ဖန်တီးထားသော ကမ္ဘာလောက
Vol. 34 Ch. 459
ထိုစဉ် မိုဝူကျီက သူ့လောက လမ်းကြောင်း၌ ဆက်တိုက် လှည့်ပတ်နေသော တာအို အငွေ့အသက်နှင့် ဝိညာဉ်စွမ်းအားကို ခံစားမိလိုက်ပြီးနောက် သူ့အသက်လမ်းကြောင်းနှင့် သဘာဝ စွမ်းအားများကို အပြင်းအထန် စုပ်ယူနေလေ၏။
ဘာတွေ ဖြစ်နေတာလဲ ...
မိုဝူကျီက တွေးမိသည်နှင့် သူ့လောကလမ်းကြောင်း လှည့်ပတ်မှု ရုတ်တရက် ရပ်တန့်သွားလေ၏။ မီးခိုးရောင် တာအိုအငွေ့အသက် တစ်ခုက သူ့လောက လမ်းကြောင်းမှ ထွက်ပေါ်လာပြီး ဆက်တိုက် ပုံပြောင်းလာသည်။ ဖြည်းဖြည်းချင်းဖြင့် ပုတီးစေ့ အလုံးငယ်လေးသဖွယ် ပြောင်းသွားသည်။
မိုဝူကျီ၏ စိတ်စွမ်းအားက ထိုမီးခိုးပုတီးစေ့ အလုံးလေးပေါ် ကျရောက်သွားသည့် အခါ ချက်ချင်းပင် အံ့ဩတကြီး ဖြစ်သွားသည်။
ဒါက ကမ္ဘာ လောကတစ်ခုလား ... သူ့လောက လမ်းကြောင်းက ကမ္ဘာလောက တစ်ခု ဖြစ်တည် လာစေတယ်လား ...
သို့သော်လည်း ဤကမ္ဘာ လောကငယ်လေးမှာ ဟင်းလင်းပြင်ကဲ့သို့ ဗလာနတ္ထိကျင်းကာ ဘာဆိုဘာမျှမရှိချေ။
အတွေးတစ်ချက်ဖြင့် သူ့ခန္ဓာက ထိုပုတီးစေ့အတွင်း ပေါ်လာလေ၏။ ပုတီးစေ့မှာ လုံးဝ ပြောင်သလင်းခါနေပြီး ဖရိုဖရဲဖြစ်နေသည့် စွမ်းအား အရိပ်အယောင်တချို့မှ လွဲ၍ ဘာဆိုဘာမျှရှိမနေပေ။ သို့သော်လည်း ဖရိုဖရဲစွမ်းအားများက သူ မွမ်းမံထားသော အင်မော်တယ် မော်တယ် ကျင့်စဉ်နှင့် ပတ်သက်နေဟန် ပေါ်သည်။ ကြည့်ရသည်မှာ သူကိုယ်တိုင် ဖန်တီးထားသော ကျင့်စဉ်မှ ဆင်းသက်လာဟန် ရှိသည်။
မိုဝူကျီက စိတ်စွမ်းအားကို ဖြန့်ကြက်လိုက်သည့်အခါ အမှန်ပင် ပုတီးစေ့အတွင်း ရောက်နေကြောင်း တွေ့လိုက်ရသည်။ ပုတီးစေ့ အပြင်ဘက်တွင် သူ့မိုးကြိုး စမ်းသပ်ချက်ကြောင့် ရှုပ်ယှက်ခတ်နေသော ကုန်းပြေမြင့် ရှိနေသည်။
ဒါက ငါဖန်တီးလိုက်တဲ့ ကမ္ဘာလောကလား ...
ကောင်းကင် အင်မော်တယ်အဆင့် တက်လှမ်းသွားတဲ့ သူတိုင်း ဒီလို ကမ္ဘာလောက တစ်ခုကို ပိုင်ဆိုင်ကြတာလား ...
မိုဝူကျီက တွေးမိလိုက်ရင်း ထိုသို့ မဟုတ်ကြောင်း ခံစားမိလိုက်သည်။ အကယ်၍ ဤသို့ဖြစ်နေလျှင် ဟန်ချင်းရုက သူ့ကို ပြောဖူးပေလိမ့်မည်။
ဤအရာမှာ သူ့ချီသွေးကြော ကျင့်စဉ်နှင့် သက်ဆိုင်ပြီး သူ့လောက လမ်းကြောင်းမှ မွေးထုတ်ပေးလိုက်သည့် ကမ္ဘာလောကသာ ဖြစ်ရမည်။ သူက လောကလမ်းကြောင်းကို ဖွင့်နိုင်ခဲ့သောကြောင့် သူက ကိုယ်ပိုင်ကမ္ဘာလောကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ဤကမ္ဘာလောကမှာ အသစ်ဖြစ်တည် လာသောကြောင့် လုံးဝဗလာကျင်းနေခြင်း ဖြစ်ပေ၏။
ဤအရာမှာ ကမ္ဘာလောက ဖြစ်နေသောကြောင့် သူက ပစ္စည်းတွေကို သိမ်းဆည်းလို့ ရသင့်သည် မဟုတ်လား။ မိုဝူကျီက တွေးမိလိုက်သောအခါ သူက သိုလှောင်လက်စွပ်ထဲမှ စိတ်စွမ်းအင် ကျောက်တုံးများကို ပစ်ထည့်လိုက်သည်။ မျှော်လင့်ထားသည့် အတိုင်း ဤနေရာ ထောင့်တစ်နေရာ၌ စိတ်စွမ်းအင် ကျောက်တုံး အပုံလိုက်လေး ရှိနေသည်။
မိုဝူကျီက ဤကမ္ဘာလောကကို ဆက်၍ မလေ့လာတော့ချေ။ သူ လက်ရှိ ရှိနေသည့် နေရာမှာ မလုံခြုံပေ။ နောက်ထပ် အတွေးတစ်ချက်ဖြင့် သူက သူ့ကိုယ်ပိုင် ကမ္ဘာလောကထဲမှ ထွက်လာလေ၏။
မိုဝူကျီ ထွက်လာသည်နှင့် ထိုမီးခိုးရောင် ကမ္ဘာလောကမှာ သူ့စိတ်နန်းတော်အတွင်း ချက်ချင်း ပုန်းကွယ်သွား၏။ မိုဝူကျီက သူ့အစီအရင်အလံများကို အမြန်အဆန် သိမ်းဆည်းလိုက်ပြီး သူ့ယာဉ်ပျံကို ထုတ်ကာ ဤနေရာမှ ချက်ချင်း ထွက်လာလိုက်သည်။ သူ ထွက်လာသည်နှင့် ဤကမ္ဘာလောကကို ဆက်လေ့လာသည့်အပြင် သူ့အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့လည်း လိုအပ်သေး၏။
***
မိုဝူကျီက ဂူဆီ ပြန်ရောက်လာသည့်အခါ ဟန်ချင်းရုက သူမအင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းနေဆဲ ဖြစ်သည်။ သူမဘေးတွင် အင်မော်တယ်ဝင်ရိုး တာအိုရောင်ခြည်တော် စက်ဝန်းက ချောချောမွေ့မွေ့ လှည့်ပတ်နေပြီး ဟန်ချင်းရု၏ တာအို စိတ်ဆန္ဒက ဤတာအိုစက်ဝန်းထဲ ဝင်သွားလေ၏။ ထိုစဉ် မိုဝူကျီက ဟန်ချင်းရု၏ စိတ်အတွင်း အတွေးများကို စူးစမ်းကြည့်ချင်မိသည်။ သူက ဤအင်မော်တယ် ဝင်ရိုး တာအိုစက်ဝန်းဆီ သူ့စိတ်စွမ်းအား ပို့လွှတ်လိုက်ရုံ ဖြစ်၏။
မည်သို့ပင် ဖြစ်စေကာမူ မိုဝူကျီက ထိုသို့မျိုးအရာကို မလုပ်ပေ။ ပုံမှန်အားဖြင့် ကောင်းကင် အင်မော်တယ် တစ်ယောက်က သူ့အင်မော်တယ်ဝင်ရိုးကို လျှို့ဝှက် ဖွဲ့စည်းကြသော်လည်း သူတို့နှစ်ယောက်မှာ ထွက်ပြေး တိမ်းရှောင်နေရသည့် အတွက် ဟန်ချင်းရုက ဤနေရာတွင် အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းနေရခြင်း ဖြစ်သည်။
ဟန်ချင်းရုကို စိတ်မဝင်စားတော့ပဲ မိုဝူကျီက သူ့ဘေးပတ်လည်တွင် နောက်ထပ် အစီအရင်တစ်ခု အသက်သွင်းလိုက်သည်။ အစီအရင် အသက်သွင်းပြီးသည်နှင့် မိုဝူကျီက သူ ဖန်တီးထားသည့် ကမ္ဘာလောကထဲ ပြန်ဝင်သွားတော့သည်။
မီးခိုးရောင် ကမ္ဘာလောကမှာ ဗလာကျင်းနေသည်။ မိုဝူကျီ သိုလှောင်လက်စွပ်ကို ထုတ်ကာ လက်စွပ်အတွင်းမှ ပစ္စည်းများကို ကမ္ဘာလောကထဲ သေချာ ပြောင်းထည့်လိုက်သည်။
အရေးကြီးဆုံးမှာ သန်းဆယ်ချီနေသော သူ့အင်မော်တယ် ဝင်ရိုးကျောက်တုံးများ ဖြစ်၏။ အကယ်၍ ကိစ္စများသာ ပေါက်ကြားသွားလျှင် ယုံရင်အစွန်းအဖျားမှ ကျင့်ကြံသူအားလုံးက သူ့အား လိုက်လံ သတ်ဖြတ်ပေလိမ့်မည်။
ကာကီရောင် အမြုတေကိုလည်း ထုတ်ယူလိုက်သည်။ ထိုအရာမှာ မြေသဘာဝ အမြုတေ ဖြစ်ပြီး မိုဝူကျီက ကံကောင်း၍သာ ရရှိခဲ့ခြင်း ဖြစ်သည်။
ယခင် သူက ထိုအမြုတေကို လုယူစဉ်က သေဖို့ရန်ပင် ပြင်ဆင် ထားပြီးသွားလေပြီ။ ဟင်းလင်းပြင် ဖားနှင့် ယင်မီးတောက် ကင်းခြေများသည် သူနှင့် အလှမ်းကွာဝေးနေသော တည်ရှိမှုမျိုး ဖြစ်ပေ၏။ မိုဝူကျီက မြေသဘာဝ အမြုတေကို လုယူပြီးနောက် ထွက်လမ်း တွေ့သွားလိမ့်မည်ဟု ကိုယ်တိုင်ပင် မျှော်လင့်မထားမိပေ။
မိုဝူကျီက မြေသဘာဝ အမြုတေ မည်သို့ ဖြစ်လာမည်မှန်း မသိသော်လည်း ထိုအမြုတေမျိုးသည် သူ ဖတ်ဖူးသည့် ကျောက်စိမ်း ပေလွှာတစ်ခုခုမှ တွေ့ဖူးကြောင်းသာ မှတ်မိလေသည်။ ပြောရမည်ဆိုလျှင် မြေသဘာဝ ဝိညာဉ်ကြော ပိုင်ရှင်များအတွက် ရတနာတစ်ခု ဖြစ်ကာ ထိုကျင့်ကြံသူဆီ ကံကောင်းမှုအကြီးကြီး ဆောင်ယူလာလိမ့်မည်။
မိုဝူကျီက အတော်သင့် ကြီးမားသော သေတ္တာတစ်လုံးကို ထုတ်ကာ ဤမြေသဘာဝ အမြုတေကို မီးခိုးရောင် ကမ္ဘာလောက တစ်နေရာ၌ သိမ်းထားရန် ပြင်ဆင်နေလေ၏။ မိုဝူကျီက အမြုတေကို မသိမ်းလိုက်နိုင်ခင် မြေသဘာဝပုတီးစေ့က သူ့လက်မှ ရုတ်တရက် ခုန်ထွက်သွားပြီး လေထဲတွင် မျှောနေသည်။ မြေ သဘာဝ အမျိုးအစား အလင်းတန်းများက ထိုအမြုတေမှ ထွက်ပေါ်နေပြီး မကြာခင်တွင် ဗလာကျင်းနေသည့် မီးခိုးရောင် ကမ္ဘာ လောကနှင့် ပေါင်းစပ် သွားတော့သည်။
ဒါက ...
မိုဝူကျီက သူ့ရှေ့မှ အဖြစ်အပျက်များကို ကြောင်ကြည့်နေမိသည်။ နောက်အခိုက်အတန့်လေး၌ သူ့ခန္ဓာမှ အဆုံးမဲ့သော အသက်ဓာတ်များနှင့် သဘာဝစွမ်းအားများမှာ စုပ်ယူခံနေရကြောင်း သတိထားမိလိုက်သည်။
ထုတ်ယူခြင်း ခံလိုက်ရသော အသက်ဓာတ်နှင့် သဘာဝစွမ်းအားများမှာ မြေသဘာဝ အမြုတေနှင့် ပေါင်းစပ်သွားလေ၏။ တသိမ့်သိမ့် လှိုက်ကာ တုန်ယင်လာသော လှိုင်းများက လေထုအတွင်း ဖြစ်ပေါ်လာသည်။
ဘာတွေ ဖြစ်နေတာလဲ ...
မိုဝူကျီက အဖြစ်အပျက်ကို နားမလည်နိုင်ခင် တစ်ခုခု လွဲမှားနေကြောင်း သိသွားသည်။ အကယ်၍ သူ့အသက်ဓာတ်များက ဆက်တိုက် ထုတ်ယူခံရလျှင် မကြာခင် အရိုးခြောက် ဖြစ်သွားပေလိမ့်မည်။
ရပ်တန့်ပစ်ရမယ် ... ချက်ချင်း ရပ်တန့်ပစ်ရမယ် ...
မိုဝူကျီက “ရပ်” ဟု အော်လိုက်သည့်အချိန် ဆုံးရှုံးမှု အရိပ်အယောင်တချို့ ခံစားမိလိုက်သည်။ ထိုအခိုက်အတန့်၌ သူ့မီးခိုးရောင် ကမ္ဘာလောကလေးမှာ ပြိုကျသွားဟန် ရှိသည်။
သူက အဖြစ်အပျက်ကို နားလည်သွားချိန်တွင် တစ်ခု၊ နှစ်ခုသာ မှန်းဆနိုင်လိုက်သည်။ သူ့ကမ္ဘာလောကတွင် ကမ္ဘာ လောက၏ ဥပဒေသများ လိုအပ်နေပြီး ဤမြေသဘာဝ အမြုတေမှာ ကမ္ဘာလောက၏ သဘာဝ ဥပဒေသများကို ပုံသွင်းဖော်ပေးနေခြင်း ဖြစ်သည်။ သူက “ရပ်” ဟု အော်မိလိုက်ချိန်တွင် အပြည့်အဝ ပုံဖော်၍ မပြီးသေးသောကြောင့် ပြိုကျသွားခြင်း ဖြစ်နိုင်သည်။
မိုဝူကျီက စိတ်အတွင်း၌ သက်ပြင်းသာ ချလိုက်သည်။ ဤသို့ဆိုလျှင် ဆက်လုပ်ရမည် ဖြစ်ပေ၏။ တောင့်မခံနိုင်တော့သည့် အချိန် ရောက်လာလျှင် ရပ်တန့်ပစ်လိုက်မည်။
မိုဝူကျီ အတွေးတစ်ချက်ဖြင့် သူ့ခန္ဓာထဲမှ အသက်ဓာတ်နှင့် သဘာဝစွမ်းအားများက တစ်ဖန် ပြန်ထွက်သွားပြန်ပြီး အမြုတေမှ ထွက်လာသော ကမ္ဘာလောက ဥပဒေသများနှင့် ပေါင်းစပ်သွားသည်။ မီးခိုးရောင် ပုတီးစေ့မှာ ဆက်လက်၍ တုန်ခါနေဆဲ ဖြစ်သည်။
အချိန်ခဏ အကြာတွင် မိုဝူကျီက အမှန်ပင် ဆက်လက်၍ မတောင့်ခံနိုင်တော့ပဲ သူ့ကိုယ်ပိုင် ကမ္ဘာငယ်လေးတွင် မေ့မြောသွားသည်။
မိုဝူကျီက မေ့မြောသွားသော်လည်း သူ့ခန္ဓာအတွင်းမှ အသက်ဓာတ်များနှင့် သဘာဝစွမ်းအားများက ဆက်လက်၍ စုပ်ယူခံနေရဆဲ ဖြစ်သည်။ မြေ သဘာဝ အမြုတေက ဖြည်းဖြည်းချင်း သေးငယ်လာပြီး ဤမီးခိုးရောင် ကမ္ဘာငယ်လေး၌ ပျောက်ကွယ် သွားတော့သည်။
***
အချိန်များက ဆက်လက်၍ ကျော်လွန်လာသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်ကုန်ဆုံးသွား၏။
သက်ပြင်းရှည် တစ်ချက် ချကာ ဟန်ချင်းရုက မတ်တတ်ရပ်လိုက်သည်။ အင်မော်တယ် ဝင်ရိုး တာအိုစက်ဝန်းမှာ သူမခန္ဓာကိုယ်အတွင်း ပုန်းအောင်းနေလေ၏။ အင်မော်တယ်ကျောက်တုံး ၆ သိန်း ၃ သောင်း သုံးပြီးနောက်တွင် သူမက သူမကိုယ်ပိုင်ဖြစ်သည့် အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သည်။
ထိုစဉ် သူမ၏ စွမ်းအားများသည် ယခင်ကထက် ဆယ်ဆမက တိုးပွားလာကြောင်း ခံစားမိလိုက်သည်။ အကယ်၍ ယခု သူမက ကျိကျောက်နှင့် ယှဉ်တိုက်လျှင် ကြောက်ရွံ့စရာ မရှိတော့ကြောင်း ယုံကြည်မိ၏။
ဤအရာမှာ အင်မော်တယ်ဝင်ရိုး ရှိခြင်းနှင့် မရှိခြင်း ကွာခြားချက်များလား ...
ဟန်ချင်းရုက သူမကိုယ်တွင်းမှ အင်မော်တယ် သဘာဝစွမ်းအားများကို ခံစားမိ၍ အတော်လေး စိတ်လှုပ်ရှားမိသွားသည်။
နှစ်ဝက်ကြာပြီးနောက် သူမက အင်မော်တယ်ဝင်ရိုးသာ ဖွဲ့စည်းနိုင်ခြင်း မဟုတ်ဘဲ သူမက သဘာဝစွမ်းအားများကို အင်မော်တယ် သဘာဝစွမ်းအားများ အဖြစ် ပြောင်းလဲနိုင်ခဲ့၏။
အကယ်၍ အတိတ်မှာသာ ဖြစ်နေလျှင် သူမက ထိုသို့မျိုးအရာကို တွေးပင် မတွေးရဲချေ။ ဤအရာအားလုံးမှာ ဂျုနီယာမောင်လေး မိုကြောင့်သာ ဖြစ်လာရခြင်း ဖြစ်သည်။ ဟန်ချင်းရုက မိုဝူကျီ၏ မှော်အစီအရင်ကို လှည့်ကြည့်လိုက်ပြီးနောက် သူမစိတ်ထဲ၌ ကျေးဇူးတရားများဖြင့်သာ ပြည့်နေသည်။
သူမက သူမ ဘေးနားတွင် အစီအရင်တစ်ခု ပြုလုပ်ကာ ဆေးကြောသန့်စင်၍ အဝတ်အစားသစ် လဲလှယ်လိုက်သည်။ ထို့နောက် သူမက ကျန်ရှိနေသော အင်မော်တယ်ဝင်ရိုး ကျောက်တုံးများကို စုစည်းကာ မိုဝူကျီဆီ ပြန်ပေးဖို့ ပြင်လိုက်သည်။
သူမဖခင် အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းစဉ်က ပေါပေါများများ မသုံးခဲ့ရပေ။ အင်မော်တယ် ဝင်ရိုးကျောက်တုံး ၆သိန်းကျော်မှာ အနည်းဆုံး လူတစ်ရာကျော်အတွက် အင်မော်တယ်ဝင်ရိုး ဖြစ်တည်လာဖို့ လုံလောက်ပေ၏။ သို့သော်လည်း သူမက လက်စွပ်အတွင်းမှ ကျောက်တုံး ပမာဏ နည်းနည်းကိုသာ သုံးစွဲခဲ့ခြင်း ဖြစ်သည်။
ဟန်ချင်းရုက မိုဝူကျီ၏ အစီအရင် အပြင်ဘက်မှ ရက်အတော်ကြာ စောင့်ဆိုင်း နေပြီးနောက် မကြာခင်တွင် တစ်ခုခု လွဲမှားနေကြောင်း သတိပြုမိသွားသည်။ မိုဝူကျီ၏ အစီအရင်အတွင်း၌ လှုပ်ရှားမှု အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။
ပုံမှန်အားဖြင့် မိုဝူကျီက ကျင့်ကြံနေလျှင်ပင် အင်မော်တယ် ဝိညာဉ်စွမ်းအား လှည့်ပတ်မှု ရှိနေရမည်။ သို့သော်လည်း မိုဝူကျီ၏ အစီအရင်အတွင်း၌ ထိုသို့မျိုး စွမ်းအား လှည့်ပတ်မှုမျိုး မရှိဘဲ ရေသေကဲ့သို့ ငြိမ်သက်နေသည်။
ဟန်ချင်းရုက ထိုအတွေးဖြင့် သူမ စိတ်ထဲ၌ စိုးရိမ်လာပြီး မိုဝူကျီ၏ အစီအရင်ကို ထိကိုင်လိုက်သည်။
ဟန်ချင်းရုက သူ့အစီအရင် ထိလိုက်သည်နှင့် အချိန်အတော်ကြာ မေ့မြောနေသော မိုဝူကျီက ချက်ချင်း နိုးလာသည်။ မကြာခင်တွင် သူက သူ့ကမ္ဘာငယ်လေးတွင် လဲလျောင်းရင်း ရှိနေသည်ကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။
မဟုတ်သေးဘူး ... သူ့ မီးခိုးရောင် ကမ္ဘာလောကနှင့် မတူပေ။
သူ့မီးခိုးရောင် ကမ္ဘောလောကက လုံးဝ ဗလာကျင်းနေပြီး ဤကမ္ဘာငယ်လေးတွင် မီးခိုးရောင် ကုန်းမြေ ပိုင်ဆိုင်ထားသည်။
သူက ထိုမီးခိုးရောင် ကုန်းမြေပေါ်တွင် လဲလျောင်းလျက် ရှိနေသည်။ သူ ထားခဲ့သော စိတ်စွမ်းအင် ကျောက်တုံး အပုံလိုက်မှာ ပျောက်ကွယ်သွားလေပြီ။ တစ်ဖက်တွင် သူ့ဝိညာဉ် ဆေးပင်များနှင့် ဆေးလုံးများက ရှိနေဆဲ ဖြစ်၏။ သို့သော်လည်း သူ့အင်မော်တယ် ကျောက်တုံးများနှင့် မြေသဘာဝ အမြုတေတို့မှာ ပျောက်ကွယ်သွားချေပြီ။
***