← Chapters

ထာဝရ ကမ္ဘာလောက

Vol. 34 Ch. 460

ထာဝရ ကမ္ဘာလောက

Vol. 34 Ch. 460

ယခု အချိန်လေးအတွင်း မိုဝူကျီက သတိပြုမိသွားသည်။ ဤအရာမှာ သူ့ကိုယ်ပိုင် ကမ္ဘာငယ်လေး ဖြစ်နေဆဲ ဖြစ်၏။ တစ်ခုတည်းသော ခြားနားချက်မှာ ဗလာကျင်း မနေတော့ပဲ မြေသဘာဝ အမြုတေမှ  ကမ္ဘာလောက ဥပဒေသများနှင့် ပေါင်းစပ်ပြီးသား ဖြစ်နေလေပြီ။

မဟုတ်သေးပါဘူး  ... အတိအကျဆိုရလျှင် သူ့အသက်ဓာတ်နှင့် ကမ္ဘာလောက ဥပဒေသများနှင့် ပေါင်းစပ်၍ ဤကုန်းမြေ ဖြစ်လာခြင်းဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

မကြာခင်တွင် မိုဝူကျီက သူ့သနားစဖွယ် သွင်ပြင်ကို မြင်လိုက်ရသည်။ အရိုးပေါ် အရေတင် ဖြစ်နေပြီး သူ့ဆံပင်များမှာလည်း အရောင်ပြောင်းနေ လေချေပြီ။

မိုဝူကျီက  သူ့အသက် လမ်းကြောင်းကြောင့်သာ မဟုတ်လျှင် သေနေလောက်ပြီ ဖြစ်ကြောင်း သေချာနေသည်။

ဟန်ချင်းရု၏ အသည်းအသန် အော်ခေါ်သံကို နောက်တစ်ဖန် ထပ်ကြားလိုက်ရ သောကြောင့် မိုဝူကျီက သူ့ကမ္ဘာလောကငယ်လေးမှ အလျင်အမြန်  ထွက်လာလိုက်သည်။

မိုဝူကျီ အစီအရင်အတွင်းမှ ဝိညာဉ်စွမ်းအား စီးဆင်းမှုကို ခံစားမိလိုက်ပြီး အသံကိုပင် ကြားလိုက်ရသည့် အတွက် ဟန်ချင်းရုက ဂရုမစိုက်တော့ပဲ ဝင်လိုက်တော့သည်။

မိုဝူကျီ၏ အစီအရင်တွင် ခုခံရေးအတားအဆီးများ မရှိဘဲ ဖုံးကွယ်ထားနိုင်ရုံမျှ စွမ်းအားသာ ရှိသည်။ ဟန်ချင်းရုက  ထိုအစီအရင်ကို အလွယ်တကူ ချိုးဖျက်နိုင်လိုက်သည်။ ဝင်လိုက်လိုက်ချင်း   မိုဝူကျီ သွင်ပြင်ကို မြင်လိုက်ရသည့်အခါ သူမက ကြောင်အသွားမိသည်။

မိုဝူကျီက ကြမ်းပြင်တွင် လဲနေပြီး သူ့ဆံပင်များမှာ အရောင်များကျွတ်နေကာ   ခန္ဓာကိုယ်မှာလည်း အရိုးစုမျှသာ ရှိသည်။ တက်တက်ကြွကြွရှိသည့် ဂျုနီယာမောင်လေးမိုနှင့် နှိုင်းယှဉ်လျှင် မိုးနှင့်မြေအလား ခြားနားနာပေ၏။

“ဂျုနီယာမောင်လေးမို ဘာတွေ ဖြစ်ခဲ့တာလဲ” ဟန်ချင်းရုက ရှေ့တစ်လှမ်းတိုးကာ မိုဝူကျီကို ထူပေးလိုက်ပြီး သူမခန္ဓာပေါ် မှီခိုင်းထားလိုက်သည်။

ရနံ့သင်းသင်းလေး တစ်ခုက သူ့နှာဖျားဆီ ရောက်လာကာ ကျီစယ်နေသည်။ တစ်ချိန်တည်းတွင် မိုဝူကျီက ကျိညီအစ်ကိုထက် အားကောင်းသော ဟန်ချင်းရု၏ ကောင်းကင်အင်မော်တယ် အရှိန်အဝါကို ခံစားမိလိုက်သည်။

“စီနီယာအစ်မချင်းရု  ... အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းနိုင်တာ ဂုဏ်ယူပါတယ်ဗျာ”  ဂုဏ်ယူစကားဆိုပြီးနောက် မိုဝူကျီက  အသက်ဓာတ် အားဖြည့်ဆေးလုံး တချို့ကို ထုတ်ကာ မျိုချလိုက်သည်။

သူ့တွင် အသက် ဓာတ်လမ်းကြောင်း ရှိသော်လည်း သူဆုံးရှုံးမှုမှာ အတော်လေး ကြီးမားပေသည်။

“အာ ... ရှင့်ကြောင့်သာ မဟုတ်ရင်  ကျမ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းနိုင်မှာ မဟုတ်ပါဘူး။ ဂျုနီယာမောင်လေးမို ... ဒါနဲ့ ဘာတွေ ဖြစ်ခဲ့တာလဲ” ဟန်ချင်းရုက နည်းနည်း စိုးရိမ်မိနေသည်။ ကျင့်ကြံသူ တစ်ယောက်က ပြင်းထန်စွာ ဒဏ်ရာရထားလျှင်ပင် မိုဝူကျီ အခြေအနေ အထိတော့ မဆိုးရွားလောက်ချေ။

မိုဝူကျီက ပြုံးလိုက်သည်။ သူက ကမ္ဘာလောကတစ်ခု မွေးထုတ် ပေးလိုက်ကြောင်း ထုတ်ဖော်ပြော၍ မရပေ။ သူက ဇာတ်ကြောင်းတစ်ခု ဖန်တီးကာ  “သိပ်မကြာခင်က  ကျုပ် အိပ်မက်နတ်ဆိုးမနဲ့ တွေ့ခဲ့တယ်။ သူက ကျုပ် ယန်စွမ်းအားတွေကို စုပ်ယူသွားပြီးတော့ ဒီလိုအခြေအနေ ဖြစ်အောင် ထားခဲ့တာပဲ”

(အိပ်မက်နတ်ဆိုး - အိပ်နေသော ယောက်ျားသားနှင့် ကာမစပ်ယှက် တတ်သည်ဟု အဆိုရှိသော ဒဏ္ဍာရီလာ နတ်ဆိုးမ Succubus )

ဟန်ချင်းရု မျက်နှာမှာ ခရမ်းချည်သီးမှည့် တစ်လုံးပမာ နီရဲလာလေသည်။ မိုဝူကျီ၏ အားနည်းနေသည့် သွင်ပြင်ကြောင့်သာ မဟုတ်လျှင် သူမက မိုဝူကျီကို ပစ်ချခဲ့မည် ဖြစ်သည်။

မိုဝူကျီက တုံ့ခနဲ ဖြစ်သွားပြီး သူ့ဟာသမှာ မသင့်တော်ကြောင်း သိရှိပြီးနောက် မြန်မြန် ပြောလိုက်သည်  “ကျုပ်အဆင်ပြေပါတယ်။ ဒါနဲ့ ဟုတ်သား  ... ခင်ဗျားဆီမှာ အင်မော်တယ် ကျောက်များ ရှိသေးလား။ တကယ်လို့ရှိရင် ကျုပ်ကို နည်းနည်းလောက် ပေးပါဦး”

ဟန်ချင်းရုက နေရခက်စွ ခေါင်းယမ်းပြလိုက်ရင်း  “ကျမမှာ အင်မော်တယ်ကျောက် မရှိဘူး။ ဒီမှာ ခဏစောင့်နေပါလား။ ဒီနေရာကနေ သိပ်မဝေးတဲ့ မြို့တစ်ခုကို သိတယ်။ အဲဒီကိုသွားပြီးတော့ တစ်ခုခု သွားရောင်းလိုက်မယ်လေ”

မိုဝူကျီက ဟန်ချင်းရု စကားနောက်မှ အဓိပ္ပာယ်ကို နားလည်လိုက်လေသည်။ သူမက သူ့ကို အင်မော်တယ်ကျောက် ရအောင် ကူညီပေးလိုခြင်း ဖြစ်၏။ သူက လက်ကာပြကာ   “အဲဒီလို မလိုပါဘူး။ ဒီနေရာမှာ စွမ်းအား စုစည်းရေး အစီအရင် ရှိနေတာဆိုတော့ ရက်နည်းနည်းလောက် နားရရင်  လုံလောက်ပါပြီ”

ဟန်ချင်းရုက အတွေ့အကြုံ မပြည့်ဝသေးပေ။ သူမက လက်ရှိ နောက်မှ အလိုက်ဖမ်းခံ နေရကာ မြို့သို့ သွားလျှင် သွားသေသည်နှင့် အတူတူ ဖြစ်နေလိမ့်မည်။ သူ ပြန်ကောင်း လာပြီးနောက် အချိန်တစ်ခုအထိ ကျင့်ကြံလိုက်လျှင် သူ့အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းနိုင်လိမ့်မည်။ ထို့နောက် သူက ဟန်ချင်းရုကို အင်မော်တယ် လောကဆီ ပို့ဖို့ရာ  ကြံပြီးနောက် သူတို့နှစ်ယောက်မှာ တစ်ယောက် တစ်လမ်းစီ လျှောက်လှမ်းကြမည် ဖြစ်၏။

“ဟုတ်ပါပြီ  အဲဒါဆို ရှင် အနားယူတာ မနှောင့်ယှက်တော့ပါဘူး” ဟန်ချင်းရုက မိုဝူကျီကို သေချာဂရုတစိုက် ချထား ပေးလိုက်ပြီးနောက် မိုဝူကျီ၏ အစီအရင်မှ ထွက်လာလိုက်သည်။

ဟန်ချင်းရု ထွက်သွားပြီးနောက် မိုဝူကျီက ဆေးလုံးများကို ထပ်သောက်သုံးလိုက်ပြီး သဘာဝစွမ်းအားများ ပြန်လည် ကောင်းမွန်လာအောင် ပြုလုပ်လိုက်သည်။ အကယ်၍ သူက အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းလိုလျှင် သူ့စွမ်းအား ပြန်ရသည့်အထိ စောင့်ဆိုင်းရမည် ဖြစ်၏။

ရက်များစွာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေ၏။ မိုဝူကျီက အားနည်းနေဆဲ ဖြစ်သော်လည်း  သိသိသာသာ တိုးတက် ပြောင်းလဲလာသည်။ သူ့တစ်ခေါင်းလုံး ဖြူဖွေးနေသည့် ဆံပင်ဖြူများက  ယခုအခါ ညိုနုနုဖြစ်နေလေပြီ။

မိုဝူကျီဆီမှ  အင်မော်တယ် ဝိညာဉ်စွမ်းအားများ စုပ်ယူမှုကို ခံစားမိပြီး ဟန်ချင်းရုက သက်ပြင်းချလိုက်သည်။ သူမက သူ့အစီအရင် အပြင်ဘက်၌ ကျောက်စိမ်းစာချွန်လွှာ တစ်ခုထားကာ ဂူထဲမှ တိတ်တဆိတ် ထွက်သွားလေ၏။

သူမက မိုဝူကျီ၏ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများစွာ သုံးခဲ့သည့်အတွက် ယခု မိုဝူကျီ ကျင့်ကြံခြင်းက အဟန့်အတားနှင့် ကြုံနေသည့်အချိန်တွင် သူမက အကူအညီတချို့ ပေးချင်မိသည်။

***

မိုဝူကျီက ဟန်ချင်းရု ထွက်သွားသည်ကိုပင် မသိလိုက်ပေ။ သူက ပျက်စီးသွားသော ချီသွေးကြောများနှင့် သဘာဝစွမ်းအားများကို ပြန်ကောင်းမွန်အောင် လုပ်ရာ၌ အာရုံနစ်မြောနေသည်။

ရက်များစွာ ကုန်ဆုံးသွားသည့် နောက်တွင် မိုဝူကျီက ရပ်တန့်လိုက်တော့သည်။ သူက အပြည့်အဝ ပြန်လည် မကောင်းမွန်သေးသော်လည်း အင်မော်တယ်ကျောက် သို့မဟုတ် အင်မော်တယ် ဆေးလုံးတချို့ မှီဝဲရလျှင် သူ့အနေနှင့် အပြည့်အဝ ပြန်ကောင်းလာလိမ့်မည်။

သူ့တွင် အင်မော်တယ်ဆေးလုံးများ ရှိမနေသော်လည်း ထိုအရာက သူ့အတွက် အရေးမပါပေ။ သူ့တွင် အင်မော်တယ်ဆေးလုံး မရှိသော်လည်း သူ့၌ ချောင်မူရှစ် ရှိသေးသည် မဟုတ်ပါလော။  ချောင်မူရှစ်ကို ဖတ်ရှုပြီးနောက် ဟန်ချင်းရုဆီမှ အကူအညီ တောင်းကြည့်ရမည်။ ပန်းမြိုင်ရာ အိမ်တော်သခင် တစ်ယောက်အနေနှင့် သူမတွင် အင်မော်တယ် ဆေးပင်တချို့ ရှိနေလောက်သည်။

နောက်တစ်ဖန် မိုဝူကျီက သူ့ကမ္ဘာ လောကငယ်လေးထဲ ဝင်ရောက်လိုက်သည်။ အထဲတွင် အမှန်တကယ် ကမ္ဘာတစ်ခုလို ဖြစ်နေလေ၏။ မီတာရာချီသည့် ကုန်းမြေ မဟုတ်ဘဲ အစွန်းများက အဆုံးမဲ့သော ဗလာနတ္ထိ ဟင်းလင်ပြင်သဖွယ် ဖြစ်နေသည်။

မိုဝူကျီက ချိန်စုယင်၏ ကျောက်စိမ်းခေါင်းတလားကို ဤကမ္ဘာငယ်လေးထဲ ထားလိုက်ပြီး ဘေးပတ်လည်တွင် မှော်အစီအရင်မျိုးစုံ အသက်သွင်းထားလိုက်သည်။ သူ့တွင် အင်မော်တယ်မြက်၏  အသက်ဓာတ် မရှိသော်လည်း အသက်ဓာတ် လမ်းကြောင်း ရှိပေ၏။ သူက အပြည့်အဝ ပြန်မကောင်း သေးသော်လည်း သူ့အသက်ဓာတ် လမ်းကြောင်းမှ အသက်ဓာတ်တချို့ ထုတ်ယူကာ မှော်အစီအရင်ထဲ ထည့်ပေးထားလိုက်သည်။ အစီအရင်သာ အလုပ်လုပ်နေသရွေ့ ချိန်စုယင်က အသက်စွမ်းအားအတွင်း ရှိနေပေလိမ့်မည်။

ဤကမ္ဘာငယ်လေးမှာ သူ့ကိုယ်ပိုင် ဝိညာဉ်နယ်မြေအဖြစ် ယူဆလို့မရမှန်း သိသော်လည်း မိုဝူကျီက ထိုထက်တော့‌ မနိမ့်ကျကြောင်း ယုံကြည်သည်။

မြေပြင်ပေါ်မှ မြေကြီးကို ခံစားမိပြီးနောက် မိုဝူကျီက သူ့ကိုယ်သူ ရေရွတ်လိုက်သည်  “အခုက စပြီးတော့  ဒီနေရာကို ထာဝရ ကမ္ဘာလောကလို့ ခေါ်မယ်”

သူက ချီသွေးကြော ကျင့်စဉ်ကို အစပြုခဲ့ပြီး အင်မော်တယ် မော်တယ် ပြောင်းပြန် ကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့ကာ သူ့တွင် ၁၀၈ ခုမြောက် ချီသွေးကြောဖြစ်သည့် လောကလမ်းကြောင်းကို  ရရှိလာနိုင်ခြင်း ဖြစ်သည်။ ထိုအရာက သူ့ကိုယ်ပိုင် ကမ္ဘာကို ဖြစ်တည်လာစေသည်။

ထို့ကြောင့်  ဤပုတီးစေ့ ကမ္ဘာလောကကို ထာဝရ ကမ္ဘာလောကဟု ခေါ်မည်။ အမှန်ပင် ဆီလျော်သော နာမည်ဖြစ်ပေ၏။

မြေသဘာဝ အမြုတေကြောင့် ထာဝရ ကမ္ဘာလောကမှာ ကုန်းမြေ ပေါ်လာခြင်း ဖြစ်၏။ အကြည့်နှင့်တင် ထာဝရ ကမ္ဘာလောကကို သက်ဝင်လှုပ်ရှားနိုင်သော  ကမ္ဘာမျိုး ဖြစ်ဖို့ရာ ရေ သဘာဝ အမြုတေ၊ မီး သဘာဝ အမြုတေ၊ သတ္တု သဘာဝ အမြုတေနှင့် သစ်သား သဘာဝ အမြုတေများ လိုအပ်ကြောင်း သိလိုက်သည်။

မိုဝူကျီက သက်ပြင်းချလိုက်သည်။ မြေ သဘာဝ အမြုတေ ရရှိလာခြင်းမှာ ကံကောင်း၍ ဖြစ်သော်လည်း ထိုအမြုတေ တစ်ခုချင်းစီမှာ စကြဝဠာမှ မွေးဖွားလာ‌သော  အင်မတန် ရှားပါးလှသည့်  ရတနာများ ဖြစ်၍ ငါးမျိုးလုံး စုံဖို့ရာ အလှမ်းဝေးလွန်း လှပေသည်။

ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခု မဖြစ်နိုင်သော်လည်း သူ့ထာဝရ ကမ္ဘာလောကမှာ သိုလှောင်လက်စွပ်ထက် ပိုကောင်းပေ၏။ အနည်းဆုံးတော့ ချိန်စုယင်အတွက် နေရာတစ်ခုနှင့် အင်မော်တယ် ဝင်ရိုးကျောက်တုံးများ ထားရန် နေရာတစ်ခု  ရှိသွားပေလေ၏။

မိုဝူကျီက ထိုအတွေးဖြင့် သူ့အတွေးအားလုံးကို ဘေးချိတ်ကာ ချောင်မူရှစ် စာအုပ်ကို ထုတ်ယူလိုက်သည်။

သူက အင်မော်တယ်ဆေးလုံး ဖော်စပ်ခြင်းကို သင်ယူလိုသောကြောင့် အင်မော်တယ် ဆေးပင်များကို နားလည်ထားရန် လိုအပ်ပေသည်။

မိုဝူကျီက ပထမစာမျက်နှာ လှန်လိုက်သည်နှင့် ဤစာအုပ်မှာ ရတနာတစ်ခု ဖြစ်ကြောင်း သိလိုက်သည်။ ဤစာအုပ်တွင် အမျိုးမျိုးသော အင်မော်တယ် ဆေးပင်များ၏ သဘောသဘာဝ အကြောင်းကို ရေးထားရုံသာမက သူတို့၏ အသုံးဝင်ပုံ အပါအဝင် ပန်းပဲပစ္စည်း အမျိုးမျိုးကိုလည်း ရှင်းပြထားသေး၏။

အင်မော်တယ်ဆေးပင် အဆင့် ၁ မှ အဆင့် ၉ အထိ အချက်အလက်များ ပါဝင်နေပုံရသည်။

မိုဝူကျီက မကြာခင် အာရုံနစ်မြော သွားတော့သည်။ နာရီအတော်ကြာတွင် သူက မိုးကြိုးစမ်းသပ်ချက် အတွင်း စားခဲ့သည့် သစ်သီးအကြောင်း သိသွားလေ၏။ ထိုအရာမှာ အဆင့် ၂ ဝိညာဉ်သစ်သီး ဖြစ်သည့် မြေမှုန့် လျော့ပါးခြင်း အင်မော်တယ် သစ်သီး ဖြစ်ပေ၏။

မြေမှုန့်လျော့ပါးခြင်း အင်မော်တယ်သစ်သီးသည် ကျင်းရှန်းအဆင့် ကျင့်ကြံသူများအတွက် မိုးကြိုးစမ်းသပ်ချက် လှုံ့ဆော်ပေးနိုင်သည့် အရာ ဖြစ်လေသည်။ တန်ဖိုးအားဖြင့် အဆင့် ၃ အင်မော်တယ် ဆေးပင်များကိုပင် ကျော်လွန်ပေလိမ့်မည်။ ထို့အပြင် ဤအဆင့် ၃ အင်မော်တယ် ဆေးပင်များက ပန်းမြိုင်ရာအိမ်တော်မှာ ရှိသကဲ့သို့ သူလိုကိုယ်လို ဖြစ်နေသည့် သာမန်ဆေးပင်များတော့ မဟုတ်ချေ။ ဤမြေမှုန့်လျော့ပါးခြင်း အင်မော်တယ်သစ်သီးကို တိုက်ရိုက် စားသုံးနိုင်သလို ဆေးလုံး ဖော်စပ်၍လည်း သောက်သုံးနိုင်သည်။ ထိုအရာမှာ ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူကို ကျင်းရှန်းအဖြစ် တက်လှမ်းသွားနိုင်မည့် အဆင့် ၂  အင်မော်တယ်ဆေးလုံး ဖြစ်ပေ၏။

မိုဝူကျီက စိတ်ထဲ၌ သက်ပြင်းသာ ချလိုက်တော့သည်။  သူ တကယ်ကို ဖြုန်းတီးမိခဲ့လေသ်။ မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်က အမှန်ပင် မြေမှုန့် လျော့ပါးခြင်း သစ်သီးကို အသုံးပြုခဲ့၏။

မိုဝူကျီက မကြာခင်၌ ထိုအတွေးများကို ဘေးဖယ်ထားလိုက်ပြီး ချောင်မူရှစ်ထဲ၌သာ အာရုံပြန်စိုက် ထားလိုက်သည်။

အချိန်များက မြန်စွာ ကုန်ဆုံးသွားလေ၏။ မျက်စိတစ်မှိတ်အတွင်း ရက်များစွာ ကုန်ဆုံးသွားသည်။ မိုဝူကျီက အင်မော်တယ်ဆေးလုံး စတင်ဖော်စပ်ဖို့ရာ အင်မော်တယ်ဆေးပင်များ အပေါ် လုံလုံလောက်လောက် ဗဟုသုတ ရှိနေလေပြီ။

သူက ချောင်မူရှစ် စာအုပ်ကို သူ့ကမ္ဘာလောကထဲ ထားထားလိုက်ပြီး အစီအရင်ထဲမှ ထွက်လာလိုက်သည်။

ဟန်ချင်းရု ဘယ်ရောက်သွားတာလဲ  ...

မိုဝူကျီကို အံ့အားသင့်သွားစေသည်က ဟန်ချင်းရုကို မမြင်မိခြင်း ဖြစ်သည်။

မိုဝူကျီ၏ စိတ်စွမ်းအားက နေရာတစ်ခုလုံး ဖြန့်ကြက်လိုက်ပြီးနောက် ဟန်ချင်းရု ချန်ရစ်ထားခဲ့သည့် ကျောက်စိမ်း စာချွန်လွှာကို တွေ့လိုက်သည်။ သူ့စိတ်များပင် လေးလံမိသွားသည်။ ဟန်ချင်းရု အနီးအနားမှ မြို့လေးဆီ သွားချင်သည်ဟု ပြောခဲ့ဖူးသည်။

သူက ကောက်ကာ ဖတ်လိုက်သည့်အခါ သူ့ခန့်မှန်းထားသည့် အတိုင်း ကွက်တိ ဖြစ်နေလေ၏။ ဟန်ချင်းရုက အနီးအနားမြို့ဆီ ထွက်သွားလေပြီ။ မိုဝူကျီက သူမ ဘယ်အချိန်က ထွက်သွားမှန်း မသိသော်ငြား တစ်ရက်၊ နှစ်ရက် မကတော့ကြောင်း သေချာသည်။

အကယ်၍ သူမက ရက်များစွာ ကြာသည့်အထိ ပြန်ရောက် မလာခဲ့လျှင် ဖြစ်နိုင်ချေတစ်ခုသာ ရှိတော့သည်။ ဟန်ချင်းရုတွင် မတော်တဆ ဖြစ်ရပ်နှင့် ကြုံတွေ့နေရခြင်းသာ ဖြစ်ပေလိမ့်မည်။

မိုဝူကျီက ထိုအတွေး တွေးမိလိုက်သောအခါ သူ့ဂူထဲ၌ မည်သို့ အေးဆေး နေနိုင်မည်နည်း။ သူက ဂူထဲမှ ပစ္စည်းများကို ရှင်းလင်းလိုက်ပြီး  သူ့ပုံရိပ်မှာ ဖြတ်ခနဲ ဂူထဲမှ ထွက်လာလေ၏။

***

All Chapters