← Chapters

ရေခဲပင်လယ်

Vol. 71 Ch. 980

ရေခဲပင်လယ်

Vol. 71 Ch. 980

ဝှစ်...ဝှစ်...

ကျန်းရီသည် မိုထျန်းနောက်မှလိုက်ကာ မြေအောက်မှနေ၍ နေ့ညရက်ဆက် အနားမယူဘဲ သွားနေရလေသည်။ လမ်းတစ်လျှောက်တွင် ကျန်းရီသည် မိုထျန်းနှင့် စကားမပြောခဲ့ပေ။ ထိုငတုံးလူကြမ်းက ခန္ဓာကိုယ် တောင့်တင်းသော်လည်း ဦးနှောက်မရှိပေ။ သူသည် များစွာမတွေးတောဘဲဖြင့် ‘မိုရှန်း’ မှတ်ဉာဏ်များ ပြန်ရလာစေရန် အကြောင်းများစွာကို အသေးစိတ် ပြောပြခဲ့သည်။

ရှစ်ရက်ကြာပြီးနောက် ကျန်းရီတို့နှစ်ယောက်က မိုင်သောင်းကျော် သွားခဲ့ပြီးပေပြီ။ ကျန်းရီသည် ‌ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းနိုင်၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းက နှင်းဒေသ ဂိုဏ်းဆယ်ဂိုဏ်းတွင် နံပါတ်(၄)ဖြစ်သည်။ ထိုဂိုဏ်းတွင် ဂိုဏ်သားတစ်သန်းရှိပြီး ဂိုဏ်သားအားလုံးက ကောင်းကင်နတ်ဆိုးတောင်တွင် နေထိုင်ကြသည်။ ထိုတောင်က တော်ဝင်တောင်ကိုးလုံးထဲမှ တစ်လုံးဖြစ်သဖြင့် ကျင့်ကြံခြင်းအတွက် အဖိုးတန်နေရာတစ်ခုပင်။ ကောင်းကင်နတ်ဆိုးဂိုဏ်းက လွန်ခဲ့သည့် နှစ်တစ်ထောင်ကမှ ကောင်းကင်နတ်ဆိုးတောင်ကို သိမ်းပိုက်နိုင်ခဲ့ခြင်းပင်။ ဂိုဏ်းချုပ်မိုရှန်းက စွမ်းအားကြီးသော နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းက ယခုတွင် နံပါတ်(၄) ဖြစ်နေခြင်းပင်။

ကောင်းကင်နတ်ဆိုးတောင်က ကြီးမားပြီး အလွန်မြင့်ပေသည်။ ထိုတောင်တွင် နေစရာ ဂူများစွာ တူးထားကြပြီး ပွဲကြည့်စင်ကဲ့သို့ အဆင့်ဆင့်၊ အလွှာလွှာ ခွဲထားပေသည်။ တောင်၏ အမြင့်ပိုင်းသို့ ရောက်လာလေလေ၊ ဂူများက နည်းလာလေလေပင်။ ထို့ပြင် မိုးမြေအတွင်းအားကလည်း ပိုသိပ်သည်းလာသည်။ ကောင်းကင်နတ်ဆိုးတောင် တစ်တောင်လုံးကို အဆင့်(၁၈)ခု ခွဲထားသည်။ ယင်းတို့ကို ကောင်းကင်ဘုံ(၁၈)ထပ်ဟု အမည်ပေးထားသည်။ ဂိုဏ်းချုပ်က အမြင့်ဆုံးအထပ်တွင် နေပြီး အောက်ဘက်မှအထပ်များတွင် ဂိုဏ်သားများကို စွမ်းဆောင်ရည်အလိုက် နေရာချထားသည်။ စွမ်းဆောင်ရည်မြင့်သူများက ပိုမြင့်သော အထပ်များတွင် နေရမည်ဖြစ်သည်။ စွမ်းဆောင်ရည်နိမ့်သော ဂိုဏ်းသားများက မိုးမြေအတွင်းအား မသိပ်သည်းသော အောက်ဘက်အထပ်များတွင် နေရသည်။ အကယ်၍ ဂိုဏ်းသားတစ်ယောက်သည် အချိန်တစ်ခုကြာသည်အထိ စွမ်းဆောင်ချက် မပြနိုင်လျှင် နှင်ထုတ်ခံပေလိမ့်မည်။

မိုထျန်းနှင့် မိုရှင်းတို့၏ အဘိုးက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်ခဲ့၍ စွမ်းဆောင်ချက်အချို့ ပြသနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့၏မျိုးရိုးက ကံကောင်းစွာ (၁၃)ထပ်မြောက်တွင် နေခဲ့ရသည်။ သို့သော် သူတို့၏ အဘိုးနှင့် အဖေတို့ သေသွားကတည်းက သူတို့၏ အခြေအနေက ဆိုးလာခဲ့သည်။ သူတို့သည် ထပ်ခါထပ်ခါ အဆင့်ချ ခံခဲ့ရသည်။ ယခုတွင် သူတို့က (၉)ထပ်မြောက်သို့ ရောက်နေပေပြီ။ သူတို့ ရေခဲသားရဲတစ်ကောင်ကိုပင် မသတ်နိုင်သေးပါက ထပ်မံ၍ အဆင့်ချခံရပေလိမ့်မည်။

စွမ်းဆောင်ချက်ကို ပြသရန်မှာ အလွန်လွယ်ကူပေသည်။ ရေခဲသားရဲများနှင့် ရေခဲမှင်စာများကို သတ်ရုံသာ။ ရေခဲသားရဲများနှင့် ရေခဲမှင်စာများက နှင်းဒေသရှိ ထူးခြားသော မိစ္ဆာများဖြစ်ကြသည်။ ၎င်းတို့က ရေခဲတောင်များမှ မွေးဖွားလာခြင်းဖြစ်ပြီး ဆန်းကြယ်သောစွမ်းအင်ကို ပိုင်ဆိုင်ထားကြသည်။

ထိုရေခဲသားရဲများနှင့် ရေခဲမှင်စာများက မည်သည့်စွမ်းရည်ကို ပိုင်ဆိုင်ထားကြောင်းကိုမူ မိုထျန်းလည်း မသိပေ။ သူသည် ၎င်းတို့ကို သတ်၍ ဂိုဏ်း၏ အကြီးအကဲများနှင့် ဂိုဏ်းချုပ်ထံ ပြန်ပို့ရန်သာ သိပေသည်။ သာမန်ဂိုဏ်းသားများသည် ထိုရေခဲသားရဲများကို မည်သို့သန့်စင်ရမည်ကို မသိကြပေ။ ထို့ပြင် ၎င်းတို့ကို လျှို့ဝှက်သန့်စင်ရန်ကိုလည်း ခွင့်မပြုထားချေ။ ထိုသို့ ခိုးလုပ်နေသည်ကို မိသွားပါက သက်ညှာခြင်းမရှိ ကွပ်မျက်ခံရမည်ဖြစ်သည်။

နှင်းဒေသဂိုဏ်းဆယ်ဂိုဏ်းတွင် ဂိုဏ်းသူ၊ ဂိုဏ်းသားများ သန်းနှင့်ချီ၍ ရှိပေသည်။ သို့သော် ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများက ထွက်လာခဲသည်။ ထို့ကြောင့် ဂိုဏ်းကိုးဂိုဏ်းမှ ဂိုဏ်းသူ၊ ဂိုဏ်းသားများကသာ ရေခဲသားရဲများနှင့် ရေခဲမှင်စာများကို လိုက်ရှာကြသည်။ သူတို့အားလုံးက စွမ်းဆောင်ချက်များကို ပြသကာ ပိုမြင့်သော အထပ်များတွင် နေထိုင်လိုကြပေသည်။ ဂိုဏ်းထဲတွင်လည်း အဆင့်အတန်းမြင့်မြင့် ရှိချင်ကြသည်။

ရေခဲသားရဲများနှင့် ရေခဲမှင်စာများကို အမဲလိုက်နေသူများမှာ နှင်းဒေသဂိုဏ်းဆယ်ဂိုဏ်းသာ မဟုတ်ပေ။ အခြားဂိုဏ်းရာကျော်ကလည်း ၎င်းတို့ကို အမဲလိုက်နေကြသည်။ ထို့ကြောင့် ရေခဲသားရဲများနှင့် ရေခဲမှင်စာများက ရှားပါးလေတော့သည်။ သို့ဖြစ်၍ ရေခဲသားရဲတစ်ကောင်အတွက်ပင် တိုက်ပွဲများ မကြာမကြာဆိုသလို ဖြစ်ပွားကြသည်။ ဂိုဏ်းနှစ်ဂိုဏ်းမှ ဂိုဏ်းသူ၊ ဂိုဏ်းသားများက တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ကြသလို တစ်ပြိုင်တည်း ဂိုဏ်းများစွာ တိုက်ခိုက်မှုများလည်း ရှိကြသည်။

အထူးသဖြင့် ရေခဲပင်လယ်ထဲတွင် တိုင်ပွဲများ ပို၍ပြင်းထန်ပေသည်။ ရေခဲပင်လယ်ထဲ၌ ရေခဲသားရဲများနှင့် ရေခဲမှင်စာများ ပိုပေါသည်။ ထို့ကြောင့် ပညာရှင်များစွာက ထိုပင်လယ်တွင် အမဲလိုက်ကြသည်။

“မိုရှင်း... ရှေ့ဆို ရေခဲပင်လယ်ကို ရောက်ပြီ။ မင်း သတိထားရမယ်... တကယ်လို့ အခြေအနေက မဟန်တော့ဘူးဆိုရင် ချက်ချင်း ထွက်ပြေး”

ရှေ့မှသွားနေသော မိုထျန်းက ရုတ်တရက် ရပ်လိုက်လိုက်ပြီး ‌နောက်လှည့်ကာ ကျန်းရီကို အကြံပေးလိုက်သည်။ ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ကောင်းကင်စိတ်အာရုံကို ဆန့်တန်းကာ အာရုံခံလိုက်သည်။ မျှော်လင့်ထားသလိုပင် သူသည် ရှေ့ဆယ်မိုင်အကွာတွင် ပင်လယ်တစ်ခုကို တွေ့လိုက်ရလေသည်။

ပင်လယ်က နက်ရှိုင်း၏။ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ထူထဲသော ရေခဲပြင်လွှာကြီးရှိနေသည်။ ကျန်းရီသည် ပင်လယ်ထဲတွင် မည်သည့် မိစ္ဆာသားရဲများကိုမှ အာရုံမခံမိဘဲ ငါးအချို့ကိုသာ အာရုံခံမိပေသည်။ သို့သော် ၎င်းတို့က ငါးအစစ်များဖြစ်ပြီး ပင်လယ်မိစ္ဆာများ မဟုတ်ကြပေ။

ကျန်းရီက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

“အစ်ကိုမိုထျန်း... ရေခဲသားရဲတွေက ဘယ်လိုပုံစံလဲ။ သူတို့ရဲ့ ခန္ဓာကိုယ်က ကြီးလား။ ရေခဲမှင်စာတွေရဲ့ ပုံစံကရော ဘယ်လိုလဲ”

“မင်းက အဲ့ဒါတွေကိုတောင် မမှတ်မိတော့ဘူးလား”

မိုထျန်းက မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။ ကျန်းရီက မပီမသ ပြောလိုက်၏။

“အဲ့အကောင်တွေကို ခပ်ရေးရေးတော့ မှတ်မိပါတယ်။ အစ်ကို ကျွန်တော့်ကို မြန်မြန် ရှင်းပြပါ။ အဲ့ဒါဆို ကျွန်‌တော့်ရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာလောက်မလားပဲ”

“အိုး...အို့...”

မိုထျန်းက များစွာမတွေးတောဘဲ ရှင်းပြလိုက်သည်။

“ရေခဲသားရဲတွေက မကြီးပါဘူး... လူအရွယ်လောက်ပဲ။ သူတို့က နှင်းလိုပဲ ဖြူစွတ်နေပြီး အမွေးတွေ ရှိကြတယ်။ သူတို့က ဖျံနဲ့တူပြီး အမြီးရှည်တွေ ရှိကြတယ်။ သူတို့ရဲ့ အရည်ပြားက တော်တော်မာတယ်... ပြီးတော့ သူတို့က တော်တော်လည်း မြန်ကြတယ်။ တိုက်ခိုက်ဖို့ကိုတော့ သူတို့က သူတို့ရဲ့ ထက်ရှတဲ့ အစွယ်တွေနဲ့ သံမဏိလို မာကြောတဲ့ အမြီးကို အဓိကသုံးကြတယ်။ ရေခဲမှင်စာတွေကျ အများကြီး ပိုသေးတယ်၊ ကလေးအရွယ်လောက်ပဲ ရှိတယ်။ သူတို့မှာ ထွင်းဖောက်မြင်ရတဲ့ ခန္ဓာကိုယ်တွေရှိတယ်... တစ္ဆေတွေလိုပဲ။ သူတို့ကတော့ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို အဓိကသုံးတယ်။ ပြီးတော့ ရေခဲသားရဲဘုရင်တွေနဲ့ ရေခဲမှင်စာဘုရင်တွေလည်း ရှိကြတယ်။ ငါတို့နဲ့ စွမ်းအားနဲ့ဆို သူတို့နဲ့သာ ကြုံရရင် ငါတို့ သေချာပေါက် သေသွားမှာပဲ။ နတ်ဘုရားတစ်ပိုင်းတွေကလွဲလို့ သူတို့ကို တခြားဘယ်သူကမှ မယှဉ်နိုင်ဘူး။ ဒါပေမဲ့ မင်း စိုးရိမ်စရာမလိုပါဘူး။ ရေခဲသားရဲဘုရင်တွေနဲ့ ရေခဲမှင်စာဘုရင်တွေက နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ် ထွက်ပေါ်လာတတ်တာပါ။ ငါတို့ရဲ့ ကံက သူတို့နဲ့ တည့်တည့်တိုးရလောက်အောင် မဆိုးသေးပါဘူး”

မိုထျန်း၏ စကားဆုံးသောအခါ သူတို့နှစ်ယောက်က ရေခဲပင်လယ်သို့ ရောက်ရှိလာပြီဖြစ်သည်။ မိုထျန်းသည် ပင်လယ်အထက်မှ မသွားသလို၊ ပင်လယ်အောက်မှလည်း မသွားလိုက်ဘဲ ရေခဲလွှာကို တူး၍ ရေခဲလွှာအတွင်းမှ သွားလိုက်၏။ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ လက်သည်းများက အလွန်ထက်ရှပေသည်။ ထိုလက်သည်များက ကျန်းရှောင်နူ၏ လက်သည်းများနှင့်ပင် ယှဉ်နိုင်သည်။ ကြည့်ရပုံအရ ထိုရေခဲအလွှာက သံမဏိကဲ့သို့ မာကြောလောက်၏။ သို့သော် မိုထျန်း၏ ထက်ရှသောလက်သည်းများက ရေခဲလွှာကို အလွယ်တကူ ဖောက်ထွင်းနိုင်ပေသည်။

“မလှုပ်နဲ့... အထက်မှာ တစ်ယောက်ယောက် ရှိနေတယ်။ ကောင်းကင်စိတ်အာရုံနဲ့လည်း သွားပြီး အာရုံမခံနဲ့”

မိုင်နှစ်ဆယ်ကျော် သွားပြီးနောက် မိုထျန်းက ရုတ်တရက် ရပ်တန့်လိုက်၏။ ကျန်းရီကလည်း လျင်မြန်စွာ ရပ်တန့်လိုက်သည်။ သူသည် မိုထျန်း၏ စကားကြောင့် ကောင်းကင်စိတ်အာရုံဖြင့် မထောက်လှမ်းဝံ့တော့ဘဲ မိုထျန်းအတိုင်း သူ့ခေါင်းထက်ရှိ ရေခဲလွှာကို လက်ဖြင့် ကပ်ကာ ရေခဲလွှာမျက်နှာပြင်ရှိ တုန်ခါမှုကို အာရုံခံလိုက်လေသည်။

ထင်ထားသကဲ့သို့ပင်။

မကြာခင်မှာပင် ကျန်းရီတို့သည် ခြေသံများကို ကြားလိုက်ရ၏။ ထိုအသံများက ဆင်တစ်အုပ် ပြေးလောသော ခြေသံများကဲ့သို့ပင်။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းက ရေခဲလွှာမျက်နှာပြင်ကို တုန်ခါနေစေလေသည်။ မိုထျန်းက တိတ်တဆိတ် အသံပို့လွှတ်လိုက်သည်။

“သူတို့က အမွေးရှည်ဆင်မျိုးနွယ်ကပဲ”

‘အမွေးရှည်ဆင်မျိုးနွယ်လား’

ကျန်းရီ၏ မျက်လုံးများထဲတွင် မယုံနိုင်သော အရိပ်အယောင်တစ်ခု လက်သွားသည်။ မိုထျန်းက ကျန်းရီကို တစ်ချက်ကြည့်ကာ ထပ်မံ အသံပို့လွှတ်လိုက်သည်။

“မင်းက အမွေးရှည်ဆင်မျိုးနွယ်ကိုလည်း မေ့သွားပြီလား။ သူတို့က ဆင်နဂါးဂိုဏ်းကပဲ၊ နှင်းဒေသဂိုဏ်းဆယ်ဂိုဏ်းမှာ နံပါတ်(၇)လေ။ အမွေးရှည်ဆင်မျိုးနွယ်က မွေးကတည်းက ဧရာမကြီးတွေပဲ။ အရွယ်ရောက်လာရင် ခြောက်မီတာကျော်လောက်အထိ မြင့်ကြတယ်။ သူတို့ အရွယ်ရောက်လာရင် သူတို့ရဲ့ ခုခံစွမ်းအားနဲ့ တိုက်ခိုက်စွမ်းအားက ကောင်းကင်ဧကရာဇ်အဆင့်နဲ့ ယှဉ်နိုင်လာတယ်။ ဒါပေမဲ့ သူတို့ရဲ့ အမြန်နှုန်းကတော့ နှေးတယ်။ သာမန်အမွေးရှည်မျိုးနွယ်ဆိုရင် ငါ အေးအေးဆေးဆေး ရင်ဆိုင်နိုင်ပါတယ်”

‘အရွယ်ရောက်လာတာနဲ့ ခုခံစွမ်းအားနဲ့ တိုက်ခိုက်စွမ်းအားက ကောင်းကင်ဧကရာဇ်တွေနဲ့ ယှဉ်နိုင်သွားတာလား’

ကျန်းရီ အံ့အားသင့်သွား၏။ ဤကြီးမားသောလောကကြီးထဲတွင် ဆန်းကြယ်သောအရာများ မျိုးစုံရှိပေသည်။ ရှေးခေတ်တွင် ရှင်ကျန်ခဲ့သော မျိုးနွယ်များက အမှန်ပင် ထူးခြားကြသည်။ သာမန်ပါရမီရှိသော သာမန်လူသားများသည် နှစ်ဒါဇင်နှင့်ချီအောင် ကြိုးကြိုးစားစား ကျင့်ကြံလျှင်ပင် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်နိုင်မည် မဟုတ်ပေ။ သို့သော် ထိုအမွေးရှည်ဆင်မျိုးနွယ်က အရွယ်ရောက်လာရုံဖြင့် ကောင်းကင်ဧကရာဇ်များနှင့် ယှဉ်နိုင်သွားမည်လော။ ယင်းက အမှန်ပင် မတရားချေ။

ရေခဲလွှာမျက်နှာပြင်အထက်တွင် အမွေးရှည်ဆင်ဆယ်ကောင်ကျော် ရှိနေသည်။ မိုထျန်းသည် မဆင်မခြင် မလှုပ်ရှားဝံ့ပေ။ သူတို့သည် ဆယ့်ငါးမိနစ်ကြာအောင် မလှုပ်မယှက်စောင့်နေကြပြီး အမွေးရှည်ဆင်များ ထွက်သွားသောအခါမှ ဆက်သွားလိုက်ကြသည်။ ကျန်းရီသည် မိုထျန်းနှင့်အတူ ရေခဲလွှာထဲတွင် နေ့ဝက်ခန့် သွားပြီးနောက် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။

“အစ်ကိုမိုထျန်း... ပုံမှန်ဆို ရေခဲသားရဲတွေနဲ့ ရေခဲမှင်စာတွေကို ဘယ်နေရာတွေမှာ တွေ့ရတတ်လဲ။ ရေခဲပင်လယ်မှာ သူတို့ အများကြီးရှိတယ်လို့ အစ်ကို ပြောခဲ့တယ်မလား။ ဘာလို့ ကျွန်တော်တို့ အခုထိ တစ်ကောင်မှ မတွေ့ရသေးတာလဲ”

“ဒီကောင်စုတ်ကတော့ တကယ်ပဲ ခေါင်းထိသွားပြီထင်တယ်။ မင်းက အကုန်လုံးကို မေ့သွားတဲ့ပုံပဲ”

မိုထျန်းက သက်ပြင်းလေးလေးတစ်ချက် ချကာ ပြောလိုက်သည်။

“ရေခဲသားရဲတွေက ပုံမှန်ဆိုရင် ပင်လယ်ထဲမှာ သွားလာနေကြတာ။ ရေခဲမှင်စာတွေကတော့ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာပဲ နေတတ်ကြတယ်။ ငါတို့က ပင်လယ်ထဲကိုလည်း သွားလို့မရသလို ပင်လယ်ပေါ်ကိုလည်း သွားလို့မရဘူး။ ဘာလို့လဲဆိုတော့ ငါတို့ ရေခဲလွှာထဲမှာ နေတာက အလုံခြုံဆုံးမလို့ပဲ။ ငါတို့ ကောင်းကင်နတ်ဆိုးမျိုးနွယ်က မြေအောက်ထဲမှာ သွားဖို့ သင့်တော်တယ်... ပြီး‌တော့ ငါတို့မျိုးနွယ်ရဲ့ အားသာချက်က ငါတို့ရဲ့ ထူးဆန်းတဲ့မှော်ပဲ။ ငါတို့က အလစ်တိုက်ခိုက်တဲ့နေရာမှာပဲ သင့်တော်တာ.. ထိပ်တိုက် တိုက်ခိုက်တာက ငါတို့အတွက် မဟုတ်ဘူး။ နားလည်ပြီလား”

“နားလည်ပါပြီ။ အစ်ကိုမိုထျန်းက တကယ့်ကို တော်တာပဲ”

ကျန်းရီသည် အခွင့်အရေးကို အသုံးချကာ မျက်နှာချိုသွေးလိုက်သည်။ ထို့ကြောင့် မိုထျန်း ပြုံးသွားသည်။ ထို့နောက် မိုထျန်းသည် ကျန်းရီကို ဦးဆောင်၍ အရှေ့သို့ တိတ်တဆိတ် ဆက်သွားလိုက်၏။ တစ်နာရီ ကြာပြီးနောက် သူက နှုတ်ခမ်းက နားရွက်တက်ချိတ်မတတ် ပြုံးလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင်လည်း အနက်ရောင်အလင်း လက်သွားသည်။ ထို့နောက် သူ အော်ပြောလိုက်သည်။

“အရှေ့မှာ ရေခဲမှင်စာတစ်ကောင် ရှိနေတယ်။ သူက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတဲ့ပုံပဲ။ မိုရှင်း... မင်း ဒီမှာ‌ စောင့်နေလိုက်။ ငါ သွားစစ်ဆေးလိုက်မယ်။ တကယ်လို့ ငါ ရန်သူကို တစ်ယောက်တည်း မနိုင်ဘူးဆိုရင် မင်း လာကူပေး”

“ဟုတ်ကဲ့ပါ”

ကျန်းရီက ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ မိုထျန်းသည် လက်ကို လျင်မြန်စွာ လှုပ်ရှား၍ ထက်ရှသော လက်သည်းများဖြင့် ရေခဲလွှာကို တူးကာ အရှေ့သို့ တိတ်တဆိတ် သွားလိုက်၏။ သူသည် ခန္ဓာကိုယ်ကြီးသော်လည်း တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာ သွားနေလေသည်။

‘ရေခဲမှင်စာတဲ့လား’

ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်၍ စိတ်ဝင်တစား စူးစမ်းလိုက်၏။ ရေခဲမှင်စာက မည်သည့်ပုံစံရှိကြောင်း သူ သိလိုနေသည်။ သူသည်လည်း ရေခဲမှင်စာတစ်ကောင်နှင့် ရှေးဟောင်းမျိုးနွယ်တစ်ခုကြားမှ တိုက်ပွဲကို မြင်လိုပေသည်။

ကျန်းရီသည် အာရုံခံစူးစမ်းပြီးနောက် ရုတ်ခြည်း အံ့အားသင့်သွားလေတော့သည်။

***

All Chapters