← Chapters

ဟန်ချင်းရု၏ တည်နေရာ ကန်ဟယ်မြို့

Vol. 34 Ch. 461

ဟန်ချင်းရု၏ တည်နေရာ ကန်ဟယ်မြို့

Vol. 34 Ch. 461

ယုံရင်အစွန်းအဖျားတွင် မြို့အသေးလေး တစ်ခု တည်ရှိနေသည်။

ထိုစဉ် မိုဝူကျီက ကန်ဟယ်မြို့ အပြင်ဘက်တွင် ရပ်နေလျက် ရှိသည်။ ကြာငါးသွယ်တောင်နှင့် နီးကပ်နေသောကြောင့် သူက  ဤနေရာသို့ ရောက်လာရန် တစ်ရက်တာသာ အချိန်ယူခဲ့ရသည်။

အကယ်၍ ဟန်ချင်းရုက မြို့ကို သွားမည်ဆိုလျှင် ဤနေရာ၌ သေချာပေါက် ရှိနေလိမ့်မည်။ ထို့အပြင် ဟန်ချင်းရုက ကြာငါးသွယ် တောင်အနီး၌ မြို့အသေးလေး ရှိကြောင်း ပြောခဲ့ဖူးသည်။ မိုဝူကျီ၏ မှန်းဆချက်အရ ဟန်ချင်းရုက ကန်ဟယ်မြို့လေးကိုသာ ပြောနေခြင်း ဖြစ်ပေလိမ့်မည်။

သူက ကန်ဟယ်မြို့အတွင်း မဝင်ခင် မိုဝူကျီက မြိုအပြင်ဘက်၌ ကာကွယ်ရေး အစီအရင်မျိုးစုံ တပ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။  ထိုကာကွယ်ရေး အစီအရင်များက မဆိုးလှပေ။ သူတို့တွင် ထောင်ချောက်များပင် ပါနေသေး၏။

မြို့အတွင်းသို့ ဝင်ပြီးသည်နှင့် မိုဝူကျီက လူအတန်းလိုက်ကြီးဖြင့် အင်မတန် စည်ကား အသက်ဝင်လှကြောင်း တွေ့လိုက်ရသည်။

လက်တွေ့တွင်  ကန်ဟယ်မြို့လေး  အနီး၌ ကျင့်ကြံမြို့ မရှိသော်လည်း ပတ်ဝန်းကျင်တွင် များပြားကြီးမားသော တောင်များဖြင့် ကာရံထားလေသည်။ ကြာငါးသွယ်တောင် နယ်နိမိတ် တစ်ခုမျှတင် မကပေ။ ကြာငါးသွယ် တောင်နယ်နိမိတ်အပြင် ကန်ဟယ်တောင် နယ်နိမိတ်နှင့် ညင်သာမြစ်တောင် နယ်နိမိတ်များလည်း ရှိပေ၏။

ထိုတောင်နယ်နိမိတ်များက အမျိုးမျိုးသော အင်မော်တယ် ဆေးပင်များနှင့် ပြည့်နှက်နေပြီး  ထိုပတ်ဝန်းကျင်တွင် တွင်းထွက်ပစ္စည်းများနှင့် သတ္တုတွင်းများပင် ရှိနေသေးသည်။ ထို့ကြောင့် ကျင့်ကြံသူများစွာက ဤနေရာသို့ လာရောက်လာ လေ့ကျင့်လေ့ရှိကြပြီး  သူတို့ တစ်ခုခု ရှာဖွေတွေ့ရှိသည့် အခါ ကန်ဟယ်မြို့၌  ပြန်ရောင်းချကြသည်။

မြို့၏ နေရာချထားပုံမှာ ရှုပ်ယှက်ခတ်မနေပေ။ ကုန်သည်အိမ်တော်များနှင့် ဈေးဆိုင်များအပြင် ဆေးလုံးအိမ်တော်များ၊ သတ္တုပစ္စည်း ဈေးဆိုင်များ အစရှိသဖြင့် စုံလင်လှသည်။ ပစ္စည်းအမျိုးတူ ရောင်းချကြသည့် ဈေးဆိုင်များက ကပ်လျက် တည်ရှိသည်။ ထို့ကြောင့် လူများက ပစ္စည်းတမျိုး ဝယ်လိုလျှင် အချိန်သိပ်ကြာမြင့်မည် မဟုတ်ပေ။

အကယ်၍ ဟန်ချင်းရုက အင်မော်တယ် ကျောက်များနှင့် လဲလှယ်လိုလျှင် သူမက အင်မော်တယ်ဆေးပင် ဆိုင်များဆီသာ သွားပေလိမ့်မည်။ ထို့ကြောင့် မိုဝူကျီက အင်မော်တယ် ဆေးပင်များ ရောင်းချနေသည့် နေရာသို့ ဦးတည် လိုက်တော့သည်။

နေရာကို လှည့်ပတ် ကြည့်ရှုပြီးနောက် သူက ဟန်ချင်းရုကို ရှာမတွေ့သေးပေ။

မိုဝူကျီက လူလတ်အမျိုးသမီး၏ ဈေးဆိုင်ရှေ့ ဖြတ်လျှောက်ပြီး လက်နှစ်ဖက်ဆုပ်ကာ  “စီနီယာအစ်မ ... လူတစ်ယောက် အကြောင်းများ မေးလို့ရမလားဗျ”

လူလတ်အမျိုးသမီးက မိုဝူကျီ၏ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်သံကို ကြားလိုက်ပြီးနောက် မိုဝူကျီက သူမထက် အသက်ကြီးဟန် ပေါ်သော်လည်း ယဉ်ကျေးပျူဌာစွာ “စီနီယာအစ်မ” ဟုပင် တပ်ခေါ်နေသေး၏။ ထို့ကြောင့် သူမက အပြုံးလေးဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။

“ဒီတာအိုရောင်းရင်းက အရမ်း ယဉ်ကျေးလွန်းနေပါပြီ။ ကျမသာ တစ်ခုခုသိရင် သေချာပေါက် ပြောပြမှာပါရှင်”

မိုဝူကျီက ဟန်ချင်းရု၏ သွင်ပြင်နှင့် အဝတ်အစားကို အကြမ်းဖျင်း ပြောပြပြီး လိုက်နောက် ထပ်တွေးကာ ပြောလိုက်သည်  “သူမက အယောင်‌ဆောင် မျက်နှာဖုံး တပ်ထားလောက်တယ်”

ဟန်ချင်းရုကို လောင်ချိုက် လိုက်ဖမ်းနေသည် ဖြစ်၍ သူမက သူမကိုယ့်ကို ဖုံးကွယ် ထားလောက်ကြောင်း စဉ်းစားမိသွားသည်။

လူလတ်အမျိုးသမီးက မိုဝူကျီ ဖော်ပြချက်ကို ကြားသောအခါ သူမမျက်နှာ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားကာ ချက်ချင်း ခေါင်းခါလိုက်ပြီး ပြောလိုက်သည်  “ကျမ မသိဘူး”

မိုဝူကျီက လူလတ်အမျိုးသမီး အမူအရာမှာ တစ်ခုခု ဖုန်းကွယ်ထားကြောင်း တစ်ချက်တည်းဖြင့် ပြောနိုင်လေ၏။ ထို့ကြောင့် သူက ဆက်ပြောလိုက်သည် “ကျုပ်က သူမရဲ့ ဂျုနီယာမောင်လေးပါ။ ကျုပ် စီနီယာအစ်မက ထွက်သွားတာ တော်တော်ကြာနေပြီ  အဲဒါ ပြန်မရောက်လာသေးလို့ပါ။  သူမကို စိုးရိမ်လွန်းလို့ လိုက်ရှာနေတာပါ ...”

“အို့ ... ရှင်က ဂျုနီယာမောင်လေး ဟုတ်လို့လား ... ချစ်သူတစ်ယောက်နဲ့ ပိုတူမနေဘူးလား ...” မိုဝူကျီ စကားကို ဖြတ်ပြောလိုက်သည့် သူက အလွန်ပိန်သည့် အမျိုးသား တစ်ယောက် ဖြစ်ပေသည်။

မိုဝူကျီ၏ အသက်ဓာတ်နှင့် သဘာဝစွမ်းအားများမှာ သူ့ကမ္ဘာလောက၏ စုပ်ယူခြင်း ခံထားရကာ အပြည့်အဝ ပြန်မကောင်းသေးသောကြောင့် သူ့ပုံစံမှာ  ကြုံလှီနေသည့်ပုံ ပေါက်နေသည်။ သို့သော်လည်း ရောက်လာသည့် အမျိုးသားက မိုဝူကျီထက် ပိုပိန်နေသည်။

လူလတ်အမျိုးသမီးက ထိုပိန်ပါးပါး အမျိုးသားကို မြင်သောအခါ သူမက စကားပြောရမည်ကိုပင် စိုးရိမ်နေသည့်အလား ချက်ချင်း ခေါင်းငုံ့သွားလေ၏။

“မင်းက မိုရုရဲ့ ဂျုနီယာမောင်လေးလား။ ငါက ဘာလို့ မင်းကို မိုရုရဲ့ ချစ်သူလို့ ထင်နေပါလိမ့် ...”  ပိန်ပါးပါး အမျိုးသားက မိုဝူကျီရှေ့ ရောက်လာကာ ခြုံငုံကြည့်လိုက်ပြီး သူ့အသံတွင် ဟိတ်ဟန်ကြီးမှုများ ပါဝင်နေသည်။

မိုရုလား ...

မိုဝူကျီက ခဏတာ စဉ်းစားမိပြီးနောက် တုံ့ပြန်လိုက်သည်။ ထိုအရာမှာ ဟန်ချင်းရု၏ နာမည်တု တစ်ခုသာ ဖြစ်ပေမည်။ သူက လက်နှစ်ဖက် ဆုပ်ကာ “ဟုတ်ပါတယ်။ ကျုပ်က မိုရုရဲ့ ဂျုနီယာမောင်လေး မိုဝူပါ။ ကျုပ် စီနီယာအစ်မ ဘယ်ရောက်နေလဲ သိလို့ရမလား”

နောက်စကားတစ်ခွန်း အတွက် မိုဝူကျီက လုံးဝ လျစ်လျူရှု ထားလိုက်သည်။ ယခု သူက ဟန်ချင်းရု ရှိနေသည့် နေရာကိုပင် မသိသေးချေ။ ပုံမှန်အားဖြင့် သူက ကိစ္စများကို အရင် ရှင်းလင်းအောင် လုပ်လေ့ရှိသည်။ တိုက်ခိုက်ခြင်းမှာ   ဟန်ချင်းရုကို ရှာတွေ့ပြီးနောက်အထိ စောင့်ဆိုင်းနိုင်လေ၏။

ပိန်းပါးပါး အမျိုးသားက မိုဝူကျီကို နောက်တစ်ခါ ခြေဆုံးခေါင်းဆုံး ကြည့်ကာ “မိုရုက အဆင်ပြေပါတယ်။ မင်းက သူမရဲ့ ဂျုနီယာမောင်လေး ဆိုတော့ ငါ့နောက်လိုက်ခဲ့”

ပိန်းပါးပါး လျှောက်လှမ်းသွားသည့်အခါ မိုဝူကျီက တွန့်ဆုတ်မနေဘဲ နောက်မှ လိုက်သွားလိုက်သည်။

မိုဝူကျီက အပြည့်အဝ အားပြန်မပြည့်သေး သော်လည်း သူက ၇၀ ရာခိုင်နှုန်းလောက် ပြန်ကောင်းနေပြီ ဖြစ်၏။  သူက မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်တွင် ရှိနေစဉ်ကထက် များစွာ အားကောင်းနေလေပြီ။

မြေကမ္ဘာ အင်မော်တယ်အဆင့်ဖြင့် သူက ကျိညီအစ်ကိုကို သတ်နိုင်ခဲ့သည် မဟုတ်ပါလော။ ယခု တစ်ဖက်လူက အကောက်ကြံ၍ ကြံစည်နေသည် ဆိုလျှင်ပင် သူနှင့် အလွယ်တကူ ရင်ဆိုင်နိုင်မည် မဟုတ်သေးပေ။

ထို့အပြင် ဟန်ချင်းရုဆီမှ ဤနေရာ၌ ရွှေအင်မော်တယ် အဆင့်များကို ဝင်ခွင့်မပြုကြောင်း ကြားထားလေသည်။ အကယ်၍ ရွှေအင်မော်တယ် တစ်ယောက်က ဤနေရာသို့ လာလိုလျှင် သူတို့က ထိပ်သီး ပြောင်းလဲမျှခြေ အဆောင် သုံးရန် လိုအပ်ပေသည်။ တစ်ဖက်လူက ကောင်းကင်အင်မော်တယ် အဆင့်တွင် ရှိနေသောကြောင့် သူ့အတွက် စိုးရိမ်စရာ မရှိပေ။

မကြာခင်တွင် သူတို့က အတော်လေး ကြီးကျယ်ခမ်းနားသည့် ကုန်သည်အိမ်တော်သို့ ရောက်ရှိလာသည်။ အနည်းဆုံးတော့ ကန်ဟယ်မြို့၌ ကြီးကျယ်ခမ်းနားသည်ဟု ယူဆ၍ ရပေသည်။ ကုန်သည် အိမ်တော်အပြင်ဘက်တွင်  “ဦးဆုံး ကျင့်ကြံသူ ကုန်သည်အိမ်တော်” ဟူသော စာလုံးကြီးများ ချိတ်ဆွဲထား၏။

“ဝင်လာလေ” ပိန်ပါးပါး အမျိုးသားက မိုဝူကျီကို အထဲဝင်ဖို့ရာ လက်ဟန်ပြပြီးနောက် အဆောက်အဦအတွင်း ဝင်လိုက်သည်။

မိုဝူကျီက အစီအရင်များနှင့် ကျွမ်းဝင်ရင်းနှီးသည့် အတွက် ဤအဆောက်အဦ အတွင်းမှ အစီအရင်များစွာ ရှိကြောင်း မည်သို့ မသိဘဲ နေမည်နည်း။ သူက များများမတွေးတော့ပဲ အဆောက်အဦအတွင်း လိုက်ဝင်လိုက်သည်။

ပန်းမြိုင်ရာ အိမ်တော်နှင့် ယှဉ်လျှင် ထိုထောင်ချောက် အစီအရင်များတွင် လစ်ဟာချက်များ ရှိနေသေးသည်။ ဤထောင်ချက်များက သူ့ကို ပိတ်လှောင်ထားနိုင်ဖို့ အလိုရှိနေကြလျှင် အိပ်မက်မက်နေရုံသာ ဖြစ်လိမ့်မည်။

သူက ကုန်သည်အိမ်တော်ထဲ ရောက်သွားသည်နှင့် သူ့စိတ်စွမ်းအားကို ဖြန့်ကြက်လိုက်သည်။ သူ့စိတ်စွမ်းအားကို စိတ်ဝိညာဉ် အတားအဆီးများဖြင့် ကာရံတားဆီးထားကြောင်း တွေ့လိုက်ရကာ ဆက်၍ အာရုံခံ၍ မရတော့ပေ။

ပိန်ပါးပါး အမျိုးသားက သူ့ကို ကုန်သည်အိမ်တော်၏ ဒုတိယအလွှာသို့ ခေါ်ဆောင်လာပြီးနောက် လှည့်ကာ ထွက်သွားလေသည်။

ဒုတိယအလွှာ တံခါးဝတွင် ရပ်စောင့်နေသော  မိန်းမငယ်လေး တစ်ယောက်က ဦးညွှတ်ကာ  “တာအိုရောင်းရင်းမို ... ကျေးဇူးပြုပြီး ဝင်သွားပါ”

မိုဝူကျီက ဘာကိုမျှ ဂရုမစိုက်သည့်အလား အခန်းထဲသို့ တုံ့ဆိုင်းခြင်းမရှိ ဝင်လိုက်သည်။ အခန်းထဲတွင် တစ်ယောက်တလေမျှ ရှိမနေပေ။ သို့သော်လည်း သူက စိတ်ထဲမထားဘဲ သူ့ဘာသာ နေရာရှာ၍ ထိုင်ချလိုက်သည်။ ဤဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်က သူ့ကို ဤနေရာ ဖိတ်ကြားထားသည့် အတွက် အကြောင်းအရင်း မရှိဘဲ ရုတ်ခြည်း တိုက်ခိုက်မည် မဟုတ်ပေ။

မိုဝူကျီ အခန်းထဲ ဝင်သွားသည်နှင့် အခန်းအပြင်ဘက်တွင် ကျင့်ကြံသူနှစ်ဦး ပေါ်လာလေ၏။ တစ်ယောက်မှာ အမျိုးသားဖြစ်ကာ နောက်တစ်ဦးမှာ အမျိုးသမီး ဖြစ်၏။

အမျိုးသားက ကျန်းမာ သန်စွမ်းသည့် ပုံပေါ်ပြီး သူ့မျက်နှာကျ အနေအထားမှာ ရှည်လျားပြီး နှုတ်ခမ်းထူထူဖြင့် မျက်လုံးများမှာ အရာအားလုံက  သူ့ထိန်းချုပ်မှု အောက်တွင် ရှိနေသည့်အလား  တဖျတ်ဖျတ် တောက်ပနေသည်။ သူက မိုဝူကျီ အခန်းထဲ ဝင်သွားသည်ကို မြင်သောအခါ သူ့မျက်လုံး၌ စိတ်ပျက်မှု အရိပ်အယောင်တချို့ ဖြတ်ပြေးသွားလေ၏

“ဒီလူက သူ့အင်မော်တယ်ဝင်ရိုး မဖွဲ့စည်းရသေးဘူး ဆိုပေမဲ့  သူ့ဇာစ်မြစ်ကို ဘာမှ မသိရသေးဘူး။ ပြီးတော့ သူ့ဆီကနေ အင်မော်တယ်ကျောက်တုံး ရနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”

အမျိုးသမီးတွင် သိသာသော ကောက်ကြောင်းများ ရှိပြီး သူ့ရင်သားအစုံနှင့် တင်ပါးဆုံတို့မှာ သိသိသာသာ ဖွံ့ထွားနေလေရာ သတိမထားမိဖို့ရာ ခက်ခဲပေသည်။ သူမက အမျိုးသား စကားများကို ကြားသောအခါ  ခပ်ယဲ့ယဲ့ပြုံးရင်း  “ပြောဖို့ ခက်တယ်လေ ... လူတစ်ယောက်က ကံအရမ်း ကောင်းပြီးတော့ အင်မော်တယ် ဝင်ရိုးကျောက်တုံးတွေ အများကြီး ရှိနေရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ယုံရင်အစွန်းအဖျားဆီ အင်မော်တယ်တစ်ပိုင်းက လူတွေ ခိုးဝင်လာတယ်ဆို ...  သူက အဲဒီအင်မော်တယ် တစ်ပိုင်းက ရောက်လာတဲ့  အလွယ်လေး အရူးလုပ်လို့ ရတဲ့သူတွေနဲ့ တွေ့ပြီးတော့ ချမ်းသာလာတာ ဖြစ်မှာပေါ့”

အမျိုးသားက ခေါင်းညိတ်ပြလိုက်ပြီး   “ဘယ်လိုဖြစ်ဖြစ် ကျုပ်တို့တွေ အရင်သွားကြည့်သင့်တယ်”

“တာအိုရောင်းရင်းမို ... ကျုပ်က ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်ရဲ့ စီမံခန့်ခွဲရေးမှူး ဝေကုန်းဖုန့်ပါ။ ရောက်လာတာကို သတိမထားမိလိုက်လို့ အားနာပါတယ်ဗျာ” အမျိုးသားက အခန်းအတွင်း ဝင်ဝင်လာချင်း သူက ပြုံးကာ မိုဝူကျီကို လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်လိုက်သည်။

ထို့နောက် သူ့ဘေးမှ အမျိုးသမီးကို ညွှန်ပြကာ နှုတ်ဆက် ပေးလိုက်သည် “ဒါကတော့ ကျုပ်တို့ ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်ရဲ့ တာဝန်ခံ ကျုးယိရန်ပါ  ...”

အမျိုးသမီးက မိုဝူကျီအား ခေါင်းတစ်ချက် ညိတ်ပြ လိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောချေ။

မိုဝူကျီက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ပြောလိုက်သည် “ကျုပ်ရဲ့ စီနီယာအစ်မရော ဘယ်မှာလဲ”

သူ့စိတ်စွမ်းအားဖြင့် အဆောက်အဦအတွင်းမှ ထောင်ချောက် အစီအရင်များနှင့် သတ်ဖြတ်ရေး အစီအရင်များကို တွေ့ပြီးသွားလေပြီ။ ထိုအစီအရင်များကို အဆင့် ၁ အင်မော်တယ် အစီအရင်ဟု ယူဆနိုင်သည်။ အကယ်၍ တခြား ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူများက သတိမပြုမိခဲ့လျှင် ထိုအစီအရင်များက သူ့အား ချက်ချင်း ပိတ်လှောင် သွားနိုင်လိမ့်မည်။

သို့သော် မိုဝူကျီက အဆင့် ၁ အင်မော်တယ် အစီအရင်များကို ဂရုစိုက်မည့်အစား သူက ဝေကုန်းဖုန့်နှင့် ကျူးယိရန်တို့သာ အာရုံစိုက်ထားသည်။ ထိုလူနှစ်ယောက်မှာ အင်မော်တယ် ဝင်ရိုးဖွဲ့စည်းပြီးသည့် လူများဖြစ်ကာ သူတို့ ထုတ်လွှင့်နေသည့် အရှိန်အဝါအရ ကျိညီအစ်ကိုထက် များစွာ အားကောင်းကြောင်း သေချာသည်။

“မင်းရဲ့  စီနီယာအစ်မ အကြောင်းကို နောက်မှ ဆွေးနွေးလို့ ရပါတယ်။  မင်းရဲ့ စီနီယာအစ်မဆီက မင်းဆီမှာ အင်မော်တယ် ဝင်ရိုးကျောက်တုံးတွေ အများကြီး ရှိတယ်လို့ ကြားထားတယ်။ တကယ်ပဲလား သိချင်မိသား” ကျူးယိရန်က မိုဝူကျီစကားများကို ဖြတ်ပြောကာ သူမ ဆိုလိုရင်းကို တန်းပြောလိုက်သည်။ သူမ မျက်လုံးထဲ၌ မိုဝူကျီက အသတ်ခံရတော့မည့် နုံအအ လူတစ်ယောက်သာ ဖြစ်ပေသည်။

မိုဝူကျီက စိတ်အတွင်းမှ သက်ပြင်းချကာ …

“အဲဒီအမျိုးသမီး ဘယ်လိုများ ဒီလိုပုံ ရလာပါလိမ့် ... သူ့မှာ အဆီတုံး ရင်ဘတ်ကြီးနဲ့ တင်ပါးဆုံကြီး ရှိနေပြီးတော့ လက်မောင်းလေးကျ သေးလိုက်တာ ...” မိုဝူကျီက ထိုအမျိုးသမီးသာ လက်ခဏခဏ အားစိုက်သုံးပါက သူမလက်မောင်း ပြတ်ကျသွားမလားဟု တွေးနေမိသည်။

“မင်းမျက်လုံးတွေက ဟိုဟိုဒီဒီ ဆက်ရွေ့နေဦးမယ်ဆိုရင် အရင်ဆုံး  ဖောက်ထုတ်ပစ်ပြီးမှ အင်မော်တယ်ဝင်ရိုး ကျောက်တုံးတွေအကြောင်း နောက်မှ ဆက်ဆွေးနွေးတာပေါ့” ကျူးယိရန်က မိုဝူကျီ အကြည့်ကို သတိပြုမိသည့်အလား သရော်လိုက်သည်။

***

All Chapters