← Chapters

ပြဿနာရှာချင်တဲ့သူတွေတန်းစီထားလိုက်

Vol. 56 Ch. 781

ပြဿနာရှာချင်တဲ့သူတွေတန်းစီထားလိုက်

Vol. 56 Ch. 781

အခန်း (၇၈၁) ပြဿနာရှာချင်တဲ့သူတွေတန်းစီထားလိုက်

ရန်ကျောက်ကဲက၏တန်ခိုးစွမ်းအားက ထူးကဲယင်သရဖူဆောင်းထားသည့် မန်ဝမ်ထက်ပိုပြီး ကြီးမားလေရာ နေရာတွင်ရှိနေသူအားလုံးထဲတွင် မီးလျှံဇာမဏီရောက်ရှိလာသည်ကို အရင်ဆုံး သတိပြုမိခဲ့သည်။

ထန်ယုံဟောင်၏ခန္ဓာကိုယ်မှာ ဇာမဏီအရိပ်ထွက်ပေါ်လာသည်ကို တွေ့မြင်ရပြီး အဖြူရောင်နှင့်အနက်ရောင် အရုဏ်ဦးမြူခိုးသမာဓိမီးတောက်ပေါ်ထွက်လာကြောင်း တွေ့ရသည့်အခါ ရန်ကျောက်ကဲ အခြေအနေကို သဘောပေါက်သွားသည်။

တောင်ပိုင်းထိပ်တန်းမျိုးနွယ်မှကျင့်ကြံသူ ရေအောက်နန်းတော်သို့ ရောက်လာရသည့်အကြောင်းရင်းမှာ ဤဇာမဏီအရိုးအတွက် ဖြစ်နိုင်သည်။

ဤ ဇာမဏီအရိုးထဲတွင် အရုဏ်ဦးမြူခိုးသမာဓိမီးတောက်သာပါဝင်နေပြီး ကျန်မီးတောက်လေးခု ကင်းမဲ့နေသည်။ တစ်ဖက်လူ ဤပစ္စည်းကိုအလွန်တန်ဖိုးထားသည်မှာ ဖြစ်နိုင်ခြေတစ်ခုသာ ရှိ၏။

တောင်ပိုင်းထိပ်တန်းမျိုးနွယ်များပိုင်ဆိုင်သော ‘ဇာမဏီအစစ်အမှန်ကျမ်းစာ’ က ဇာမဏီစွမ်းအားကိုပိုင်ဆိုင်သော်လည်း သမာဓိမီးတောက် (၅)မျိုး ပြီးပြည့်စုံခြင်း မရှိပေ။

သူတို့အနေဖြင့် ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက် ၊ မရဏသမာဓိမီးတောက် ၊ ခရမ်းရောင်သမာဓိမီးတောက်များကိုသာ ပိုင်ဆိုင်ထားကြသည်။ သန့်စင်သောရေလှိုင်းသမာဓိမီးတောက်သည်ပင် သိပ်ပြီးသေချာခြင်း မရှိပေ။

သို့သော် ကြည့်ရသည်မှာ သူတို့တွင်လျော့နည်းနေသည်မှာ အရုဏ်ဦးမြူခိုးသမာဓိမီးတောက် ဖြစ်နိုင်သည်။

ထို့ကြောင့် သူ့ရှေ့မှပုဂ္ဂိုလ်က နယ်ခြားကိုဖြတ်ကျော်ပြီး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ဝင်ရောက်ကာ ဇာမဏီအရိုးကိုရှာဖွေရန် ကျူတောပင်လယ်ဒေသသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဤသည်က ဝမ်ဟွေ့တို့အုပ်စု ဤနေရာသို့ ရောက်လာရသည့် အကြောင်းရင်းပင်။ ထိုလျှို့ဝှက်ချက် ပေါ်သွားမည်စိုးသဖြင့် အရှေ့တောင်ထိပ်တန်းမျိုးနွယ်ဖြစ်သော ယဲ့ရှင်းကိုပင် သတ်ဖြတ်ရန် ကြိုးစားခဲ့ကြသည်။

ဤကိစ္စကို အရှေ့တောင်ထိပ်တန်းအရှင်သခင် သိရှိသွားပါက သူတို့အစီအစဉ် ပြီးမြောက်ရန် ခက်ခဲသွားမည် မဟုတ်ပါလား။

ပြီးတော့ အရှေ့တောင်နေဝန်းကောင်းပြည်နယ်နှင့် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်သည်လည်း တစ်ခါမှ ဆက်ဆံရေးကောင်းမွန်ခဲ့သည် မရှိပေ။

ဇာမဏီအရိုးသာ ကျင်းထင်တောင်သို့ရောက်ရှိသွားပါက ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းလမ်းများစွာရှိမည်ဖြစ်ပြီး တောင်ပိုင်းထိပ်တန်းမျိုးနွယ်များအတွက်တော့ သေချာပေါက် အဆင်ပြေမည် မဟုတ်ပေ။

မီးလျှံဇာမဏီက အတောင်နှစ်ဖက်ဖြန့်ကာားလျှက် ထန်ယုံဟောင်ကို လွှမ်းခြုံလိုက်ပြီး သူ့ကို အသက်ရှင်လျှင်ဖမ်းဆီးကာ ဇာမဏီအရိုးပြန်လည်ရရှိအောင် သန့်စင်လိုဟန် ရှိသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက ထိုမီးလျှံဇာမဏီငှက်ကို ဓားဖြင့် ခုတ်ပိုင်းချလိုက်၏။

သူက တောင်ပိုင်းထိပ်တန်းမျိုးနွယ်မှ လီကျင်းကို သတ်ဖြတ်လိုက်သဖြင့် သူနှင့်တောင်ပိုင်း မီးတောက်နယ်မြေ ကြားတွင် ရန်ငြိုးရှိနေပြီဖြစ်သည်။ သို့ဖြစ်ရာ တောင်ပိုင်းထိပ်တန်းမျိုးနွယ်များ၏ ကျင့်ကြံခြင်းအားကောင်းလာခြင်းက သူ့အတွက် ပျော်စရာကိစ္စ မဟုတ်ပေ။

ဤ မီးလျှံဇာမဏီက ရုပ်သေးရုပ်တစ်ရုပ်မျှသာ ဖြစ်သည်။ ရန်ကျောက်ကဲ၏ဓားချက်ထိမှန်သည့်အခါ သူ၏ခန္ဓာကိုယ်မှ အမွှေးအတောင်များမရပ်မနားကြွေကျသွားပြီး မီးတောက်များသည်လည်း ပြန့်ကျဲသွားသည်။

“မင်းကိုး...”

မီးလျှံဇာမဏီဆီမှ ဒေါသတကြီးပြောဆိုသံ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“ဒီ ဇာမဏီအရိုးကိုရတော့ ဘာထူးခြားမှာလဲ ၊ ဒီပစ္စည်းကိုရလည်း အရုဏ်ဦးမြူခိုးသမာဓိမီးတောက်ကို ကျင့်ကြံအောင်မြင်မှာမှ မဟုတ်တာ”

လေထုထဲတွင်ရှိနေသည့် မီးလျှံဇာမဏီငှက်၏ခန္ဓာကိုယ်မှမီးတောက်များ တဖြည်းဖြည်း အားနည်းသွားသည်။ ဇာမဏီငှက်ရုပ်သေးရုပ်မှာ ရန်ကျောက်ကဲ၏ဓားဖြင့် ပိုင်းဖြတ်ခံလိုက်ရသဖြင့် လွယ်လွယ် မလှုပ်ရှားနိုင်တော့ပေ။

ရုပ်သေးရုပ်အတွင်းတွင်ထည့်သွင်းထားသည့် ဝိညာဉ်စွမ်းအားနှင့် လက်သီးသိုင်းဝိညာဉ်ရောင်ဝါက တဖြည်းဖြည်း ယိုယွင်းလာသည်။

မီးလျှံဇာမဏီငှက်က အပြည့်အဝပျောက်ကွယ်မသွားခင် ရန်ကျောက်ကဲကို ကြည့်လိုက်ပြီး...

“ဒီအရိုးကိုရယူပြီး သမာဓိမီးတောက်ကျင့်ကြံမယ်ဆိုရင် အဖြူရောင်နဲ့အနက်ရောင် အရုဏ်ဦးမြူခိုးစွမ်းအားကို ရရှိနိုင်ပါတယ် ၊ ငါ့ရဲ့အတွေးနဲ့ ငါ့ရဲ့ကျင့်ကြံခြင်းက ဘယ်တော့မှမတူညီပါဘူး ၊ ပြီးတော့ အရုဏ်ဦးမြူခိုးစွမ်းအားဆိုတာကလည်း ငါအမြဲအသုံးပြုမယ့်စွမ်းအား မဟုတ်ဘူး”

“ဇာမဏီစွမ်းအားကို ကျင့်ကြံတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သန်မာလာဖို့ပဲ ကျင့်ကြံတာ ၊ ကိုယ့်ကိုယ်ကိုယ် ဇာမဏီဖြစ်သွားအောင် ကျင့်ကြံတာမဟုတ်ဘူး ၊ သမာဓိမီးတောက် (၅)မျိုးကိုကျင့်ကြံတယ်ဆိုတာ အဲဒါကိုတစ်လုံးတစ်ဝတည်း ပေါင်းစည်းနိုင်ဖို့ပဲ”

တစ်ဖက်လူ ဒေါသပြေပျောက်ကာ တည်ငြိမ်သွားပြီ ဖြစ်သည်။

“လူတွေက အမိန့်ပေးစေခိုင်းတာကိုသဘောမကျဘဲ ကိုယ့်သဘောနဲ့ကိုယ် ကျင့်ကြံကြတာ ၊ ကျင့်ကြံခြင်းကို ထိန်းချုပ်ကန့်သတ်တယ်ဆိုတာ သေတ္တာကိုသိမ်းဆည်းပြီး ပုလဲကိုပြန်ပေးလိုက်သလိုမျိုးပဲ ၊ ဒီလိုမိုက်မဲတဲ့လုပ်ရပ်မျိုး ဘယ်သူကလုပ်မှာတဲ့လဲ”

ထိုစကားကြားတော့ ရန်ကျောက်ကဲ ရယ်မောလိုက်သည်။

“ဒီလိုကိစ္စမျိုးက ကိုယ်ပိုင်ဆုံးဖြတ်ရမယ့်ကိစ္စတွေပါ”

မီးတောက်မီးလျှံများတဖြည်းဖြည်းပြန့်ကျဲသွားပြီး စက္ကူဖြင့်ခေါက်ထားသော ဇာမဏီငှက်တစ်ကောင် သူတို့မျက်လုံးရှေ့တွင်ပေါ်လာသည်။ ထိုစက္ကူငှက်က တဖြည်းဖြည်း လောင်ကျွမ်းသွားပြီး အနက်ရောင်ပြာမှုန့်များအဖြစ် ပြောင်းလဲသွားသည်။

“မင်း စောစောကပြောလိုက်တဲ့စကားကို ကြားလိုက်ရတယ် ၊ ကြည့်ရတာ မင်းက နေဝန်းထက်ယံအရှင်သခင်နဲ့ ဘာမှမပတ်သက်ဘူး ၊ မင်းက ထူးကဲယန်စည်းတံဆိပ်ကို တိုက်ဆိုင်ပြီးရခဲ့တာပဲ”

ရန်ကျောက်ကဲက မီးတောက်မီးလျှံများကြာမှ စက္ကူဇာမဏီရုပ်ကိုကြည့်ကာ ပြုံးလိုက်သည်။

တစ်ဖက်လူက တည်ငြိမ်စွာဖြင့်...

“ဒီရေအောက်နန်းတော်ရဲ့လမ်းကြောင်းတွေက လက်ရှိမှာ ဖရိုဖရဲဖြစ်နေပေမယ့် ဒီနေရာအကြောင်း ငါ သိပြီးသွားပြီ ၊ ခဏပဲစောင့်... ဒီ ‘ကျွမ်း’ က အဲဒီကိုရောက်လာခဲ့မယ်”

စက္ကူဇာမဏီငှက် အပြည့်အဝ မီးလောင်ကျွမ်းမသွားခင် မန်ဝမ်ကိုမျက်လုံးထောင့်မှ တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် မည်သူမှမကြားနိုင်သောအသံဖြင့် ရေရွတ်လိုက်၏။

“ဒါကတကယ်ပဲ...”

ဇာမစီငှက်ပျောက်ကွယ်သွားပြီးနောက် လူတိုင်းအကြည့်ချင်းဖလှယ်လိုက်ကြသည်။

ထန်ယုံဟောင်က ရန်ကျောက်ကဲကိုကြည့်လိုက်သည်။ သူ့မျက်နှာအမူအရာက စိတ်ရှုတ်ထွေးနေဟန်ရှိသော်လည်း အသက်ကယ်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ရန်ကျောက်ကဲကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်သည်။

ရန်ကျောက်ကဲက တစ်စစီကြေမွသွားသောပြာမှုန့်များကိုကြည့်ရင်း ပြုံးလိုက်၏။

“ငါ့ကို ပြဿနာရှာချင်တဲ့သူတွေမှအများကြီး ၊ မင်းလည်း တန်းစီထားလိုက်...”

ပြောပြီးသည်နှင့် သူက တခြားဘက်သို့ လှမ်းကြည့်လိုက်သည်။

အခြားတစ်ဖက်မှချဉ်းကပ်လာသည့် စွမ်းအားမြင့်မားသောရောင်ဝါတစ်ခုကို အာရုံခံမိသည့်အခါ ၊ ယခုတစ်ခါမှာတော့ ခန်းမောက်ရှန်းနှင့် ကျန်းချောင်တို့အုပ်စု စိတ်ထဲလှုပ်ရှားသွားကြသည်။

စွမ်းအားအတက်အကျများကို သေသေချာချာ အာရုံခံမိပြီးနောက် ခန်းမောက်ရှန်းက အော်ဟစ်လိုက်၏။

“ဆရာဦးလေး’ချီ’”

အရပ်မြင့်မြင့် ၊ ညှိုးခြောက်ခြောက်အသားအရေနှင့် အေးစက်သောမျက်ဝန်းများ ပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက် သူတို့ဆီလျှောက်လာနေသည်ကို တွေ့ရသည်။

ထိုသူကို ရန်ကျောက်ကဲ သိကျွမ်းခဲ့ဖူးသည်ပင်။

ထိုသူနာမည်က ‘ချီဝေ’ ဖြစ်ပြီး ရှေးယင်တစ်ချိန်က ရှန်လင်ကျီ ၊ ဧကရာဇ်ရွှမ်ဝမ်တို့နှင့်အတူ ကျူတောပင်လယ်ဒေသသို့ရောက်လာသည့် တာအိုဆရာ’ရှီ’ ၏ အဆက်အနွယ် အစီအရင်ပညာရှင်တစ်ယောက် ဖြစ်သည်။

ထိုသူကိုမြင်တော့ ခန်းကျင်းယွမ်က အလွန်ဝမ်းသာသွားပြီး...

“ဆရာဦးလေး’ချီ’ ရောက်လာတာ အရမ်းကောင်းတယ်”

ဒါကိုမြင်တော့ ရန်ကျောက်ကဲ ရယ်မောလိုက်၏။

သူက ချက်ချင်းပင် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အနီရောင်စည်းတံဆိပ်တစ်ခု လေထဲတွင်ရုတ်တရက်ပေါ်လာပြီး ကောင်းကင်ထက်တွင်တောက်လောင်နေသောနေမင်းပမာ အလင်းတန်းများတောက်ပလာသည်။ ထိုစည်းတံဆိပ်က ကျန်းချောင်၏ ခရမ်းရောင်နေစက်ဝန်းထက် အဆပေါင်းများစွာ ပိုမိုကြောက်စရာကောင်းသည်။

သူတို့အနားသို့ချဉ်းကပ်လာသည့် ချီဝေမှာ မြင်ကွင်းကိုသေသေချာချာ မပိုင်းခြားနိုင်သေးခင်မှာပင် သူ၏အမြင်အာရုံတစ်ခုလုံး နေရောင်ခြည်များလင်းထိန်သွားသည်ကို ခံစားလိုက်ရသည်။

ပြင်းထန်သော ထူးကဲယန်စည်းတံဆိပ်က ချီဝေ၏ဦးခေါင်းကိုထိမှန်သွားပြီး မူးဝေသွားစေသည်။

ချီဝေက အစီအရင်ပညာရှင်တစ်ယောက် ဖြစ်၏။ သူ့တွင် အစီအရင်တစ်ခုတည်ဆောက်ရန် အချိန်အလုံအလောက်ရရှိပါက ကျင့်ကြံခြင်းအဆင့်တူညီသူများစွာကိုပင် တစ်ပြိုင်တည်းတိုက်ခိုက်နိုင်စွမ်း ရှိသည်။

သို့ပေသိ အခြားဘက်မှာတော့ သူ၏ကျင့်ကြံခြင်းစွမ်းအားနှင့်သိုင်းပညာက အနည်းငယ် အားနည်းသည်။

ရန်ကျောက်ကဲက နတ်ဘုရားသိမြင်ခြင်းအဆင့် မရောက်သေးသည့်တိုင် ထူးကဲယန်စည်းတံဆိပ်ကိုအသက်သွင်းပြီး ချီဝေ၏ဦးခေါင်းကွဲအက်ကာ သွေးများဖြာကျလာသည်အထိ ရိုက်နှက်နိုင်စွမ်း ရှိနေသည်ပင်။

တော်သေးသည်မှာ ချီဝေက အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘အရိပ်ချည်ဝတ်ရုံ’ ကို သတိဝီရိယဖြင့် ဝတ်ဆင်လာခြင်း ဖြစ်၏။

ချီဝေ သတိပြန်ဝင်လာသည်နှင့် ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်။ ဒဏ်ရာရနေသည့် ခန်းမောက်ရှန်းကို တွေ့ရသည့်အခါ သူ့မျက်ဝန်းများအေးစက်သွားပြီး ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်သည်။

သူက စကားတစ်ခွန်းမဆိုဘဲ ချက်ချင်းပင် အဝါရောင်အလံ (၁၃)ခုကိုထုတ်ယူပြီး ပစ်လွှတ်လိုက်သည်။

အလံ (၁၃)စင်းက လေထဲတွင်လွင့်ပျံလျှက် အလင်းတန်းများဖြာလင်းလာကာ ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သူက အစီအရင်ပညာကို ထိပ်တန်းအဆင့်ကျွမ်းကျင်သူဖြစ်လေရာ သူ၏လက်ချောင်းထိပ်ဖျားများမှ အင်းသင်္ကေတများထွက်ပေါ်လာပြီး အစီအရင်တစ်ခု ဖြစ်တည်လာ၏။

“ကောင်းတယ်”

ရန်ကျောက်ကဲ သဘောကျစွာဖြင့် ခေါင်းညိတ်လိုက်သည်။

ချီးကျူးစကားဆိုလိုက်သော်လည်း ရန်ကျောက်ကဲက တစ်ချက်တုံ့ဆိုင်းခြင်းမရှိဘဲ လက်ဖဝါးကိုဆန့်ထုတ်လိုက်ပြီး ထူးကဲယန်စည်းတံဆိပ်ဖြင့် နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ထပ်မံတိုက်ခိုက်လိုက်သည်။

ကြီးမားသောနေမင်းကြီးက ချီဝေ၏အစီအရင်အတွင်းကျရောက်သွားပြီး အစီအရင်ပင်မဆုံချက်ကိုပိတ်ဆို့လိုက်လေရာ စတင်တည်ဆောက်နေသော အစီအရင်မှာ ဆက်လက်ဖြန့်ကျက်နိုင်ခြင်း မရှိတော့ပေ။

တောက်ပသည့်နေရောင်အောက်တွင် အလံ (၁၃)ခုက အဆက်မပြတ် တုန်ခါနေပြီး အစီအရင်က မတည်မငြိမ် ဖြစ်လာသည်။

ချီဝေ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ပင်မအလံတစ်ခုကိုထိန်းချုပ်ရင်း သူ၏လက်တစ်ဖက်တွင် အခြားသောရတနာပစ္စည်းတစ်ခု ပေါ်လာသည်။

ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ကို ထုတ်ဖော်အသုံးပြုလိုက်ပြီးနောက် တစ်ဆက်တည်းပင် ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။ ဓားချက်က ချီဝေရှိရာသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

ချီဝေ၏လှုပ်ရှားမှုက နှေးကွေးသော်လည်း သူ့ကိုကာကွယ်ရန် ‘အရိပ်ချည်ဝတ်ရုံ’ ကို အသက်သွင်းလိုက်သည့်အခါ အနက်ရောင်အရိပ်များ သူ့ခန္ဓာကိုယ်တွင် လှည့်ပတ်သွားပြီး ဘေးသို့ချက်ချင်းရှောင်တိမ်းနိုင်ရန် ကူညီပေးလိုက်သည်။

ထို့နောက် မိုးကြိုးသွားပမာ တောက်ပလင်းထိန်နေသောအစီအရင်တစ်ခု ရန်ကျောက်ကဲဦးခေါင်းထက်သို့ ကျရောက်လာသည်။

မိုးခြိမ်းသံများထွက်ပေါ်လာပြီး ကောင်းကင်မိုးကြိုးသွားတစ်ခုက ရန်ကျောက်ကဲဦးခေါင်းထက်သို့ ကျရောက်လာ၏။

ရန်ကျောက်ကဲက ချက်ချင်းပင် လှုပ်ရှားလိုက်သည်။

သူက ထူးခြားသောခြေလှမ်းများအသုံးပြုကာ စွမ်းအားမြင့်မားသော မိုးကြိုးသွားတိုက်ခိုက်မှုကိုရှောင်လွှဲရင်း အစီအရင်လမ်းကြောင်းကို သိမ်မွေ့စွာပုံဖော်လိုက်သည်။

ထို့နောက် သူက ယင်ယန်လက်ချောင်းသိုင်းကို အသုံးပြုလိုက်ပြီး စကြာဝဠာတစ်ခုလုံးကိုပင် ရွေ့လျားစေနိုင်သည့် ယင်နှင့်ယန်ကို စေစားလိုက်သည်။

များပြားလှစွာသော မိုးကြိုးသွားများက ချက်ချင်းပင် ဦးတည်ချက်ပြောင်းလဲသွားပြီး ခန်းမောက်ရှန်းနှင့် ကျန်းချောင်ရှိရာသို့ ဝင်ရောက်သွားလေတော့၏။

All Chapters