ရေခဲနှင်း တာအိုပုံသဏ္ဌာန်
Vol. 71 Ch. 986
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲက ‘မိုရှင်း’အကြောင်းကို စုံစမ်းခဲ့သော်လည်း မည်သည့်မူမမှန်မှုကိုမှ ရှာမတွေ့ခဲ့ပေ။ မိုရှင်းနှင့် ပတ်သတ်၍ မှားနေသောအရာများ မရှိချေ။ သူသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်တွင် မွေးဖွား၊ ကြီးပြင်းလာခြင်းပင်။ သူ၏ အဘိုးနှင့် အဖေကလည်း ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ ဖြစ်သည်။ သူတို့အားလုံးက တိုက်ပွဲထဲတွင် ဂုဏ်သိက္ခာရှိရှိ ကျဆုံးခဲ့ကြသည်။ သို့သော် မိုရှင်းက မိုရှင်းမဟုတ်တော့ဘဲ ကျန်းရီဖြစ်နေသည်ကို မည်သူမှ မသိပေ။
လူပုမျိုးနွယ်က ဆက်မတိုက်ခိုက်တော့ချေ။ မိုထျန်းသည် ရရှိခဲ့သော ရေခဲသားရဲများနှင့် ရေခဲမှင်စာများကို ဂိုဏ်းထံ အပ်လိုက်၍ စွမ်းဆောင်ချက်အမှတ်များ များစွာရခဲ့သည်။ ယခုတွင် သူတို့သည် ဆယ့်တစ်ထပ်မြောက်တွင် နေထိုင်ခွင့်ရသွားပြီဖြစ်သည်။
မိုထျန်းက သူ၏မိသားစု၊ ဆွေမျိုးအားလုံးကို ခေါ်ကာ ဆယ့်တစ်ထပ်သို့ သွားခဲ့သည်။ သူတို့အတွက် အရွယ်အစားကြီးမားသော ဂူသုံးဂူ ရသည်ဖြစ်၍ အားလုံးနေထိုင်ရန် အဆင်ပြေပေသည်။ ကျန်းရီသည် ဂူတစ်ဂူတွင် တစ်ယောက်တည်း နေထိုင်၏။ မိုထျန်းနှင့် သူ၏မိသားစုက ဂူတစ်ဂူတွင် နေထိုင်ပြီး ဦးလေးသုံး၏မိသားစုက ကျန်တစ်ဂူတွင် နေထိုင်ကြသည်။ ကျန်းရီသည် တိုက်ပွဲတွင် ဒဏ်ရာများ ရခဲ့သည်ဟု အကြောင်းပြကာ မိုထျန်း၏ ညီလေးနှင့် ညီမလေးကိုပင် မတွေ့ဘဲ တစ်ယောက်တည်း သီးခြားနေလိုက်လေသည်။
မိုထျန်းရရှိခဲ့သော စွမ်းဆောင်ချက်အမှတ်က သူတို့ ဆယ့်တစ်ထပ်မြောက်တွင် တစ်နှစ်နေနိုင်ရန် လုံလောက်ပေသည်။ ထိုတစ်နှစ်အတွင်း သူတို့ ရေခဲမှင်စာများနှင့် ရေခဲသားရဲများကို ထပ်ရှာနိုင်လျှင် ဆယ်ထပ်မြောက်သို့ တက်နိုင်ပေလိမ့်မည်။ ကျန်းရီသည် မိုထျန်းနှင့် ဆွေးနွေးခဲ့ပြီး လောလောလတ်လတ်တွင် အပြင်သို့ မထွက်သေးဘဲ ဆယ့်တစ်ထပ်မြောက်တွင်သာ ကျင့်ကြံနေရန် ဆုံးဖြတ်ခဲ့ကြသည်။
ဆယ့်တစ်ထပ်မြောက်ရှိ မိုးမြေအတွင်းအားက အပြင်ကထက် အဆငါးဆယ်ပို၍သိပ်သည်းနေသည်။ ထို့ကြောင့် ကျန်းရီသည် အဆငါးရာပိုမြန်သော ကျင့်ကြံနှုန်းဖြင့် ကျင့်ကြံနိုင်နေသည်။ ယင်းက ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်ရှိ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းမှ ကျင့်ကြံနှုန်းထက် နှစ်ဆနှေးသော်လည်း မဆိုးလှဟု ဆိုနိုင်ပေသည်။
အရေးအကြီးဆုံးမှာ ကျန်းရီတို့ ယခု အပြင်သို့ ထွက်သွားလျှင် လူပုများ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရနိုင်ခြင်းပင်။ ထို့ကြောင့် ကျန်းရီသည် နှစ်ဝက်စောင့်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ ထိုအချိန်အတောအတွင်း သူသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အခြေအနေကို ရှင်းရှင်းလင်းလင်း သိအောင် လေ့လာရင်းဖြင့် ကျင့်ကြံနေမည်ဖြစ်သည်။ အခြေအနေများ တည်ငြိမ်သွားပြီဆိုမှ သူသည် အခြားနည်းလမ်းများကို တွေး၍ စွမ်းဆောင်ချက်များ ပြသကာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်လာအောင် လုပ်၍ ဂိုဏ်းချုပ်ထံမှ ကောင်းကင်လျှို့ဝှက်ဂိုဏ်းနှင့် ပတ်သတ်သော သတင်းအချက်အလက်များကို ရယူမည်ဖြစ်သည်။
သို့သော် အခြားပြဿနာတစ်ခု ရှိနေပေသည်။
ကျန်းရီသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ တိုက်ခိုက်နည်းလမ်းများကို မည်သို့သုံးရမည်ကို မသိပေ။ သူတစ်ယောက်တည်း တိုက်ခိုက်လျှင် ပြဿနာမရှိသော်လည်း လူပုများနှင့် တိုက်ပွဲကဲ့သို့ အခြေအနေမျိုး ထပ်ဖြစ်လာပြီး သူက ဝိညာဉ်လေတိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ပါက လူများက ချက်ချင်းသတိပြုမိသွားမည်ဖြစ်ပြီး သံသယဝင်သွားကြပေလိမ့်မည်။ သူတို့ စတင်စုံစမ်းသည်နှင့် သူက ကျန်းရီဖြစ်ကြောင်း သိသွားကြမည်ဖြစ်သည်။
ထို့ကြောင့် ကျန်းရီသည် သံသယအဝင်မခံရရန် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ တိုက်ခိုက်နည်းလမ်းများ သို့မဟုတ် နှင်းဒေသ၏ တိုက်ခိုက်စွမ်းရည်တစ်ခုကို လေ့လာရန် ဆုံးဖြတ်ထားသည်။
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး အတွင်းအားကျင့်ကြံကာ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ တိုက်ခိုက်နည်းလမ်းများကို လေ့လာလိုက်လေသည်။ ရက်အနည်းငယ် လေ့လာပြီးနောက် သူ့အနေဖြင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ တိုက်ခိုက်နည်းလမ်းများကို တုပရန် မဖြစ်နိုင်ကြောင်း သူ သဘောပေါက်သွားသည်။
ကောင်းကင်နတ်ဆိုးမျိုးနွယ်က ထူးခြားသော မျိုးနွယ်တစ်ခုပင်။ သူတို့၏ လက်သည်းများက ကျန်းရှောင်နူ ပုံစံပြောင်းပြီးသွားနောက် ရလာသော လက်သည်းများနှင့် ဆင်တူပြီး အလွန်ထက်ရှကြသည်။ ကျန်းရီသည် လက်သည်းပုံစံကို တုပနိုင်သော်လည်း ၎င်းတို့က အမှန်တကယ် ထက်ရှမာကြောခြင်း မဟုတ်သဖြင့် သတ်ရန်မဆိုထားနှင့် မြေကြီးကို တူးရန်ပင် တတ်နိုင်မည် မဟုတ်ပေ။
ကောင်းကင်နတ်ဆိုးမျိုးနွယ်တွင် အခြားစွမ်းအားကြီးစွမ်းရည်တစ်ခုလည်း ရှိပေသေးသည်။ ယင်းက စိတ်ဝိညာဉ်တိုက်ခိုက်မှုပင်။ သူတို့ ပစ်လွှတ်လိုက်သော စိတ်ဝိညာဉ်တိုက်ခိုက်မှုများက အနက်ရောင်စွမ်းအင်တစ်မျိုးပင်။ သို့သော် ကျန်းရီထံတွင် အနီရောင်၊ ရွှေရောင်နှင့် ရွှေအိုရောင် ဝိညာဉ်ဓားများသာ ရှိပေသည်။ ထိုဝိညာဉ်ဓားများက စိတ်ဝိညာဉ်မှဖြစ်၍ ပြောင်းလဲရန် နည်းလမ်းမရှိချေ။
ကျန်းရီ၏ ဝိညာဉ်ဓားများအကြောင်းကို သိသူမှာ လူအနည်းငယ်သာ ရှိသည်။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက ပုံစံပြောင်းသွားခြင်းဟု ရှင်းပြနိုင်လောက်သည်။ သို့သော် သူက ဝိညာဉ်ဓားများအပေါ်တွင်သာ မှီခိုနေလျှင် စွမ်းဆောင်ချက်ကြီးကြီးမားမား ပြသနိုင်မည် မဟုတ်ပေ။ သူ၏စိတ်ဝိညာဉ်ဓားများကလည်း အလွယ်တကူ ဖျက်ဆီးခံလိုက်ရနိုင်သည်။
ကောင်းကင်နတ်ဆိုးမျိုနွယ်များက တာအိုပုံသဏ္ဌာန်တိုက်ခိုက်မှုများကိုလည်း တတ်မြောက်ကြ၏။ သို့သော် ကျန်းရီ၏ စွမ်းအားအကြီးဆုံး တာအိုပုံသဏ္ဌာန်က မိုးကြိုးအမျက်ဖြစ်နေပေသည်။ ယင်းက သူ၏ ပြယုဂ်တစ်ခုပင်။ အကယ်၍ နှင်းဒေသတွင် အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုများရှိနေလျှင် သူမည်သူဖြစ်ကြောင်း ချက်ချင်း ပေါ်သွားမည်ဖြစ်သည်။ သူ၏ အခြားတာအိုပုံသဏ္ဌာန်တိုက်ခိုက်မှုများမှာမူ အလွန်အားနည်းပေသည်။
‘ရေခဲနှင်း တာအိုပုံသဏ္ဌာန်’
နောက်ဆုံးတွင် ကျန်းရီသည် လူပုမျိုးနွယ်၏ ဆန်းကြယ်သော ရေခဲနှင်း တာအိုပုံသဏ္ဌာန်ကို လေ့လာရန် ဆုံးဖြတ်လိုက်လေသည်။ ယင်းက တာအိုပုံသဏ္ဌာန်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရေးမကြီးပေ။ ကျန်းရီသာ ၎င်းကို သိမြင်နားလည်သွားနိုင်လျှင် သေချာပေါက် စွမ်းအားကြီး တိုက်ခိုက်နည်းလမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ သူသာ ၎င်းကို ဝိညာဉ်ဓားများနှင့် တွဲသုံးလိုက်လျှင် အခြားမျိုးနွယ်များ၊ ရေခဲသားရဲများနှင့် ရေခဲမှင်စာများကို သတ်ရာတွင် အလွန်အသုံးဝင်ပေလိမ့်မည်။
ကျန်းရီသည် ဆုံးဖြတ်ချက်ချပြီးနောက် ရေခဲနှင်း တာအိုပုံသဏ္ဌာန်ကို လေ့လာရန် အပြည့်အဝ အာရုံစိုက်လိုက်လေသည်။ ဤနှင်းဒေသက အလွန်အေးပြီး အချိန်ပြည့် နှင်းများ ထူထပ်စွာ ကျဆင်းနေသည်။ ထို့ကြောင့် ဤကဲ့သို့ ပတ်ဝန်းကျင်တစ်ခုတွင် ရေခဲနှင်း တာအိုပုံသဏ္ဌာန်ကို လေ့လာရန် ပို၍လွယ်ကူပေလိမ့်မည်။
***
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်နှစ်ခွဲ ပြည့်သွားပေပြီ။
ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်သည် လူပုမျိုးနွယ်က သူတို့ထံ ထပ်လာ၍ ပြဿနာရှာဝံ့တော့မည် မဟုတ်ဟု ကြေညာခဲ့သည်။ သို့သော် လူပုမျိုးနွယ်နှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်တို့သည် အပြင်ဘက်တွင် တိုက်ပွဲအသေးလေးများ အကြိမ်ဆယ်ချီ ဖြစ်ခဲ့သည်။ ထိုမျိုးနွယ်နှစ်ခု တွေ့ဆုံသည်နှင့် သေချာပေါက် တိုက်ပွဲတစ်ပွဲ ဖြစ်မည်သာ။ ထိုတိုက်ပွဲကလည်း သူသေကိုယ်သေတိုက်ပွဲပင်။ ထို့ကြောင့် ခြောက်လဟူသော အချိန်တိုအတွင်းမှာပင် မျိုးနွယ်နှစ်ခုစလုံးမှ မျိုးနွယ်ဝင်များ ထောင်နှင့်ချီ၍ သေဆုံးခဲ့သည်။
ရေခဲပင်လယ်က အကြီးမားဆုံး တိုက်ပွဲပြင် ဖြစ်ခဲ့သည်။ မျိုးနွယ်နှစ်ခုသည် ရေခဲပင်လယ်သို့ သိုင်းသမားများ စေလွှတ်တိုင်း အနည်းဆုံး လူရာကျော် စေလွှတ်ခဲ့သည်။ အကယ်၍ တစ်ယောက်တည်း သွားပါက သူတို့ ပြန်လာနိုင်ကြတော့မည် မဟုတ်ပေ။
ကျန်းရီနှင့် မိုထျန်းတို့သည် ထိုကိစ္စများကို အရေးမစိုက်ဘဲ ကောင်းကင်နတ်ဆိုးတောင်တွင် တိတ်တဆိတ် ကျင့်ကြံနေခဲ့ကြသည်။ နှစ်ဝက်အတွင်းမှာပင် မိုထျန်းသည် ကောင်းကင်ဧကရာဇ် ဆဋ္ဌမအဆင့်မှနေ၍ သတ္တမအဆင့်သို့ ရောက်သွားပေပြီ။ ထို့ကြောင့် သူက တရားဝင် အဆင့်မြင့် ကောင်းကင်ဧကရာဇ် ဖြစ်သွားပြီဖြစ်သည်။
ကျန်းရီကမူ ကျင့်ကြံခြင်အဆင့်တက်ရန် အခက်တွေ့နေပြီး ကောင်းကင်ဧကရာဇ် တတိယအဆင့်တွင်သာ တစ်နေခဲ့သည်။ သို့သော် သူသည် ကောင်းကင်ဧကရာဇ် စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။ သို့ရာတွင် နှစ်ဝက်ကျင့်ကြံပြီးနောက်တွင်ပင် သူသည် ရေခဲနှင်း တာအိုပုံသဏ္ဌာန်ကို မသိမြင်နားမလည်နိုင်သေးပေ။
တာအိုပုံသဏ္ဌာန်များက အလွန်ဆန်းကြယ်ပေသည်။ ကြိုးစားလေ့လာတိုင်းလည်း အောင်မြင်မည် မဟုတ်ချေ။ အောင်မြင်မှုက ကံကြမ္မာနှင့် အခွင့်အရေးကောင်းပေါ်တွင် မူတည်ပေသည်။ ကံကြမ္မာမပါပါက တစ်ဘဝလုံး ကြိုးစားလျှင်ပင် အောင်မြင်မည် မဟုတ်ချေ။
‘ငါ့ရဲ့ အတွင်းအားအဆင့်က ကောင်းကင်ဧကရာဇ် စတုတ္ထအဆင့်ကို ရောက်သွားတဲ့အထိ ရေခဲနှင်း တာအိုပုံသဏ္ဌာန်ကို မသိမြင်မနားလည်နိုင်သေးရင် ငါ အပြင်ကိုထွက်ပြီး အခွင့်အရေးတွေ ရှာဖွေရမှာပဲ’
ကျန်းရီသည် ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏အတွင်းအားကို ဆက်ကျင့်ကြံလိုက်ကာ တာအိုပုံသဏ္ဌာန်ကို စစ်နှစ်၍ ဆက်လေ့လာလိုက်သည်။ တစ်လကျော် ဆက်ကျင့်ကြံပြီးနောက်တွင် သူ၏အတွင်အားအဆင့်က ကောင်းကင်ဧကရာဇ် စတုတ္ထအဆင့်သို့ ရောက်သွားလေသည်။ သို့သော် တာအိုပုံသဏ္ဌာန်ဘက်တွင်တော့ တိုးတက်မှု မရှိသေးချေ။
‘အပြင်ကိုထွက်ဖို့ အချိန်တန်ပြီ’
ကျန်းရီသည် အမြဲပင် ပြတ်ပြတ်သားသား၊ မြန်မြန်ဆန်ဆန် လုပ်တတ်သူဖြစ်သည်။ သူသည် ချက်ချင်း ဂူထဲမှ ထွက်လိုက်ပြီး ဘေးရှိ အခြားဂူတစ်လုံးထံသို့ လျှောက်သွားလိုက်၏။ သူက မိုထျန်းနှင့်အတူ ရေခဲသားရဲများကို အမဲလိုက်လိုနေခြင်းပင်။
“အာ...”
ကျန်းရီသည် ထိုဂူထဲတွင် မိုထျန်း၏ ညီ၊ ညီမနှင့် အမေတို့သာရှိနေကြောင်း သတိပြုမိလိုက်၏။ သူသည် မိုထျန်းကို မမြင်သဖြင့် စိတ်ဝင်တစား မေးလိုက်သည်။
“အစ်ကိုမိုထျန်း ဘယ်သွားလဲ”
မိုထျန်း၏ ညီမလေးက စိုးရိမ်သော မျက်နှာထားဖြင့် ရှင်းပြလိုက်သည်။
“အစ်ကိုမိုရှင်း... အစ်ကိုကြီးက မျိုးနွယ်ဝင်တချို့နဲ့အတူ ရေခဲပင်လယ်ကို သွားပါတယ်။ အစ်ကိုကြီးက အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ခဲ့လို့ ရေခဲသားရဲတွေနဲ့ ရေခဲမှင်စာတွေကို အမဲသွားလိုက်ချင်ခဲ့တာ။ ဒါပေမဲ့ သူထွက်သွားတာ တစ်လကျော်ပြီး အခုထိ ပြန်မလာသေးဘူး”
“အို့...”
ကျန်းရီ အတန်ငယ် စိတ်ပျက်သွားသည်။ ထို့နောက် သူ မျက်လုံးပုတ်ခတ်ကာ ပြောလိုက်သည်။
“မင်းတို့အကုန်လုံး ဂူထဲမှာပဲ နေကြပါ... လျှောက်မသွားကြပါနဲ့။ ငါ အပြင်ကိုသွားပြီး ရှာကြည့်လိုက်ပါမယ်”
“ဟင့်အင်း...”
မိုထျန်း၏အမေက ပြတ်ပြတ်သားသား ပြောလိုက်သည်။
“မိုရှင်း... မင်း သွားလို့မရဘူး။ မိုထျန်း မသွားခင်က မင်းကို အိမ်မှာပဲနေပြီး သူပြန်လာတာကို စောင့်ဖို့ မှာသွားတယ်”
“ဟင်းဟင်း...”
ကျန်းရီက ခပ်သဲ့သဲ့ ရယ်လိုက်ပြီး ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့။ ကျွန်တော် သတိထားမှာပါ”
ဝှစ်...
ကျန်းရီသည် ပြောပြီးပြီးချင်း ချက်ချင်းပင် ပျံထွက်သွားလိုက်ပြီး တောင်အောက်သို့ လျင်မြန်စွာ ဆင်းသွားကာ မြေကြီးအတွင်း ဝင်သွားလိုက်လေသည်။ မိုထျန်း၏ ညီမလေးက ကျန်းရီ၏ နောက်ကျောပြင်ကို ကြည့်ကာ သူ့အမေကို ပြောလိုက်သည်။
“အမေ... ဘာလို့ အစ်ကိုမိုရှင်းက အရင်တစ်ခေါက် ပြန်ရောက်လာပြီးကတည်းက တခြားလူတစ်ယောက်လို ဖြစ်သွားတယ်လို့ သမီးခံစားနေရတာလဲ မသိဘူး။ သူက သူစိမ်းတစ်ယောက်လိုပဲလို့ ခံစားနေရတယ်... အရင်တုန်းက သမီးတို့ရဲ့ အစ်ကိုမိုရှင်းနဲ့ မတူတော့သလိုပဲ”
“ဟုတ်တယ်...ဟုတ်တယ်...”
မိုထျန်း၏ ညီလေးကလည်း ခေါင်းညိတ်ကာ ဝင်ပြောလိုက်သည်။
“အရူးလေးတွေ...”
မိုထျန်း၏အမေက ခေါင်းခါကာ ပြုံး၍ ပြောလိုက်သည်။
“မင်းတို့ရဲ့ အစ်ကိုမိုရှင်းက ရင့်ကျက်လာပြီး စစ်မှန်တဲ့ယောက်ျားတစ်ယောက် ဖြစ်လာတာပဲ။ သူ့ရဲ့ စိတ်ဝိညာဉ်က ဒဏ်ရာရခဲ့တယ်လို့ မင်းတို့ရဲ့ အစ်ကိုကြီးက မင်းတို့ကို ပြောပြတယ်မလား။ အများကြီး မတွေးပါနဲ့။ အခု မိုရှင်းက ပိုပြီးတည်ငြိမ်ရင့်ကျက်လာပြီ... အဲ့ဒါက ကောင်းတဲ့ကိစ္စပဲ။ နောက်ကျရင် မင်းတို့ရဲ့ အစ်ကိုမိုရှင်းက ကြီးမားတဲ့အောင်မြင်မှုတွေ ရလာလိမ့်မယ်လို့ အမေ ခံစားနေရတယ်”
“စစ်မှန်တဲ့ယောက်ျားတစ်ယောက်”
မိုထျန်း၏ ညီမလေး၏ မျက်လုံးများက အရောင်လက်သွားသည်။ ထို့နောက် သူမက ခေါင်းစောင်း၍ ပြောလိုက်သည်။
“ဟုတ်တယ်... အစ်ကိုမိုရှင်းက သူစိမ်းတစ်ယောက်လို ဖြစ်သွားတယ်ဆိုပေမယ့် အခု သူ့ဆီမှာ ထူးခြားတဲ့ အငွေ့အသက်တစ်ခု ရှိလာပြီ။ ပြီးတော့ သူက အရမ်းယောက်ျားဆန်လာပြီး ဆွဲဆောင်မှုတစ်ခု ရှိလာတယ်။ သမီးတော့ အခုအစ်ကိုမိုရှင်းကို ပိုသဘောကျတယ်”
***