← Chapters

ဒီကောင်လေးက နည်းနည်း... ပုံမှန်မဟုတ်ဘူး

Vol. 71 Ch. 985

ဒီကောင်လေးက နည်းနည်း... ပုံမှန်မဟုတ်ဘူး

Vol. 71 Ch. 985

“သတ်...”

ချိုးယင်သည်လည်း ရူးသွပ်သွားသည်။ သူသည် သူတို့ထံ လျင်မြန်စွာ ပျံသန်းလာသော ကျန်းရီနှင့် မိုထျန်းတို့ကို စိုက်ကြည့်လိုက်ပြီး သူ့သားအတွက် လက်စားချေလိုသွား၏။ ကျန်လူပုများက စစ်မဖြစ်လိုလောက်သော်လည်း ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များစွာက မြေအောက်ထဲမှ ထွက်လာကာ စတင်သတ်ဖြတ်နေပြီဖြစ်၍ သူတို့သည် ရွေးချယ်စရာ မရှိတော့ဘဲ ပြန်လည်တိုက်ခိုက်လိုက်ရလေတော့သည်။

ရွှစ်...ရွှစ်...

ချိုးယင်သည် လေထဲတွင် လှည့်ပတ်လိုက်ပြီး ကောင်းကင်ထဲ၌ နှင်းမုန်တိုင်းတစ်ခု ဖြစ်လာစေလေသည်။ ထို့နောက် သူသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏နှစ်ဘက်ခေါင်းတူကို ပစ်လွှတ်လိုက်၏။ ထိုအခါ ဧရာမနှင်းနဂါးကြီး ဖြစ်ပေါ်လာပြီး အရှေ့သို့ ပျံထွက်သွားသည်။ ကျန်းရီ၊ မိုထျန်းနှင့် အရှေ့ရှိ လူရာကျော်တို့က ရုတ်ခြည်း အေးခဲသွားကြသည်။ ကျန်းရီသည် သူ့စိတ်ဝိညာဉ်က လုံးဝအေးခဲသွားကြောင်း ခံစားလိုက်ရ၏။ သူသည် မည်သည့်တိုက်ခိုက်မှု၊ မည်သည့်ခုခံမှုကိုမှ မထုတ်လွှတ်နိုင်တော့ပေ။

ထိုရေခဲနှင်းစွမ်းရည်က အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။

ကျန်းရီ စိတ်ထဲမှ ချီးကျူးလိုက်၏။ တော်သေးသည်မှာ အနောက်မှနေ၍ အဖြူရောင်အလင်းတစ်ခုလက်လာပြီး မိုယောင်အာ၏ ကြာပွတ် ကျရောက်လာ၍ပင်။ ထိုကြာပွတ်ကာ လျင်မြန်စွာ ဆန့်တန်းသွားသည်။ ကြာပွတ်ပေါ်တွင် သင်္ကေတပုံသဏ္ဌာန်များ လင်းလက်နေပြီး ဖော်ပြ၍မရနိုင်သော အရှိန်အဝါတစ်ခုလည်း ရှိနေသည်။ ကျန်းရီသည် ထိုအရှိန်အဝါကို အာရုံခံမိသောအခါ မျက်လုံးများ ချက်ချင်း လင်းလက်သွားလေသည်။

ထိုကြာပွတ်က ရှေးဟောင်းအသုံးအဆောင်တစ်ခုဖြစ်ပြီး စွမ်းအားကြီး တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။

ရွှက်...ရွှက်...

ကြာပွတ်ဖြတ်သန်းသွားသောအခါ အာကာပြင်ထဲတွင် အက်ကြောင်းများ ထွက်ပေါ်လာသည်။ ထိုကြာပွတ်သည် အရှေ့ရှိ ချိုးယင်ကို ‌ကြောက်မက်ဖွယ်စွမ်းအားဖြင့် ရိုက်ချလိုက်၏။ ချိုးယင်က ဘေးသို့ ခုန်ရှောင်လိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

“မိုယောင်အာ... မင်းအဖေပေးထားတဲ့ ရှေးဟောင်းအသုံးအဆောင်ကြောင့် ဘဝင်မြင့်မနေနဲ့။ ဒီနေ့ ဒီအဘိုးကြီးက အဲ့နှစ်ယောက်ကို မသတ်နိုင်ရင် ယောက်ျားမဟုတ်တော့ဘူးကွ”

“လူပုချိုး... ရှင့်လိုလူက သတ်နိုင်မှာတဲ့လား”

မိုယောင်အာက လှောင်ပြုံး ပြုံးလိုက်ပြီး ကြာပွတ်ကို လျှပ်စီးအလျင်ဖြင့် ရိုက်ချလိုက်သည်။ ယင်းက ကျန်းရီ တမလွန်လောကတွင် ကြုံတွေ့ခဲ့သော နေနက်မိစ္ဆာနွယ်နှင့် ဆင်တူပေသည်။ ကြာပွတ်ချက်တိုင်းက ကြောက်မက်ဖွယ် အရှိန်အဝါကို သယ်ဆောင်၍ ချိုးယင်းကို ရိုက်နေသည်။ ချိုးယင်သည် အလွန်ဒေါသထွက်နေသဖြင့် ကျယ်လောင်စွာ အော်လိုက်၏။ သို့သော် သူသည် ရှေးဟောင်းအသုံးအဆောင်တစ်ခုကို ထိပ်တိုက် ရင်မဆိုင်ဝံ့သဖြင့် ရှောင်၍သာ နေရလေသည်။

“အစ်ကိုမိုထျန်း... အောက်ဘက်ကို ပျံဆင်းလိုက်”

ကျန်းရီ၏ စိတ်ဝိညာဉ်က တဖြည်းဖြည်း ပြန်ကောင်းလာပြီဖြစ်သည်။ သို့သော် သူ မဆင်မခြင် မလုပ်ဝံ့ပေ။ ထိုစဉ် သူ အကြံတစ်ခု ရလိုက်၍ မိုထျန်းထံ အသံပိုလွှတ်လိုက်သည်။ မိုထျန်းသည် ချက်ချင်းပင် အောက်ဘက်သို့ ပျံဆင်းသွားလိုက်သည်။ ကျန်းရီကလည်း နောက်မှ လိုက်သွားလိုက်သည်။

မိုထျန်းက ကောင်းကင်ဧကရာဇ် ဆဋ္ဌမအဆင့်တွင်သာ ရှိသည်။ ထို့ကြောင့် သူသည် ဂိုဏ်းထဲတွင် စွမ်းအားကြီးသည်ဟု သတ်မှတ်မခံရပေ။ ယခုတွင် သူတို့ကို လူပုမျိုးနွယ်က ပစ်မှတ်ထားနေသဖြင့် သူတို့သည် ဦးစားပေးတိုက်ခိုက်မှုကို ခံရပေလိမ့်မည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်သည် ထိပ်တိုက် တိုက်ခိုက်မှုမျိုးတွင် မကျွမ်းကျင်ပေ။ သူတို့က အလစ်တိုက်ခိုက်မှုတွင်သာ သင့်တော်ကြသည်။ ထို့ကြောင့် သူတို့နှစ်‌ယောက် မြေအောက်သို့ သွားမှ လုံခြုံမည်ဖြစ်သည်။

လူပုများစွာသည် ကျန်းရီတို့နှစ်ယောက်က မြေအောက်သို့ သွားရန် လုပ်နေသည်ကို သတိပြုမိလိုက်၏။ သို့သော် ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များက နေရာအနှံ့တွင် ရှိနေပေသည်။ မြေအောက်ထဲတွင် ရှိနေသူများလည်း ရှိကြသည်။ ထို့ကြောင့် လူပုများက ကျန်းရီနှင့် မိုထျန်းတို့အနောက်သို့ လိုက်လိုလျှင်ပင် လိုက်နိုင်မည် မဟုတ်သဖြင့် ပရမ်းပတာတိုက်ပွဲကိုသာ ဆက်တိုက်ခိုက်နေရလေသည်။

တိုက်ပွဲက အသည်းအသန်တိုက်ပွဲတစ်ခုပင်။ သို့သော် အသည်းအသန်နိုင်နေသူများမှာ လူပုများသာ ဖြစ်သည်။ ထိုနေရာက ကောင်းကင်နတ်ဆိုးတောင်ဖြစ်၍ ကောင်းကင်နတ်ဆိုးမျိုးနွယ်က အရေအတွက် အဆအနည်းငယ် ပိုများ‌နေသည် မဟုတ်ပါလား။ ထို့ပြင် ထိုပတ်ဝန်းကျင်၌ မြေအောက်လိုဏ်ခေါင်းများ များစွာရှိနေသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်ကလည်း အလစ်တိုက်ခိုက်မှုများတွင် တော်သည်ဖြစ်၍ လူပုမျိုးနွယ်သည် မခုခံနိုင် ဖြစ်နေသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် ပညာရှင်များစွာ ရှိသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ အကြီးအကဲများသည်လည်း ဂိုဏ်းချုပ်ထံမှနေ၍ ရပ်တန့်ရန် အသံပို့လွှတ်မှု မရသေးပေ။ ယင်းမှာ ဂိုဏ်းချုပ်က တိုက်ပွဲကို ခွင့်ပြုသည့် အဓိပ္ပာယ်ပင်။ ထို့ကြောင့် သူတို့သည် အကြင်နာမဲ့သွားပြီး ထိုနေရာရှိ လူပုအားလုံးကို သတ်ပစ်ရန် ဟန်ပြင်လိုက်ကြသည်။

ရွှစ်...ရွှစ်...

တိုက်ပွဲက ကြီးကျယ်ပေသည်။ မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များသည် မြေအောက်ထဲမှ ထွက်ကာ တစ်ခါသာ တိုက်ခိုက်ကြ၏။ သူတို့၏ တိုက်ခိုက်မှုက အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သူတို့သည် အလစ်တိုက်ခိုက်ပြီးသည်နှင့် မြေအောက်ထဲသို့ ချက်ချင်း ပြန်ဝင်သွားကြသည်။ ထို့နောက် ထပ်မံ၍ တိုက်ခိုက်ရန် နေရာပြန်ယူကြသည်။ လူပုများ၏ဘေးရှိ မြေပြင်က အဆက်မပြတ် ကွဲအက်ပွင့်ထွက်နေသည်။ ထိုအက်ကြောင်းများအတွင်းမှနေ၍ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များ ထွက်လာနေကြသည်။ လူပုများစွာ သေဆုံးနေသလို ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များလည်း အသတ်ခံနေရသည်။ သွေးချင်းချင်းရဲနေသော မြေပြင်နှင့် နေရာအနှံ့တွင် ပျံ့ကျဲနေသော ခြေပြတ်၊ လက်ပြတ်များ၏ မြင်ကွင်းက ကြောက်ရွံ့သွေးဆုတ်ဖွယ်ပင်။

“ပြန်ဆုတ်ကြ... ပြန်ဆုတ်ကြ...”

မိနစ်သုံးဆယ်အတွင်းမှာပင် လူပု လေးသောင်းကျော် ငါးသောင်းနီးပါး အသတ်ခံလိုက်ရပေပြီ။ ချိုးယင်သည် မိုယောင်အာနှင့် အကြီးအကဲတစ်ယောက်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အကြိမ်များစွာ သေမလို ဖြစ်ခဲ့သည်။ ဤအတိုင်းသာ ဆက်သွားပါက သူ့လူများအားလုံး တိုက်ပွဲထဲတွင် သေသွားတော့မည်ဖြစ်ကြောင်း သူသိပေသည်။ ထို့ကြောင့် သူသည် ရွေးချယ်စရာ မရှိတော့ဘဲ ပြန်ဆုတ်ရန် အမိန့်ပေးလိုက်ရလေတော့သည်။

“ဟွန်း... ရှင်က ထွက်ပြေးချင်တာလား။ တပ်သားအားလုံး ကျွန်မ အမိန့်ကို နားထောင်... သူတို့အကုန်လုံးကို လိုက်သတ်ကြ”

မိုယောင်အာက အော်၍ အမိန့်ပေးလိုက်သည်။ ထိုမိန်းမပျိုလေးက အလွန်ငယ်ရွယ်သော်လည်း အံ့အားသင့်လောက်ဖွယ် တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ သူမသည် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်သာဖြစ်သည်ဟု ထင်ရသော်လည်း သူမ၏သက်ရောက်မှုက ကြယ်သုံးပွင့်အဆင့်ရှိကြောင်း ကျန်းရီ သိသည်။ ထိုအဆင့်ကို ရှေးဟောင်းအသုံးအဆောင်တစ်ခုနှင့် တွဲဖက်လိုက်သောအခါ သူမ၏အင်အားက ကြယ်လေးပွင့်အဆင့်သို့ ရောက်သွားပေသည်။

မိုယောင်အာက အလွန်စိတ်ဆတ်သူဖြစ်သည်။ သူမသည် လောကကြီးအတွင်းသို့ ဝင်ရောက်လာသော နတ်ဆိုးမလေးကဲ့သို့ပင်။ သို့သော် သူမကြောင့်သာ ကျန်းရီ သေလမ်းမှ လွတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျန်းရီသာ ထွက်ပြေးလိုလျှင် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံး၍ အလွယ်တကူ ထွက်ပြေးနိုင်သော်လည်း သူက ကောင်းကင်နတ်ဆိုးဂိုဏ်းအတွင်းသို့ ရောက်နေပြီဖြစ်ရာ ထွက်ပြေးလိုက်ပါက ဤနေရာအထိရောက်လာရန် ကြိုးစားခဲ့သမျှ သဲထဲရေသွန်ဖြစ်ရပေလိမ့်မည်။

လူပုမျိုးနွယ်သည် ဒီရေကျသကဲ့သို့ ပြန်ဆုတ်ခွာသွားကြသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်ကလည်း နောက်မှလိုက်ကာ လူပု တစ်သောင်းကျော် နှစ်သောင်းကို ထပ်မံ သတ်ဖြတ်လိုက်သည်။ သူတို့ ဆက်လိုက်ရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် ကောင်းကင်ထက်မှနေ၍ အသံတစ်သံ ပဲ့တင်ထပ်လာလေသည်။

“တော်လောက်ပြီ။ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်တော့။ မင်းရဲ့သားက အသတ်ခံလိုက်ရတယ်ဆိုရင် သူညံ့လို့ပဲ။ မင်းတို့ လူပုမျိုးနွယ်က ငါတို့လူတွေကို သတ်နိုင်မယ်ဆိုရင်လည်း အဲ့ဒါ မင်းတို့ရဲ့ စွမ်းဆောင်နိုင်စွမ်းပဲ။ တကယ်လို့ ငါ့ရဲ့သမီးက အပြင်ကတိုက်ပွဲတစ်ခုမှာ အသတ်ခံလိုက်ရရင်လည်း ငါ မင်းတို့ဆီက ရှင်းပြချက်တောင်းမှာ မဟုတ်ဘူး။ ဒီတစ်ခေါက်‌တော့ မင်းတို့ဂိုဏ်းချုပ်ရဲ့ မျက်နှာကြောင့် ငါ ညှာတာလိုက်မယ်။ ဒါပေမဲ့ မင်းတို့ ဒီကို‌ နောက်တစ်ခေါက် ပြဿနာလာရှာဝံ့ရင် ငါ ကိုယ်တိုင် မင်းတို့လူပု‌တောင်တစ်‌တောင်လုံးကို မြေလှန်ပစ်မယ်”

“ဂိုဏ်းချုပ်”

ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်အားလုံးသည် မှင်တက်သွားပြီး ဆက်မလိုက်တော့ဘဲ တ‌လေးတစား ဦးညွှတ်လိုက်ကြသည်။ ချိုးယင်တစ်ယောက် မျက်စိမျက်နှာ ပျက်သွား၏။ သို့သော် သူ မည်သို့မှ ပြန်မပြောဝံ့ပေ။ သူသည် သူ့လူများကို ခေါ်၍သာ ပြန်ဆုတ်ခွာသွားလိုက်လေသည်။

“ဟားဟားဟား...”

ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များသည် လူပုမျိုးနွယ်က ပြန်ဆုတ်ခွာသွားသည်ကို ကြည့်၍ တဟားဟား ရယ်လိုက်ကြ၏။ သို့သော် သူတို့သည် တိုက်ပွဲပြင်ကို ကြည့်လိုက်ရာ သူတို့မျိုးနွယ်ဝင်များ၏ အလောင်များကို တွေ့လိုက်၍ စိတ်မကောင်း ဖြစ်သွားကြလေသည်။ သူတို့၏ရင်ထဲတွင် လူပုမျိုးနွယ်အပေါ် အမုန်းတရားက ပို၍ကြီးမားလာသည်။ တိုက်ပွဲပြင်တွင် ခြေလက်များ ပြတ်နေသော်လည်း မသေသေးသော လူပုအချို့ ကျန်ခဲ့လေသည်။

ကျန်းရီနှင့် မိုထျန်းတို့က မြေအောက်ထဲမှ ပြန်ထွက်လာကြသည်။ ကျန်းရီသည် မြေအောက်ထဲတွင် ဘာမှမလုပ်ခဲ့ပေ။ သူက အကြီးအကဲတစ်စု၏ရှေ့တွင် ရှိနေခြင်းဖြစ်ရာ ဝိညာဉ်လေဓားများနှင့် သူ၏ထူးခြားသောစွမ်းရည်များကို မထုတ်လွှတ်ဝံ့ပေ။ မိုထျန်းကမူ လူပုအနည်းငယ်ကို သတ်ပစ်ခဲ့သည်။ သူတို့နှစ်ယောက် မြေအောက်ထဲမှ ထွက်လာလျှင်ထွက်လာချင်း တပ်မှူးတစ်ယောက်က အော်ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်... အကြီးအကဲတွေနဲ့ တော်ဝင်သခင်မလေးက မင်းတို့ကို ဆင့်ခေါ်နေတယ်”

“အန်...”

ကျန်းရီနှင့် မိုထျန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကြောက်ရွံ့တုန်ယင်သွားကြသည်။ သို့သော် သူတို့သည် အခြားရွေးချယ်စရာ မရှိသဖြင့် စိတ်အားတင်းကာ မိုယောင်အာနှင့် အကြီးအကဲတစ်စုဆီ ပျံသန်းသွားလိုက်ရလေသည်။ သူမတို့သည် လေထဲတွင် ဖေးလျန်သားရဲများကို စီးထားကြပြီး မျက်နှာသေများနှင့် ရှိနေကြသည်။

“တော်ဝင်သခင်မလေးနဲ့ ဂုဏ်သရေရှိအကြီးအကဲတွေကို နှုတ်ခွန်းဆက်ပါတယ်”

မိုထျန်းနှင့် ကျန်းရီတို့ နှုတ်ခွန်းဆက်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် ကျန်းရီသည် မဆင်မခြင် မပြုမူဝံ့တော့ဘဲ မိုထျန်းနှင့်အတူ တလေးတစား ဦးညွှတ်လိုက်လေသည်။

အကြီးအကဲတစ်စုက သူတို့ကို စိုက်ကြည့်လိုက်ကြ၏။ မိုယောင်အာကလည်း ကျန်းရီကို ကြည့်၍ လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“ရှင်တို့နှစ်ယောက်က တကယ့်ကို အတင့်ရဲတယ်ပေါ့လေ ဟမ်... ရှင်တို့က ချိုးယင်ရဲ့ အဖိုးတန်သားကိုတောင် သတ်ရဲတယ်ပေါ့။ ချိုးယင်က လူပုဂိုဏ်းချုပ်ရဲ့ ငါးယောက်မြောက်သားပဲ။ သူ့မှာ သားတစ်ယောက်ပဲ ရှိတာ... ဒါပေမဲ့ အဲ့သားကို ရှင်တို့နှစ်ယောက်က သတ်ပစ်ခဲ့တယ်”

မိုထျန်းသည် မည်သို့ပြန်ပြေရမည်မသိ ဖြစ်သွား၏။ ကျန်းရီသည် မိုယောင်အာက သူ့ကိုကြည့်နေကြောင်း တွေ့လိုက်သောအခါ ရွေးချယ်စရာမရှိတော့ဘဲ အံကြိတ်၍ ပြန်ပြောလိုက်ရလေသည်။

“သူက ချိုးယင်ရဲ့သားဆိုတာကို ကျွန်တော်တို့လည်း မသိခဲ့ပါဘူး။ ကျွန်တော်တို့က ရေခဲမှင်စာတွေကို အမဲလိုက်နေတာပါ... လူပုတွေက ကျွန်တော်တို့ကိုသတ်ပြီး ကျွန်တော်တို့ရဲ့ သားကောင်ကို လုယူချင်နေလို့ ကျွန်တော်တို့က ပြန်တုံ့ပြန်ခဲ့ရတာပါ။ သူတို့သတ်တာကို ငြိမ်ခံနေလို့ မရဘူးမလား”

တိုက်ပွဲကို တိုက်ပြီးသွားပြီဖြစ်ပြီး လူပုများလည်း ပြန်ဆုတ်ခွာသွားပြီဖြစ်၍ ထိုကိစ္စကို အမှန်အတိုင်း ရှင်းပြနေရန် မလိုတော့ပေ။ ထို့ကြောင့် ကျန်းရီသည် အဆုံးအထိ သူတို့အမှားကို ဝန်မခံဘဲ ပါးစပ်ထဲတွေ့ကရာများကို ပြောလိုက်လေသည်။

အကြီးအကဲတစ်ယောက်၏ မျက်ဝန်းများက အေးစက်စက်အလင်း လက်သွားသည်။ သူက ကျန်းရီကို ကြိမ်းမောင်းလိုက်၏။

“အတင့်ရဲလိုက်တာ... မင်းက တော်ဝင်သခင်မလေးကို ပြန်ပြောရဲတယ်ပေါ့လေ”

“ကိစ္စမရှိပါဘူး”

မိုယောင်အာက ခပ်သဲ့သဲ့ပြုံး၍ ပြောလိုက်သည်။

“ဒီမျိုးနွယ်ဝင်က တော်တော်လေး ခေါင်းမာတာပဲ။ တော်ပါပြီလေ... ဒီကိစ္စက ရှင့်အပြစ် မဟုတ်ပါဘူး။ ရှင် အေးအေးဆေးဆေး ပြန်နိုင်ပါပြီ။ ဒါပေမဲ့ နောက် ရှင် အပြင်ကိုသွားတဲ့အခါကျ သတိတော့ထားပေါ့... လူပုတွေက ရှင့်ကို ပစ်မှတ်မထားစေနဲ့”

“အဟင်း...”

ကျန်းရီက ငါးခူပြုံးပြုံးလိုက်ပြီး အေးစက်စက် ပြန်ပြောလိုက်သည်။

“သူတို့က ကျွန်တော်တို့ကို ပစ်မှတ်ထားလည်း ကိစ္စမရှိပါဘူး။ လူတိုင်းက သေရမှာချည်းပါပဲ။ သူတို့က ကျွန်တော် မိုရှင်းရဲ့ အသက်ကို လိုချင်တယ်ဆိုရင် တန်ကြေးတစ်ခုတော့ ပြန်ပေးရမှာပေါ့”

မိုယောင်အာသည် ပြန်သွားသော ကျန်းရီနှင့် မိုထျန်းတို့၏ နောက်ကျောပြင်များကို ကြည့်ကာ အတန်ငယ် သံသယဖြစ်နေလေသည်။ ထို့နောက် သူမသည် အကြီးအကဲတစ်ဦးထံသို့ ရုတ်တရက် အသံပို့လွှတ်လိုက်၏။

“ရှင် အဲ့မိုရှင်းဆိုတဲ့သူရဲ့ အကြောင်းကို စုံစမ်းပါ။ အဲ့ကောင်လေးက နည်းနည်း... ပုံမှန်မဟုတ်ဘူးလို့ ကျွန်မ ခံစားနေရတယ်”

***

All Chapters