ငါသတ်ချင်ရင် မင်းတားလို့မရနိုင်ဘူး
Vol. 56 Ch. 782
အခန်း (၇၈၂) ငါသတ်ချင်ရင် မင်းတားလို့မရနိုင်ဘူး
ကျန်းချောင်က ချီဝေကို သိရှိခြင်း မရှိပေ။
သို့သော် ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်တို့၏ အပြုအမူများကို အကဲခတ်ပြီးနောက် ထိုသူမှာ တာ့ရွှမ်တိုင်းပြည်မှ တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်ကြောင်း သိလိုက်သည်။
အစီအရင်တစ်ခုတည်ဆောက်ပြီး ကောင်းကင်မွေခံနယ်မြေနှင့် ကြမ္မာမြစ်ရေနယ်မြေတွင် ရန်ကျောက်ကဲနှင့် ကွမ်းမင်ဂိုဏ်းမှလူမျးကို ပိတ်ဆို့ဖိနှိပ်ခဲ့သည့် အစီအရင်ပညာရှင်ကို ကျန်းချောင် ပြန်လည်အမှတ်ရလိုက်၏။
ထို့ကြောင့် ကျန်းချောင် စိတ်သက်သာရာရသွားသည်။
သို့သော် စိတ်ချလက်ချ သက်ပြင်းမချနိုင်သေးခင် ပြင်းထန်သည့် မိုးကြိုးအလင်းတန်းများက သူရှိရာသို့ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။
ကျန်းချောင် ရုတ်တရက် သတိရသွားသည်မှာ ရန်ကျောက်ကဲသည်လည်း ချီဝေကဲ့သို့ပင် အစီအရင်ပညာ ကျွမ်းကျင်ခြင်း ဖြစ်၏။ ထန်ယုံဟောင်နှင့် မန်ဝမ်တို့၏စကားများအရ အနှီလူငယ်သည် သိုင်းဆရာသခင်အဆင့်ကတည်းကပင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အစီအရင်ပညာတွင် အထွတ်ထိပ်ဖြစ်သည်ဟု ဆိုသည်။
ယခု ရန်ကျောက်ကဲက သိုင်းသူတော်စင်အဆင့်ရောက်ရှိနေပြီဖြစ်ရာ အစီအရင်ပညာကျွမ်းကျင်မှုသည်လည်း ပိုမိုမြင့်မားလာနိုင်ပေသည်။
ကျန်းချောင် ဆက်လက်စဉ်းစားနေချိန် မရတော့ပေ။
သူ့မှာ လက်တစ်ဖက်ပြတ်သွားပြီး ဒဏ်ရာလည်းအပြင်အထန်ရရှိထားရာ ချီဝေ၏ ‘ကောင်းကင်စိမ်းနတ်ဆိုးအစီအရင်’ ကို ကပ်သီလေးရှောင်တိမ်းပြီး သေခြင်းတရားမှ လွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့သည်။
ကျန်းချောင် အကောင်းဆုံးကြိုးစားပြီး ဘေးသို့ ရှောင်တိမ်းလိုက်နိုင်သော်လည်း သူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်က ကောင်းကင်မိုးကြိုးများဖြင့် လွှမ်းခြုံခံလိုက်ရ၏။
ကြောက်မက်ဖွယ်ရာ လျှပ်စီးကြောင်းများကြားတွင် ကျန်းချောင်၏ နာကျင်စွာအော်ဟစ်သံကြီးထွက်ပေါ်လာပြီး ဆိုးဆိုးရွားရွား မီးလောင်ခံရသူပမာ သူ၏အသွေးအသားများ အက်ကွဲလောင်ကျွမ်းသွားသည်။
ရန်ကျောက်ကဲက ကျယ်လောင်စွာရယ်မောရင်း...
“ကျန်းချောင် ၊ မင်းက လိပ်လိုအခွံထဲပုန်းတဲ့ပညာလောက်ပဲ လေ့ကျင့်ထားတာ ၊ မင်းတို့မျိုးဆက်မှာ မင်းတစ်ယောက်ပဲ အထက်ဘုံကမ္ဘာကိုတက်ဖို့ အခွင့်အရေးရခဲ့တယ် ၊ ဒါပေမဲ့ မင်း အဆုံးထိအသက်ရှင်နိုင်မယ် ထင်သလား ၊ ဒီတစ်ခါရော အောင်နိုင်သူတစ်ယောက်လို မင်းရယ်မောနိုင်ပါဦးမလား”
ပြောပြီးသည်နှင့် သူ၏သက်တံ့ဓားမှ ကြီးကျယ်ခမ်းနားသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျန်းချောင်ရှိရာသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
“ငါတို့ ဝါဒတောင်ဘိုးဘေးဖြစ်တဲ့ ဟန်ထျန်းပုဂ္ဂိုလ်မြတ်က မင်းကို အလွတ်ပေးချင်ပေးမယ် ၊ ငါကတော့ အလွတ်မပေးနိုင်ဘူး”
ချီဝေ၏မျက်နှာ ပြာနှမ်းနှမ်းဖြစ်သွားသည်။
ခန်းမောက်ရှန်းသတင်းပေးပို့သည့်အတွက် ကျန်းချောင်အညံ့ခံသည့်အကြောင်း ကြားထားပြီးဖြစ်သဖြင့် သူက ရန်ကျောက်ကဲကိုတားဆီးရန် အစီအရင်ကိုအသက်သွင်းလိုက်ခြင်း ဖြစ်သည်။
“ဒီလူက ကျုပ်ရဲ့ကာကွယ်ပေးမှုအောက်မှာရှိတယ် ၊ သူ့ကိုတိုက်ခိုက်နေတာ ရပ်လိုက်စမ်း...”
ရန်ကျောက်ကဲဓားချက်က ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ရွေ့လျားသွားပြီး တစ်ဆက်တည်းပင် ထူးကဲယန်စည်းတံဆိပ်ကိုအသုံးပြုကာ ချီဝေ၏အစီအရင်တည်ငြိမ်မှုကို ပြောင်းလဲစေလိုက်သည်။ ထို့နောက် ယင်ယန်လက်ချောင်းသိုင်းကွက်ကို ထပ်မံထုတ်ဖော်လိုက်၏။
မူလက ရန်ကျောက်ကဲကိုပိတ်ဆို့ထားသော ချီဝေ၏အစီအရင်စွမ်းအားက ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်တို့ညီအစ်ကိုနှစ်ယောက်ထံ ချက်ချင်းဝင်ရောက်သွားသည်။
ချီဝေမှာ မည်သို့မှမတတ်နိုင်တော့ဘဲ ‘ခန်း’ ညီအစ်ကိုနှစ်ယောက်ကို အရင်ဆုံး ကာကွယ်လိုက်ရတော့သည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“အခုပဲပြောတာ.. မင်းကဘယ်သူ့ကိုကာကွယ်နေတာဆိုလား...”
ဓားအလင်းတန်းက နေရာတိုင်းသို့လွှမ်းခြုံသွားပြီး သေလုနီးပါးဒဏ်ရာအပြင်းအထန်ရထားသော ကျန်းချောင်မှာ ချက်ချင်းပင် ဦးခေါင်းတစ်ခုလုံး ပြတ်ထွက်သွားတော့သည်။ ကြီးမားသည့်ဦးခေါင်းကြီးက အထက်သို့လွင့်တက်သွားပြီး ဦးခေါင်းပြတ်မှ မျက်လုံးများက ပြူးကျယ်ဝိုင်းစက်လျှက် ရှိသည်။
နေသူတော်စင်ဂိုဏ်း၏သမိုင်းတစ်လျှောက်တွင် ထိပ်တန်းစွမ်းအားရှင်ဖြစ်ခဲ့ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာကို တစ်ခါကအုပ်စိုးခဲ့လေသော ခရမ်းရောင်နေသူတော်စင် ‘ကျန်းချောင်’ သည် နောင်တတရားအပြည့်ဖြင့် အသက်သေဆုံးသွားပေပြီ။
ကျန်းချောင်သာလျှင် မအေးချမ်းစွာ မျက်လုံးအပြူးသားဖြင့် သေဆုံးရသည်မဟုတ်ပေ။ ချီဝေ၏မျက်လုံးများသည်လည်း ဒေါသကြောင့် မီးဝင်းဝင်းတောက်လျှက်ရှိ၏။
သူက သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်ဖြစ်သည့်တိုင် တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်လေရာ လူတစ်ယောက်ကို ကာကွယ်ပေးချင်ခဲ့သော်လည်း မတတ်နိုင်ခဲ့ပေ။
သူ့ရှေ့မှာပင် ကျန်းချောင်ကိုသတ်ဖြတ်ပစ်ခဲ့သောလူငယ်က သိုင်းသူတော်စင် ဒုတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့်ဖြစ်နေခြင်းက သူ့အတွက် လက်ခံရန် ပို၍ခက်ခဲစေသည်။
အမြဲတမ်း ခက်ခက်ထန်ထန်ရှိသော ချီဝေသည် ယခုတော့ ဒေါသထွက်လွန်းသဖြင့် သည်းခံနိုင်ရန်မည်သို့မှမဖြစ်နိုင်ဘဲ ငယ်ထိပ်မှအငွေ့များထွက်လာသလိုပင် ခံစားရသည်။
သို့သော် ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားက သူ့ကို အတော်လေး တုန်လှုပ်သွားစေသည်။
ရန်ကျောက်ကဲ သိုင်းသူတော်စင်ပထမအဆင့်ရှိစဉ်က သူနှင့်တစ်ခါတိုက်ခိုက်ဖူးပြီး ထိုစဉ်ကလည်း ထိတ်လန့်ခဲ့ရသည့်တိုင် ယခုလောက် တုန်လှုပ်ခဲ့ခြင်း မရှိပေ။
ချီဝေကိုယ်တိုင်နှင့် နှိုင်းယှဉ်လျှင် ဖြစ်စေ ၊ အခြားသူများနှင့် နှိုင်းယှဉ်လျှင် ဖြစ်စေ ၊ သူ သိရှိခဲ့သော သိုင်းဆရာသခင်များဖြစ်သည့် ခန်းဖင်း ၊ ဟယ်တုန်းချန် ၊ ကုကျန်း ၊ ရွှမ်မုဧကရာဇ် အခြားသူများနှင့် နှိုင်းယှဉ်လျှင် ရန်ကျောက်ကဲက အတော်လေး ထူးခြားသည်။
ထိုလူငယ် ကျင့်ကြံခြင်းတစ်ဆင့်တက်လိုက်တိုင်း အခြားသူများနှင့်တူညီခြင်းမရှိဘဲ တန်ခိုးစွမ်းအား အဆပေါင်းများစွာ ပိုမိုကြီးမားလာပုံရသည်။
ထိုလူငယ် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်တိုင်း သူ၏စွမ်းအားက အခြားသူများအဆင့်တက်ခြင်းထက် အဆပေါင်းများစွာ ပိုမိုကြီးမားလာပုံရသည်။ ထိုအချက်က လူတစ်ယောက်၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်သွားသည်။
သာမန်အခြေအနေဆိုလျှင် သိုင်းသူတော်စင် ဒုတိယအဆင့်တက်ရောက်ရုံဖြင့် ရန်ကျောက်ကဲ၏စွမ်းအားက ထိုမျှ မြန်မြန်ဆန်ဆန် ကြီးမားစွာ မြင့်တက်သွားမည် မဟုတ်ပေ။
အခြားသူများနှင့် သိရှိခဲ့သောအတွေ့အကြုံများသည် သူ့အရှေ့မှ ဤလူငယ်နှင့်တော့ လုံးဝ သက်ဆိုင်ပုံမပေါ်ပေ။
ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်တို့က ရန်ကျောက်ကဲကို စိတ်ရှုတ်ထွေးသည့်အမူအရာဖြင့် ကြည့်လိုက်ကြပြီး နားမလည်နိုင်ဖြစ်နေကြသည်။
ထန်ယုံဟောင်နှင့် မန်ဝမ်တို့မှာလည်း အချိန်ခဏမျှ သတိလက်လွတ် ဖြစ်သွားကြ၏။
ကျန်းချောင်၏အပြုအမူများကို သူတို့သဘောမတူနိုင်ကြသော်လည်း ထိုပုဂ္ဂိုလ်က နေသူတော်စင်ဂိုဏ်း၏ သမိုင်းကြောင်းတစ်လျှောက် ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေဆဲပင်။
ကျန်းချောင်က နေသူတော်စင်ဂိုဏ်းမှတပည့်များအားလုံးအတွက် ဒဏ္ဍာရီလာတည်ရှိမှုတစ်ခုဖြစ်ပြီး ဟွမ်ကွမ်လီထက်ပင်ကြီးမြတ်သူ ဖြစ်သည်။ အတိတ်တစ်ချိန်က အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိခဲ့သူ ဖြစ်လေသည်။
မန်ဝမ်က ထူးကဲယင်သရဖူ၏အကူအညီဖြင့် ကျန်းချောင်ထက်သာလွန်သော တန်ခိုးစွမ်းအားကို ပိုင်ဆိုင်သော်လည်း ဘိုးဘေးအကြီးအကဲဆိုသော ဂုဏ်ပုဒ်ကိုဖယ်ရှားရန် မလွယ်ကူပေ။
ထန်ယုံဟောင်နှင့် မန်ဝမ်က ဟွမ်ကွမ်လီနှင့် ဟွမ်ရှု သေဆုံးသွားခြင်းကို မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရပေ။
သို့သော် ယခုတော့ ကျန်းချောင် သေဆုံးသွားသည်ကို သူတို့မျက်စိနှင့် တပ်အပ်မြင်လိုက်ရပြီး သူတို့ကိုအလွန်တရာ တုန်လှုပ်သွားစေသည်။
“ဆရာဦးလေး’ချီ’ ၊ အခုပဲ တောင်ပိုင်းထိပ်တန်းမျိုးနွယ်က ‘ဇာမဏီအစစ်အမှန်ကျမ်းစာ’ ကျင့်ကြံထားတဲ့လူတစ်ယောက် ဒီကိုရောက်လာသေးတယ် ၊ ဒီ ရန်ကျောက်ကဲက သူ့ကိုတိုက်ခိုက်လိုက်တာ”
ခန်းမောက်ရှန်း ရုတ်တရက် သတိဝင်လာပြီး တစ်စုံတစ်ခုကိုတွေးမိသွားဟန်ဖြင့် ရုတ်တရက်ပြောလိုက်သည်။
“အဲဒီလူက သူ့ကိုယ်သူ ဒီ ‘ကျွမ်း’ လို့ သုံးနှုန်းတယ်”
ချီဝေလည်း အံ့အားသင့်သွားပြီး...
“ဇာမဏီအစစ်အမှန်ကျမ်းစာကို ကျင့်ကြံထားတဲ့ ‘ကျွမ်း’ မျိုးနွယ် ... ဟုတ်လား”
သူ၏မျက်ဝန်းများအေးစက်သွားပြီး နှာတစ်ချက်မှုတ်လိုက်သည်။
“ဒီလိုကိစ္စမျိုး ရှိတယ်လား ၊ စောစောက ပင်လယ်ရေအောက်ကိုဆင်းသွားတဲ့ ‘ဇာမဏီအစစ်အမှန်ကျမ်းစာ’ ကိုကျင့်ကြံထားတဲ့သူဆိုတာ သိခဲ့တယ် ၊ ဒါပေမဲ့ အဲဒီလူက ‘ကျွမ်း’ မျိုးနွယ်လို့ ထင်မှတ်မထားခဲ့ဘူး”
ဒါကိုကြားတော့ ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
ထန်ယုံဟောင်သည်လည်း သတိပြန်ဝင်လာ၏။
ချီဝေက ရန်ကျောက်ကဲကိုကြည့်ရင်း နှာတစ်ချက်မှုတ်လိုက်သည်။
“မင်းက အောက်ဘုံကမ္ဘာကလာတဲ့သူဆိုတော့ ဒီအထက်ဘုံကမ္ဘာမှာ မင်းမသိတာတွေ အများကြီး ရှိဦးမှာပဲ ၊ ကြည့်လေ... တောင်ပိုင်းထိပ်တန်းအရှင်သခင်ရဲ့ မျိုးနွယ်က ‘ကျွမ်း’ မျိုးနွယ်ပဲ”
ထိုစကားကြားတော့ ရန်ကျောက်ကဲက မျက်နှာပျက်သွားခြင်း မရှိပေ။
သူက အနည်းငယ် ခေါင်းညိတ်ရင်း...
“အမတကူးပြောင်းခြင်းအဆင့်တောင်မရောက်သေးဘဲနဲ့ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းပိုင်ဆိုင်ထားတာ မအံ့သြတော့ပါဘူး”
သူက ပေါ့ပေါ့ပါးပါးပင် ချီဝေကို လှမ်းကြည့်ရင်း...
“ဒါဖြင့် တာ့ရွှမ်တိုင်းပြည်ရဲ့ မူလတည်ထောင်သူတွေဖြစ်တဲ့ ရွှမ်ဝမ်ဧကရာဇ် ၊ ရှန်လင်ကျီနဲ့ တာအိုဆရာ’ရှီ’ တို့နောက်ကွယ်က စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်က ဘယ်သူများလဲ ၊ ပြောပြနိုင်မလား”
ချီဝေက ရန်ကျောက်ကဲကို တည်ငြိမ်စွာကြည့်လိုက်သည်။
ရန်ကျောက်ကဲကို သေသေချာချာ လေ့လာကြည့်လိုက်တော့ စိတ်ထဲကကြောက်လန့်နေပြီး အပြင်ဘက်တွင် တည်ငြိမ်သလို ဟန်ဆောင်ထားခြင်းမျိုးမဟုတ်ကြောင်း တွေ့ရသည်။ ထိုလူငယ်က အမှန်တကယ်ပင် တည်ငြိမ်နေခြင်း ဖြစ်၏။
ပြီးမှ သူက ဖြည်းညင်းသည့်လေသံဖြင့်...
“မင်းက အကြောက်အလန့်မရှိတာလား ... နားမလည်တာလား... ဒါမှမဟုတ် တကယ်ပဲသတ္တိကောင်းနေတာလား မသိပေမယ့် မင်းရဲ့တည်ငြိမ်မှုကတော့ လေးစားလောက်ပါတယ်”
“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိတော့ပါဘူး ၊ မင်း လင်ဟန့်ဟွာရဲ့ အကာအကွယ်အောက်မှာမနေဘူးဆိုရင် သေလမ်းရှာတာနဲ့အတူတူပဲ ၊ အခု မင်းကိုယ်တိုင် ထောင်ချောက်ထဲတိုးဝင်လာမှတော့ မင်းဆန္ဒကို ဖြည့်ပေးရမှာပေါ့”
ပြောပြီးသည်နှင့် ချီဝေက လက်ဟန်တစ်ခုပြုလုပ်ပြီး စည်းတံဆိပ်တစ်ခု ဖန်ဆင်းလိုက်သည်။ ထို့နောက် လက်ကိုရင်ဘတ်ရှေ့သို့ ဆွဲယူလိုက်ပြီးမှ ရှေ့သို့အလျားလိုက်တွန်းထုတ်လိုက်၏။
အဝါရောင်အလံ (၁၃)ခုက လေထဲတွင် ပြန့်နှံ့သွားပြီး အောက်ဘက်မှ အဝါရောင်အခိုးအငွေ့များ ဆန်တက်ထွက်ပေါ်လာသည်။ ကောင်းကင်တစ်ခုလုံး အနက်ရောင်တိမ်တိုက်များနှင့်လွှမ်းခြုံသွားပြီး မိုးကြိုးများက နေရာအနှံ့တောက်ပလာသည်။
အစီအရင်နှစ်ခုက အထက်နှင့်အောက် ပိတ်ဆို့ထားပြီး ရန်ကျောက်ကဲကို ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်လိုက်၏။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်ပင် ထူးကဲယန်စည်းတံဆိပ်ကို ဝှေ့ယမ်းလိုက်သည်။
သို့သော် ထိုခဏတွင် သူ့စိတ်အာရုံ တစ်ချက်လှုပ်ရှားသွားသည်။
မြေအောက်နန်းတော်နက်ရှိုင်းသည့်နေရာ သွေးရေကန်အလယ်ဗဟိုမှာတော့ ကောင်းကင်ဝါးမျိုဓားဝိညာဉ်နှင့် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကိုသန့်စင်နေသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူ့အရှေ့မှ သွေးရေကန်က လှိုင်းများပြင်းထန်စွာထာလာပြီး မူလကတည်ငြိမ်နေသော စည်းချက်ညီမှုပြတ်တောက်သွားကာ ပိုမိုမြန်ဆန်စွာ ခုန်လှုပ်လာသည်။
နှလုံးခုန်သံ ရုတ်တရက် အရှိန်တက်လာသကဲ့သို့ ဖြစ်၏။
ဓားသေတ္တာအတွင်းမှဓားကို ယာဇ်ပူဇော်သန့်စင်ခြင်း ထုံးတမ်းအစီအရင်က နောက်ဆုံးအခိုက်အတန့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် ဤသို့ပြောင်းလဲသွားသော ပတ်ဝန်းကျင်အခြေအနေကြောင့် ရုတ်တရက် မတည်မငြိမ် ဖြစ်သွားသည်။
ရေအောက်နန်းတော်တစ်ခုလုံး အဆက်မပြတ် တုန်လှုပ်လာသည်။
တစ်စုံတစ်ခုကိုစဉ်းစားမိပြီးနောက် ရန်ကျောက်ကဲ သဘောပေါက်သွားသည်။
“အမတကူးပြောင်းခြင်း သိုင်းသူတော်စင်တွေဖြစ်တဲ့ ခန်းဖင်းနဲ့ ကုဟုန်တို့ တိုက်ခိုက်နေကြတာပဲ ၊ သူတို့ကနှစ်ယောက်ရဲ့ တိုက်ပွဲအရှိန်အဟုန်က ကြီးမားလွန်းတယ်”
သွေးရေကန်အတွင်းမှ စွမ်းအားစီးဆင်းမှုက ကောင်းကင်ဝါးမျိုဓားသေတ္တာနှင့် ချိတ်ဆက်နေပြီး ဝိညာဉ်စွမ်းအားများကို ဓားသေတ္တာအတွင်းသို့ အဆက်မပြတ်ထည့်သွင်းပေးနေသည်။
သို့သော် ယခုတော့ ဓားသေတ္တာက ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါသွားသည်။
ဓာသေတ္တာအတွင်းစီးဝင်နေသည့် သွေးနီရောင်အလင်းတန်းများက ရုတ်တရက် ပြောင်းပြန်လှည့်ပတ်သွားသည်။
သွေးကန်အတွင်းမှ ကြီးမားသောစုပ်ယူအားကြီးတစ်ခုထွက်ပေါ်လာပြီး ဓားသေတ္တာထဲမှတည်ရှိမှုတစ်ခုကို အတင်းအကျပ်ဆွဲထုတ်ရန် ကြိုးစားနေသည့်အလား ဖြစ်လေ၏။