်ပြီး ကိုယ်တိုင်တီထွင်ထားသော မိုးကြိုးတုန်လှုပ်သိုင်းကွက်လည်းပိုင်ဆိုင်ထားလေရာ ချီစွမ်းအားကို လျှင်မြန်စွာလှည့်ပြောင်းပစ်နိုင်သည်။

ယခု သူက ယင်ယန်ကောင်းကင်ကျမ်းစာကို ကျင့်ကြံလိုက်သည့်အခါ ယင်နှင့်ယန် ပေါင်းစပ်ခြင်း ၊ အတူတကွယှဉ်တွဲတည်ရှိခြင်း ၊ ပြောင်းလဲခြင်းများတွင် ချီစွမ်းအားကိုလှည့်ပတ်ရယူနိုင်သည့် အားကောင်းသောစွမ်းအားကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ ချီစွမ်းအားကို ချေဖျက်ခြင်း ၊ ငှားယမ်းအသုံးပြုခြင်း စသော ထိပ်တန်းနည်းလမ်းများကိုလည်း သိရှိခဲ့၏။

နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်နှစ်ယောက်နှင့် အဆက်မပြတ်တိုက်ခိုက်နေရသည့်တိုင် ယင်နှင့်ယန်စွမ်းအားများ တိုးပွားများပြားလာအောင်ပြုလုပ်နိုင်သဖြင့် သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများက ကုန်ခမ်းသွားခြင်း မရှိသ‌လောက်ပင်။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် လျှင်မြန်လှသောအရှိန်အဟုန်ကြောင့် ရန်သူအများအပြားဖြင့် တိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့ခြင်း မရှိပေ။ ရန်သူ့ဘက်တွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို အမီလိုက်နိုင်သည့် လျှင်မြန်မှုမျိုးမရှိလျှင် အရှိန်အဟုန်တစ်ခုတည်းကိုအခြေခံပြီး တိုက်ပွဲကိုလွယ်လွယ်ရင်ဆိုင်နိုင်မည် ဖြစ်၏။

သို့သော် ရန်ကျောက်ကဲကတော့ ရန်သူအများအပြားကို ရင်ဆိုင်တိုက်ခိုက်ရာတွင် ပို၍ပင် ကျွမ်းကျင်နေပြီ ဖြစ်သည်။ ယခုဆိုလျှင် ရှည်လျားပြင်းထန်သောတိုက်ပွဲများကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထက်ပင် ရင်ဆိုင်နိုင်နေပေပြီ။

ရန်ကျောက်ကဲအတွက် ယင်ယန်ကောင်းကင်ကျမ်းစာပါ အပြောင်းအလဲများကို အသုံးချရင်း ရန်သူကို ဖိနှိပ်ထားနိုင်စွမ်းရှိသည်။

သူ့ကိုအနိုင်ယူချင်သည်ဆိုလျှင် သူ့ထက် ကျင့်ကြံခြင်းအဆင့် ပြတ်ပြတ်သားသား သာလွန်သူတစ်ယောက်သာလျှင် ဖြစ်နိုင်၏။

မဟုတ်ပါက လူပေါင်းမည်မျှရောက်လာပါစေ အသုံးဝင်မည် မဟုတ်ပေ။

ယခု ကြည့်ရသည်မှာ ကျန်းချောင်နှင့် ခန်းမောက်ရှန်းတို့က ထိုသို့သောသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းမရှိသည်မှာ ထင်ရှားသည်။

ကျန်းချောင်စိတ်ထဲ ခါးသက်မှုများဖြင့်ပြည့်နေပြီး စိတ်ပျက်မှုကိုလည်း ခံစားနေရသည်။

အရင်တစ်ချိန်က သူ သိုင်းသူတော်စင်ဖြစ်လာပြီးနောက် ကိုယ်ခွဲပေါင်းစပ်ခြင်းနှောင်းပိုင်းအဆင့်ရောက်သည့်အခါ စိတ်ဓာတ်တက်ကြွလာပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာကိုအုပ်စိုးရန် ပြင်ဆင်ခဲ့သည်။

သို့သော် ကျန်းဒေါင်ဂီသည်လည်း မမျှော်လင့်စွာပင် သိုင်းသူတော်စင် ဒုတိယအဆင့်သို့ တက်လှမ်းလာခဲ့ပြီး အဆုံးသတ်မှာတော့ ထိုသူကိုကြောက်ရွံ့သဖြင့် မီးတောင်များကြားမှ ထွက်မလာရဲဘဲ ပုန်းအောင်းနေခဲ့ရ၏။

ယခု ကျန်းဒေါင်ဂီ သေဆုံးသွားသည်မှာ ကြာမြင့်ခဲ့ပေပြီ။ သူက အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အထက်ဘုံကမ္ဘာသို့တက်လာသည့် ပထမဆုံးသူဖြစ်သည်။

သူ့အနေဖြင့် အောင်နိုင်သူတစ်ယောက်အဖြစ် သက်သေပြရန် အော်ဟစ်ရယ်မောသင့်ပေသည်။

သို့ပေသိ ထိုသို့ပြုလုပ်ရမည့်အစား ရန်ကျောက်ကဲကြောင့် စိတ်ပျက်ခြင်းကိုသာ ခံစားနေရသည်။

သူ့အရှေ့မှလူငယ်က သိုင်းသူတော်စင် ဒုတိယအဆင့်သာ ရှိသေးသည်။

ကျန်းချောင်က နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် ၊ သိုင်းသူတော်စင် စတုတ္ထအဆင့်ရောက်ရှိနေပြီး အရင်ကနှင့် မနှိုင်းယှဉ်နိုင်လောက်အောင် တန်ခိုးစွမ်းအားမြင့်မားနေပေပြီ။

သို့သော် ဤသည်က အသုံးမဝင်တော့ပေ။

အကြောင်းမှာ သူက ဝါဒတောင်မှ ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရပြီး ထိုသူကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြေင့် ဖြစ်ပေ၏။

All Chapters