← Chapters

နှင်းဒေသရှိ ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်း

Vol. 71 Ch. 978

နှင်းဒေသရှိ ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်း

Vol. 71 Ch. 978

ဝုန်း...ဝုန်း...

ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်ဓားများက ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ထိုအရိပ်နက်က အလွန်လျင်မြန်သော်လည်း စွမ်းအားသိပ်မကြီးသဖြင့် ကျန်းရီ၏ ဝိညာဉ်ဓားများက ၎င်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လိုက်သည်။ နောက်ဆုံးတွင် ကျန်းရီ နားလည်သွား၏။ ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှုက မိစ္ဆာတစ်ကောင် မဟုတ်ဘဲ စိတ်ဝိညာဉ်တိုက်ခိုက်မှု အမျိုးအစားတစ်ခု ဖြစ်ပေသည်။

‘ဘယ်သူက ငါ့ကို အလစ်တိုက်ခိုက်တာလဲ’

ကျန်းရီ၏ မျက်လုံးများ ‌အေးစက်သွား၏။ သူက ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်ရာ ဘယ်ဘက်ရှိ မြေပြင်အောက် မိုင်အနည်းငယ် အကွာတွင် အရိပ်တစ်ခု ပြေးသွားကြောင်း သတိပြုမိလိုက်လေသည်။

‘တစ်ယောက်ယောက် ရှိနေတာလား။ ကောင်းတယ်...’

ကျန်းရီသည် ဤခေါင်သောနေရာတွင် တစ်စုံတစ်ယောက်ကို ရှာတွေ့လိုက်၍ အတော်လေး ဝမ်းသာသွား၏။ ယင်းက အလွန်ကောင်းသော သတင်းတစ်ခုပင်။ ထိုလူက နှင်းကြမ်းဒေသမှ ဒေသခံတစ်ဦး ဖြစ်နေနိုင်ပြီး မြေအောက်တွင် လျင်မြန်စွာ သွားနိုင်ရန် မြေကြီးများကို တူးနိုင်သည့် ချွန်ထက်သော လက်သည်းများ ပိုင်ဆိုင်ထားသော ထူးခြားမျိုးနွယ်တစ်ခုမှ လူတစ်ယောက် ဖြစ်နေနိုင်သည်။ ထိုလူက သူ့ကို တစ်ယောက်တည်းလာရောက် လုပ်ကြံသဖြင့် ဝူမျိုးနွယ်မှ လွှတ်လိုက်သူ မဟုတ်သည်က သေချာပေသည်။

‘လိုက်မယ်’

ကျန်းရီသည် လက်တစ်ဘက်ဖြင့် ဝိညာဉ်လေများကို ထုတ်လိုက်ပြီး ဝိညာဉ်လေဓားအနည်းငယ်ကို ပြုလုပ်ကာ မြေအောက်ထဲသို့ ပစ်လွှတ်လိုက်လေသည်။ ဝိညာဉ်လေဓားများက အလွန်ထက်ရှသဖြင့် သံမဏိကဲ့သို့သော မြေပြင်သည်ပင် တိတ်တဆိတ် ဖောက်ထွင်းခံလိုက်ရသည်။ ထို့နောက် ကျန်းရီသည် ဝိညာဉ်လေဓားများနှင့်အတူ မြေအောက်ထဲသို့ လိုက်ဝင်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏မျက်ခုံးနှစ်ခုကြားမှ နေ၍လည်း ရွှေအိုရောင်ဝိညာဉ်ဓားသုံးချောင်း ပျံထွက်သွားသည်။ သူ၏ရန်သူက သူ့ကို စိတ်ဝိညာဉ်တိုက်ခိုက်မှုကိုသုံး၍ တိုက်ခိုက်ခဲ့သဖြင့် သူကလည်း ပို၍စွမ်းအားကြီးသော စိတ်ဝိညာဉ်တိုက်ခိုက်မှုဖြင့် တုံ့ပြန်ပေးရပေမည်။

ထိုလူ၏ ကျင့်ကြံခြင်းအဆင့်က မမြင့်ဘဲ ကောင်းကင်ဧကရာဇ် ပထမအဆင့်လောက်သာ ရှိနိုင်ပေသည်။ သို့သော် သူ၏ မြေအောက်သွားနှုန်းက အလွန်လျင်မြန်ပေသည်။ ကောင်းကင်ဧကရာဇ် တတိယအဆင့်ရှိသော ကျန်းရီသည်ပင် ထိုလူ၏ အရှိန်ကို မီသည်ဆိုရုံသာ မီအောင် လိုက်နိုင်နေသည်။ ထိုလူ၏ လက်သည်းများက အလွန်စူးရှ၏။ ကျန်းရီ၏ ဝိညာဉ်လေဓားများက အလွန်စွမ်းအားကြီးနေပြီဖြစ်သော်လည်း မြေတူးနှုန်းက ထိုလူလောက် မမြန်ပေ။

“နတ်ဘုရားအသံ ကောင်းကင်အတတ်”

ကျန်းရီ၏ လက်ထဲတွင် ဓားပျော့တစ်ချောင်း ထွက်ပေါ်လာ၏။ သူက နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်ရာ သူ့ရန်သူက မခံနိုင်တော့ပေ။ ကြောက်မက်ဖွယ် အသံက မြေပြင်ကို ဖြတ်၍ ထိုလူ့အပေါ် သက်ရောက်လိုက်ရာ ထိုလူ၏ အရှိန်က လျော့ကျသွားလေသည်။ ကျန်းရီသည် ထိုလူနှင့် သုံးကီလိုမီတာအကွာအထိ ချဉ်းကပ်လာ၏။ ထိုလူက ဆက်မပြေးနိုင်တော့ဘဲ ခေါင်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာ မြေအောက်လိုဏ်ခေါင်းထဲတွင် တုန်ယင်နေသည်။

ဝှစ်...

ကျန်းရီက လျင်မြန်စွာ ချဉ်းကပ်သွား၏။ ဝိညာဉ်ဓားများကလည်း ထိုလူ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားသည်။ ထို့ကြောင့် ကျန်းရီက ထိုလူကို အချိန်မရွေး သတ်ပစ်နိုင်ပြီဖြစ်သည်။ ဝိညာဉ်လေဓားများကလည်း ရန်သူ၏ နတ်ဘုရားဒိုင်းကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။ ကျန်းရီက လက်တစ်ဘက်ဖြင့် ထိုလူ၏ လည်ပင်းကို ညှစ်လိုက်ပြီး‌ မြေပေါ်သို့ ပြန်တက်သွားလိုက်သည်။ ထိုလူ၏ မျက်ဝန်းများထဲမှနေ၍ အနက်ရောင်အလင်းတန်းနှစ်တန်း ပျံထွက်လာပြီး ကျန်းရီ၏ ခေါင်းထဲသို့ ဝင်သွားလေသည်။

“ဟားဟား...”

ထိုလူ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက မဆိုးပေ။ သို့‌သော် ကျန်းရီထံတွင် လိပ်ပြာရေစင်နှင့် အဆင်မြှင့်တင်ထားသော ဝိညာဉ်ဓားကိုးချောင်း ကျန်နေသေးသဖြင့် ထိုဓားများက အနက်ရောင်အလင်းတန်းနှစ်တန်းကို တိုက်ခိုက်လိုက်ရာ အလင်းတန်းများ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

ရွှက်...ရွှက်...

ထိုလူ၏ တိုက်ခိုက်မှုက ကျန်းရီကို ဒေါသထွက်သွားစေသဖြင့် ကျန်းရီ၏လက်ထဲမှ ဓား‌ပျော့က ထိုလူ၏ ဒန်တျန်ကို ဖျက်ဆီးပစ်လိုက်လေသည်။ ထိုလူက နာကျင်တကြီး အော်လိုက်ပြီး မျက်ဝန်းနက်များဖြင့် ကျန်းရီကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ဒေါသတကြီး အော်ပြောလိုက်သည်။

“ကောင်လေး... မင်းက ငါ့ကို ဒုက္ခိတဖြစ်သွားအောင် လုပ်ရဲတယ်ပေါ့လေ။ မင်းတော့ သွားပြီ။ မင်း ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းကို အပြစ်ပြုမိရင် ဒီနှင်းကြမ်းဒေသထဲမှာ မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်တော့ဘူး... နတ်ဘုရားတစ်ပါး ရောက်လာရင်တောင် ကယ်နိုင်မှာ မဟုတ်ဘူး”

‘ကောင်းကင်နတ်ဆိုးဂိုဏ်းတဲ့လား... ကောင်းကင်လျှို့ဝှက်ဂိုဏ်း...’

ကျန်းရီ စိတ်လှုပ်ရှားသွား၏။ ထိုဂိုဏ်းနှစ်ခုက အတူတူပင်လော။

ကျန်းရီသည် မြေပြင်ပေါ်သို့ ရောက်သောအခါ ထိုလူကို ခြေထောက်မှဆွဲ၍ မြေပြင်ဖြင့် ပစ်ရိုက်လိုက်၏။ ဆယ်ကြိမ်ကျော် ရိုက်ပြီးနောက် ထိုလူ၏ ခေါင်းမှနေ၍ သွေးများ စီးကျလာလေသည်။ သူ၏အရိုးတော်‌တော်များများလည်း ကျိုးသွားပေပြီ။ ထိုအခါမှ ထိုလူက လက်အုပ်ချီကာ ဒူးထောက်လိုက်သည်။ ကျန်းရီသည် ထိုလူကို စိုက်ကြည့်ကာ အေးစက်စက်ပြောလိုက်၏။

“ကျွန်တော်က တစ်ခုမေးရင် ခင်ဗျားက တစ်ခုဖြေရမယ်။ ခင်ဗျား စကားမပြောရင် ကျွန်တော် ခင်ဗျားရဲ့ လက်တွေကို ဖြတ်ပစ်မယ်...”

“ကောင်းကင်နတ်ဆိုးဂိုဏ်းက ကောင်းကင်လျှို့ဝှက်ဂိုဏ်းလား”

ကျန်းရီက မေးခွန်းတစ်ခု မေးလိုက်သည်။ သို့သော် ထိုလူက မြေပြင်ဖြင့် ကိုင်ရိုက်ခံထားရသဖြင့် ခေါင်းမူးနေရာ အသက်ပင် မရှူနိုင်ဖြစ်နေပြီး အတော်ကြာမှ ပုံမှန်အသက်ပြန်ရှူလာနိုင်လေသည်။ သူ၏ မျက်ဝန်းများထဲတွင် ခါးသီးသော နောင်တအရိပ်အယောင်နှင့် ပြည့်နှက်‌နေ၏။ သူသည် စကားတစ်ခွန်းမှ မပြောဘဲ ထိုမျက်ဝန်းများဖြင့် ကျန်းရီကို စိုက်ကြည့်နေသည်။

ရွှက်...ရွှက်...

အစိမ်းရောင် ဓားပျော့က ဖျတ်ခနဲ လှုပ်ရှားသွားပြီး ထိုလူ၏ လက်တစ်ဘက်ကို ဖြတ်ပစ်လိုက်သည်။ ကျန်းရီက မျက်နှာထားတစ်ချက်ပင် မပြောင်းသွားဘဲ ဆက်မေးလိုက်သည်။

“ကောင်းကင်နတ်ဆိုးဂိုဏ်းက ကောင်းကင်လျှို့ဝှက်ဂိုဏ်းနဲ့ အတူတူပဲလား”

“အား...အား...”

ထိုလူက နာကျင်တကြီးသာ အော်နေပြီး စကားတစ်ခွန်းမှ မပြောသေးပေ။ ကျန်းရီကလည်း အလွန်ပြတ်သားသည်။ အစိမ်းရောင်အလင်းတစ်ချက် ထပ်မံလင်းလက်သွားပြီး ထိုလူ၏ လက်နောက်တစ်ဘက် ပြတ်သွားလေသည်။ ကျန်းရီသည် အမြဲပင် ရန်သူများအပေါ် ရက်စက်ခဲ့သည်။ သို့သော် သူ နှိပ်စက်ခဲ၏။ ဤတစ်ကြိမ်ကမူ မတူပေ။ သူသည် နှင်းကြမ်းဒေသအကြောင်းကို ဘာမှမသိချေ။ ထို့ကြောင့် သူ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ရှာနိုင်မည် မဟုတ်။ ထို့ပြင် ထိုလူပြောသည့် ကောင်းကင်နတ်ဆိုးဂိုဏ်းက သူ့ကို လိုက်လံသတ်ဖြတ်လျှင် သူ ဒုက္ခလှလှ တွေ့သွားနိုင်သည်။

“ခင်ဗျားဆီမှာ လက်တွေ မရှိတော့ဘူးဆိုပေမယ့် ခြေထောက်တွေ၊ ငယ်ပါ၊ လျှာ၊ နားရွက်တွေနဲ့ နှာခေါင်း ရှိနေသေးတယ်။ ခင်ဗျား မပြောသေးလူးဆိုရင် ကျွန်တော် အဲ့ဒါတွေကို တစ်ခုပြီးတစ်ခု ဖြတ်ပစ်မယ်။ ကျွန်တော်က နှိပ်စက်နည်းပေါင်း တစ်သောင်းရှစ်ထောင်ကို ကျွမ်းကျင်ထားတာ... ဒီနေ့ အဲ့နည်းတွေ အကုန်လုံးကို ခင်ဗျားအပေါ်မှာ သုံးရမှာပဲ”

ကျန်းရီ၏ အသံက ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားစေ၏။ ထိုလူ၏ မျက်နှာတွင် သွေးမရှိတော့ပေ။ မတတ်သာသည့်အဆုံး သူ အံကြိတ်ကာ ပြောလိုက်လေသည်။

“ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အခြေအနေအကြောင်းကို ငါ ပြောပြလို့မရဘူး။ မဟုတ်ရင် ငါ့မျိုးရိုးတစ်ခုလုံး အသတ်ခံလိမ့်မယ်။ တခြားအကြောင်းတွေတော့ ငါ ပြောပြနိုင်ပါတယ်။ ဒါပေမဲ့... မင်း ငါ့ကို မသတ်ဘူးလို့တော့ ကတိပေးရမယ်”

“ကျွန်တော် စိတ်မကောင်းပါဘူး”

ကျန်းရီက ခေါင်းခါကာ ပြောလိုက်သည်။

“ခင်ဗျား သေရလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားကို မခံစားရဘဲ သေသွားအောင် သတ်ပေးမှာပါ။ သေချာစဉ်းစားပါ။ အဲ... ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တော့ မကြိုးစားနဲ့နော်.. ကျွန်တော် ရှိနေသ၍ ခင်ဗျား အဲ့လိုလုပ်နိုင်မှာ မဟုတ်ဘူး”

ကျားတစ်ကောင်ကို တောင်ပေါ်သို့ ပြန်လွှတ်ရမည်လော။ ထိုလူကို ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ ပြန်သွားခွင့်ပြုလိုက်လျှင် ထိုလူက လူများကို ခေါ်လာ၍ သူ့ကို လိုက်လံသတ်ဖြတ်မည် မဟုတ်လော။ ကျန်းရီက အရူးတစ်ယောက် မဟုတ်ပေ။ ဤအခြေအနေတွင် သနားငဲ့ညှာခြင်းက အခြေအနေကို ပိုဆိုးသွားစေရုံသာ ရှိပေလိမ့်မည်။ ထိုလူက သူ့ကို အရင်ဆုံး အလစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ သူ ညှာတာနေရန် အကြောင်းမရှိပေ။

ထိုလူသည် ကျန်းရီ၏ အေးစက်စက်မျက်ဝန်းများကို ကြည့်ကာ အံကြိတ်၍ ခေါင်းညိတ်ပြလိုက်၏။ ကျန်းရီ မေးလိုက်သည်။

“ကောင်းပြီ... ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက အတူတူပဲလား”

“မတူပါဘူး”

ထိုလူက ခေါင်းခါကာ ပြောလိုက်သည်။

“နှင်းဒေသမှာ ဂိုဏ်းတွေ အများကြီး ရှိပါတယ်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက အင်အားအကြီးဆုံးဂိုဏ်းပါ။ ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းကလည်း အင်အားကြီးပြီး ကျော်ကြားတယ်ဆိုပေမယ့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းနဲ့ယှဉ်ရင်တော့ ဆီနဲ့ရေပါပဲ”

ကျန်းရီ၏ မျက်လုံးများ အရောင်တောက်သွား၏။ သူ ခေါင်းညိတ်ကာ ဆက်မေးလိုက်သည်။

“ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ဘယ်နေရာမှာလဲ”

“မသိပါဘူး”

ထိုလူက မျက်လုံးများမှိတ်ကာ ပြောလိုက်သည်။

“ငါတို့ရဲ့ ဂိုဏ်းချုပ်ကလွဲပြီး တခြားဘယ်သူကမှ ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ တည်နေရာကို မသိဘူး။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက အရမ်းဆန်းကြယ်လွန်းတယ်။ အဲ့ဂိုဏ်းရဲ့ တည်နေရာကို သိတဲ့သူက နည်းနည်းပဲရှိတယ်... ဒါပေမဲ့ သူတို့ကလည်း တည်နေရာအကြမ်းဖျင်းလောက်ကိုပဲ သိကြတာ။ ဘယ်သူမှ ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ နေရာအတိအကျကို မသိကြဘူး။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းထဲမှာ နံပါတ်(၂)ပဲ”

“အာ...”

ကျန်းရီ မျက်ခုံးပင့်လိုက်၏။ ယင်းကောင်းကင်လျှို့ဝှက်ဂိုဏ်းက ထိုမျှ အင်အားကြီးသည်လော။ သူသည် ခေတ္တမျှ တွေးတောလိုက်ပြီး ဆက်မေးလိုက်၏။

“ကျွန်တော့်ကို ကောင်းကင်လျှို့ဝှက်ဂိုဏ်းအကြောင်း ထပ်ပြောပြပါ”

ထိုလူက အသက်ပြင်းပြင်းရှူသွင်းကာ ပြောလိုက်သည်။

“ငါတို့လည်း ကောင်းကင်လျှို့ဝှက်ဂိုဏ်းအကြောင်းကို အများကြီးမသိဘူး။ သူတို့တစ်ဂိုဏ်းလုံးက မိန်းမတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာကိုပဲ သိတယ်။ ပြီး‌‌တော့ သူတို့အကုန်လုံးနီးပါးက ထူးခြားတဲ့ ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားကြတယ်။ သူတို့ဂိုဏ်းမှာ နတ်ဘုရားတစ်ပိုင်း ပညာရှင် ဒါဇင်နည်းနည်းလောက် ရှိပြီးတော့ သူတို့ရဲ့ ဂိုဏ်းချုပ်ကလည်း ဧကရာဇ်ကိုးပါးနဲ့တောင် ယှဉ်နိုင်တယ်လို့တော့ ငါ ကြားဖူးတယ်။ ဟူး... ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို သွားမရှာဖို့ ငါ မင်းကို အကြံပေးချင်တယ်။ မင်း အဲ့ဂိုဏ်းကို ရှာတွေ့ရင်တောင်၊ ဂိုဏ်းထဲကို ဝင်သွားရဲရင်တောင် သေချာပေါက် သေရမှာပဲ”

“မိန်းမတွေချည်းပဲလား... သူတို့က ယောက်ျားတွေကို အမုန်းဆုံးလား”

ကျန်းရီ အံ့အားသင့်သွားပြီး စိတ်အေးသွားဟန် သက်ပြင်းချလိုက်သည်။ စု‌လောရွှယ်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းတွင် အတော်လေး လုံခြုံမှု ရှိနိုင်ပေသည်။ သို့သော် ကောင်းကင်လျှို့ဝှက်ဂိုဏ်းတွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်များ များစွာ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ သူသာ သူမတို့၏ ပိုင်နက်အတွင်း ဝင်သွားလျှင် ချက်ချင်း အသတ်ခံရပေလိမ့်မည်။ ကျန်းရီ ထပ်မံခေါင်းကိုက်သွား၏။ စုလောရွှယ်ကို ရှာတွေ့နိုင်ရန် သူ ဘာလုပ်သင့်သနည်း။

ကျန်းရီသည် ထိုလူအား နှင်းကြမ်းဒေသအကြောင်းကို ဆက်မေးလိုက်၏။ တစ်နာရီကြာ မေးပြီးနောက် သူ သတင်းအချက်အလက်များစွာ သိလိုက်ရသည်။ သို့သော် သူ မရှင်းလင်းသေးသော ကိစ္စများစွာလည်း ကျန်သေးပေသည်။ အဘယ်ကြောင့်ဆိုသော ထိုလူက ကောင်းကင်နတ်ဆိုးဂိုဏ်းအကြောင်းကို တစ်ခွန်းမှမပြောရသေးခင်မှာပင် သွေးထွက်လွန်ကာ သေဆုံးသွားသောကြောင့်ဖြစ်သည်။

‘နှင်းဒေသမှာ ထိပ်တန်းဂိုဏ်း ဆယ်ဂိုဏ်းရှိတာလား။ အဲ့ထိပ်တန်းဂိုဏ်းတိုင်းမှာ နတ်ဘုရားတစ်ပိုင်းတွေ ရှိကြတယ်ပေါ့လေ။ သူတို့ဆီမှာ ကြောက်စရာကောင်းတဲ့ ရေခဲသားရဲတွေနဲ့ ရေခဲမှင်စာတွေတောင် ရှိကြတယ်ပေါ့’

ကျန်းရီသည် ထရပ်လိုက်ပြီး ချက်ချင်းပင် ကောင်းကင်ကိုးဘုံး နဂါးမီးတောက်ကို ထုတ်လွှတ်၍ ထိုလူ၏ အလောင်းကို မီးရှိုးပြာချလိုက်၏။ ထို့နောက် သူက ကျယ်ပြောသော နှင်းကြမ်းဒေသကို ငေးကြည့်လိုက်သည်။ ဤနှင်းကြမ်းဒေသက သူထင်ထားခဲ့သည်ထက် ပို၍အန္တရာယ်များပေသည်။ သူသာ သတိလက်လွတ်ဖြစ်မိလျှင် စုလောရွှယ်ကို ထပ်တွေ့နိုင်တော့မည် မဟုတ်ဘဲ ဤနှင်းတောထဲတွင် ထာဝရ အိပ်စက်သွားရမည်ဖြစ်သည်။

‘သွားမယ်...’

ကျန်းရီသည် အစောမှ ကောင်းကင်နတ်ဆိုးဂိုဏ်းသားအဖြစ် ပုံစံပြောင်းလိုက်ပြီး အရှေ့သို့ ပြေးသွားလိုက်သည်။ မည်မျှ အန္တရာယ်များစေကာမူ သူ စုလောရွှယ်ကို ရအောင်ရှာရပေမည်။ ထိုအမျိုးသမီးက များစွာဒုက္ခခံခဲ့ရပြီးဖြစ်သည်။ သူ သူမကို သေချာပေါက် ကယ်တင်ရမည်ဖြစ်သည်။

***

All Chapters