အင်မော်တယ်ဝင်ရိုးကျောက်တုံးများကြောင့်
Vol. 34 Ch. 462
မိုဝူကျီက အေးစက်စွာ ရယ်မောလိုက်မိသည်။ ဤအမျိုးသမီးက အတော်လေး မောက်မာပေသည်။ သို့သော်လည်း သူက ဟန်ချင်းရုကို ရှာနေသည် ဖြစ်သောကြောင့် ဤအမျိုးသမီး၏ တကျည်ကျည်လုပ်သံကို စိတ်ထဲ ထားမနေတော့ပေ။
မိုဝူကျီက လက်ကို ဆန့်ထုတ်လိုက်သည့် အခါ သူ့လက်ဖဝါးမှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ အင်မော်တယ်ဝင်ရိုး ကျောက်တုံးအပုံလိုက် ကျလာသည်။ အနည်းဆုံး ထောင်ဂဏန်းတော့ ရှိပေ၏။ သူက အေးဆေးတည်ငြိမ်စွာ မေးလိုက်သည် “ဒါကို ပြောနေတာလား”
ဟန်ချင်းရုသည် သူ့တွင် အင်မော်တယ် ဝင်ရိုးကျောက်တုံး အများအပြား ရှိသည့် အကြောင်း ထုတ်ပြောလိမ့်မည်ဟု မယုံပေ။ ဟန်ချင်းရုက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီးခါစ ဖြစ်ပြီး ဤလူများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းသာ ဖြစ်၏။ ထို့အပြင် သူက ဟန်ချင်းရုကို လာရှာလိုက်သည့် အတွက် သူတို့က သူ့ကို ခြိမ်းခြောက် အကျပ်ကိုင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“အင်မော်တယ်ဝင်ရိုး ကျောက်တုံးတွေလား” ဝေကုန်းဖုန့်နှင့် ကျူးယိရန်တို့က အမြန်အဆန် မတ်တတ်ရပ်လိုက်ကြပြီး သူတို့မျက်ဝန်းများ၌ တဖျတ်ဖျတ် တောက်ပနေကာ မိုဝူကျီရှေ့တွင် ရှိနေသော အင်မော်တယ်ဝင်ရိုး ကျောက်တုံး အပုံလိုက်ကို ကြည့်နေလေ၏။
ကျုးယိရန်က ရှေ့တစ်လှမ်း တိုးကာ ကျောက်တုံးတချို့ လှမ်းယူရန် ကြိုးစားလိုက်သည်။ လက်တစ်ချက် အဝှေ့ဖြင့် မိုဝူကျီက သူ့အင်မော်တယ်ဝင်ရိုး ကျောက်တုံးများကို ပြန်သိမ်းသွားလေ၏။
“တာဝန်ခံကျူးက ကျုပ် ကျောက်တုံးတွေ ခိုးမို့ ကြိုးစားနေတာလား” မိုဝူကျီက ကျောက်တုံးများကို သိမ်းဆည်းပြီးနောက် မိုဝူကျီက မကျေမနပ် ပြောလိုက်သည်။
ကျူးယိရန် မျက်နှာ အမူအရာမှာ ဒေါသတကြီး ဖြစ်သွားသော်လည်း မကြာခင် ပျောက်ကွယ်သွားကာ အစီအရင် အလံများစွာကို ပစ်လွှတ်လိုက်သည်။
အစီအရင်အလံများ မြေပြင်ပေါ် ကျရောက်လာပြီးနောက် မိုဝူကျီနောက်မှ စက်သံများ ထွက်ပေါ်လာသည်။
ထို့နောက် မိုဝူကျီနောက်မှနံရံ၌ အခန်းသစ်တစ်ခု ပေါ်လာကာ မိုဝူကျီရှိနေသည့် အခန်းနှင့် ပေါင်းစပ်သွားလေ၏။
“ချင်း ... စီနီယာအစ်မ ...” သူ့နောက်မှ နံရံပေါ်လာသည်နှင့် မိုဝူကျီက ဟန်ချင်းရုကို မြင်လိုက်ရသည်။
ဟန်ချင်းရု မျက်နှာတစ်ဝှက်၌ အဝတ်နက်အပိုင်းအစ တစ်ခုရှိနေသည်။ ထို့အပြင် မိုဝူကျီက ဟန်ချင်းရု၏ စွမ်းအားများမှာ မတည်ငြိမ်သေးကြောင်း ခံစားမိ၏။ သူမက တိုက်ပွဲဆင်နွှဲထားသည်မှာ သိပ်ကြာမြင့်ပုံ မပေါ်သေးပေ။
“ဂျုနီယာမောင်လေး ဘာလို့ ဒီရောက်လာတာလဲ” ဟန်ချင်းရုက မိုဝူကျီကို မြင်လိုက်သည်နှင့် သူမ စိတ်များ လေးလံသွားမိသည်။ သို့သော်လည်း မကြာခင် နားလည်သွားပေ၏။ မိုဝူကျီက သူမကို လိုက်ရှာနေခြင်း ဖြစ်ရာ ရလဒ်အနေဖြင့် ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်၏ လူများဆီမှ ရိုက်စားလုပ်ခြင်းကို ခံလိုက်ရခြင်းသာ ဖြစ်လိမ့်မည်။
မိုဝူကျီက ဝေကုန်းဖုန့်နှင့် ကျိုးယိရန်တို့ကို ပြောလိုက်ကာ …
“ခင်ဗျားတို့ နှစ်ယောက် အရင်ထွက်သွားပေးပါ့လား။ ကျုပ် ခင်ဗျားတို့ လိုသလောက် အင်မော်တယ်ဝင်ရိုး ကျောက်တုံးတွေ ပေးနိုင်ပါတယ်။ ကျုပ် စီနီယာအစ်မနဲ့ ဆွေးနွေးခွင့်လေးသာ ပေးပါ။
ပြီးသွားရင် အလဲအလှယ်အကြောင်း ပြောတာပေါ့။ ဒါနဲ့ ဟုတ်သား ... စရံအနေနဲ့ အလယ်အလတ် အဆင့် အင်မော်တယ်ကျောက် တစ်သောင်းတော့ ပေးခဲ့ဦး ... မဟုတ်ရင် ခင်ဗျားတို့ နှစ်ယောက်နဲ့ စီးပွားရေး မလုပ်နိုင်ဘူး”
ဝေကုန်းဖုန့်က ဝင်ပြောခါနီးတွင် ကျူးယိရန်က လက်ကာပြကာ တားဆီးလိုက်သည်။ သူမက မိုဝူကျီဆီ သိုလှောင်အိတ် ပစ်ပေးလိုက်ပြီး …
“အဲဒီထဲမှာ အလယ်အလတ် အဆင့် အင်မော်တယ်ကျောက် တစ်သောင်းပါတယ်။ မင်းတို့ ဆွေးနွေးဖို့ အမွေးတိုင် တစ်တိုင်စာခန့်ပဲ ရမယ်”
“ဆွေးနွေးချိန်က နှစ်နာရီလောက်ကြာမှာ ... ကျုပ် စီနီယာအစ်မနဲ့ ပြောစရာတွေ အများကြီး ရှိသေးတယ်” မိုဝူကျီက သိုလှောင်အိတ်ကို ကောက်ကာ ပြောလိုက်သည်။
“အဲဒါဆို နှစ်နာရီပဲ” ကျူးယိရန်က မိုဝူကျီသည် ဤနေရာမှ ထွက်ပြေးသွားမည်ကို မစိုးရိမ်ပေ။ ဝေကုန်းဖုန့်ကို အဓိပ္ပာယ်သည့် အကြည့်နှင့် ကြည့်ပြီးနောက် နှစ်ယောက်သား အခန်းထဲမှ ထွက်သွားကြတော့သည်။
“ဂျူနီယာမောင်လေးမို ... တောင်းပန်ပါတယ်။ ရှင့်ကို ဆွဲသွင်းမိပြန်ပြီ” ဟန်ချင်းရုက ဆက်ပြော ချင်သော်လည်း မိုဝူကျီက လက်ကို မြှောက်ကာ တားလိုက်သည်။ ထို့နောက် သူ့တို့ပတ်လည်တွင် အကာအရံတစ်ခု ဖန်တီးလိုက်သည်။
“စီနီယာအစ်မ ဒီအကြောင်းကို နောက်မှပြောရအောင် ...” အကာအရံ လုပ်ပြီးသည်နှင့် မိုဝူကျီက ကျူးယိရန် ပေးခဲ့သည့် အင်မော်တယ် ကျောက်များကို လက်တစ်ဆုပ်ထုတ်ကာ သဘာဝ စွမ်းအားများကို ပြန်လည် ကောင်းမွန်အောင် ပြုလုပ်လိုက်သည်။
မိုဝူကျီ က အလယ်အလတ်အဆင့် အင်မော်တယ် ကျောက်များအတွင်းမှ အင်မော်တယ် ဝိညာဉ်စွမ်းအားများကို ဆက်တိုက် စုပ်ယူနေသည်။ အချိန်တိုအတွင်း မိုဝူကျီ ခန္ဓာကိုယ်ထဲ စွမ်းအားများ လွှမ်းခြုံလာလေ၏။
ဟန်ချင်းရုက မိုဝူကျီသည် သူ့သဘာဝ စွမ်းအားများ ပြန်လည် ကောင်းမွန်လာရန် လုပ်ဆောင်နေမှန်း သိသည့်အတွက် ဘေးနားမှ စိုးရိမ်တကြီး စောင့်နေသည်။
သူမရှေ့မှ အဖြစ်အပျက်ကို မြင်ပြီးနောက် မှင်တက်သွားတော့သည်။ မိုဝူကျီ တစ်ယောက် အင်မော်တယ် ကျောက်များမှ စုပ်ယူနေသည့် ဝိညာဉ်စွမ်းအားများမှာ ကြောက်ခမန်းလိလိ ဖြစ်ပေသည်။ များပြားစွာသော အလယ်အလတ် အဆင့် အင်မော်တယ်ကျောက်များက အမြန်နှုန်းဖြင့် အမှုန့်အဖြစ် ပြောင်းကုန်ကြသည်။
အကယ်၍ သူမ ဆိုပါက ဤအလတ်အလယ် အဆင့် ထောင်ဂဏန်းကို သုံးဖို့ အချိန်များစွာ ယူရမည်ဖြစ်သော်လည်း မိုဝူကျီက မျက်စိတစ်မှိတ်အတွင်း အင်မော်တယ် ကျောက်များမှ စွမ်းအားများကို ကုန်ခန်းသည့်အထိ စုပ်ယူပစ်လိုက်လေပြီ။
သူမက ဘယ်လို ဂျုနီယာမောင်လေးကို ရှာတွေ့ထားပါ့လိမ့် ...
မိုဝူကျီ၏ ၁၀၈ခုသော ချီသွေးကြောများက အင်မော်တယ် စွမ်းအားများကို အသည်းအသန် စုပ်ယူနေကြသည်။ သူ့၁၀၈ခုသော ချီသွေးကြောများက ပြောင်းပြန်လှည့်ပတ်နေစဉ် ဧရာမ လှည့်ပတ်လမ်းကြောင်း တစ်ခု ဖြစ်ပေါ်လာလေ၏။ သူ့စုပ်ယူနှုန်း နှေးကွေးနေမှသာ အထူးအဆန်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူက စွမ်းအား ပြန်ပြည့်ရန် ကြိုးစားနေခြင်း ဖြစ်ရာ အရူးအမူး စုပ်ယူနေရခြင်း ဖြစ်၏။
တစ်နာရီ ကုန်ဆုံးသွားလေ၏။ မိုဝူကျီတွင် ရှိနေသော အင်မော်တယ် ကျောက်များမှာလည်း အမှုန့်အဖြစ် ပြောင်းလဲသွားကြသည်။ မိုဝူကျီက စုပ်ယူနေခြင်းကို ရပ်တန့်လိုက်တော့သည်။ သူက အသက်ဓာတ် လမ်းကြောင်း ပြန်မပြည့်ဝသေးသော်ငြား သဘာဝစွမ်းအားများ အပြည့်အဝ ပြန်လည် ရရှိပြီးလေပြီ။
“ဂျုနီယာမောင်လေး ... လုံးဝ ပြန်ကောင်းသွားပြီလား” ဟန်ချင်းရုက မိုဝူကျီကို တအံ့တဩ ကြည့်ကာ မေးလိုက်သည်။
“အကုန်နီးပါးလောက်ပါပဲ ... အဲဒါဆို ကျုပ်ကို ပြောပြပါဦး ဘာတွေ ဖြစ်ခဲ့တာလဲ။ သိပ်မကြာသေးခင်ကမှ တိုက်ခိုက်လာတာ မလား” မိုဝူကျီ၏ စိတ်ထဲ၌ သံသယတချို့ ရှိနေသည်။ ပုံမှန်အားဖြင့် ဟန်ချင်းရုကို ဓားစာခံအဖြစ် ဖမ်းဆီးထားလျှင် သူမ သိပ်မကြာသေးခင်မှ တိုက်ထားသည့် အကြောင်းအရင်း မရှိချေ။
“ငါ့ဆီမှာ အဆင့်နိမ့် ဆေးပင်တွေ ရှိသေးတယ်လေ။ သူတို့က အဖိုးမတန်ပေမဲ့ အများကြီး ရှိနေတာဆိုတော့ ကန်ဟယ်မြို့ကို လာပြီး ဈေးဆိုင်တစ်ဆိုင် ဖွင့်ပြီး ဆေးပင်တွေ ရောင်းနေတာ။ ဒါပေမဲ့ ကျူးယိရန်က တစ်ခုခု ထူးခြားနေတာကို ရှာတွေ့သွားမယ်လို့ ထင်မထားမိဘူး။ သူမက ငါ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းထားခါစဆိုတာ သတိပြုမိသွားတယ် ...”
မိုဝူကျီက နားမလည်ကာ မေးလိုက်သည် “အဲဒါ တစ်ခုခု မှားနေတာ မဟုတ်ဘူးမလား။ ဒီနေရာမှာ လူတော်တော်များများလည်း အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီကြတာပဲမလား။ ဘာလို့ သူမက ခင်ဗျားကို ရွေးတာလဲ”
ဟန်ချင်းရုက အပြစ်ရှိစိတ်ဖြင့် “သူမက ငါ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီးတာကို မြင်ရုံတင် မကဘူး။ ငါ သုံးထားတာ အင်မော်တယ်ဝင်ရိုး ကျောက်တုံး တစ်သိန်းကျော်မှန်းလည်း ပြောနိုင်တယ်။
ကြည့်ရတာ ငါ့ရဲ့ အင်မော်တယ်ဝင်ရိုးက မတည်ငြိမ်သေးတာကို သိနေတယ် ထင်တယ်။ ပြီးတော့ ငါ့ကို ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်ဆီက ဒီအဆင့်နိမ့် အင်မော်တယ် ဆေးပင်တွေ အများကြီး လိုနေတယ်ဆိုပြီး ပြောလို့ လိုက်လာမိတာ။ ဝင်ဝင်သွားချင်း သူတို့ ထောင်ချောက်ထဲ ရောက်သွားလိမ့်မယ်လို့ ထင်မထားမိဘူး။
သူတို့က အင်မော်တယ် ဝင်ရိုးကျောက် ရတဲ့နေရာကို အတင်းကျပ် ပြောခိုင်းပေမဲ့ တစ်ခုမျှ မပြောလိုက်ဘူး။ သူတို့က အင်မော်တယ်ဝင်ရိုး ကျောက်တုံး ရတဲ့နေရာကို သိချင်တော့ ငါ့ကို ဘာမှတော့ မလုပ်ရဲကြဘူး။ ဒါပေမဲ့ သူတို့က ငါ့ကို ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်ကို ကိုယ်စားပြုပြီးတော့ မဟာအရောင်းအဝယ် အဖွဲ့အစည်း ယှဉ်ပြိုင်ပွဲမှာ ဝင်ပြိုင်စေချင်ကြတယ်”
“မဟာအရောင်းအဝယ် အဖွဲ့အစည်း ယှဉ်ပြိုင်ပွဲလား” မိုဝူကျီက ထိုစကားများကို မသိပေ။
ဟန်ချင်းရုက ရှင်းပြလိုက်သည် “ငါကြားတာတော့ ယုံရင်အစွန်းအဖျားက မြို့တွေက လေလံပွဲအကြီးကြီး ကျင်းပချင်ကြတယ်တဲ့။ မြို့သေးလေးတွေရယ်၊ မျိုးနွယ်စုတွေရယ်နဲ့ ဂိုဏ်းတွေရယ် ပြီးတော့ အင်မော်တယ်မြို့တွေကို အဲဒီလေလံပွဲမှာ ပါဝင်ခွင့် ပြုတယ်။
ဒါပေမဲ့ အရေအတွက်တော့ ကန့်သတ်ထားတာဆိုတော့ ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်က ကန်ဟယ်မြို့မှာ အတော်လေး ဂုဏ်သတင်း ကြီးပေမဲ့ အဓိကအင်အားစုတော့ မဟုတ်သေးဘူး။
ဒီကန်ဟယ်မြို့မှာ ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်လိုမျိုး နောက်ထပ် ကုန်သည်အိမ်တော် နှစ်ခု၊ သုံးခု ရှိသေးတယ်။ ငါ့ရဲ့ အင်မော်တယ်ဝင်ရိုးက တုတ်ခိုင်တော့ သာမန် ကောင်းကင်အင်မော်တယ် ကျင့်ကြံသူ တစ်ယောက်ထက် စွမ်းအား ပိုသာတယ်လေ။ အဲဒါကြောင့် သူတို့က သူတို့ကုန်သည် အိမ်တော်အတွက် တိုက်ခိုက် ပေးစေချင်ကြတာ။ သူတို့ ငါ့ဘက် လှည့်လာမှာစိုးလို့ သဘောတူထား လိုက်ရတယ် ...”
မိုဝူကျီစိတ်ထဲ သတ်ဖြတ်လိုစိတ်များ ကြီးထွားလာသည်။ သူတို့က ဟန်ချင်းရုကို တည်ကြက်အဖြစ် အသုံးချရုံသာမက ဟန်ချင်းရု၏ အသက်ကိုလည်း သူတို့အပေါ် စတေးခိုင်းလိုခြင်း ဖြစ်၏။
“ကျွီ”
တံခါးပွင့်လာကာ ဝေကုန်းဖုန့်နှင့် ကျူးယိရန်တို့ ဝင်လာသည်။ သူတို့နောက်တွင် မိုဝူကျီကို ဤနေရာ ခေါ်ဆောင်လာသည့် ပိန်ပါးပါး အမျိုးသား ရှိနေသည်။
မိုဝူကျီက လက်ကို မြှောက်ကာ အကာအရံကို ဖယ်ရှားလိုက်ပြီး သူတို့သုံးယောက်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“အာ ... မင်းက အရင်က ဒဏ်ရာရနေတာခဲ့တာကိုး ” မိုဝူကျီက ဆံဖြူများ ရှိနေသည့် ပိန်လှီနေသော လူမဟုတ်တော့သည်ကို မြင်သောအခါ ကျူးယိရန်က တအံ့တဩ ရေရွတ်လိုက်သည်။
သို့သော်လည်း သူမက စိတ်ထဲမထားပေ။ အကယ်၍ မိုဝူကျီက သူ့စွမ်းအားများ ပြန်လည် ရရှိလာလျှင်ပင် ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်က ဤနေရာတွင် အာဏာရှင် ဖြစ်ပေသည်။
“အဲဒါဆိုတော့ မင်းတို့ ဆွေးနွေးတာ ဘယ်လိုလဲ” ကျူးယိရန်က မိုဝူကျိ ပြန်ကောင်းလာမှုကို ဆက်မပြောတော့ချေ။ သူမက ထိုင်ဖို့ရာပင် စိတ်ထဲမရှိဘဲ မိုဝူကျီကို တန်းမေးလိုက်သည်။
“ခင်ဗျားက ကျုပ် စီနီယာအစ်မကို ဒီနေရာမှာ ပိတ်ထားပြီးတော့ သူမအသက်ကို စတေးပြီးတော့ ခင်ဗျားတို့ ကုန်သည်အိမ်တော် အတွက် တိုက်ခိုက်ခိုင်းတယ်။ အင်မော်တယ်ဝင်ရိုး ကျောက်တုံးတွေ အကြောင်း မပြောခင် ဆုံးရှုံးမှု ပြန်လျော်ကြေးပေးမဲ့ ကိစ္စကို ပြောရမှာ မဟုတ်ဘူးလား”
“မင်းက သေချင်နေတာပဲ ” မိုဝူကျီက ထိုစကားများကို ပြောလိုက်သည်နှင့် ပိန်ပါးပါး အမျိုးသားက သရော်ပြောဆိုကာ မိုဝူကျီဆီ ခုန်ဝင်လာသည်။ သူက မိုဝူကျီကို မျက်လုံးထဲပင် ထည့်မတွက်ပေ။ သူ့လက်သီးချက်က မိုဝူကျီဆီ ကျရောက်သွားလေ၏။
ကျူးယိရန်က ထိုအရာကို မြင်သောအခါ သူမမျက်နှာ၌ အေးစက်စက် အပြုံးတပွင့် ပေါ်လာသည်။ တစ်ချိန်တည်းတွင် သူမက အစီအရင်အလံများစွာကို ပစ်လွှတ်လိုက်သည်။
ထိုအစီအရင်အလံများက မြေပေါ် မကျရောက်ခင် မိုဝူကျီကလည်း အစီအရင်အလံဆယ်ခုကို ပစ်လွှင့်လိုက်သည်။ တစ်ချိန်တည်းတွင် သူက ရှေ့တစ်လှမ်းတိုးရင်း ရှေ့ကို ထိုးချလိုက်သည်။
မိုဝူကျီက ကြင်နာမှုပြသရန် ရည်ရွယ်ချက် မရှိသဖြင့် ထိုလက်သီးချက်တွင် သူ့အင်အား ၈၀ ရာခိုင်နှုန်း ပါဝင်ပေသည်။
“ဘုန်း” ပြင်းထန်သည့် အားနှစ်ခုက တစ်ခုနှင့်တစ်ခု ဆုံတွေ့သွားပြီး အခန်းကိုပင် အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။
“ဖူး” ပိန်ပါးပါး အမျိုးသားက သွေးတစ်ပွက် အန်လိုက်ရလေသည်။ သူ့တစ်ကိုယ်လုံးမှာ လွင့်စဉ်သွားပြီး နံရံနှင့် အပြင်းအထန် ဆောင့်မိပြီးနောက် နံရံတစ်ခုလုံး အက်ကြေကုန်သည်။
“ဒုန်း” ဟူသော အသံဖြင့် ပိန်ပါးပါး အမျိုးသားက နောက်ထပ် သွေးတစ်ပွက် အန်လိုက်ရပြန်သည်။
ကျူးယိရန်က မိုဝူကျီကို တအံ့တဩ ကြည့်ကာ ထောင်ချောက် အစီအရင်မှာ မိုဝူကျီကို ပိတ်လှောင်မထားနိုင်သည့် အကြောင်းကို လုံးဝ မေ့လျော့သွားလေ၏။ မိုဝူကျီ၏ လက်သီးချက်က မည်သည့် ပညာရပ် တိုက်ကွက်မှ မပါဝင်နေသော်လည်း ခွန်အားသပ်သပ်ဖြင့် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူတို့ ယှဉ်တိုက်နိုင်မည့်လူ မဟုတ်ချေ။
***