ကောင်းကင်အင်မော်တယ်အဆင့်မျှဖြင့်
Vol. 34 Ch. 463
ဟန်ချင်းရုက မိုဝူကျီကို အံ့ဩတကြီး ကြည့်လိုက်မိသည်။ မိုဝူကျီ၏စွမ်းအားကို သူမက ကောင်းကောင်း သိထားသော်လည်း ယခုလေး ထုတ်လွှင့်လိုက်သည့် လက်သီးချက်မှာ ကျိညီအစ်ကိုကို သတ်သည့်အခါထက် အားပိုများပေသည်။ ထို့အပြင် မိုဝူကျီက ထိုလက်သီးချက်၌ အားကုန် ထုတ်မထားကြောင်း သိထားသည်။ မိုဝူကျီက ကျိညီအစ်ကိုကို သတ်စဉ်က သူ့လက်သီးကို ထိပ်တန်း မီးတောက်တစ်ခုဖြင့် ပေါင်းစပ်ထားသေး၏။ အကယ်၍ မိုဝူကျီက ယခု လက်သီးချက်ကို ထိပ်တန်းမီးတောက်နှင့်သာ ပေါင်းစပ်လိုက်လျှင် ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်မှ ပိန်ပါးပါးလူသည် သေသွားလောက်ပေသည်။
မိုဝူကျီက ကောင်းကင် အင်မော်တယ်အဆင့် ရောက်သွားပြီများလား ... ဒါပေမဲ့ သူမက သူ့စမ်းသပ်ချက်ကို မမြင်လိုက်ရပါဘူး ...
မိုဝူကျီက သာမန် သေမျိုးတစ်ယောက်နှင့် တူပြီး သူ့ဆီမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအား အငွေ့အသက်များ မရှိချေ။ အပေါ်ယံကြည့်ရုံဖြင့် သူက ကောင်းကင် အင်မော်တယ်အဆင့် ရောက်နေပြီလား ဒါမှမဟုတ် မြေကမ္ဘာ အင်မော်တယ်အဆင့် ရောက်နေပြီလား ဆိုတာ မပြောနိုင်ပေ။
“ဘာလို့ မင်းက ထောင်ချောက် အစီအရင်ကို မကြောက်ရတာလဲ” ဝေကုန်းဖုန့်က အသက်ပြင်းပြင်းရှုကာ မယုံကြည်နိုင်စွာ မေးလိုက်သည်။
မိုဝူကျီက လက်ကိုမြှောက်ကာ အစီအရင်အလံအပိုများ ထပ်ပစ်လွှတ်လိုက်ပြီးနောက် မထူးမခြားနားစွာ ပြောလိုက်သည် …
“အခု လျော်ကြေးအကြောင်း ဆွေးနွေးကြတာပေါ့။ ခင်ဗျားတို့က ကျုပ်ရဲ့ စီနီယာအစ်မအပေါ် လိမ်ညာပြီးတော့ ခိုင်းခဲ့တယ်လေ။ အဲတော့ အင်မော်တယ်ကျောက် ဘယ်လောက် ပြန်ပေးဖို့ စိတ်ကူးထားလဲ”
ဝေကုန်းဖုန့်က ထိုစကားများကို ကြားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက လက်ကို ဆန့်ထုတ်လိုက်သည်နှင့် သူ့လက်အတွင်း ဓားပျံတစ်ချောင်း ပေါ်လာသည်။
ဝေကုန်းဖုန့်က ဓားပျံ မပစ်ရသေးခင် ကျူးယိရန်က ရုတ်တရက် သူ့လက်ကို ဆွဲတားကာ …
“အစ်ကိုကြီးဝေ ... ကျမတို့တွေ ပိတ်မိနေပြီ”
ဝေကုန်းဖုန့်က အစီအရင်များနှင့် မရင်းနှီးသောကြောင့် ကျူးယိရန် စကားများကို ကြားသောအခါ ပါးစပ်ဟောင်းလောင်းဖြင့် မေးလိုက်သည်
“ယိရန် ... ဒါက ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်လေ။ ငါတို့က အသာစီးရတဲ့သူ ဖြစ်ရမှာ မဟုတ် ...”
ကျူးယိရန်က ဝေကုန်းဖုန့် စကားများကို ပြန်မဖြေဘဲ မိုဝူကျီဘက် လှည့်ကာ လက်နှစ်ဖက်ယှက်လျက် …
“တာအိုရောင်းရင်းမို ... မင်းရဲ့ အစီအရင်တာအိုက ငါ့ထက် ပိုသာတယ်ဆိုတာ ငါသိပါတယ်။ မျက်စိတစ်မှိတ် အချိန်လေးအတွင်း မင်းက ထောင်ချောက်အစီအရင် တစ်ခုလုံးကို ပြောင်းပြန် လှန်လိုက်နိုင်သားပဲ။
ဒါပေမဲ့ မင်းက အဲဒီအစီအရင်ကို ငါတို့အပေါ် သုံးမယ် စိတ်ကူးထားရင်တော့ မင်းတော့ အကြီးကြီး မှားသွားပြီ။ ငါတို့ရဲ့ ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်က အချိန်အကြာကြီး ရပ်တည်လာတာ ငါတို့မှာ အဲဒီလောက် ကူကယ်ရာမဲ့ ဖြစ်မနေဘူး”
သူက ထိုစကားများကို ကြားသောအခါ ဝေကုန်းဖုန့်က နားလည်သွားကာ စိတ်စွမ်းအားဖြင့် မြန်မြန် အာရုံခံကြည့်လိုက်သည်။ မကြာခင်၌ သူ့မျက်နှာ အမူအရာမှာ အပြောင်းအလဲကြီး ပြောင်းလဲသွားတော့သည်။ သူ့စိတ်စွမ်းအားမှာ တားမြစ်ခံထားရသည်။ ထိုမျှတင်မက သူ့စိတ်စွမ်းအား နယ်ပယ်အတွင်း အလင်းဓားချက်များ လှည့်ပတ်နေကြ၏။ ထိုရွေ့လျားနေသော ဓားချက်များမှာ မိုဝူကျီ၏ ထိန်းချုပ်မှုအောက် ကျရောက်နေကြောင်း သိသာလှသည်။
မိုဝူ၏ အစီအရင်တာအို ဒီလောက်တောင် အားကောင်းနေတာလား ...
(မိုဝူက မိုဝူကျီသုံးထားတဲ့ နာမည်တု တစ်ခုပါ )
မိုဝူကျီ၏ ကျင့်စဉ်မှာ ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ်တစ်ခု ဖြစ်ပေသည်။ သူ့အစီအရင်တာအိုနှင့် ပေါင်းစပ်လိုက်သည့်အခါ သူက ထောင်ချောက်အစီအရင်ကို အလွယ်တကူ ပြန်ပြောင်းနိုင်လိုက်သည်။ ကျူးယိရန်က သူနှင့် ဆက်ဆွေးနွေးလိုသည် မြင်၍ ဆက်အကျပ်ကိုင်လိုက်သည်။
“ကျုပ်သာ ခင်ဗျားတို့နဲ့ ဖြေရှင်းချင်ရင် ဒီထောင်ချောက် အစီအရင်တောင် သုံးဖို့ မလိုဘူး။ သတ်ဖြတ်ရေး အစီအရင် အသက်သွင်းဖို့ အလံတွေ သယ်ထားတာတောင် မမြင်ဘူးလား။
တကယ်လို့ ကျုပ် အစီအရင်အလံသာ ထုတ်လိုက်ရင် ခင်ဗျားတို့တွေ သတ်ဖို့ တစ်ချက်တောင် လှုပ်ရှားစရာ မလိုဘူး။ ပြီးတော့ ခင်ဗျားတို့ ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်ထဲမှာ လူဘယ်လောက်ရှိရှိ ဂရုမစိုက်ဘူး ...”
ကျူးယိရန်က ထိုစကားများကို ကြားသောအခါ သူမ နှလုံးခုန်နှုန်းပင် တစ်ချက်မြန်သွားလေသည်။ မိုဝူကျီက လိမ်ညာနေခြင်း မဟုတ်ကြောင်း ယုံကြည်မိသည်။ သူမ ထောင်ချောက် အစီအရင်ကို အလွယ်တကူ ပြန်ပြောင်းနိုင်သည့် လူက ရိုးရိုးတမ်းတမ်း လူတစ်ယောက် မည်သို့ ဖြစ်မည်နည်း။
“တာအိုရောင်းရင်းမို ... ဒီကိစ္စက ကျမတို့ ကုန်သည်အိမ်တော်ရဲ့ အမှားပါ။ တကယ်တော့ ကျမတို့ရဲ့ အစီအရင်တွေကို ကျမပြုလုပ်ထားတာ မဟုတ်ပါဘူး။ တကယ်လို့ ကျမတို့တွေ ပြဿနာတွေ ဖြစ်ရင် အဲဒီစီနီယာကို သတိပေးသလို ဖြစ်သွားလိမ့်မယ်”
ကျူးယိရန်က မိုဝူကျီသည် ဤအခန်းထဲသို့ ဝင်စဉ်က အဘယ်ကြောင့် ကြောက်ရွံ့မှုကင်းနေပြီး တွေဝေမှုကင်းနေသည့် အကြောင်းအရင်းကို သိသွားလေ၏။ သူက ဤနေရာရှိ ထောင်ချောက် အစီအရင်များကို လုံးဝ မစိုးထိတ်ခြင်းသာ ဖြစ်ပေ၏။
“ခင်ဗျားတို့ နှစ်ယောက်က ကျုပ်တို့အတွက် လျော်ကြေးအကြောင်း မပြောချင်မှတော့ ထပ်ပြောနေဖို့ မလိုတော့ဘူး” သူ့စကားအဆုံးတွင် မိုဝူကျီက အစီအရင်အလံ ဆယ်ခုကို ပစ်လွှတ်လိုက်သည်နှင့် အခန်းအတွင်း သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထိုးဖောက်ဝင်ရောက်လာသည်။
အစီအရင်အလံ မြေပြင်ပေါ်သို့ ကျရောက်လာသည်နှင့် လေထုအတွင်း စူးစူးဝါးဝါး အသံများ ပေါ်ထွက်လာသည်။ အချိန်တိုလေးအတွင်း သတ်ဖြတ်ရေး အစီအရင်ကို အသက်သွင်းပြီး သွားလေပြီ။ မိုဝူကျီက အပိုပြောနေခြင်း မဟုတ်ဘဲ သူပြောသည့်အတိုင်း အမှန်ပင် လုပ်နိုင်စွမ်း ရှိလေ၏။
ကျူးယိရန်၏ မျက်နှာမှာ ပို၍ မူပျက်လာလေ၏။ သူမက အစီအရင်အကြောင်း နားလည်၍ မိုဝူကျီသည် သတ်ဖြတ်ရေး အစီအရင်ကို အသက်သွင်းလိုက်ကြောင်း သိလိုက်သည်။
“ခဏ ... တာအိုရောင်းရင်းမို ကျမတိုတွေ ဘယ်လိုများ လျော်ကြေးပေးရမလဲ ” ကျူးယိရန်က နောက်ဆုံးတွင် တုံ့ပြန်လိုက်သည်။ အကယ်၍ မိုဝူကျီက ဤနေရာ၌ သတ်ဖြတ်ရေး အစီအရင် အသက်သွင်းရဲသည်မှာ သူက အကျိုးဆက်များကို မကြောက်ရွံ့ကြောင်း ဆိုလိုခြင်း မဟုတ်ပါလော။ ထိုလူက သူတို့ကိုသတ်ရန် မဆုံးဖြတ်ခင် သူမက သူ့တောင်းဆိုချက်ကို အမြန် လိုက်လျောပေးရမည်။
မိုဝူကျီက ရပ်လိုက်ပြီးနောက် အေးအေးဆေးဆေး ပြောလိုက်သည် …
“အရင်ဆုံး အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် ငါးသိန်း လျော်ကြေးပေးလိုက်။ ဒုတိယတစ်ခုအနေနဲ့ ကျုပ် စီနီယာ ခက်ခက်ခဲခဲ တိုက်ထားပြီး ရလာတဲ့ နေရာတစ်ခု လိုချင်တယ်။ ကျုပ် ထပ်မညှိချင်တော့ဘူး။ တကယ်လို့ သဘောတူရင် ဒီလိုပေါ့။ သဘောမတူရင်တော့ ခင်ဗျားတို ကံပေါ့ ...”
“ငါတို့တောင် နေရာမရသေးတာ မင်းကများ ...”
ကျူးယိရန်က အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး ဝေကုန်းဖုန့်ကိုတားကာ အလေးအနက် ပြောလိုက်သည်။
“ကောင်းပြီလေ ... ဒါက လေလံပွဲဝင်ဖို့ ကျောက်စိမ်း အမှတ်အသားပြားပဲ။ လူနှစ်ယောက်ဝင်လို့ ရတယ်”
ကျူးယိရန်က ကျောက်စိမ်းပြားကို မိုဝူကျီဆီ ပစ်ပေးလိုက်သည်။ ထို့နောက် သူမက သိုလှောင်အိတ်တစ်ခုကို မိုဝူကျီဆီ ထပ်ပေးလိုက်ကာ …
“ဒါတွေက အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် ငါးသိန်းပဲ”
မိုဝူကျီက ကျောက်စိမ်းပြားနှင့် သိုလှောင်အိတ်ကို လက်ခံပြီးနောက် စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်သည်။ သူက ကျောက်စိမ်းပြားမှာ အစစ်ဖြစ်ကြောင်း သိလိုက်ပြီး သိုလှောင်အိတ်ထဲ၌ အင်မော်တယ်ကျောက် ငါးသိန်းပါကြောင်း တွေ့လိုက်ရသည်။ သူက ခေါင်းညိတ်လိုက်ရင်း သူ့အစီအရင်ကို ရုပ်သိမ်းကာ ဟန်ချင်းရုဘက် လှည့်၍ …
“စီနီယာအစ်မ ... သွားကြစို့ ”
သူတို့တွေ အဝင်ဝ ရောက်လာသည့်အခါ မိုဝူကျီက တစ်ခုခု အမှတ်ရဟန်ဖြင့် ကျူးယိရန်ဘက်လှည့်ကာ အင်မော်တယ်ဝင်ရိုးကျောက်တုံး တစ်တုံး ပစ်ပေးလိုက်သည်။
“ခင်ဗျားရဲ့ စရံငွေ အင်မော်တယ်ကျောက် တစ်သောင်းအတွက် ...”
***
“ဘာလို့ လွှတ်ပေးလိုက်တာလဲ။ ငါတို့တွေ သူ့ကို အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် ငါးသိန်းတောင် ဒီလို ပေးလွှတ်လိုက်မှာလား။ သူက အစီအရင်တွေ ကျွမ်းနေလို့ ငါတို့ကို ပိတ်ထားနိုင်တယ် ဆိုရင်တောင် သတင်းပို့လိုက်ရုံပဲလေ။ သူက ငါတို့ကုန်သည်အိမ်တော်ထဲက အားလုံးကို သတ်နိုင်လိမ့်မယ်လို့ မယုံဘူး”
မိုဝူကျီနှင့် ဟန်ချင်းရုတို့ ထွက်သွားသည်နှင့် ဝေကုန်းဖုန့်က အလိုမကျသည့်ဟန်ဖြင့် ပြောလိုက်သည်။
ထို့အပြင် ဤကျောက်စိမ်းပြားမှာ သူတို့ ကုန်သည်အိမ်တော်၏ မူလနေရာ ဖြစ်ပေသည်။ ကန်ဟယ်မြို့၌ ထိုသို့ ကျောက်စိမ်းပြား စုစုပေါင်း လေးခုသာရှိပြီး သုံးခုကို သူတို့ ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော် အပါအဝင် ကုန်သည်အိမ်တော်သုံးခုကို ပေးအပ်ထားခြင်း ဖြစ်သည်။ နောက်ဆုံးတစ်ခု အတွက် ပြိုင်ဆိုင်နေကြခြင်း ဖြစ်သည်။ ယခု သူတို့ ရရှိထားသော နေရာမှာ တခြားတစ်ယောက်ကို ပေးလိုက်ရလေပြီ။
ကျူးယိရန် အမူအရာမှာ ပိုဆိုးလာပြီး …
“ကျမရော သူ့ကို လွှတ်ပေးချင်တယ် ထင်နေလား။ သူက ကုန်သည်အိမ်တော် တစ်ခုလုံး သတ်ပစ်နိုင်တာကို သိနေလို့ အဲဒီလို လုပ်လိုက်ရတာ”
“ဘာ” ဝေကုန်းဖုန့်က ကျူးယိရန်ကို မယုံကြည်နိုင်စွာ ကြည့်ကာ “သူက ကောင်းကင် အင်မော်တယ်အဆင့် တစ်ယောက်လေ”
ကျူးယိရန်က သရော်ကာ …
“ကောင်းကင်အင်မော်တယ် အဆင့်လေးတဲ့လား။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကနေ အင်မော်တယ်လျိုကို တစ်ယောက်တည်း ဖြတ်ပြီးတော့ အောင်အောင်မြင်မြင် ရောက်လာတဲ့သူကို ကြားဖူးတယ် မလား”
“ကြားဖူး ...” ဝေကုန်းဖုန့်က စကား တစ်ဝက်တစ်ပျက် ပြန်ဖြေလိုက်ပြီးနောက် ကျူးယိရန်ဘက် တုန်လှုပ်တကြီး လှည့်ကာ “ယိရန် ... မင်းပြောနေတာ သူက အဲဒီသူလား”
ကျူးယိရန်က ခေါင်းညိတ်ပြပြီးနောက်…
“တကယ်လို့ ကျမသာမမှားရင် သူက အဲဒီကျင့်ကြံသူပဲ။ မဟုတ်ရင် သူ့မှာ အဲဒီလောက် အင်မော်တယ် ဝင်ရိုးကျောက် ရှိနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက အင်မော်တယ်ဝင်ရိုး မဖွဲ့စည်းရသေးဘူး ဆိုတော့ မြေကမ္ဘာ အင်မော်တယ်အဆင့်နဲ့ အင်မော်တယ်လျိုကို ဖြတ်ခဲ့တာပဲ ...
ဘယ်လောက် ကြောက်စရာ ကောင်းတယ်ဆိုတာ ရှင် သိတယ်မလား။ တကယ်လို့ ကျမတို့တွေဆိုရင် ကျမတို့စွမ်းအားကို ဆယ်ဆမက တိုးလာရင်တောင် အင်မော်တယ်လျိုကို ဖြတ်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ အဲဒီလူက အစီအရင်တွေနဲ့ အတော်လေး ကျွမ်းဝင်ရင်းနှီးတယ်တဲ့”
ဝေကုန်းဖုန့်က တိတ်ဆိတ်သွားလေ၏။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ကျင့်ကြံသူက အင်မော်တယ်လျိုကို ဖြတ်လာသည့်် သတင်းမှာ ယုံရင်အစွန်းအဖျား တစ်ခုလုံး ပျံ့နှံ့နေချေပြီ။ ပျံ့နှံ့လာသည့် အကြောင်းအရင်းမှာ ထိုကျင့်ကြံသူက အင်မော်တယ်လျို အစွန်းတွင် ရှိနေသော အာကာသ ဓားအစီအရင်မှ သူ့ကိုယ်သူ ကာကွယ်နိုင်ခဲ့၍ ဖြစ်သည်။ ထိုသို့မျိုး အစီအရင်နှင့် ရင်ဆိုင်သည့်အခါ သူ တစ်ယောက်တည်းကို ဆိုမထားနှင့် ဝေကုန်းဖုန့် ဆယ်ယောက် ရှိလျှင်ပင် ကာကွယ်ဖို့ရာ မလုံလောက်ပေ။
အကယ်၍ မိုဝူကျီသာ ထိုကျင့်ကြံသူ ဖြစ်နေလျှင် သူက ကုန်သည်အိမ်တော် တစ်ခုလုံးကို သတ်ဖြတ်နိုင်စွမ်း အမှန် ရှိလေသည်။
ကျုးယိရန်က ရုတ်တရက် သရော်သည့်ဟန်ဖြင့် “ဒါပေမဲ့ ကျမတို့ရဲ့ ကုန်သည်အိမ်တော်က အလွယ်တကူ အနိုင်ကျင့်မခံပါဘူး”
“ယိရန် မင်း ပြောတာက ...” ဝေကုန်းဖုန့်က ကျူးယိရန်နှင့် သဘောထားတူစွာ ရှိပုံပေါ်သည်။
ကျူးယိရန်က ရက်စက်စွာ ပြောလိုက်သည် “အဲဒီလူက ကျမတို့ရဲ့ ယုံရင်အစွန်းအဖျား လေလံပွဲကို ဝင်ခွင့် ကျောက်စိမ်းပြား ယူသွားတာဆိုတော့ သေချာပေါက် တက်ရောက်လိမ့်မယ်။ ကျမတို့ရဲ့ ကုန်သည်အိမ်တော်က သူနှင့် မယှဉ်နိုင်ပေမဲ့ တခြားသူတွေက အတူတူပဲ ဖြစ်လိမ့်မယ်လို့ ပြောတာမှ မဟုတ်တာ ... ပြီးတော့ အဲဒီလေလံပွဲမှာ ကျင်းရှန်းအဆင့် ကျင့်ကြံသူတချို့လည်း ရှိမှာပဲ။ ကျင်းရှန်းအဆင့် ကျင့်ကြံသူတွေသာ ဒီလူဆီမှာ အင်မော်တယ်ဝင်ရိုးကျောက် အများကြီးရှိနေမှန်း သိတာနဲ့ ငြိမ်နေမယ် ထင်လား”
ဝေကုန်းဖုန့်က ကျူးယိရန် စကားနောက်မှ အဓိပ္ပာယ်ကို နားလည်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည် “ယိရန် ... မင်းက တကယ်ကို ငါ့ထက်ဉာဏ်ပြေးတယ်”
***
“ဂျုနီယာမောင်လေးမို ... ရှင်က ကောင်းကင် အင်မော်တယ်အဆင့် ရောက်သွားပြီလား ” သူတို့တွေ ကန်ဟယ်မြို့မှ ထွက်လာသည်နှင့် ဟန်ချင်းရုက စိတ်အားထက်သန်စွာ မေးလိုက်သည်။
မိုဝူကျီက ခေါင်းညိတ်ကာ …
“စီနီယာအစ်မ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းနေတုန်းက ကျုပ် ကောင်းကင်အင်မော်တယ် အဆင့် ရောက်သွားပြီ။ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းနေတာဆိုတော့ သတိမထားမိတာနေမှာ။ အခု ကျုပ်တို့တွေ နေရာရှာဖို့ လိုတယ်။ ကျုပ်လည်း အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းကြည့်ချင်တယ်”
***