တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားခြင်း
Vol. 71 Ch. 984
ကောင်းကင်နတ်ဆိုးတောင်၏ အရှေ့ဘက်ရှိ နှင်းဖုံးလွင်ပြင်ပေါ်တွင် မရေမတွက်နိုင်သော လူပုများ တရွရွ ရှိနေသည်။ ထိုလူပုများက ခြောက်ဆယ်စင်တီမီတာလောက်သာ မြင့်သော်လည်း လက်ထဲတွင် သူတို့ထက် ပိုကြီးသော သံတူကြီးများကို ကိုင်ထားကြလေသည်။ ထို့ကြောင့် သူတို့၏ ပုံစံက ကိုးရိုးကားရားဖြစ်နေပြီး ရယ်စရာကောင်းနေသည်။ လူပုတစ်သိန်း အတူတကွ ချီတက်လာပုံက ပုရွက်ဆိတ်အုပ်ကြီး တရွရွသွားနေပုံနှင့် ဆင်တူပေသည်။ ထိုမြင်ကွင်းက အလွန်ရှိန်လောက်ဖွင် မြင်ကွင်းပင်။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ခရာသံတစ်သံကလည်း လူသုံးသိန်းမှ လေးသိန်းအထိ စုစည်းနိုင်လိုက်သည်။ လူအများစုက မြေအောက်ထဲတွင် ပုန်းနေကြပြိး အချိန်မရွေး အလစ်တိုက်ခိုက်နိုင်ရန် အသင့်ဖြစ်နေကြပေပြီ။ ကျန်းရီသည် မိုထျန်းက ညွှန်ပြသဖြင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲများစွာကို သိလိုက်ရသည်။
ထိုအကြီးအကဲများက မှတ်မိရန် လွယ်ပေသည်။ သူတို့အားလုံးသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တော်ဝင်သခင်မလေးကဲ့သို့ ထူးခြားသော သားရဲများကို စီးထားကြပေသည်။ သို့သော် သူတို့၏ သားရဲများက အနက်ရောင်ဖြစ်ပြီး တော်ဝင်သခင်မလေး၏ သားရဲက အဖြူရောင်ဖြစ်သည်။
ထိုသားရဲများကို ဖေးလျန်သားရဲဟု ခေါ်ကြသည်။ ၎င်းတို့က နှင်းဒေသ၏ ဒေသရင်းမျိုးစိတ်တစ်ခုဖြစ်သည်။ ၎င်းတို့သည် လေကဲ့သို့ လျင်မြန်ကြပြီး အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်များကိုပင် ယှဉ်နိုင်သော အင်အားကို ပိုင်ဆိုင်ထားကြသည်။ နှင်းဒေသတွင် ထိုသို့သော သားရဲများ များစွာ မရှိသဖြင့် သားရဲတစ်ကောင်ကို စီးနိုင်သူက အလွန်ကျော်ကြားသူဖြစ်ကြောင်း သိနိုင်ပေသည်။ သားရဲစီးနိုင်ခြင်းက အာဏာနှင့် အင်အား၏ ပြယုဂ်ပင်။
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ကတော့ ထွက်ပေါ်မလာခဲ့ချေ။ တော်ဝင်သခင်မလေး မိုယောင်အာကသာ ရှေ့ဆုံးမှနေ၍ စစ်တပ်ကို ဦးဆောင်ပေသည်။ သူမကို အကြီးအကဲတစ်ခုက ဝန်းရံထားသည်။ သူမကလည်း လက်ထဲတွင် အနက်ရောင်ကြာပွတ်တစ်ခုကို ကိုင်ထားသည်။ သူမသည် တရွေ့ရွေ့ ချဉ်းကပ်လာသော လူပုလေးများကို အထင်သေးသော မျက်နှာထားဖြင့် အေးစက်စက် ကြည့်နေလေသည်။
“ဂျပုတွေ... ဒါက ငါတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ပိုင်နက်ပဲ။ ရပ်ရင်ရပ်၊ မရပ်ရင်တော့ အညှာအတာမရှိ အသတ်ခံရမယ်”
လူပုမျိုးနွယ်က တောင်နှင့် သုံးကီလိုမီတာအကွာသို့ ရောက်လာသောအခါ မိုယောင်အာက ကြာပွတ်ကို ရွှမ်းခနဲယမ်း၍ အော်ပြောလိုက်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဂိုဏ်းသားများ အားလုံးကလည်း အနက်ရောင်အလင်း တောက်ပနေသော ထက်ရှသည့် လက်သည်းများကို ထုတ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများကလည်း အနက်ရောင်အလင်း တောက်ပနေသည်။ မိုယောင်အာက အမိန့်ပေးလိုက်သည်နှင့် သူတို့ တိုက်ခိုက်ကြတော့မည်ဖြစ်သည်။
“ကျုပ်က လူပုမျိုးနွယ်ရဲ့ တတိယအကြီးအကဲ ချိုးယင်ပဲ”
လူပုမျိုးနွယ်စစ်တပ်၏ အရှေ့ဆုံးမှ လူပုက အခြားလူပုများထက် အတန်ငယ် ပိုမြင့်ပေသည်။ သူက ခေါင်းဆောင်တစ်ယောက်၏ ဟန်ပန်ရှိပြီး အဖြူရောင် တိုက်ပွဲချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ ထိုစဉ် သူ အော်ပြောလိုက်သည်။
“ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်မှာလဲ။ သူ့ကို ကျုပ်နဲ့ လာတွေ့ဖို့ ပြောလိုက်”
“ဟားဟား...”
မိုယောင်အာက လှောင်ရယ်ရယ်ကာ ပြန်တုံ့ပြန်လိုက်သည်။
“ကျွန်မရဲ့ အဖေက လူတိုင်းကို တွေ့ပါ့မလား။ ချိုးယင်... ဒီသခင်မလေးက ရှင့်အကြောင်းကို ကြားဖူးပါတယ်။ ရှင်က ဘာလို့ ရှင့်ရဲ့စစ်တပ်ကို ခေါ်လာပြီး ကောင်းကင်နတ်ဆိုဂိုဏ်းရဲ့ ပိုင်နက်ကို ကျူးကျော်လာရတာလဲ။ ဒီနေ့ ရှင် ရှင်းပြချက်တစ်ခု မပေးနိုင်ရင်တော့ ရှင့်ရဲ့ လူပုတစ်သိန်းစလုံး ဒီနေရာမှာပဲ သေရလိမ့်မယ်”
ချိုးယင်၏ ကြမ်းတမ်းသော မျက်နှာတွင် အေးစက်စက်အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူက မျက်လုံးပြူးကာ အော်ပြောလိုက်သည်။
“ရှင်းပြချက်ဟုတ်လား... ကျုပ်ကလည်း ဒီနေ့ ရှင်းပြချက် တောင်းရအောင် လာခဲ့တာပဲ။ ကျုပ်အဖေက စစ်တပ်ကို စုစည်းနေပြီ။ ကျုပ်တို့ လူပုသုံးသန်းက စစ်တိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒီနေ့ မင်းတို့ ကျုပ်တို့ လူပုမျိုးနွယ်ကို ရှင်းပြချက်တစ်ခု မပေးဘူးဆိုရင်... မင်းတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်”
“သေတဲ့အထိ တိုက်ခိုက်မယ်၊ သေတဲ့အထိ တိုက်ခိုက်မယ်”
ချိုးယင်၏စကား ဆုံးသွားသောအခါ သူ့နောက်မှ လူပုအားလုံးက တညီတညာတည်း အော်လိုက်ကြသည်။ သူတို့၏အသံများက ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေပြီး ကျန်းရီနှင့် အခြားသူများ၏ နားစည်များကို နာကျင်သွားစေလေသည်။
မိုယောင်အာက ဒေါသထွက်သွားပြီး တိုက်ခိုက်ဖို့ အမိန့်ပေးရန် ဟန်ပြင်လိုက်သည်။ သို့သော် သူမဘေးမှ အကြီးအကဲတစ်ယောက်က သူမကို တားလိုက်ပြီး ချိုးယင်ကို မျက်နှာထားတည်တည်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“လူပုချိုး... ခင်ဗျားက ဘာလို့ ဆူဆူပူပူဖြစ်အောင် လုပ်နေရတာလဲ။ ခင်ဗျားရဲ့ အဖေသေလို့လား ဒါမှမဟုတ် ခင်ဗျားရဲ့သား သေလို့လား။ ခင်ဗျားက ဘာအတွက်နဲ့ လူပုတစ်သိန်းကိုခေါ်ပြီး မျိုးနွယ်နှစ်ခုအကြားမှာ စစ်ဖြစ်အောင် လုပ်ချင်နေရတာလဲ”
“...”
ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များက တိတ်ဆိတ်နေလေသည်။ လူပုမျိုးနွယ်ကလည်း နှင်းဒေသဂိုဏ်းဆယ်ဂိုဏ်းထဲတွင် ပါဝင်ပေသည်။ သို့သော် သူတို့က နံပါတ်(၅)ပင်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ဖြစ်သော လူပုမျိုးနွယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည်ပင် တိုက်ခိုက်စွမ်းအားအရဆိုလျှင် အဆင့်နိမ့်ပေသည်။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်းက လူပုဂိုဏ်းကို မကြောက်ပေ။
သို့သော် အကယ်၍ မျိုးနွယ်နှစ်ခု စစ်ဖြစ်ကြမည်ဆိုလျှင် ကောင်းကင်နတ်ဆိုးမျိုးနွယ်က လူပုသန်းသုံးဆယ်စလုံးကို သတ်ပစ်နိုင်သော်လည်း သူတို့ဘက်ကလည်း လူရှစ်သန်းလောက် ပြန်ဆုံးရှုံးရမည်ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲက မိုယောင်အာကို တားလိုက်ခြင်းဖြစ်သည်။ ထိုနတ်ဆိုးမလေးက တိုက်ခိုက်ရန် အမိန့်ပေးတော့မည့် အခိုက်တွင် ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များပင် စိုးရိမ်သွားကြသည် မဟုတ်ပါလား။
ချိုးယင်က ဒေါသထွက်နေသော မျက်ဝန်းများဖြင့် အော်ပြောလိုက်သည်။
“ခွေးအိုကြီး မိုကျွင်း... ခင်ဗျား ပြောတာမှန်တယ်။ ကျုပ်ရဲ့သား သေသွားတာပဲ... ကျုပ်သား ချိုးတိက သေသွားပြီ။ သူ့ကို ခင်ဗျားတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက သတ်သွားတာပဲ။ ဒီနေ့ ခင်ဗျားတို့ ရှင်းပြချက်တစ်ခု မပေးဘူးဆိုရင် ကျုပ် ချိုးယင် သေရမယ်ဆိုရင်တောင် ခင်ဗျားတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက လူသောင်းချီကိုပါ ကျုပ်နဲ့အတူ အပါခေါ်သွားရမှာပဲ”
“အာ...”
အားလုံး အံ့အားသင့်သွားကြသည်။ မိုကျွင်းနှင့် မိုယောင်အာတို့ကလည်း ဆွံ့အစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ချိုးယင်က အကြောင်းမရှိဘဲ ပြဿနာရှာရန် ရောက်လာခြင်း မဟုတ်ပုံပင်။ အမှန်ပင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပုံရပေသည်။ ချိုးယင်ထံတွင် သားတစ်ယောက်သာ ရှိသည်။ ထိုအဖိုးတန်သားက အမှန်ပင် အသတ်ခံခဲ့ရခြင်းလော။ သူ အလွန်ဒေါသထွက်နေသည်မှာ အံ့ဩစရာ မရှိတော့ပေ။
ကျန်းရီနှင့် မိုထျန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ စိတ်ဆင်းရဲနေကြသည်။ ကြည့်ရသည်မှာ မိုထျန်း သတ်ခဲ့သော ပထမဆုံးလူပုက အမှန်ပင် လူပုမျိုးနွယ်၏ အရေးပါသူတစ်ယောက် ဖြစ်နေပုံပင်။ အခြားလူပုတစ်ယောက်က ‘သခင်လေး’ဟု အော်ခေါ်ခဲ့သည်ကို ကျန်းရီ ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။
“အစ်ကိုမိုထျန်း... ကျွန်တော်တို့ သေတဲ့အထိ ရိုက်သတ်ခံရရင်တောင် ဒီကိစ္စကို ဝန်ခံလို့မဖြစ်ဘူး။ အဲ့ဒါကို မှတ်ထားပါ”
ကျန်းရီက မိုထျန်းထံ အသံပို့လွှတ်လိုက်သည်။ အကယ်၍ သူတို့သာ ထိုကိစ္စကို ဝန်ခံလိုက်လျှင် ကောင်းကင်နတ်ဆိုးဂိုဏ်းသည် မျိုးနွယ်နှစ်ခုအကြား ပဋိပက္ခဖြစ်မည်ကို ကာကွယ်ရန် သူတို့နှစ်ယောက်ကို ကွပ်မျက်ပြပေလိမ့်မည်။
မိုယောင်အာနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲများကလည်း အပြန်အလှန် အသံပို့လွှတ်ကာ ထိုကိစ္စကို မည်သို့ဆက်လုပ်ရမည်ကို ဆွေးနွေးနေကြလေသည်။ ကျန်းရီနှင့် မိုထျန်းတို့ ရင်လေးနေသည်။ အကယ်၍ အကြီးအကဲများကသာ ထိုကိစ္စကို စုံစမ်းရန် ဆုံးဖြတ်လိုက်လျှင် သူတို့က ယခုမှ ရေခဲပင်လယ်မှ ပြန်လာသည့်အချက်ကို ရှင်းပြရန် ခက်ခဲသွားပေလိမ့်မည်။ ထို့ပြင် လူပုမျိုးနွယ်၌ အစွမ်းထက်သော ခြေရာခံစွမ်းရည် ရှိပေသည်။ ထို့ကြောင့် လူပုများက သူတို့နှစ်ယောက်ကို ရှာတွေ့နိုင်လောက်ပေသည်။
ကျန်းရီတို့ တွေးတောနေစဉ်တွင်...
အကြီးအကဲတစ်ယောက်က အသံပို့လွှတ်လိုက်သည်။ ကျန်းရီနှင့် မိုထျန်းတို့လည်း ထိုအသံပို့လွှတ်မှုကို လက်ခံရရှိလိုက်သည်။ အကြီးအကဲ၏ စကားက ရှင်းပေသည်။ ချိုးယင်၏ သားကို သတ်လိုက်သူအား ကိုယ်တိုင်ရှေ့ထွက်လာခိုင်းခြင်းပင်။ အကယ်၍ ကိုယ်တိုင် ရှေ့ထွက်မလာဘဲ စုံစမ်းခါမှ သိရလျှင် မိသားစုတစ်စုလုံး ကွပ်မျက်ခံရမည်ဖြစ်သည်။
“မိုရှင်း... ငါတို့မျိုးရိုးရဲ့ အနာဂတ်က မင်းအပေါ်မှာပဲ မူတည်သွားပြီ”
မိုထျန်းက ဝမ်းနည်းသော မျက်နှာထားဖြင့် အံကြိတ်ကာ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။ ထို့နောက် သူသည် အရှေ့သို့ ပျံထွက်ကာ အော်ပြောလိုက်လေသည်။
“အဲ့လူပုကို သတ်ခဲ့တာ ကျွန်တော်ပါပဲ။ ကျွန်တော် ကိုယ်လုပ်ခဲ့တဲ့ကိစ္စအတွက် တာဝန်ခံပါတယ်။ ချိုးယင်... ခင်ဗျား ကျွန်တော့်ကို သတ်ချင်ရင် သတ်လိုက်ပါ”
“အာ...”
မျက်လုံးအားလုံးက မိုထျန်းအပေါ် ရောက်သွားလေသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များစွာသည် မျက်လုံးများ တောက်ပနေကြပြီး ဒေါသထွက်နေသော မျက်နှာထားများ ရှိနေကြပေသည်။ သူတို့က အကြီးအကဲ၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ကြောင်း ထင်ရှားသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းသည် မကြာခဏဆိုသလို အခြားဂိုဏ်းများနှင့် တိုက်ခိုက်ခဲ့ကြသည်။ အခြားဂိုဏ်းများမှ လူများလည်း သေကြသလို သူတို့ဂိုဏ်းမှ လူများလည်း သေကြရသည်သာ။ ယခုတွင် လူပုမျိုးနွယ်မှ အကြီးအကဲတစ်ယောက်၏ သားက သေခဲ့သည်။ လူပုများက စစ်တပ်ကိုခေါ်၍ ကောင်းကင်နတ်ဆိုးတောင်သို့ လာကာ တရားခံကို တောင်းခဲ့လေသည်။
အနာဂတ်တွင် ကောင်းကင်နတ်ဆိုးမျိုးနွယ်သည် လူပုမျိုးနွယ်ကို တွေ့ပါက လမ်းပင်ဖယ်ပေးရမည်လော။ သူတို့သည် သူများ၏ ရိုက်ပုတ်မှုကိုသာခံရ၍ ပြန်ရိုက်ပုတ်ခွင့် မရှိသည်လော။
ကျန်းရီ၏ မျက်လုံးများက ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များ၏ မျက်နှာများကို ကြည့်လိုက်ပြီး အရောင်လက်သွားလေသည်။ ထို့ကြောင့် သူ ရုတ်တရက် အရှေ့သို့ ပျံထွက်သွားကာ အော်ပြောလိုက်သည်။
“အဲ့ကိစ္စမှာ ကျွန်တော်လည်း ပါပါတယ်။ အဲ့လူပုအုပ်စုတွေကို ကျွန်တော်နဲ့ အစ်ကိုမိုထျန်းတို့က သတ်လိုက်တာပါ။ သူတို့က ကျွန်တော်တို့ကို သတ်ချင်နေတာပဲ... ကျွန်တော်တို့က သူတို့ကို ဘာလို့ မသတ်ဘဲနေရမှာလဲ။ အစ်ကိုမိုထျန်း... ကျွန်တော်တို့ သေရမယ်ဆိုရင်တောင် အတူတူသေမယ်...”
“ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးမျိုးနွယ်မှာ သေရမှာကိုကြောက်တဲ့သူ မရှိဘူး။ အကြီးအကဲတစ်ယောက်ရဲ့သား မပြောနဲ့ နောက်ကျ လူပုမျိုးနွယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို တွေ့ရင်တောင် ကျွန်တော်တို့က သတ်မှာပဲ။ ကောင်းကင်နတ်ဆိုးမျိုးနွယ်က သေရမှာကို မကြောက်ဘူး... ကျွန်တော်တို့ကို အနိုင်ကျင့်တာကိုလည်း ဘယ်တော့မှ ခံမှာ မဟုတ်ဘူး။ အစ်ကိုမိုထျန်း... ဂိုဏ်းက ကျွန်တော်တို့ကို အရေးမစိုက်မှတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာပဲ။ ကျွန်တော်တို့ လူပုတစ်ယောက်ကို သတ်နိုင်ရင် အရင်းပဲ... နှစ်ယောက်ကို သတ်နိုင်မယ်ဆိုရင်တော့ မြတ်ပြီပေါ့။ သတ်...သတ်...”
ဝှစ်...ဝှစ်...
ကျန်းရီသည် ပြောပြောဆိုဆိုပင် လူပုမျိုးနွယ်၏ စစ်တပ်ဆီသို့ ပျံသန်းသွားလိုက်လေသည်။ သူသည် ဝမ်းနည်းသော မျက်နှာထားဖြင့် မာန်သွင်းအော်ဟစ်ကာ ပျံသန်းသွားနေ၏။ မိုထျန်းကလည်း ဝမ်းနည်းဟန်ဖြင့် အော်လိုက်သည်။
“မင်းပြောတာမှန်တယ်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်မှာ သေရမှာကြောက်တဲ့ ငကြောက်တွေ မရှိဘူး။ သတ်...”
ကျန်းရီနှင့် မိုထျန်းတို့က အလင်းတန်းနှစ်တန်းကဲ့သို့ အရှေ့ဆီ ပျံသန်းသွားကြသည်။ သူတို့၏ ပြတ်သားမှုက ကျန်ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များအပေါ် သက်ရောက်သွားသည်။ သူတို့ထဲမှ တစ်ယောက်က ရုတ်တရက် အော်ပြောလိုက်လေသည်။
“ကောင်းကင်နတ်ဆိုးမျိုးနွယ်မှာ သေရမှာကြောက်တဲ့ ငကြောက်တွေ မရှိဘူး။ ငါ မိုရန် မင်းတို့နဲ့အတူ သေမယ်”
“ငါတို့ မင်းတို့နဲ့အတူ သေမယ်”
တစ်ယောက်က ရှေ့မှဦးဆောင်လိုက်ပြီဖြစ်၍ မရေမတွက်နိုင်သော လူများလည်း ပျံထွက်သွားကြသည်။ မိုယောင်အာသည် ကျန်းရီနှင့် မိုထျန်းတို့ အရှေ့သို့ ပျံသန်းသွားသည်ကို မြင်လိုက်သောအခါ အတန်ငယ် ရှက်မိသွား၏။ ထို့ကြောင့် သူမသည်လည်း ကြာပွတ်ကိုယမ်းကာ အော်ပြောလိုက်သည်။
“တပ်သားတွေအားလုံး... ငါ့အမိန့်ကို နားထောင်ကြ။ သတ်...”
“တော်ဝင်သခင်မလေး ပြန်လာခဲ့ပါ... ဟူး...”
အကြီးအကဲအချို့က အော်ပြောကာ တားလိုက်သည်။ သို့သော် သူတို့၏ စစ်တပ်ကာ စတင်လှုပ်ရှားနေပြီဖြစ်၍ လူပုမျိုးနွယ်နှင့်တိုက်ပွဲကို ရှောင်လွှဲ၍ မရတော့ပေ။ သူတို့ ဤတိုက်ပွဲကို နိုင်ခဲ့လျှင်ပင် ကောင်းကင်နတ်ဆိုးမျိုးနွယ်က ကြီးမားသောဆုံးရှုံးမှုကို ခံစားရမည်သာ။
မိုယောင်အာပင် အရှေ့သို့ ပျံထွက်သွားပြီဖြစ်၍ စစ်တပ်တစ်ခုလုံးကလည်း ပျံထွက်သွားကြသည်။ မြေအောက်တွင် ပုန်းအောင်းနေသော ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များကလည်း ပျံထွက်လာကြသည်။ အကြီးအကဲများက တားလိုလျှင်ပင် မည်သို့မှ တတ်နိုင်တော့မည် မဟုတ်ပေ။
***