၁၀၈ ခုမြောက် ချီသွေးကြော
Vol. 33 Ch. 458
သုံးမျက်လုံး ချိုးငှက် ချန်ရစ်ခဲ့သည့် ကံကြမ္မာဆိုးထဲ ဆွဲသွင်းခံလိုက်ရသည့် အခါ မိုဝူကျီက ဂရုစိုက်ရန် ခံစားချက် အခြေအနေ မည်သို့ ရှိမည်နည်း။ သူက ဒေါသတကြီး လာနေသော မွေးနက် ခြင်္သေ့ကိုပင် ဂရုမစိုက်မိချေ။
သူက ထိုသစ်သီးကို မျိုချပြီးသည်နှင့် ထိုအတွင်းမှ ဝိညာဉ်စွမ်းအားများက ဝရုန်းသုန်းကား ဖြစ်လာသည်။ သူက ဤဝိညာဉ်စွမ်းအား တချို့ထုတ်လွှင့်ရန် လိုအပ်နေသော်လည်း စွမ်းအားများက ခွေးရူးအလား သူ့ခန္ဓာကိုယ်ထဲမှ နေရာအနှံ့ ပြေးလွှားနေသည်။ မိုဝူကျီက ထိုစွမ်းအားများကို ဆွဲထုတ်ရန် အားစိုက် ထုတ်လိုက်ရပြီးနောက် ထိုစွမ်းအားများကို ကောင်းကင်အင်မော်တယ် အတားအဆီးဆီ ချိန်ရွယ်လိုက်သည်။
“ဘုန်း” တစ်ချက်တည်းဖြင့် မိုဝူကျီပေါ်မှ အချုပ်အနှောင်များမှာ ပြင်းပြင်းထန်ထန် တုန်ခါလာကြသည်။ တစ်ချိန်တည်းတွင် မိုးခြိမ်းသံက ကောင်းကင်အထက် ဖြစ်ပေါ်လာသည်။ ထို့နောက် ကလေး လက်သီးဆုပ်လောက် အရွယ်အစားရှိသည့် မိုးကြိုးဆယ်ချက်က သူ့အပေါ် ကျရောက်လာသည်။
မိုဝူကျီဆီ ခုန်ဝင်လာသော မွေးနက် ခြင်္သေ့က ကြောက်မက်ဖွယ် မိုးကြိုး လျှပ်စီးချက်များကြောင့် တုန်ယင်သွားကာ နောက်မြန်မြန် ဆုတ်လိုက်သည်။ မွေးနက် ခြင်္သေ့၏ ကျင့်ကြံဆင့်မှာ ကောင်းကင်အင်မော်တယ် အဆင့်နှင့် တူနေသော်လည်း ထိုသို့မျိုး မိုးကြိုး လျှပ်စီးချက်ကိုတော့ ရင်မဆိုင်ဝံ့ပေ။ သားရဲတစ်ကောင် အနေနှင့် ထိုကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးချက်ကို ထိဖို့ရာပင် ကြောက်ရွံ့လှပေသည်။
“ဘမ်း ဘမ်း”
မိုးကြိုးလျှပ်စီးချက် ဆယ်ချက်ကျော်က မိုဝူကျီ ခန္ဓာအပေါ် ဆက်တိုက် ကျရောက်လာသည်။ မိုဝူကျီ၏ အရေပြားမှာ ချက်ချင်း ပေါက်ကွဲသွားပြီး သူ့အရိုးများပင် ကျိုးကြေကုန်သည်။
မိုဝူကျီ၏ စိတ်နှလုံးတွင်မူ အံ့ဩထူးဆန်းမှုများနှင့်သာ ပြည့်နေသည်။ သူက မိုးကြိုးလျှပ်စီးချက် အတွင်းမှ အဆီအနှစ်များကို အမြဲ စုပ်ယူနိုင်စွမ်း ရှိသော်လည်း ဤမိုးကြိုးစမ်းသပ်ချက်မှာ မြန်ဆန်ပြီး ကြောက်မက်ဖွယ် ကောင်းပေသည်။ သူက လျှပ်စီးအဆီအနှစ်များကို မစုပ်ယူနိုင်ခင် ပြင်းထန်စွာ ဒဏ်ရာရနေပြီးသား ဖြစ်၏။ ထို့အပြင် ဤသည်မှာ ပထမအကြိမ် မိုးကြိုးလျှပ်စီး ကျရောက်ခြင်း ဖြစ်ရုံမျှ ဖြစ်သည်။
မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံနိုင်ခြင်းသည် မိုဝူကျီက အတော်သင့်မျှတသော မိုးကြိုးစမ်းသပ်ချက်များ ရှိ၍ ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့ တစ်ခါမျှ မဖြစ်ဖူးပေ။ မိုးကြိုးချက်များမှာ အလွန်မြန်ဆန်နေရုံသာမက စွမ်းအားမှာလည်း အင်မတန် အားပြင်းလေသည်။
အဝေးတစ်နေရာမှ မွေးနက် ခြင်္သေ့ကြီးသည် မိုဝူကျီ၏ မိုးကြိုးစမ်းသပ်ချက် ခံယူမှုကို လေ့လာနေသည်။ မိုဝူကျီ ခန္ဓာပေါ် ကျရောက်လာသော ကြောက်မက်ဖွယ် မိုးကြိုးချက်များ နောက်တွင် သွေးမြူများ ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း မိုးကြိုးချက်များက ကျင့်ကြံသူကို လုံးဝကျရှုံးသွားအောင် မလုပ်နိုင်ကြောင်း ခြင်္သေ့ကြီးက သတိပြုမိလိုက်သည့် အခါ နှလုံးခုန်နှုန်းများပင် မြန်ဆန်လာလေ၏။ ခြင်္သေ့ကြီးက အဝေးဆုံး တစ်နေရာထိ ဂရုတစိုက် နောက်ဆုတ်ပြီးနောက် လှစ်ခနဲ လှည့်ကာ ကြာငါးသွယ် တောင်အနက်ပိုင်းဆီ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။
ခြင်္သေ့ကြီး၏ အမြင်အရ မိုဝူကျီမှာ သွားနှောင့်ယှက်၍ ရသည့်သူ မဟုတ်ပေ။ သူရင်မဆိုင်နိုင်သော မိုးကြိုး လျှပ်စီးချက်များကို ခံယူနိုင်သည်ကပင် မိုဝူကျီက သူ့ထက်များစွာ အားကောင်းကြောင်း သက်သေပြပြီးသား ဖြစ်နေ၏။ မိုဝူကျီ လှုပ်ရှားလိုက်သည်နှင့် သူလည်း မိုးကြိုးစမ်းသပ်ချက်ထဲ ကျရောက် သွားလိမ့်မည်။ ထို့အပြင် အင်မော်တယ် ဝိညာဉ်အသီးကို စားပြီးပြီ ဖြစ်၍ သူက ဘာကိုများ ထိုင်စောင့်နေရ ဦးမည်နည်း။
ထိုမျှအန္တရာယ်များစွာ ကြားမှ မွေးနက် ခြင်္သေ့အနေဖြင့် မိုဝူကျီ၏ စမ်းသပ်ချက် ခံယူမှုကို အဘယ်ကြောင့် ဆက်လေ့လာ ရဲမည်နည်း။
“ဂျွတ်”
ကောင်းကင် အင်မော်တယ်အဆင့် အချုပ်အနှောင်များ၌ အက်ကွဲကြောင်း အသေးလေး ပေါ်လာသည်။ မိုဝူကျီက သူ့ဒဏ်ရာများကို မကုသနိုင်ခင် နောက်ထပ် မိုးကြိုးချက်များက စတင် ကျရောက်လာပြန်၏။
မိုဝူကျီက ပထမတစ်ကြိမ်နှင့် ယှဉ်လျှင် ရင်ဆိုင်ရန် အသင့်ပြင်ထား လိုက်နိုင်သည်။ သူက လျှပ်စီးကွန်ရက် ဆယ်ခုကျော်ကို ပစ်လွတ်လိုက်သည်။ လျှပ်စီးကွန်ရက်များက ထိုမိုးကြိုးချက်များကို မတားဆီးနိုင်သော်လည်း မိုဝူကျီအပေါ်မှ ဖိအားကိုတော့ လျှော့ချပေးနိုင်သည်။ သူက ကုသဆေးလုံးတချို့ သောက်သုံးလိုက်ပြီးသည့် အချိန်တွင် မိုးကြိုးချက်များက သူ့လျှပ်စီးကွန်ရက်ကို ဖြတ်ကာ သူ့အပေါ် ဆင်းသက်လာသည်။
မိုဝူကျီ၏ ၁၀၇ ခုသော ချီသွေးကြောများက ဧရာမ လှည့်ပတ်ခြင်း လမ်းကြောင်း တစ်ခု ဖြစ်ပေါ်နေပြီး ဆက်တိုက် ပြောင်းပြန်လှည့်ပတ်ကာ မိုးကြိုးချက်အတွင်းမှ လျှပ်စီး အဆီအနှစ်ကို စုပ်ယူနေကြသည်။
ဤမိုးကြိုး စမ်းသပ်ချက်မှာ ရူးသွပ်ဖွယ် အားပြင်းလှသည့် လှိုင်းကြီးနှင့် တူပြီး မိုဝူကျီက လျှပ်စီးအဆီအနှစ်များ ဆက်တိုက် စုပ်ယူနေရင်း မိုဝူကျီ ခန္ဓပေါ်မှ ဒဏ်ရာများမှာ ပထမတစ်ကြိမ်လောက် မများပြားတော့ချေ။
လျှပ်စီးများ မပျောက်ကွယ်သွားခင် နောက်ထပ် မိုးကြိုးချက် ဆယ်ချက် ဆင်းသက်လာပြန်သည်။
ကောင်းကင် အင်မော်တယ် အဆင့်ရှိ အတားအဆီးပေါ်၌ အက်ကွဲရာ အကြီးကြီး ဖြစ်ပေါ်လာရာ မိုးကြိုးချက် ဆင်းသက်လာသည်နှင့် မိုဝူကျီက လျှပ်စီးအဆီအနှစ်များကို ကောင်းကင် အင်မော်တယ် အချုပ်အနှောင်များဆီ ပို့ဆောင်ရန် အာရုံစိုက်ထားလိုက်သည်။
“ဂျွတ်”
မိုဝူကျီက သူ့ခန္ဓာအတွင်း တစ်ခုခု ကျိုးကြေသွားသည်ကို ခံစားမိလိုက်ပြီး သူ့ချီသွေးကြောများ၌ များပြားလှသော စွမ်းအားများ ရှိနေသည်။ မိုဝူကျီ၏ ချီသွေးကြောများက ဆက်တိုက် ကျယ်ပြန့်လာပြီး သူ့အသိစိတ် ပင်လယ်မှာလည်း အပြင်းအထန် ကျယ်ပြန့်လာသည်။ သူ့အသိစိတ် ပင်လယ်အတွင်းရှိ ခရမ်းရေကန်မှာလည်း သမုဒ္ဒရာ အသေးစားလေး ဖြစ်နေသည်။
ထိုစဉ် မိုဝူကျိ၏ စွမ်းအားများက အဆမတန် မြင့်မားလာလေ၏။
သူက ကောင်းကင်အင်မော်တယ်အဆင့် ရောက်ရှိသွားလေပြီ။ မိုဝူကျီက သူ့ဆီ မိုးကြိုးဆယ်ချက် ရောက်ရှိလာသောကြောင့် ပျော်ရွှင်ဖို့ အခွင့်အရေးလေးပင် မရလိုက်ပေ။
မိုဝူကျီက ယခင်ပုံစံ လျှပ်စီးအဆီအနှစ်များကို စုပ်ယူဖို့ မကြိုးစားတော့ပဲ လက်သီးချက်များသာ ပြန်ထုတ်လွှတ်လိုက်သည်။
သူ့လက်သီးချက် အရိပ်များနှင့် မိုးကြိုးချက်များ တွေ့ဆုံသွားသည့်အခါ ကောင်းကင်တခွင် လျှပ်စီးများပင် တလက်လက် ဖြစ်သွားလေ၏။
ကျန်ရှိနေသည့် မိုးကြိုးချက်များက မိုဝူကျီခန္ဓာဆီ ရောက်ရှိလာသော်လည်း ထိုအရာက မိုဝူကျီ အင်အား တိုးသွားရန် ကူညီပေးခဲ့၏။ ထိုမိုးကြိုးချက်များက သူ့ဒဏ်ရာများကို မဆိုးရွားစေရုံသာမက သူ့ဒဏ်ရာများကို ဖြည်းဖြည်းချင်း ကုသပေးနေသေးသည်။
မိုဝူကျီက ကောင်းကင်အင်မော်တယ် အဆင့် ရောက်သွားသည်ကို သတိပြုမိပြီးနောက် မိုးကြိုးစမ်းသပ်ချက်မှာ မိုဝူကျီအတွက် မထိခိုက်စေတော့ပေ။ မိုးကြိုးစမ်းသပ်ချက်များက ဖြည်းဖြည်းချင်း နှေးကျသွားလေ၏။ မိုဝူကျီ စွမ်းအားမှာ အမြင့်ဆုံး အခြေအနေ ရောက်ရှိသွားသည့်အခါ မိုးကြိုစမ်းသပ်ချက်က နောက်တစ်ဖန် မိုးကြိုးချက်များ ပစ်လွှတ်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် မိုဝူကျီက မတားဆီးတော့ပဲ ထိုမိုးကြိုးချက်အတွင်းမှ လျှပ်စီးအဆီအနှစ်ကို စိတ်ပါလက်ပါ စုပ်ယူလိုက်တော့သည်။
“ဂျွတ်”
သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ ဖွင့်ဟသွားသည့်အလား မိုဝူကျီက မျက်လုံးဖွင့်မကြည့်ရ သေးသော်ငြား သူ့ချီသွေးကြောအသစ် ဖြစ်တည်လာမှုကို ခံစားမိနေသည်။
သူ့၁၀၈ခုမြောက် ချီသွေးကြောမှာ နောက်ဆုံး၌ ပွင့်လာလေပြီ။ မိုဝူကျီက အတော်လေး ပျော်ရွှင်မိနေသည်။ သူ့တွင် ဝိညာဉ်ကြောနှင့် ဝိညာဉ်လမ်းကြောင်းများ မရှိပေ။ သူက ချီသွေးကြောများ သုံး၍ ကျင့်ကြံခြင်းဖြင့် ၁၀၈ ခုမြောက် ချီသွေးကြောအထိ ဖွင့်ရမည်မှန်း သိထား၏။
သူ့၁၀၈ ခုမြောက် ချီသွေးကြောမှာ ယနေ့တွင် ပွင့်လာလေပြီ။ ဆိုလိုသည်က သူ့အင်မော်တယ် မော်တယ် ကျင့်စဉ်သည် နှေးကွေးမနေတော့ပဲ သူ့ကျင့်ကြံနှုန်းမှာလည်း တခြာသော ကျင့်ကြံသူတိုင်းထက် များစွာ သာလွန်နေပြီ မဟုတ်ပါလော။
မိုဝူကျီက တွေးမိလိုက်ရင်း သူ့၁၀၈ ခုမြောက် ချီသွေးကြောမှာ ကျန်ချီသွေးကြောများနှင့် ဆက်နွှယ်သွားပေသည်။ မျက်စိတစ်မှိတ်အတွင်း သူ့၁၀၈ ခုမြောက် ချီသွေးကြောက အပြည့်အဝ လှည့်ပတ်လိုက်သည်။ ထိုစဉ် မိုဝူကျီက ၁၀၇ ခုသော ချီသွေးကြောများနှင့် ကျင့်ကြံခြင်းနှင့် ၁၀၈ ခုသော ချီသွေးကြောများ ကျင့်ကြံခြင်းကြားမှ ကွာခြားချက် အကြီးကြီးကို နားလည်သွားသည်။
သူ့အင်အားနှင့် ကျင့်ကြံနှုန်း နှစ်ခုလုံးမှာ အပြောင်းအလဲကြီး ကွာခြားသွားပေ၏။
မိုဝူကျီက ၁၀၈ခုမြောက် ချီသွေးကြော၏ လုပ်ဆောင်မှုအကြောင်း တွေးတောနေစဉ် သူ့အသိစိတ်အတွင်း ဝေဝါးဝါး သတင်းတစ်ခု လက်ခံလိုက်ရသည်။
သူ့ ၁၀၈ ခုမြောက် ချီသွေးကြောမှာ လောက လမ်းကြောင်း ဖြစ်နေသည်။
လောက လမ်းကြောင်းတဲ့လား ... ဒီလို ထူးခြားတဲ့ ချီသွေးကြော ရှိသေးတာလား ...
မိုဝူကျီက အတွေးများနှင့် ယောက်ယက်ခတ်နေသည်။ သူ့လောက လမ်းကြောင်း၏ စွမ်းရည်ကို စမ်းသပ်ဖို့ ကြိုးစားလိုက်စဉ် ကောင်းကင်မှ နောက်ထပ် မြည်ဟည်းသံတစ်ခုကို ကြားလိုက်ရသည်။
ကောင်းကင်မှ မိုးကြိုးချက် တစ်ရာကျော် ဆင်းသက်လာလေ၏။ ကြည့်ရသည်မှာ ထိုမိုးကြိုးချက်များက မိုဝူကျီကို လုံးဝ ဖျက်ဆီးနေချင်ဟန် ပေါ်သည်။ မိုဝူကျီ ကိုယ်တိုင်ပင် မှင်တက်မိသွားသည်။
သူက ဒုတိယမြောက် မိုးကြိုးစမ်းသပ်ချက်ကို ခံယူရဦးမည်လား ...
သူ့မိုးကြိုးစမ်းသပ်ချက် လုံးဝ မပြီးဆုံးသေးစဉ် နောက်ထပ် မိုးကြိုးချက် တစ်ရာကျော်က အဘယ်ကြောင့် ရုတ်ချည်း ဖြစ်ပေါ်လာရသနည်း။
မိုဝူကျီက ထပ်တွေး မနေရဲတော့ချေ။ သူက တျန်းဂျီတုတ်ကို ဆုပ်ကိုင်ထားပြီး တုတ်အရိပ်များစွာကို ပြုလုပ်လိုက်သည်။ တစ်ချိန်တည်းတွင် သူက လျှပ်စီးကွန်ရက် များစွာကိုလည်း ထုတ်လွှင့်လိုက်သည်။
သူက ဤမိုးကြိုး စမ်းသပ်ချက်မှာ သူ့ကိုသတ်ရန် ကြိုးစားနေသည်ဟု ခံစားမိနေသည်။ သူက မိုးကြိုးချက် တစ်ရာကျော် ခံယူရသည့် စမ်းသပ်မှုမျိုး မကြားဖူးသေးပေ။
ကံကြမ္မာက သူ့ကို အင်မော်တယ်ဘုရင် ဖြစ်လာခွင့် မပေးတာလား ...
“ဘမ်း ဘမ်း ဘမ်း ” မိုးကြိုးချက်များက အပြင်းအထန် ကျရောက်လာကာ မိုဝူကျီ၏ လျှပ်စီးကွန်ရက်ကို တစ်စစီ ဆွဲဖြဲလိုက်၏။ မိုဝူကျီ၏ တုတ်အရိပ်များပင် ရွေရောင်အလင်းများ အဖြစ် ပေါက်ကွဲထွက်ကုန်သည်။
ထိုစဉ် မိုဝူကျီက ထိုမိုးကြိုးချက်များမှာ မည်းနက်နေကြောင်း သတိပြုမိလိုက်သည်။
“ဘမ်း ဘမ်း ” ထိုလျှပ်စီးချက်များက မိုဝူကျီအပေါ် ဆက်တိုက် ကျရောက်လာသည်။ မိုဝူကျီက ကောင်းကင် အင်မော်တယ်အဆင့် ရောက်နေပြီ ဖြစ်ကာ နဂိုထက် ဆယ်ဆမက အားကောင်းလာသော်လည်း သူက ထိုမိုးကြိုးချက်များကြောင့် မလှုပ်မယှက် ဖြစ်သွားရသည်။ သူ့ချီသွေးကြောများတွင် အက်ကွဲရာများ ပေါ်နေပြီး သူ့အသိစိတ်ပင်လယ်က စတင်၍ မငြိမ်မသက် ဖြစ်လာသည်။ သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာအပြင်းအထန် ရထားပြီး မြေပြင်ပေါ် လဲကျသွားလေ၏။
သူက ထိုသို့မျိုး မိုးကြိုးချက် တစ်ကြိမ် ခံယူနိုင်သော်လည်း တစ်ချက်ပြီး တစ်ချက် ကျရောက်လာပါက သူသေချာပေါက် မတောင်ခံနိုင်မှန်း သိပေ၏။
ငါတော့ သေပြီ ...
မိုဝူကျီ စိတ်အတွင်း၌ ပူဆွေးမှုနှင့်သာ ပြည့်နှက်နေသည်။ သူက ပုံမှန်မဟုတ်သည့် မိုးကြိုးစမ်းသပ်ချက် ကျရောက် လာလိမ့်မည်ဟု ထင်မထားပေ။
မိုဝူကျီကို အတော်လေး အံ့အားသင့်သွား စေသည်က ထိုမိုးကြိုးချက်များ အပြီးတွင် ကောင်းကင်က ကြည်လင်သွားပြီး သက်တံပင် ထွက်ပေါ်နေသေး၏။ မိုဝူကျီက သူ့ချီသွေးကြောများကို မြန်မြန် ကုသလိုက်ရသည်။
သူ့တွင် အသက်လမ်းကြောင်း ရှိနေသည်က ကံကောင်းပေ၏။ မိုးကြိုး စမ်းသပ်ချက်များက စိတ်ကူးထားသည်ထက် ပိုကြောက်မက်ဖို့ ကောင်းနေသော်လည်း သူ့အသက်လေးတော့ မဆုံးရှုံး သွားသေးချေ။
သူ့အသက်လမ်းကြောင်း စွမ်းအားဖြင့် မိုးကြိုးချက်များကြောင့် ရထားသည့် သူ့ဒဏ်ရာများမှာ ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေသည်။
နောက်ဆုံးတွင် သူက ကောင်းကင် အင်မော်တယ်အဆင့်သို့ အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့သည်။ မိုဝူကျီက စိတ်သက်သာရာ ရသွားပြီး သက်ပြင်း ချလိုက်တော့သည်။ သို့သော် ရုတ်တရက်ဆိုသလို သူ့စိတ်၌ အသိဉာဏ်အလင်းပွင့်မှု အရိပ်အယောင်ကို မြင်တွေ့လိုက်ရသည်။ ထိုအသိဉာဏ်ပွင့်လာမှုမှာ သူ့တာအိုအသိဉာဏ်ပွင့်ခြင်း လမ်းကြောင်းကြောင့် မဟုတ်ဘဲ သူ့၁၀၈ခုမြောက် ချီသွေးကြော ဖြစ်သည့် လောက လမ်းကြောင်းကြောင့် ဖြစ်ပေသည်။
***