← Chapters

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တော်ဝင်သခင်မလေး

Vol. 71 Ch. 983

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တော်ဝင်သခင်မလေး

Vol. 71 Ch. 983

“အရှေ့ဆို ကောင်းကင်နတ်ဆိုးတောင်ကို ရောက်ပြီ။ ငါတို့ မြေပေါ်တက်ကြတာပေါ့။ ကောင်းကင်နတ်ဆိုးတောင်မှာ အကာအရံတစ်ခုရှိတယ်။ ငါတို့ မြေအောက်ကနေ သွားလို့ မရဘူး။ မပူပါနဲ့ ဒီပတ်ဝန်းကျင်က လုံခြုံပါတယ်”

တစ်ရက်နှင့်တစ်ည ထပ်သွားပြီးနောက် မိုထျန်းက ရပ်တန့်လိုက်ပြီး ခေတ္တမျှအနားယူကာ ကျန်းရီကို မြေပေါ်သို့ ပြန်ခေါ်သွားလေသည်။ ကျန်းရီသည် မိုထျန်းအ‌နောက်မှ ရိုရိုကျိုးကျိုး လိုက်သွားပြီး လျှောက်ပတ်မကြည့်ဝံ့ပေ။ ထိုနေရာက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ပိုင်နက်ဖြစ်သည်။ အကယ်၍ သူမည်သူဖြစ်ကြောင်းသာ ပေါ်သွားပါက တောင်ထိပ်တွင် ရှိနေသော ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်က ဆင်းလာပေလိမ့်မည်။

ထိုနေရာတွင် မြေအောက်လိုဏ်‌ခေါင်းများနှင့် ပြည့်နှက်နေရာ အသစ်ထပ်တူးရန်ပင် မလိုတော့ပေ။ ထို့ကြောင့် ကျန်းရီသည် အလွယ်တကူပင် မိုထျန်းနောက်မှ လိုက်ကာ မြေ‌ပေါ်သို့ ပြန်ရောက်သွားသည်။ သူသည် ဘေးဘီသို့ ဂရုတစိုက်ဖြင့် မသိမသာ ကြည့်လိုက်သည်။ သို့သော် သူ၏မျက်လုံးများက အရှေ့ရှိ မိုးထိအောင်မြင့်မားသော တောင်မြင့်ကြီးတစ်လုံးထံမှ မခွာနိုင်တော့ပေ။

ထိုတောင်သည် အမှန်ပင် တော်ဝင်တောင်ဖြစ်သည်။

ကျန်းရီသည် တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ ချီးကျူးလိုက်သည်။ ထိုတောင်က အလွန်မြင့်၊ အလွန်ကြီးကာ အလွန်မက်စောက်ပေသည်။ ယင်းက မြေကြီးထဲတွင် စိုက်ထားသော ဧရာမကျောက်တိုင်ကြီးတစ်တိုင်ကဲ့သို့ပင်။

ထိုတောင်က ကောင်းကင်ကြယ်တာရာနယ်မြေရှိ နတ်သမီးတောင်ကဲ့သို့ပင်။ ၎င်းသည် တိမ်များကိုပါ ထိုးဖောက်နေသဖြင့် တောင်ထွတ်ကို လှမ်းမမြင်ရပေ။ တောင်တစ်ခုလုံးကို ပွဲကြည့်စင်ကဲ့သို့ အထပ်ထပ် ပိုင်းခြားထားသည်။ အထပ်တိုင်းတွင် မရေမတွက်နိုင်သော ဂူများရှိပေသည်။ ထို့ကြောင့် အဝေးမှကြည့်လျှင် ‌တောင်က ဧရာမ နကျယ်အိမ်ကြီးတစ်ခုကဲ့သို့  ထင်ရသည်။ ကျန်းရီသည် ထိုဂူများက ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ နေထိုင်ရာနေရာများဖြစ်ကြောင်း အာရုံခံစရာမလိုဘဲဖြင့်ပင် သိရှိနိုင်လေသည်။

“တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး...တစ်ဆယ်”

ကျန်းရီသည် တောင်၏ အထပ်ဆယ်ထပ်ကိုသာ အောက်မှလှမ်းမြင်ရကြောင်း သတိပြုမိလိုက်သည်။ ကျန်အထပ်များက တိမ်များအထက်သို့ ရောက်နေပေသည်။ ယင်းက အောက်မှ လူများ မထောက်လှမ်းနိုင်အောင် လုပ်ထားသော အထူးအကာအရံတစ်ခု ဖြစ်ပေမည်။ သူသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များက ပျားများကဲ့သို့ ဂူများထဲမှ ထွက်လိုက်၊ ဝင်လိုက်နှင့် ပျံသန်းနေသည်ကို လှမ်းမြင်ရပေသည်။

ဝှစ်...

ထိုစဉ် အနက်ရောင်အစက်အပျောက်တစ်ခုက လျင်မြန်စွာ ပျံသန်းလာပြီး တဖြည်းဖြည်း ကြီးလာလေသည်။ ယင်းက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တပ်စုတစ်ခုဖြစ်ကြောင်း ကျန်းရီ ရှင်းရှင်းလင်းလင်း မြင်ရပေသည်။ သူသည် ထိုတပ်စုကို ကြည့်နေရင်းဖြင့် အရှေ့ဆုံးရှိ မိန်းမပျိုကို အာရုံစိုက်မိသွားလေသည်။ ထိုမိန်းမပျိုက လှပထူးခြားသော အဖြူရောင်သားရဲတစ်‌ကောင်ပေါ်တွင် ထိုင်နေသည်။ ထိုသားရဲက မြင်းခန္ဓာ၊ ခြင်္သေ့ဦးခေါင်း၊ အမြီးရှည်နှင့် ထက်ရှသော ခြေသည်း၊ လက်သည်းများ ရှိပေသည်။ သားရဲ၏ မျက်ဝန်းများက‌ အေးစက်စက်အလင်းရောင် လက်နေသဖြင့် ကြောက်မက်ဖွယ်ကောင်းနေပေသည်။

မိန်းမပျိုက အလွန်ငယ်ရွယ်သေးပြီး (၁၇)နှစ် သို့မဟုတ် (၁၈)နှစ်လောက်သာ ရှိပုံပေါ်လေသည်။ သူမ၏ ပိတုန်းရောင်ကေသာကို ခရုပုံစံ ထုံးထားသည်။ သူမ၏ ပန်းနုရောင်နားရွက်လေးများတွင်လည်း အနီရောင်ကျောက်မျက်နားကပ်တစ်စုံကို ပန်ထားသည်။ သူမ၏ မျက်ဝန်းများက လှပပြီး နှာတံက ပေါ်ပေသည်။ သူမ၏ကိုယ်လုံးကိုယ်ပေါက်က အရှေ့ဘက် တော်ဝင်နယ်မြေမှ သခင်မလေးများကဲ့သို့ မသေးသွယ်ဘဲ အရပ်မြင့်မြင့် ခံ့ခံ့ထည်ထည် ရှိသည်။ ထို့ကြောင့် တစ်မျိုးဆွဲဆောင်မှု ရှိနေသည်။ သူမ၏ လက်များမှာမူ သားရဲလက်ကဲ့သို့မဟုတ်ဘဲ သာမန်လူသားလက်သာဖြစ်သည်။

“‌တော်ဝင်သခင်မလေးကို နှုတ်ခွန်းဆက်သပါတယ်”

မိုထျန်းသည် ထိုမိန်းမပျိုကို မြင်သောအခါ ချက်ချင်း ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဦးညွှတ်လိုက်၏။ ထို့ကြောင့် ကျန်းရီ မှင်တက်သွားသည်။ ထိုမိန်းမပျိုက တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူမ၏ လက်စွပ်က လင်းလက်သွားပြီး ကြာပွတ်တစ်ခုထွက်လာလေသည်။ သူမက ထိုကြာပွတ်ဖြင့် ကျန်းရီကို လှမ်းရိုက်လိုက်သည်။

ရွှက်...

ကျန်းရီ၏ မျက်နှာပေါ်တွင် သွေးတန်းတစ်ခု ထင်သွား၏။ သူ အနောက်သို့လည်း လွင့်ပျံထွက်သွားသည်။ ထိုသို့လွင့်ပျံ ထွက်သွားခြင်းမှာ သူ မခုခံလိုက်၍ဖြစ်သည်။ မဟုတ်လျှင် ထိုမိန်းမပျို၏ ကြာပွတ်က သူ့ကို ထိပင်ထိနိုင်မည် မဟုတ်ချေ။

“တော်ဝင်သခင်မလေး... ကျေးဇူးပြုပြီး ဒေါသလျှော့ပါ။ မိုရှင်းက စိတ်ဝိညာဉ်ထိခိုက်ထားလို့ပါ”

မိုထျန်းက တုန်လှုပ်သွားပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဒူးထောက်လိုက်သည်။ ကျန်းရီကမူ ပြန်ထလိုက်ပြီး  မည်သည့်စကားမှ မဆိုဘဲ တိတ်တဆိတ် ရပ်နေလေသည်။ သူ့ရင်ထဲတွင် ဒေါသဖြင့် ပြည့်နှက်နေသည်။ ထိုတော်ဝင်သခင်မလေးက မောက်မာလွန်းပေသည်။ သူက သူမကို အနည်းငယ် ကြည့်လိုက်ရုံသာ။ သို့သော် သူမက သူ့ကို အမှန်ပင် ကြာပွတ်ဖြင့် ရိုက်ခဲ့သည်။

မိုထျန်းက နောက်လှည့်ကြည့်လိုက်ရာ ကျန်းရီက မလှုပ်မယှက်ရပ်နေသည်ကို တွေ့လိုက်၍ ချက်ချင်း အသံပို့လွှတ်လိုက်လေသည်။

“မိုရှင်း... မြန်မြန် ဒူးထောက်ပြီး တောင်းပန်လိုက်။ သူက ဂိုဏ်းချုပ်ရဲ့ သမီးပဲ”

“ဒူးထောက်ရမှာလား...”

ကျန်းရီ လှောင်ပြုံး ပြုံးလိုက်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ သမီးမဆိုထားနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ကိုယ်တိုင်ပင် သူ့ကို ဒူးထောက်စေလောက်အောင် အဆင့်မမီပေ။ သို့သော် သူသည် မည်သည့်ဒေါသကိုမှ မပြသဘဲ တိတ်တဆိတ်သာ ရပ်နေလေသည်။

“မိုရှင်းလား... ဟားဟား... ရှင် ကျွန်မကို နောက်တစ်ခါ မဆင်မခြင် ကြည့်ရဲရင် ကျွန်မ ရှင့်ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်”

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ‌တော်ဝင်သခင်မလေးက ကျန်းရီကို အထင်သေးသော မျက်ဝန်းများဖြင့်ကြည့်ကာ အေးစက်စက် ပြောလိုက်လေသည်။ ထို့နောက် သူမသည် ထူးခြားသောသားရဲကို ထိန်းချုပ်၍ အဝေးသို့ ပျံသန်းသွားသည်။ ကျန်းရီသည် ထိုသခင်မလေး ထွက်သွားတော့မှာ မျက်လုံးများထဲတွင် ဒေါသကို ထုတ်ပြလိုက်သည်။ ထို့နောက် သူသည် မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီး တစ်ကိုယ်စာသာ ကြားနိုင်သော လေသံဖြင့် ရေရွတ်လိုက်သည်။

“ငါ့ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်မှာတဲ့လား။ ဟားဟား... အခွင့်အရေးသာ ရမယ်ဆိုရင် ဒီသခင်လေးက မင်းကို တစ်ကိုယ်လုံးချွတ်ပြီး သစ်ပင်မှာ ကြိုးနဲ့တုပ်ထားမယ်ကွ။ ပြီးရင် ငါ မင်းကို ဆယ်ရက်၊ ဆယ်ည ထိုင်ကြည့်မယ်... အဲ့ကျမှ မင်း ငါ့မျက်လုံးတွကို ဘယ်လိုဖောက်ထုတ်မလဲဆိုတာကို ကြည့်ကြသေးတာပေါ့”

“လာ... မြန်မြန် သွားကြစို့”

မိုထျန်းက ကျန်းရီဘေးသို့ လျှောက်လာပြီး ကျန်းရီကို ဆွဲခေါ်ကာ ကောင်းကင်ထက်သို့ ပျံတက်လိုက်လေသည်။ သူ့မျက်နှာတွင် ဇောချွေးများ ပြန်နေလေသည်။ သူသည် ပျံသန်းနေရင်းဖြင့် အသံပို့လွှတ်လိုက်သည်။

“မိုရှင်း... မင်း ရူးနေလား။ တော်ဝင်သခင်မလေးက ငယ်ငယ်ကတည်းက မောက်မာပြီး ဒေါသတကြီးတတ်တာ။ သူ့ကို အပြစ်ပြုမိလို့ သေသွားရရင် အချည်းနှီးသေသွားရသလိုပဲ။ နောက်ကျရင် သူ့ကို ရန်မစပါနဲ့ကွာ... သူက နတ်ဆိုးမလေးပဲ”

“အိုး...အိုး...”

ကျန်းရီ၏ အတွေးများက ကောင်းကင်နတ်ဆိုးတောင်ပေါ် ပြန်ရောက်သွားသည်။ သူ ကောင်းကင်နတ်ဆိုးတောင်နှင့် နီးလာလေလေ၊ မိုးမြေအတွင်းအားက ပိုသိပ်သည်းလာလေလေပင်။ ကျန်းရီသည် မိုထျန်းတို့နေထိုင်ရာ ကိုးထပ်မြောက်သို့ ရောက်သောအခါ ထိုနေရာရှိ မိုးမြေအတွင်းအားက ပြင်ပလောကမှ မိုးမြေအတွင်းအားထက် အဆသုံးဆယ် ပိုသိပ်သည်းကြောင်း သတိပြုမိလိုက်လေသည်။

ကျန်းရီသည် လှည့်ပတ်ကြည့်လိုက်ပြီး ဂူများက ဧကရာဇ်နန်းတော် ဆံ့လောက်အောင် မကြီးကြောင်း တွေ့လိုက်၍ စိတ်ပျက်သွား၏။ မဟုတ်လျှင် သူ ဧကရာဇ်နန်းတော်ထဲ၌ ကျင့်ကြံနိုင်မည်ဖြစ်သည်။ နဂါးညှိုးရောက်မြက်ပင်ကြောင့် သန့်စင်နေသော သူ့ခန္ဓာကိုယ်နှင့်ဆိုလျှင် သူ၏ကျင့်ကြံနှုန်းက သာမန်လူတစ်ယောက်၏ ကျင့်ကြံနှုန်းထက် အဆထောင်ကျော် ပိုမြန်နိုင်ပေသည်။ ထိုကျင့်ကြံနှုန်းက အလွန်မြန်သည်ဟု ဆိုနိုင်သည်။

“ဟင်းဟင်း...”

ကျန်းရီသည် တွေးရုံသာ တွေးခြင်းဖြစ်၏။ ဧကရာဇ်နန်းတော်က အမှန်ပင် ကျင့်ကြံနှုန်းကို ဆယ်ဆတိုးမြှင့်ပေးနိုင်သော်လည်း သူ ၎င်းကို ထုတ်လိုက်သည်နှင့် ၎င်းက ပတ်ဝန်းကျင်ရှိ မိုးမြေအတွင်းအားကို အလိုလို စုပ်ယူပစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲများနှင့် ဂိုဏ်းချုပ်က သူ့ကို ချက်ချင်း ကွပ်မျက်ပစ်ပေလိမ့်မည်။

‘အဆသုံးဆယ်... ငါ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ကျင့်ကြံနှုန်းကို ဆယ်ဆပိုမြန်စေတယ်ဆိုတော့ စုစုပေါင်း အဆသုံးရာပိုမြန်သွားမှာပဲ။ အဲ့လောက်ဆိုလည်း မဆိုးပါဘူး။ အင်း... မိုထျန်း ပြောသလိုဆို ငါတို့က ရေခဲမှင်စာတွေနဲ့ ရေခဲသားရဲတွေကို ဂိုဏ်းကို ပေးနိုင်ရင် အထပ်တက်လို့ ရမှာပဲ။ ငါတို့ ဆယ့်တစ်ထပ် ဒါမှမဟုတ် ဆယ့်နှစ်ထပ်မြောက်ကို တက်နိုင်လောက်မလား။ အဲ့အထပ်တွေမှာရော မိုးမြေအတွင်းအားက ဘယ်လောက်သိပ်သည်းနေမလဲ’

ကျန်းရီသည် သူ၏အတွင်းအားအဆင့်ကို ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ရန် နေရာကောင်းတစ်ခုကို ရှာနေခဲ့ခြင်းပင်။ သူသာ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားလျှင် အရည်ကျို နတ်ဘုရားမီးဖိုကို စိတ်ကြိုက်အသုံးပြုနိုင်ပေလိမ့်မည်။ ဤကောင်းကင်နတ်ဆိုးတောင်တွင် ကျင့်ကြံနှုန်းက အတော်လေး ကောင်းပေသည်။

ကျန်းရီသည် မိုထျန်းနှင့်အတူ အတန်ငယ် လမ်းလျှောက်ပြီးနောက် ကျောက်ဂူတစ်ဂူ၏ အပြင်သို့ ရောက်လာလေသည်။ မိုထျန်းက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး အော်ပြောလိုက်သည်။

“အမေ၊ မိုရှစ်၊ မိုယွီ... ကျွန်တော်တို့ ပြန်လာပြီ”

ကျောက်ဂူထဲမှနေ၍ လူသုံးယောက် ချက်ချင်း ထွက်လာလေသည်။ အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်၊ လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်ကို ကျန်းရီ တွေ့လိုက်သည်။ လူငယ်က မိုထျန်းနှင့်တူပြီး မိန်းမပျိုက အလွန်ကျော့ရှင်းပေသည်။ သို့သော် ကျန်းရီသည် တစ်စုံတစ်ခုကို သတိပြုမိလိုက်၏။ မိန်းမပျိုနှင့် အသက်လတ်ပိုင်း အမျိုးသမီးတို့၏ လက်များက နဂါးလက်များကဲ့သို့ မဟုတ်ပဲ လူသားလက်ကဲ့သို့သာ ဖြစ်နေပသည်။

လူငယ်က မိုထျန်း၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။

“အစ်ကို၊ အစ်ကိုမိုရှင်း... အစ်ကိုတို့ ပြန်လာပြီလား။ ကောင်းလိုက်တာ...”

ရှပ်...ရှပ်...

ကျောက်ဂူထဲမှနေ၍ အခြားနှစ်ယောက် ထပ်မံ ထွက်လာသည်။ သူတို့ကလည်း လူငယ်နှစ်ယောက်ပင်။ သူတို့သည် မိုထျန်း၏ ဦးလေးသုံး၏ မိသားစု ဖြစ်ပေမည်။ ကျန်းရီသည် ထိုသူများကို တစ်ယောက်မှ မသိသဖြင့် ခေါင်းကိုက်လာ၏။ သူသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်မှလည်း မဟုတ်သဖြင့် ထိုသူများအပေါ် ရင်းနှီးမှုလည်း မခံစားရပေ။ သို့သော် သူ ထိုကိစ္စကို မဖြေရှင်းပါက ဆက်ဟန်ဆောင်နိုင်မည် မဟုတ်ချေ။

“ဝူ...ဝူ...”

ထိုအခိုက်တွင် အဝေးမှနေ၍ ခရာသံတစ်သံ ထွက်ပေါ်လာသည်။ မိုထျန်း၏ မျက်နှာက တင်းမာသွားသည်။ သူ့ကိုယ်မှနေ၍လည်း ရုတ်ခြည်း သတ်ဖြတ်အရှိန်အဝါ ထွက်ပေါ်လာသည်။ ထို့နောက် သူ အော်ပြောလိုက်သည်။

“အဲ့ဒါက ရန်သူတိုက်ခိုက်တာပဲ။ အဲ့ခရာသံက စစ်တပ်စုစည်းဖို့ အချက်ပြတဲ့ ခရာသံ။ မိုရှင်း... သွားကြစို့”

ဝှစ်...ဝှစ်...

မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးဂိုဏ်းသားများက အနီးရှိ ဂူများမှနေ၍ ပျားများကဲ့သို့ ပျံထွက်လာကြလေသည်။ သူတို့အားလုံးက အစုလိုက်အပြုံလိုက်ဖြစ်နေ၍ အရေအတွက်မည်မျှ ရှိကြောင်း မသိရပေ။ ရန်သူလာတိုက်ခိုက်ခြင်းက ကျန်းရီကို ဘေးကြပ်နံကြပ်အခြေအနေမှ ကယ်တင်လိုက်သလိုပင်။ သူသည် မိုထျန်းနောက်သို့ လိုက်သွားပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏စစ်တပ်နှင့် ပေါင်းစည်းလိုက်လေသည်။

“အာ...”

ကျန်းရီသည် အရှေ့ဘက် မိုင်ဒါဇင်ကျော်ရှိ အခြေအနေကို ထောက်လှမ်းလိုက်ပြီးနောက် မိုထျန်းကို လှည့်ကြည့်လိုက်မိ၏။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မှိုင်းညှို့သော မျက်နှာထားများဖြင့် စိုက်ကြည့်နေကြလေသည်။

လာရောက်တိုက်ခိုက်သော ရန်သူက လူပုမျိုးနွယ်၏ စစ်တပ်ပင်။ ထိုစစ်တပ်တွင် အနည်းဆုံး လူပုတစ်သိန်း ပါပေသည်။ ကျန်းရီ ဆွံ့အသွား၏။ သူတို့က လူပုရာကျော်ကို သတ်ခဲ့သဖြင့် လူပုမျိုးနွယ်က အင်အားကုန်သုံးကာ ကောင်းကင်နတ်ဆိုးတောင်ကို လာရောက်တိုက်ခိုက်ခြင်းပေလော။

***

All Chapters