← Chapters

မိုရှင်း

Vol. 71 Ch. 979

မိုရှင်း

Vol. 71 Ch. 979

နှင်းဒေသ၏ ဂိုဏ်းဆယ်ဂိုဏ်း။ ယင်းက နှင်းကြမ်းဒေသ၏ ထိပ်တန်းဂိုဏ်းဆယ်ဂိုဏ်းကို ရည်ညွှန်းခြင်းပင်။

နှင်းဒေသတွင် ဂိုဏ်းကြီး၊ ဂိုဏ်းသေးများ ရာနှင့်ချီအောင် ရှိပေသည်။ သို့သော် နတ်ဘုရားတစ်ပိုင်းများ မရှိသော ဂိုဏ်းများက ထိပ်တန်းစာရင်းဝင်ရန် အဆင့်မမီပေ။

ထိုဂိုဏ်းများ၏ ဘိုးဘေးများအားလုံးသည် မိစ္ဆာမျိုးနွယ်များ အရှေ့ဘက် တော်ဝင်နယ်မြေကို အုပ်စိုးခဲ့စဉ်က နှင်းဒေသသို့ နယ်နှင်ခံခဲ့ရခြင်းဖြစ်သည်။ သူတို့များစွာသည် ထွက်သွားရန် ဖိအားပေးခံခဲ့ရခြင်းပင်။ နောက်ပိုင်းတွင် ဆန်းကြယ်ဧကရာဇ် ထွက်ပေါ်လာပြီး မိစ္ဆာမျိုးနွယ်ကို အဆုံးမဲ့ပင်လယ်နက်သို့ မောင်းထုတ်ခဲ့သော်လည်း ထိုဂိုဏ်းများက မြောက်ဘက်စွန်းဒေသတွင် နေထိုင်ရသည်ကို အသားကျနေပြီဖြစ်၍ ထိုဒေသတွင်ပင် ဆက်နေခဲ့ကြသည်။

အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်သွားပြီး သက်ဆိုင်ရာဒေသများကို သိမ်းပိုက်ခဲ့သော မျိုးနွယ်များလည်း များစွာရှိသည်။ ရှည်လျားသော သမိုင်းရေစီးကြောင်း တစ်လျှောက်တွင် အသစ်ထွက်ပေါ်လာသော၊ နစ်မြုပ်သွားသော မျိုးနွယ်များ များစွာရှိပေသည်။

နှင်းကြမ်းဒေသတွင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းက အင်အားအကြီးဆုံးဖြစ်သည်။

သို့သော် ကောင်းကင်လျှို့ဝှက်ဂိုဏ်းသည် ဒေသအတွင်းမှ ပဋိပက္ခများတွင် ဝင်ပါလေ့မရှိပေ။ ထိုဂိုဏ်းသည် ထိပ်ဆုံးမှ အာဏာရှင်ဧကရာဇ် ကဲ့သို့ပင်။ သူတို့သည် သူတို့ကို ရန်မစသ၍ အရေးစိုက်မည် မဟုတ်ဘဲ အခြားဂိုဏ်းကိုးဂိုဏ်းက ဒေသကို အုပ်စိုးထားသည်ကို ခွင့်ပြုထားကြသည်။

နှင်းဒေသမှ လူများ၏ ရင်ထဲတွင် အရှေ့ဘက် တော်ဝင်နယ်မြေ အနီးရှိ မိုင်သန်းဆယ်ချီ ကျယ်ပြောသော ကုန်းမြေကို နှင်းဒေသဟု သတ်မှတ်ထားကြသည်။ ယခု ကျန်းရီ ရောက်နေသော နေရာကို နှင်းဒေသအစစ်အမှန်ဟု မသတ်မှတ်ပေ။ ယခင်က ထိုနေရာတွင် မည်သည့် အရင်းအမြစ်မှ မရှိခဲ့သလို သက်ရှိများလည်း မရှိခဲ့ချေ။ ယင်းနေရာက ဝူ၊ ယဲ့နှင့် ရီမျိုးနွယ်များ၏ ပိုင်နက်များနှင့် အလွန်နီးကပ်သော လွင်တီးခေါင်တစ်ခုပင်။ နှင်းဒေသမှ လူများသည် သိုသိုသိပ်သိပ်သာ နေကြပြီး အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများနှင့် အဆက်အဆံ မလုပ်ကြပေ။

ထိုလူများက သူစိမ်းများနှင့် အဆက်အဆံ မလုပ်ကြသော်လည်း သူတို့ကြားတွင် ပြင်းထန်သော ပဋိပက္ခများ ရှိနေပေသည်။ နှစ်ပေါင်းရာချီ၊ ထောင်ချီကြာအောင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှလွဲ၍ ကျန်ထိပ်တန်းဂိုဏ်းကိုးဂိုဏ်းက အမြဲပြောင်းလဲနေခဲ့သည်။ ရာချီသော ဂိုဏ်းများက ထိပ်တန်းဂိုဏ်းစာရင်းဝင်ရန် ပြိုင်ဆိုင်နေကြသဖြင့် နှစ်ပေါင်းရာချီ၊ ထောင်ချီ စစ်ပွဲဖြစ်နေခဲ့သည်။ ကျဆုံးခဲ့သူများကလည်း မရေမတွက်နိုင်အောင် ရှိခဲ့ပြီဖြစ်ပြီး လုံးဝပျက်သုဉ်းသွားသော ဂိုဏ်းများလည်း များစွာရှိခဲ့ပေပြီ။

အရာအားလုံးက အရင်းအမြစ်များကြောင့်ပင်။ အတိအကျဆိုရလျှင် တော်ဝင်တောင်များကြောင့်ဖြစ်သည်။

နှင်းဒေသ၏ မြောက်ဘက်အကျဆုံးအပိုင်းတွင် တော်ဝင်တောင် ကိုးလုံး ရှိသည်။ ထိုတောင်များတွင် သဘာဝ ဝိညာဉ်ချိတ်ဆက်အစီအရင်များ ရှိသည်။ ထိုတောင်များတွင် ကျင့်ကြံပါက ကျင့်ကြံနှုန်းက ပိုမြန်မည်ဖြစ်သည်။ တောင်ထိပ်နှင့် နီးလာလေလေ၊ မိုးမြေအတွင်းအားက ပိုသိပ်သည်းလာလေလေပင်။ ထို့ကြောင့် တောင်ထိပ်တွင် ကျင့်ကြံပါက အပြင်ဘက်တွင် ကျင့်ကြံခြင်းထက် အဆရာချီ ပိုမြန်မည်ဖြစ်သည်။

ကျန်းရီသည် လက်ရှိတွင် မြောက်ဘက်သို့ ဦးတည်သွားနေပြီး တော်ဝင်တောင်တစ်လုံးဖြစ်သော ကောင်းကင်နတ်ဆိုးတောင်ကို ရှာဖွေနေသည်။

ကျန်းရီသည် အထက်ပါအကြောင်းများကို ကောင်းကင်နတ်ဆိုးဂိုဏ်းသားထံမှ သိခဲ့ရပြီး အကြံတစ်ခုရခဲ့သည်။ သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းအတွင်း ခိုးဝင်ကာ ဂိုဏ်း၏ အရေးပါသော ဂိုဏ်းသားဖြစ်လာရန် သို့မဟုတ် အကြီးအကဲတစ်ဦးဖြစ်လာရန် နည်းလမ်းရှာမည်ဖြစ်သည်။ ထို့နောက်မှ သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ထံမှနေ၍ ကောင်းကင်လျှို့ဝှက်ဂိုဏ်းနှင့် ပတ်သတ်သော သတင်းအချက်အလက်များကို မေးမည်ဖြစ်သည်။

စစ်မှန်သော နှင်းဒေသက ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ မြောက်ဘက်အစွန်းပိုင်းတွင် ရှိသည်။ ထိုဒေသရှိ အာကာပြင်က မယုံနိုင်လောက်အောင် ခိုင်မာပေသည်။ ထို့ကြောင့် ကျန်းရီသည် ထိုဒေသအနီးသို့ ရောက်လာသောအခါ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ မိုင်အနည်းငယ်သာ သွားနိုင်တော့သည်။ ထိုပုံစံဖြင့် သူ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ရှာနိုင်မည် မဟုတ်ချေ။ သူသာ ဤအတိုင်း လျှောက်သွားနေပါက အခြားဂိုဏ်းများ၏ လိုက်ဖမ်းခြင်းကို ခံရမည်ဖြစ်သည်။ ကံဆိုးလျှင် နတ်ဘုရားတစ်ပိုင်း ပညာရှင်များပင် ထွက်ပေါ်လာနိုင်သည်။

ကျန်းရီသာ အရည်ကျို နတ်ဘုရားမီးဖိုကို စိတ်ကြိုက်အသုံးပြုနိုင်ပါက နတ်ဘုရားတစ်ပိုင်းများနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပေလိမ့်မည်။ သို့သော် သူ၏ ကြယ်တာရာစွမ်းအား အားလုံးက ကုန်သွားပြီဖြစ်သည်။ သူ၏ ကိုယ်ပိုင်အင်အားအပေါ်တွင် မှီခိုလျှင်လည်း ကြယ်ငါးပွင့် ပညာရှင်တစ်ယောက်လောက်ကိုသာ သတ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီ သတိထားရပေမည်။

အရေးအကြီးဆုံးမှာ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ယောက်ျားများကို မုန်းတီးခြင်းပင်။ သူ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ရှာတွေ့လျှင်ပင် သတိမထားပါက သေခြင်းတရားနှင့် ရင်ဆိုင်ရလောက်ပေသည်။ ထို့ကြောင့် သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းအတွင်းသို့ ခိုးဝင်၍ နှင်းဒေသနှင့် ပတ်သတ်သော သတင်းအချက်အလက်အားလုံးကို စုံစမ်းပြီးမှ အစီအစဉ်များ ဆက်ဆွဲရမည်ဖြစ်သည်။

ဝှစ်...

ကျန်းရီက ကောင်းကင်နတ်ဆိုးဂိုဏ်းသား၏ ပုံစံအဖြစ် ပြောင်းလဲထားသဖြင့် သူ့လက်များက နဂါးလက်သည်းများကဲ့သို့ ဖြစ်နေသည်။ ထိုလက်များက သာမန်လူများ၏ လက်များကဲ့သို့ မဟုတ်ပေ။ သူ၏မျက်လုံးများကလည်း အနက်ရောင်အလင်း လက်နေလေသည်။ သူ၏ရုပ်သွင်က အစောမှ ကောင်းကင်နတ်ဆိုးဂိုဏ်းသားနှင့် တစ်ပုံစံတည်း တူညီနေသည်။ ထိုလူသည် ကောင်းကင်နတ်ဆိုးဂိုဏ်းအကြောင်းကို တစ်ခုမှ ပြောမသွားခဲ့ပေ။ ထို့ကြောင့် ကျန်းရီသည် ရွေးချယ်စရာ မရှိတော့ဘဲ လှည့်ပတ်သွား၍သာ ကောင်းကင်နတ်ဆိုးတောင်ကို ရှာနေရလေသည်။

“မိုရှင်း...”

နေ့တစ်ဝက်ခန့် လှည့်ပတ်သွားပြီးနောက် ကျန်းရီသည် ခေါ်သံတစ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။ ထို့နောက် မြေပြင်က ပွင့်ထွက်လာ၏။ မြေကြီးထဲမှနေ၍ ကျန်းရီနှင့် ဆင်တူပြီး နဂါးလက်သည်းများရှိနေသော သက်လတ်ပိုင်း ယောက်ျားတစ်ယောက် ထွက်လာသည်။ ထိုယောက်ျားက စိတ်ဝင်တစားဖြင့် မေးလိုက်၏။

“မင်း ရေခဲသားရဲတွေ၊ ရေခဲမှင်စာတွေနဲ့ တွေ့ခဲ့လား”

“မတွေ့ခဲ့ပါဘူး”

ကျန်းရီသည် အသံကိုပါ တုပ၍ ပြောလိုက်သည်။

“မင်းရော ဘယ်နှစ်ကောင် ဖမ်းခဲ့လဲ”

“ဟူး... အခုထိ တစ်ကောင်မှ မဖမ်းနိုင်သေးပါဘူး”

အသက်လတ်ပိုင်း ယောက်ျားက ကျန်းရီ ပုံပြောင်းထားသော ကောင်းကင်နတ်ဆိုးဂိုဏ်သားထက် ပိုသန်မာပုံ ပေါ်လေသည်။ ထိုလူ၏ မျက်နှာက လေးထောင့်ကျပြီး နာရွက်များကလည်း ကြီးပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူက လူကြမ်းတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။ သူက ခေါင်းခါကာ စိတ်ပျက်သောလေသံဖြင့် ပြောလိုက်သည်။

“ရေခဲပင်လယ်မှာတော့ ရေခဲသားရဲတွေ ပိုရှိတယ်။ ဒါပေမဲ့ အဲ့နေရာက အရမ်းအန္တရာယ်များလွန်းတယ်။ ဒီတစ်ခေါက် ငါတို့ ရေခဲသားရဲ ဒါမှမဟုတ် ရေခဲမှင်စာတစ်ကောင်တောင် မဖမ်းနိုင်ခဲ့ဘူးဆိုရင် ငါတို့ရဲ့တာဝန်ကို ပြီးမြောက်အောင်လုပ်ဖို့ ခက်သွားလိမ့်မယ်။ တစ်လကျန်သေးတယ်ဆိုပေမယ့် ဒီတစ်ခေါက်တော့ ငါတို့ တောင်ကိုးလုံးက မောင်းထုတ်ခံရတော့မယ့်ပုံပဲ”

“ဘယ်တောင်ကိုးလုံးလဲ”

ကျန်းရီက စိတ်ဝင်စားဟန်ဖြင့် ပုံမှန်အတိုင်း မေးလိုက်သည်။ သို့သော် သူ မေးပြီးလျှင်ပြီးချင်း စကားမှားသွားပြီဖြစ်ကြောင်း သိလိုက်သည်။ ထင်ထားသလိုပင် အသက်လတ်ပိုင်း ယောက်ျားက သူ့ကို သံသယဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။

“မိုရှင်း... မင်း ဦးနှောက်ချောင်သွားတာလား”

“အာ...ဟုတ်သား”

ကျန်းရီက အိုးတိုးအန်းတန်းဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ငါ ကောင်းကင်နတ်ဘုရားဂိုဏ်းက လူတစ်ယောက်နဲ့တွေ့ခဲ့တာ။ သူ့ကြောင့် ငါ့ရဲ့ စိတ်ဝိညာဉ်က ဒဏ်ရာရသွားခဲ့တာ။ အဲ့ဒါကြောင့် အခု ငါ ကိစ္စတော်တော်များများကို မမှတ်မိနိုင်သေးဘူး။ မင်းနာမည်ကိုတောင် ငါမမှတ်မိဘူး။ ဒါပေမဲ့ မင်းက ငါနဲ့ရင်းနှီးတယ်ဆိုတာကိုတော့ ငါ ခံစားနိုင်တယ်... မင်းက ငါ့ညီအစ်ကိုလိုပဲ”

“ပေါက်ကရတွေ...”

အသက်လတ်ပိုင်း ယောက်ျားက မျက်လုံးပင့်ကာ ပြောလိုက်သည်။

“ငါက မင်းရဲ့ တစ်ဝမ်းကွဲအစ်ကိုပဲ။ မိုရှင်း... တကယ်ပဲ မင်းရဲ့စိတ်ဝိညာဉ်က ဒဏ်ရာရထားတာလား။ ငါ ကြည့်ရအောင်၊ အဲ့ သောက်ကောင်းကင်နတ်ဘုရားဂိုဏ်း... သူတို့က အမြဲတမ်း ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းကို ရန်ရှာနေတာပဲ”

ကျန်းရီ စိတ်လှုပ်ရှားသွား၏။ သူသည် လျင်မြန်စွာပင် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကိုသုံး၍ သူ၏ စိတ်ဝိညာဉ်ကို ရှုပ်ထွေးသွားအောင် ပြုလုပ်လိုက်သည်။ ထိုလူက ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံပြီးနောက် ရုတ်ခြည်း တုန်လှုပ်သွား၏။ သူက မျက်လုံးပြူးကာ စိုးရိမ်တကြီး ပြောလိုက်သည်။

“မိုရှင်း... မင်းရဲ့ စိတ်ဝိညာဉ်က ဘာဖြစ်သွားတာလဲ။ အိုး... ငါတို့ မျိုးရိုးမှာ မင်းနဲ့ငါက အသန်မာဆုံးပဲ။ အခု မင်းက ဒီလိုမျိုး ဒဏ်ရာရနေတယ်ဆိုတော့ မင်းရဲ့တိုက်ခိုက်စွမ်းအားက လျော့သွားမှာပဲ။ ငါတို့ ဘာလုပ်သင့်လဲ...”

ထိုလူက စိုးရိမ်သော မျက်နှာထားဖြင့် စိတ်ပျက်တကြီး ပြောနေရာ ကျန်းရီ ကျိတ်၍ ဝမ်းသာသွားသည်။ ထိုလူက ငတုံးတစ်ယောက်ဖြစ်ပြီး သူ၏ ဝမ်းကွဲညီကိုပင် မမှတ်မိနိုင်သူဖြစ်သည်။ ကျန်းရီက ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သုံးထားသော်လည်း စေ့စပ်သူတစ်ယောက်ဆိုလျှင် ပြစ်ချက်များကို မြင်နိုင်ပေလိမ့်မည်။ သို့သော် စိတ်ဝိညာဉ်ထိခိုက်ထား၍ မမှတ်မိနိုင်ဆိုသော အကြောင်းပြချက်က အကြောင်းပြချက်ကောင်းတစ်ခုပင်။

ကျန်းရီက ခေတ္တမျှ တွေးတောလိုက်ပြီး အသက်လတ်ပိုင်း ယောက်ျားကို ပြောလိုက်သည်။

“မင်းက ငါ့ရဲ့ ဝမ်းကွဲအစ်ကိုလား။ ငါ မင်းကို ရင်းနှီးတယ်ဆိုလို့ ခံစားနေရတာ မထူးဆန်းတော့ပါဘူး။ မင်းရဲ့ နာမည်က ဘာလဲ။ ငါတို့က ဘယ်မျိုးရိုးကလဲ။ ငါ့ကို ပြောပြပါ... အဲ့ဒါဆို ငါ့ရဲ့မှတ်ဉာဏ်တွေကို ပြန်စွပေးနိုင်လောက်တယ်”

“အင်း...အင်း...အင်း...”

အသက်လတ်ပိုင်း ယောက်ျားက သူ့ခေါင်းကိုသူ ရိုက်လိုက်ပြီး ထိုအကြံက အကြံကောင်းတစ်ခုဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားလေသည်။ ထို့နောက် သူ အလေးအနက် ပြောလိုက်သည်။

“မိုရှင်း... သေချာနားထောင်။ ငါက မင်းရဲ့ ဝမ်းကွဲအစ်ကို မိုထျန်းပဲ။ ငါတို့မျိုးရိုးမှာ အခု လူခုနစ်ယောက်ပဲ ရှိတော့တယ်။ ငါတို့ရဲ့ အဘိုးက မိုဟွင်း၊ ဒါပေမဲ့ သူက လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ လက်ချက်ကြောင့် သေသွားခဲ့ပြီ။ မင်းရဲ့အဖေ မိုချီနဲ့ ငါ့ရဲ့အဖေ မိုဟဲကလည်း တိုက်ပွဲမှာ သေသွားခဲ့တယ်။ ဦးလေးသုံး မိုရှန်ကတော့ ဒုက္ခိတဖြစ်သွားခဲ့တယ်... အခု သူ့ရဲ့ အခြေအနေက သိပ်မကောင်းဘူး။ မင်းရဲ့အမေ မိုချူက လွန်ခဲ့တဲ့ သုံးနှစ်က ကွယ်လွန်သွားခဲ့တယ်။ မင်းရဲ့ မိသားစုမှာ မင်းတစ်ယောက်ပဲ ကျန်တော့တာပဲ...”

ထင်ထားသလိုပင် ထိုမိုထျန်းက ငတုံးတစ်ယောက်ပင်။ ကျန်းရီက ပုံမှန်အတိုင်း မေးလိုက်ခြင်းဖြစ်သော်လည်း သူက အချက်အလက်များစွာကို ပြောပြခဲ့ပေသည်။ ကျန်းရီ အလွန်ဝမ်းသာသွား၏။ သူ၏ လက်ရှိရုပ်ဖျက်မှုက အကောင်းဆုံးပင်။ သူ့အတွက် အရာအားလုံးကို ပြောပြမည့် ငတုံးတစ်ယောက် ရှိနေသည် မဟုတ်ပါလား။

အရေးအကြီးဆုံးမှာ ဤမိုရှင်းထံတွင် မိသားစုတစ်ယောက်မှ မရှိတော့ခြင်းပင်။ သူနှင့် ဆွေမျိုးဟူ၍ မိုထျန်း၏မိသားစုနှင့် သူ့ဦးလေးသုံး၏မိသားစုတို့သာ ရှိတော့သည်။ ထို့ကြောင့် သူ၏ ရုပ်ဖျက်ထားမှုက ပေါ်သွားနိုင်ခြေ အလွန်နည်းပေသည်။

“မိုရှင်း... မင်း တစ်ခုခု ပြန်မှတ်မိလား”

မိုထျန်းက အရာအားလုံးကို အသေးစိတ်ရှင်းပြပြီးနောက် ကျန်းရီကို မျက်လုံးပြူးများဖြင့်ကြည့်ကာ မေးလိုက်သည်။ ကျန်းရီက ခေါင်းခါကာ ပြန်ပြောလိုက်သည်။

“ငါ ဘာမှ မမှတ်မိဘူး။ ဒါပေမဲ့ ငါ့အဖေနဲ့အမေရဲ့ ပုံရိပ်တွေကို‌တော့ ခပ်ရေးရေး ပြန်မြင်ယောင်မိသလိုပဲ။ ငါ မမှတ်မိနိုင်တာ ငါ့ရဲ့စိတ်ဝိညာဉ်က ထိခိုက်ထားလို့ ဖြစ်နိုင်တယ်။ တဖြည်းဖြည်း ပြန်ကောင်းလာမှာပါ။ ဝမ်းကွဲအစ်ကို မစိုးရိမ်ပါနဲ့...”

“အင်း... ဖြစ်နိုင်တယ်”

မိုထျန်းက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ခြေဆောင့်ကာ ပြောလိုက်သည်။

“မိုရှင်း... အရင်ဆုံး မင်း အိမ်ပြန်ပြီး အနားယူသင့်တယ်။ ရေခဲသားရဲကို ရှာဖို့က ငါ့တာဝန်ထားလိုက်။ အခုပဲ ငါ ရေခဲပင်လယ်ဆီကို သွားမယ်။ ငါတို့သာ တောင်ကိုးလုံးက နှင်ထုတ်ခံရမယ်ဆိုရင် နောက်ကျ ကျင့်ကြံနိုင်ဖို့ ပိုခက်ခဲသွားလိမ့်မယ်”

“မသွားပါနဲ့...”

ကျန်းရီသည် မိုထျန်းက ထွက်သွားတော့မည်ကို တွေ့လိုက်၍ မိုထျန်းကို အလျင်အမြန် ဆွဲထားလိုကသည်။ မိုးထျန်း ထွက်သွားလျှင် သူ ကောင်းကင်နတ်ဆိုးဂိုဏ်းအတွင်းသို့ မည်သို့ခိုးဝင်ရပါမည်နည်း။ သူ မည်သူဖြစ်ကြောင်း ပေါ်သွားလျှင် မည်သို့ လုပ်မည်နည်း။

ကျန်းရီက တစ်ခဏမျှ တွေးတောကာ ပြောလိုက်သည်။

“အစ်ကို... ကျွန်တော်လည်း အစ်ကိုနဲ့ လိုက်ခဲ့မယ်။ သေရမယ်ဆိုရင်လည်း အတူတူ သေကြတာပေါ့။ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်က ဒဏ်ရာရထားပေမယ့် ဒီတစ်ခေါက် ကျွန်တော် စွမ်းရည်အသစ်တစ်ခုကို တတ်ခဲ့ပါတယ်။ အဲ့အတတ်က ရေခဲသားရဲတစ်ကောင်ကို အလွယ်လေးသတ်ပစ်နိုင်လောက်‌အောင် စွမ်းအားကြီးတယ်လို့ ကျွန်တော်ထင်တယ်”

“ဟူး...အဲ့ဒါဆိုလည်း ကောင်းပြီလေ။ မင်းက အမြဲဒီလိုပဲ။ သွားကြစို့”

မိုထျန်းက ခေါင်းခါကာ ခပ်‌လေးလေး ပြောလိုက်ပြီး မြေအောက်ထဲသို့ ဝင်သွားလိုက်သည်။ ကျန်းရီသည် မိုထျန်းတူးထားသော လိုဏ်ခေါင်းအတိုင်း နောက်မှ လျင်မြန်စွာ လိုက်သွားလိုက်၏။ သူသာ မိုထျန်းနောက်သို့ အချိန်တစ်ခုအထိ လိုက်လိုက်လျှင် ကောင်းကင်နတ်ဆိုးဂိုဏ်းသားအဖြစ် အပြည့်အဝ ဟန်ဆောင်နိုင်မည်ဖြစ်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းတွင်လည်း လျင်မြန်စွာ အဆင့်တကလာနိုင်ပေသည်။

***

All Chapters