← Chapters

လူပုမျိုးနွယ်

Vol. 71 Ch. 981

လူပုမျိုးနွယ်

Vol. 71 Ch. 981

ရေခဲလွှာမျက်နှာပြင်ပေါ်တွင် အရိပ်တစ်ခုက လွင့်မျောနေသည်။ ထိုအရိပ်ဖြူက တစ္ဆေတစ်ကောင်ကဲ့သို့ ထင်ရပြီး ရုပ်ခန္ဓာ ရှိပုံမပေါ်ပေ။ ၎င်း၏ခန္ဓာကိုယ်က ဖောက်ထွင်း၍ မြင်နေရပေသည်။ ၎င်းက မြူခိုးတစ်ခုကဲ့သို့ဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်အတွင်းရှိ သွေးကြောဖြူများကိုပင် မြင်နေရလေသည်။ ၎င်း ပြေးလွှားလိုက်သောအခါ သွေးကြောဖြူများက လင်းလက်သွားသည်။ ထိုမြင်ကွင်းက အမှန်ပင် ထူးဆန်းသော မြင်ကွင်းပင်။

ရေခဲမှင်စာ၏ ပုံစံက ကျားသစ်တစ်ကောင်ကဲ့သို့ဖြစ်သည်။ သို့သော် ၎င်း၏ အရွယ်အစားက ကလေးငယ်အရွယ် သို့မဟုတ် ကြောင်အရွယ်လောက်သာ ရှိပေသည်။ သို့သော် ၎င်း၏ အရှိန်က အလွန်လျင်မြန်သည်။ ၎င်းက ဘယ်ညာခုန်၍ ပြေးလွှားနေသည်။ ၎င်း ခုန်သောအခါ မည်သည့်အသံမှ ထွက်ပေါ်မလာဘဲ အေးမြသောလေညင်းတစ်ချက် တိုက်ခတ်သွားသလိုသာ ထင်ရသည်။ ၎င်းသည် ၎င်း၏မျက်လုံးများကို အသုံးပြု၍ တိုက်ခိုက်၏။ ၎င်း၏ မျက်လုံးတစ်စုံက အဖြူရောင်အလင်းတန်းနှစ်တန်းကို ထုတ်လွှတ်နေပေသည်။ အဖြူရောင်အလင်းတန်းများကလည်း တုန်လှုပ်ဖွယ်ကောင်းလောက်အောင် လျင်မြန်ပြီး ကောင်းကင်စိတ်အာရုံပင် ၎င်းအလင်းတန်းများကို အမီလိုက်၍ အာရုံမခံနိုင်ပေ။

ထိုအရာက ရေခဲမှင်စာဖြစ်ကြောင်း ထင်ရှားပေသည်။ သို့သော် ကျန်းရီက ရေခဲမှင်စာကြောင့် အံ့အားသင့်သွားခြင်း မဟုတ်ဘဲ ရေခဲမှင်စားနှင့် တိုက်ခိုက်နေသော မျိုးနွယ်ကြောင့် အံ့အားသင့်သွားခြင်းဖြစ်သည်။ ရေခဲလွှာမျက်နှာပြင်ထက်တွင် လူနှစ်ယောက်ရှိနေသည်။ တိတိကျကျပြောရလျှင် လူပုနှစ်ယောက်ရှိနေသည်။ သူတို့က စင်တီမီတာခြောက်ဆယ်လာက်သာ မြင့်ကြသည်။ သို့သော် သူတို့နှစ်ယောက်စလုံးက သူတို့ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပိုကြီးသော သံတူတစ်လက်စီ ကိုင်ထားကြသည်။ ထို့ကြောင့် သူတို့၏ ပုံစံက ကိုးရိုးကားရားနိုင်နေပြီး အတန်ငယ် ရယ်ရွှင်ဖွယ်ဖြစ်နေလေသည်။

ဝုန်း...ဝုန်း...ဝုန်း...

လူပုနှစ်ယောက်က သူတို့၏ တူများဖြင့် အဆက်မပြတ် ထုနှက်နေကြသည်။ သူတို့သည် အရပ်ပုသော်လည်း အလွန်သွက်လက်ကြ၏။ တူနှစ်လက်က ရေခဲလွှာမျက်နှာပြင်ကို အကြိမ်ကြိမ် ပြင်းထန်စွာ ထုနှက်နေသည်။ ကျန်းရီသည် ထိုအခြင်းအရာကြောင့် အံ့အားသင့်သွားခြင်းပင်။ တူများက ရေခဲလွှာမျက်နှာပြင်ပေါ် ကျဆင်းလာတိုင်း ရေခဲလွှာက အပြင်းအထန် တုန်ခါသွားပြီး အက်ကြောင်းများကလည်း အရပ်မျက်နှာအနှံ့သို့ ဆန့်တန်းသွားကြသည်။

လူပုနှစ်ယောက်၏ အရှိန်အဝါအရ သူတို့က ကောင်းကင်ဧကရာဇ် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်တွင်သာ ရှိလောက်သေးကြောင်း သိရသည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုများက အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါး၏ နတ်ဘုရားဒိုင်းကိုပင် ဖျက်ဆီးပစ်နိုင်လောက်ပေသည်။

ကျန်းရီသည် စိတ်ထဲမှ ချီးကျူးလိုက်၏။ ဤနှင်းဒေသတွင် သူ မည်သူ့ကိုမှ လျှော့တွက်၍ မရပေ။ ဤနေရာတွင် နှစ်ပေါင်း သိန်းနှင့်ချီအောင် ရှင်သန်နိုင်ခဲ့သော ရှေးဟောင်းမျိုးနွယ်များနှင့် ပြည့်နှက်နေပေသည်။ ထိုမျိုးနွယ်များတွင် ပြောင်မြောက်သော စွမ်းရည်များ ရှိရပေမည်။ မဟုတ်လျှင် သူတို့သည် သမိုင်းရေစီးကြောင်းတွင် နစ်မြုပ်သွားခဲ့လောက်ပြီဖြစ်သည်။

လူပုများက ပြင်းထန်စွာ တိုက်ခိုက်နေသော်လည်း ရေခဲမှင်စာက အလွန်လျင်မြန်လွန်းနေပေသည်။ ၎င်းက တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားနေသည်။ လူပုနှစ်ယောက် ပူးပေါင်း၍ တိုက်ခိုက်သောအခါ ရေခဲမှင်စာကို ထုနိုင်လုနီးပါး အကြိမ်များစွာ ဖြစ်ခဲ့သည်။ သို့သော် ရေခဲမှင်စာက လက်မတင်လေး ရှောင်သွားနိုင်သည်ချည်းသာ။

ကျန်းရီသည် အခြားအကြောင်းတစ်ခုကြောင့်လည်း အံ့အားသင့်နေသည်။ ရေခဲမှင်စာ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများက လူပုနှစ်ယောက်ကို အကြိမ်ကြိမ်ထိမှန်နေသော်လည်း လူပုနှစ်ယောက်က မည်သို့မှ ဖြစ်သည့်ပုံ မပေါ်ချေ။ ထိုလူပုနှစ်ယောက်က စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို မမှုပုံပင်။

“ဟ...”

လူပုတစ်ယောက်က လေထဲတွင် လှည့်ပတ်လိုက်၏။ ထို့ကြောင့် သူ့လက်ထဲရှိ တူကလည်း ပတ်ချာယမ်းသွားသည်။ လှည့်ပတ်နှုန်းက အလွန်လျင်မြန်လှသဖြင့် တဝီဝီလည်နေသော အလင်းကိုသာ မြင်နိုင်ပေသည်။ ပတ်ဝန်းကျင်မှ နှင်းများကလည်း လွင့်ပျံထွက်သွားကြသည်။ ရေခဲမှင်စာ၏ မျက်ဝန်းများထဲတွင် စိုးရိမ်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ဆက်၍ မတိုက်ခိုက်တော့ဘဲ အဝေးသို့ ပျံပြေးလေသည်။

“သေပေတော့”

လှည့်ပတ်နေသော လူပုက ကျယ်လောင်စွာ အော်လိုက်သည်။ ထို့နောက် သူသည် လှည့်တပ်နေသည်ကို ရပ်ကာ တူအား အရှေ့သို့ ပစ်လွှတ်လိုက်လေသည်။ ၎င်းတူသည် ပတ်ဝန်းကျင် လေထုနှင့် နှင်းထုကို ဆွဲယူခေါ်ဆောင်၍ နှင်းနဂါးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားစေလိုက်၏။ နှင်းနဂါးသည် အရှေ့သို့ လှစ်ခနဲ ပျံထွက်သွားပြီး ရေခဲမှင်စာကို ဝါးမျိုလိုက်လေသည်။ ရေခဲမှင်စာသည် စူးစူးရှရှ အော်ဟစ်လိုက်ပြီး နှင်းနဂါး၏ စုပ်ယူမှုကို ခံလိုက်ရတော့သည်။ အခြားလူပုတစ်ယောက်ကလည်း အရှေ့သို့ ပြေးသွားပြီး တူကို မြှောက်လိုက်၏။ တူသည် အဝါရောင်အလင်း လင်းလက်လာပြီး နှင်းနဂါးကြောင့် မလှုပ်ဖြစ်နေသော် ရေခဲမှင်စာအပေါ်သို့ ကျဆင်းသွားလေသည်။

ရွှီး...ရွှီး...

တစ်ချိန်လုံး ပုန်းအောင်းနေခဲ့သော မိုထျန်းက ထိုအချိန်တွင် လှုပ်ရှားလိုက်သည်။ သူ၏မျက်ဝန်းများက အနက်ရောင်အလင်း လက်သွားပြီး အရိပ်နက်တစ်ခုက ရေခဲလွှာကို ထိုးဖောက်ဖြတ်ကျော်ကာ လူပုတစ်ယောက်၏ ကိုယ်တွင်းသို့ အလွယ်တကူ ဝင်သွားလေသည်။ ထို့နောက် မိုထျန်းသည် ရေခဲလွှာကို ဖောက်ထွင်းကာ သူ၏ အေးစက်စက်အလင်း လင်းလက်နေသော ထက်ရှသည့်လက်သည်းများနှင့် လူပုကို ကုတ်ဆွဲလိုက်သည်။

“ကောင်းကင်နတ်ဆိုးမျိုးနွယ်...”

လူပုသည် သူ့အဖော်က ရေခဲမှင်စာအား သတ်တော့မည်ကို မြင်လိုက်သောအခါ ပြုံးလိုက်၏။ သို့သော် အရိပ်နက်က သူ့ကိုယ်အတွင်းသို့ ဝင်သွားသောအခါ ရုတ်ခြည်း အံ့အားသင့်သွားပြီး ထွက်ပြေးလိုသွား၏။ မိုထျန်းက အလွန်လျင်မြန်ပေသည်။ သူသည် ရေခဲလွှာထဲမှနေ၍ မည်သည့်အသံ၊ မည်သည့်အရှိန်အဝါမှ ထွက်ပေါ်မလာစေဘဲ ထွက်လိုက်ခြင်းပင်။ အနက်ရောင်အလင်း တောက်ပနေသော သူ၏ထက်ရှသည့် လက်သည်းများက လူပုကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်လိုက်လေသည်။

“သခင်လေး...”

ရေခဲမှင်စာကို သတ်တော့မည့် လူပုသည် သူ့အဖော်က မိုထျန်း၏ သတ်ဖြတ်မှုကို ခံလိုက်ရသည်ကို တွေ့လိုက်သောအခါ အလွန်ဒေါသထွက်သွား၏။ သူသည် လေထဲတွင် လှည့်ပတ်လိုက်ပြီး မိုထျန်းဆီသို့ နှင်းနဂါးတစ်ကောင် ပစ်လွှတ်လိုက်သည်။

ရွှစ်...ရွှစ်...

မိုထျန်းသည် ပထမလုပ်ကြံမှုက အောင်မြင်သွားပြီဖြစ်၍ ရေခဲလွှာထဲသို့ လျင်မြန်စွာ ပြန်ဖောက်ဝင်သွားလိုက်၏။ နှင်းနဂါးရောက်ရှိလာသောအခါ ရေခဲပြင်ကိုသာ ပြင်းထန်စွာ ထိသွားလေသည်။ ထို့ကြောင့် ရေခဲပြင်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာသည်။ ထိုလူပုသည် ဒေါသတကြီးဖြင့် ကျယ်လောင်စွာ အော်လိုက်၏။

“ဝူး...ဝူး...ဝူး...ဝူး...”

လူပုက ထူးဆန်းသောအသံတစ်သံ ပြုလိုက်သည်။ မိုထျန်းက မျက်နှာပျက်သွားကြောင်း ကျန်းရီ သတိထားမိလိုက်သည်။ သို့သော် မိုထျန်းသည် ရေခဲလွှာအတွင်းမှနေ၍ ထိုလူပုထံ လျင်မြန်စွာ သွားနေသေးပေသည်။ ထို့နောက် သူသည် ရေခဲလွှာအတွင်းမှ ဖောက်ထွက်ကာ လူပုကို အလွယ်တကူ သတ်လိုက်လေသည်။

“ရေခဲမှင်စာ”

မိုထျန်းသည် ရေခဲမှင်စာက ရေခဲပြင်ပေါ်တွင် ရေအိတ်တစ်အိတ်ကဲ့သို့ လဲနေကြောင်းကို တွေ့လိုက်သောအခါ ၎င်းကို လက်တစ်ဘက်ဖြင့် ဆွဲယူလိုက်ပြီး သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင် သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် ရေခဲလွှာအတွင်းသို့ ပြန်ဝင်ကာ ကျန်းရီထံသို့ လျင်မြန်စွာ ပြန်လာလိုက်သည်။

“မိုရှင်း... မြန်မြန်ပြေးတော့။ အစောက လူပုက လူပုမျိုးနွယ်ကြီးတစ်ခုရဲ့ သခင်လေးတစ်ယောက် ဖြစ်လောက်တယ်။ နောက်လူပုတစ်ယောက်က သူတို့ရဲ့ အဖော်တွေကို လှမ်းခေါ်လိုက်တယ်”

ကျန်းရီသည် များစွာ တွေးတောမနေတော့ဘဲ ပြုံးကာ ပြန်ပြောလိုက်သည်။

“ရေခဲလွှာထဲမှာဆိုရင် သူတို့က ကျွန်တော်တို့လောက် မြန်ပါ့မလား”

“စကားကို နောက်မှ ပြောတော့”

မိုထျန်းက ကျန်းရီဘေးသို့ အလျင်အမြန်သွားလိုက်ပြီး အော်ပြောလိုက်သည်။

“နှင်းဒေသမှာ လူပုတွေရဲ့ ခြေရာခံစွမ်းရည်က အကောင်းဆုံးပဲ။ ပြီးတော့ သူတို့ဘက်က လူအင်အားလည်း ပိုများတယ်။ ငါက သူတို့ရဲ့လူနှစ်ယောက်ကို သတ်ခဲ့ပြီးပြီ။ သူတို့က သေချာပေါက် ကောင်းကင်နတ်ဆိုးတောင် ရောက်တဲ့အထိ ငါတို့နောက်က လိုက်လာမှာပဲ။ ငါတို့ ကောင်းကင်နတ်ဆိုးတောင်ကို အသက်ရှင်ရက် ပြန်ရောက်ရင်တော့ ငါတို့ရဲ့အနိုင်ပေါ့”

ဝှစ်...

မိုထျန်းက ရှေ့မှနေ၍ အသည်းအသန် သွားနေသည်။ ကျန်းရီကလည်း နောက်မှနေ၍ လျင်မြန်စွာ လိုက်နေရသည်။ သူသည် ကောင်းကင်စိတ်အာရုံဖြင့် ရေခဲလွှာမျက်နှာပြင်ပေါ်သို့ အာရုံခံကြည့်လိုက်၏။ ဆယ့်ငါးမိနစ်ကြာပြီးနောက်တွင် လူပုများက အရပ်မျက်နှာအနှံ့မှနေ၍ သူတို့ရှိရာဘက်သို့ လာနေကြောင်း သူသတိပြုမိလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူပုများက အယောက်သုံးဆယ်ကျော်ကြောင်း သိနိုင်ပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ထိုလူပုအုပ်စုက သူတို့၏ နှစ်ဘက်ခေါင်းတူများကို မြင့်မြင့်မြှောက်၍ ရေခဲပြင်ကို အဆက်မပြတ် ထုနှက်နေကြသည်။ ဤအခေါက်မှ တူချက်များက အစောတိုက်ပွဲမှ တူချက်များနှင့် ကွဲပြားပေသည်။ ရေခဲလွှာမျက်နှာပြင်က ကွဲအက်မသွားဘဲ ရေခဲလွှာက အဆုံးမဲ့ တုန်ခါသွားသည်။ ယင်းက ပင်လယ်လှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း ရိုတ်ခတ်သည်ကို ခံရသကဲ့သို့ ခံစားရစေပေသည်။ မိုထျန်းနှင့် ကျန်းရီတို့ ရှိနေသော နေရာကလည်း တုန်ခါနေသည်။ ထို့ကြောင့် သူတို့၏ အမြန်နှုန်းက ရုတ်ခြည်း ကျဆင်းသွားပေသည်။

“လခွမ်းပဲ... သူတို့က ငါတို့ကို ရှာတွေ့သွားပြီ”

မိုထျန်း၏ နီမြန်းနေသော မျက်နှာပေါ်တွင် စိုးရိမ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။ သူသည် သူ၏လက်စွပ်အတွင်းမှနေ၍ ရေခဲမှင်စာကို ထုတ်ကာ အော်ပြောလိုက်၏။

“မိုရှင်း... မင်း ရေခဲမှင်စာကို ယူပြီး ကောင်းကင်နတ်ဆိုးတောင်ကို အမြန်ဆုံး ပြန်တော့။ ငါ သူ့တို့ကို တားထားမယ်။ မဟုတ်ရင် ငါတို့နှစ်ယောက်စလုံး ဒီမှာသေသွားလိမ့်မယ်”

“ဟင့်အင်း...”

ကျန်းရီက အေးစက်စက်အသံဖြင့် ငြင်းပယ်လိုက်သည်။ မိုထျန်းက သေ၍ မဖြစ်ပေ။ သူ သေသွားလျှင် ကျန်းရီသည် ကောင်းကင်နတ်ဆိုးဂိုဏ်းအတွင်းသို့ မည်သို့ဝင်ရမည်နည်း။ ကျန်းရီ၏ မျက်ဝန်းများထဲတွင် အနက်ရောင်အလင်း လက်သွားလေသည်။ ထို့နောက် သူ ပြောလိုက်သည်။

“အစ်ကိုမိုထျန်း... ဒီမှာ ကျွန်တော့်ကို စောင့်နေပါ။ ကျွန်တော် အဲ့လူပုအုပ်စုကို သွားသတ်လိုက်မယ်”

“လခွမ်း...”

မိုထျန်းက ကျန်းရီကို စိုက်ကြည့်လိုက်ပြီး သူ၏အင်္ကျီလည်ပင်းကိုဆွဲ၍ အော်ပြောလိုက်သည်။

“မင်းရူးနေလား။ မင်းရဲ့အင်အားနဲ့ဆိုရင် သူတို့က အရေးတောင်စိုက်မှာ မဟုတ်ဘူး။ မြန်မြန် သွားစမ်းပါကွာ”

ကျန်းရီက ပြုံးကာ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

“အစ်ကို... အစ်ကို မမှတ်မိဘူးလား။ အစောက ကျွန်တော်ပြောခဲ့တယ်လေ... ကျွန်တော်က စွမ်းအားကြီးစွမ်းရည်တစ်ခုကို တတ်ခဲ့တယ်လို့။ အဲ့လူပုအုပ်စုကို အလွယ်လေး သတ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ချက်ရှိပါတယ်။ အစ်ကို... ကျွန်တော့်ကို ယုံပြီး ဒီမှာ စောင့်နေပါ။ တကယ်လို့ အခြေအနေမဟန်ဘူးဆိုရင် အစ်ကို ကျွန်တော့်ကို လာကူညီပေးပေါ့”

ဝှစ်...

ကျန်းရီသည် ဝိညာဉ်လေများကို ထုတ်လွှတ်၍ သူ့အရှေ့ရှိ ရေခဲလွှာမျက်နှာပြင်ကို ခွဲလိုက်သည်။ ထို့နောက် သူက ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ အပြင်ကို ပျံထွက်လိုက်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ထံမှ ကောင်းကင်လျှို့ဝှက်ဂိုဏ်းအကြောင်းကို သိလိုလျှင် သူက ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် အဆင့်အတန်းမြင့်နေမှ ရပေလိမ့်မည်။ သူ အဆင့်အတန်းမြင့်လိုလျှင် တိုက်ခိုက်ရမည်ဖြစ်သည်။ ထိုအစီအစဉ်ကို ဤလူပုတစ်စုဖြင့် အစပြုရပေမည်။

“သူက ကောင်းကင်နတ်ဆိုးမျိုးနွယ်ကပဲ... သတ်ကြ”

ကျန်းရီ ပျံထွက်လာသောအခါ လူပုဒါဇင်ကျော်သည် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်ထက်သို့ ပျံတက်သွားကြ၏။ ထို့နောက် သူတို့သည် ဧရာမတူကြီးများကို မြှောက်ကာ ကျန်းရီအား ရက်ရက်စက်စက် ထုနှက်လိုက်ကြလေသည်။

***

All Chapters