← Chapters

ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းသူများလော

Vol. 71 Ch. 987

ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းသူများလော

Vol. 71 Ch. 987

ကောင်းကင်နတ်ဆိုးတောင်၏ မြောက်ဘက်ရှိ မြေအောက်ထဲတွင် ကျန်းရီသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်က တူးထားသော မြေအောက်လိုဏ်ခေါင်းတစ်ခုကိုသုံး၍ အရှေ့သို့ သွားနေလေသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်သည် နှစ်သိန်းချီအတွင်း မရေမတွက်နိုင်သော မြေအောက်လိုဏ်ခေါင်းများကို တူးထားခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် ထိုလိုဏ်ခေါင်းများကို အသုံးပြုကာ အလွယ်တကူ သွားလာနိုင်နေပေသည်။

အချိန်အတိုင်းအတာတစ်ခုအထိ လူပုမျိုးနွယ်သည် ကောင်းကင်နတ်ဆိုးမျိုးနွယ်နှင့် တွေ့ကြုံရတိုင်း သတ်ရန် ကြိုးစားနေမည်သာ။ ကျန်းရီက တစ်ယောက်တည်း သွားနေခြင်းဖြစ်၍ ပိုအန္တရာယ်များပေသည်။ မည်သို့ပင်ဖြစ်စေ သူသည် တစ်ယောက်တည်း သွားရခြင်းကို ပို၍သက်တောင့်သက်သာ ဖြစ်ပေသည်။ သူသာ အခြားကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များနှင့် အတူသွားလျှင် သူမည်သူဖြစ်ကြောင်း ပေါ်သွားမည်ကို စိုးရိမ်ရ၍ အင်အားကုန် ထုတ်သုံးနိုင်မည် မဟုတ်ချေ။ ဤတစ်ခေါက် သူ အပြင်သို့ ထွက်လာခြင်းမှာ တာအိုပုံသဏ္ဌာန်များကို သိမြင်နားလည်နိုင်မည့် အခွင့်အရေးများကို ရှာရန်ဖြစ်သည်။ ထို့ကြောင့် သူတစ်ယောက်တည်း သွားခြင်းက အကောင်းဆုံးဖြစ်သည်။

ဝုန်း...

နှစ်ရက်ကြာသွားပြီးနောက် ကျန်းရီသည် မြေအောက်လိုဏ်ဂူများအတွင်းမှ သွားရခြင်းက အတန်ငယ် စိတ်မွန်းကြပ်ဖွယ်ကောင်းကြောင်း ခံစားလာရသည်။ ထို့နောက် သူသည် မြေပြင်ထက်သို့ ရောက်သည့် လိုဏ်ခေါင်းတစ်ခုအတိုင်း သွားရန် ဆုံးဖြတ်လိုက်သည်။ လိုဏ်ခေါင်းဝကို နှင်းများက ဖုံးလွှမ်းထားသဖြင့် သူသည် နှင်းများကို ဖယ်ရှားကာ အပြင်သို့ ထွက်လိုက်သည်။ အပြင်သို့ ရောက်သောအခါ သူသည် ရေခဲပြင်ကြီးနှင့် နှင်းများကျဆင်းနေသော ကောင်းကင်ကိုသာ တွေ့လိုက်ရ၏။ သူ့ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခု ထွက်ပေါ်လာလေသည်။

ကျန်းရီသည် မြေပေါ်တွင် ရပ်ကာ ငူငူငိုင်ငိုင်ဖြင့် ငေးကြည့်နေမိ၏။ နှင်းများက သူ၏အနက်ရောင်ဆံပင်ပေါ်သို့ ကျဆင်းလာသည်။ သူသည် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကိုသုံးကာ မိုရှင်း၏ပုံစံ ပြောင်းထားသဖြင့် သူ့ဆံပင်များက အနီရောင်မဟုတ်တော့ပေ။ သို့သော် မကြာခင်မှာပင် သူ၏ဆံပင်များသည် နှင်းများ ဖုံးလွှမ်းခံလိုက်ရသဖြင့် အဖြူရောင်ဖြစ်သွားလေသည်။

“ဟူး...”

အစောမှ ခံစားချက်က အရိပ်အယောင်ပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွား၏။ ကျန်းရီသည် ထိုခံစားချက်ကို ဆုပ်ကိုင်ထားလိုသော်လည်း မတတ်နိုင်ခဲ့ပေ။ သူသည် ခေတ္တမျှ ဆက်ရပ်နေပြီးနောက် တင်ပျဉ်ခွေထိုင်ချလိုက်ကာ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်လေသည်။ ပတ်ဝန်းကျင်တွင် မည်သည့်ရန်သူမှ မရှိကြောင်း အတည်ပြုပြီးသောအခါ သူ အရှေ့သို့ ဆက်သွားလိုက်သည်။

ကျန်းရီသည် မျက်လုံးများကို မှိတ်၍ အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။ နှင်းများကလည်း သူ့ခန္ဓာကိုယ်ပေါ်သို့ တဖွဲဖွဲ ကျဆင်းနေသည်။ ထို့ကြောင့် အေးစက်စက်ခံစားချက်တစ်ခုက သူ့ကို လွှမ်းခြုံထားပေသည်။ သူ၏အတွေးထဲတွင်မူ လူပုများက နှင်းနဂါးများကို ထုတ်လွှတ်နေသည့်ပုံရိပ်များနှင့် ပြည့်နှက်နေ၏။ သူသည် ထိုစွမ်းရည်ကို သိမြင်နားလည်နိုင်ရန် ကြိုးစားနေခြင်းပင်။

ကောင်းကင်မှ တဖွဲဖွဲကျဆင်းနေသော နှင်းများ၊ အရိုးခိုက်အောင် အေးသည့် လေညင်း...

ကျန်းရီသည် ပါးလျသော အနက်ရောင်ဝတ်စုံတစ်ထပ်ကိုသာ ဝတ်ဆင်ထားပြီး အရှေ့သို့ တစ်ကိုယ်တည်း သွားနေသည်။ သူ၏ ခြေလှမ်းများက ပေါ့ပါးပြီး မည်သည့် ခြေသံမှ မထွက်စေပေ။ သို့သော် သူ့အနောက်ဘက် နှင်းပြင်ပေါ်တွင်မူ ခြေရာများ ထင်ကျန်ခဲ့၏။ သို့ပေသည့် ထိုခြေရာများကိုလည်း ထူထပ်စွာ ကျဆင်းနေသော နှင်းများက အလွန်လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။

ကျန်းရီသည် အတွင်းအား လှည့်ပတ်မနေသလို နတ်ဘုရားဒိုင်းကိုလည်း ထုတ်မထားဘဲ လေအေးများအား သူ့ခန္ဓာကိုယ်ကို ပွတ်တိုက်ခွင့် ပြုထားပေသည်။ သူ၏သွေးများသည် တဖြည်းဖြည်း အေးခဲလာ၏။ သူ့ခန္ဓာကိုယ်ကလည်း တောင့်တင်းလာရာ သူ၏လှုပ်ရှာမှုများက ကိုးရိုးကားရားဖြစ်လာသည်။ နောက်ဆုံးတွင် သူသည် အတွင်းအားအနည်းငယ် လှည့်ပတ်ကာ အအေးဓာတ်ကို မောင်းထုတ်လိုက်ရ၏။ ပြီးနောက်မှ သူ အရှေ့သို့ ဆက်သွားလိုက်လေသည်။

တဖြည်းဖြည်းဖြင့် ညရောက်လာသည်။ လေနှင့် နှင်းတို့ကလည်း တဖြည်းဖြည်း ရပ်တန့်သွားသည်။ ဝိညာဉ်လေများ ရောက်ရှိလာပေပြီ။ သို့သော် ကျန်းရီက မရပ်တန့်ဘဲ အရှေ့သို့ ဆက်သွားနေသည်။ သူသည် မျက်လုံးများလည်း မဖွင့်ဘဲ လမ်းပျောက်နေသော ကလေးတစ်ယောက်ကဲ့သို့ စမ်းတဝါးဝါးဖြင့် သွားနေလေသည်။

ကျန်းရီသည် တစ်ညလုံး လျှောက်နေ၏။ အရှေ့ဘက်မှ နေထွက်လာပေပြီ။ နှင်းဒေသတွင် မြင်ရခဲသော နေအလင်းတန်းက လေထုကို ဖြတ်သန်း၍ မြေပြင်ပေါ်သို့ ကျဆင်းလာ၏။ ပတ်ဝန်းကျင်တွင် နေပျောက်လေးများကလည်း သလင်းကျောက်များကဲ့သို့ တလက်လက်ထနေသည်။ ကျန်းရီက တောင်ငယ်တစ်လုံးပေါ်တွင် ရပ်နေပေသည်။ သူ၏မျက်ဝန်းများကလည်း ကြည်လင်ရှင်းလင်းနေပြီဖြစ်သည်။ သူသည် တစ်ရက်နှင့်တစ်ည ခြေဦးတည့်ရာသွားခဲ့သဖြင့် ယခု သူ မည်သည့်နေရာသို့ ရောက်နေကြောင်း မသိတော့ပေ။ သူသည် လုံးဝလမ်းပျောက်နေပြီဖြစ်သဖြင့် ရွေးချယ်စရာမရှိတော့ဘဲ အရပ်မျက်နှာတစ်ခုကို ကျပန်းရွေးချယ်ကာ ထိုဘက်သို့ လျှောက်သွားလိုက်လေသည်။

ကျန်းရီသည် ရေခဲနှင်း တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်လိုလျှင် ရေခဲများ၊ နှင်းများနှင့် တစ်သားတည်း ဖြစ်သွားရန် လိုအပ်သည်ဟု အလိုလို ခံစားနေရ၏။ ရေခဲနှင်းစွမ်းအားကို သိမြင်နိုင်ရန် ရေခဲနှင့် နှင်း၏ အအေးဓာတ်ကို ခံစားရန် လိုအပ်ပေသည်။

ဒုန်း...ဒုန်း...ဒုန်း...

တစ်ခဏမျှ လျှောက်ပြီးနောက် ရုတ်တရက် အရှေ့မှနေ၍ ခြေသံပြင်းပြင်းများ ထွက်ပေါ်လာ၏။ ကျန်းရီသည် ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး အတွင်းအားလှည့်ပတ်ကာ ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ပြုလုပ်လိုက်လေသည်။ ထို့နောက် သူသည် ကောင်းကင်စိတ်အာရုံကိုထုတ်၍ အာရုံခံလိုက်၏။ သူ၏မျက်ဝန်းများ အေးစက်သွားလေသည်။

ဧရာမသတ္တဝါ တစ်ဒါဇင်ကျော်က ပြေးလာနေပေသည်။ သူတို့က ကျန်းရီကို ရှာတွေ့သွားခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ သူတို့ဆိုသည်မှာ မိုထျန်းပြောခဲ့သော အမွေးရှည်ဆင်မျိုးနွယ်ပင်။ သူတို့သည် ခြောက်မီတာကျော် မြင့်ကြပြီး ကြောက်မက်ဖွယ် တုတ်ခိုင်သန်မာကြပေသည်။ သူတို့၏ ဦးခေါင်းပေါ်တွင် ဧရာမဦးချိုတစ်ခု ရှိပြီး ထိုဦးချိုက အေးစက်စက်အလင်း တောက်ပနေသည်။ သူတို့၏ ခန္ဓာကိုယ်တွင်မူ မည်သည့်မိစ္ဆာချီမှ ရှိမနေပေ။ မဟုတ်လျှင် ကျန်းရီသည် သူတို့က မိစ္ဆာမျိုးနွယ်မှ ဖြစ်လိမ့်မည်ဟု ယူဆမိသွားမည်ဖြစ်သည်။

ဒုန်း...ဒုန်း...ဒုန်း...

အမွေးရှည်ဆင်မျိုးနွယ်ဝင် ဆယ့်လေးယောက်က လျင်မြန်စွာ ပြေးလာကြ၏။ သူတို့ ခြေတစ်လှမ်းပြေးလိုက်တိုင်း မြေပြင်က တုန်ခါသွားသည်။ သူတို့၏ ခြေလှမ်းတစ်လှမ်းတိုင်းက မီတာဆယ်ချီ ကျယ်ပေသည်။ သူတို့အားလုံးက အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်များဖြစ်ကြသဖြင့် တဒင်္ဂအတွင်းမှာပင် ကျန်းရီ၏ မြင်ကွင်းအတွင်းသို့ ရောက်လာကြလေသည်။

“ကောင်းကင်နတ်ဆိုးမျိုးနွယ်ပဲ... သတ်ကြ”

အမွေးရှည်ဆင်မျိုးနွယ်ဝင် တစ်ယောက်က ကျန်းရီကို ဧရာမမျက်လုံးများဖြင့် ကြည့်၍ အော်ပြောလိုက်သည်။ ကျန်းရီသည် မလှုပ်ရှားဘဲ ကောင်းကင်စိတ်အာရုံကိုသုံး၍သာ အာရုံခံလိုက်လေသည်။ ဆယ်မိုင်ပတ်လည်အတွင်း၌ မည်သည့်ပညာရှင်မှ ပုန်းအောင်းမနေကြောင်း အတည်ပြုပြီးသောအခါ သူ အေးစက်စက် ပြောလိုက်သည်။

“ငါက မင်းတို့နဲ့ ဘာရန်ငြိုး၊ ရန်စမှ ရှိတာမဟုတ်ဘူး။ ဘာလို့ မင်းတို့က ငါ့ကို မြင်တာနဲ့ သတ်ချင်နေရတာလဲ”

“ဟွန်း...”

အမွေးရှည်ဆင်မျိုးနွယ်ဝင် တစ်ယောက်က နှာမှုတ်ကာ ပြောလိုက်သည်။

“ကောင်လေး... ငါတို့ အမွေးရှည်ဆင်မျိုးနွယ်နဲ့ လူပုမျိုးနွယ်က အကောင်းဆုံးမဟာမိတ်တွေဆိုတာ မသိဘူးလား။ ငါတို့ရဲ့အကြီးအကဲတွေက ကောင်းကင်နတ်ဆိုးမျိုးနွယ်တွေကို တွေ့တာနဲ့သတ်ဖို့ အမိန့်ပေးထားပြီးပြီ။ ကောင်လေး... ကိုယ့်ကံကြမ္မာကို လက်ခံလိုက်ပြီး အေးအေးဆေးဆေး သေလိုက်တော့”

ရွှီး...

အမွေးရှည်ဆင်မျိုးနွယ်ဝင် ဆယ့်လေးယောက်၏ ဦးချိုများက လင်းလက်လာ၏။ ထို့နောက် ကြောက်မက်ဖွယ် အပြာရောင်အလင်းတန်း ဆယ့်လေးတန်း ပျံထွက်လာသည်။ ကျန်းရီသည် ၎င်းတိုကို ရှောင်လည်းမရှောင်သလို ထွက်လည်းမပြေးပေ။ ထိုအစား သူက အရှေ့သို့ ပြေးသွားလိုက်သည်။ သူသည် ဝိညာဉ်လေဓားဆယ်ချောင်းကို တိတ်တဆိတ် ထိန်းချုပ်၍ အမွေးရှည်ဆင်မျိုးနွယ်ဝင် ဆယ်ယောက်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ဝုန်း...ဝုန်း...

အပြာရောင်အလင်းတန်း ဆယ့်လေးတန်းစလုံး ကျန်းရီ၏ ခန္ဓာကိုယ်ကို ထိမှန်သွား၏။ အမွေးရှည်ဆင်မျိုးနွယ်ဝင်များ အံ့အားသင့်သွားသည်။ ကျန်းရီက မည်သည့်တုံ့ပြန်မှုမှ မပြသလို သူ၏ခန္ဓာကိုယ်ကလည်း စင်တီမီတာအနည်းငယ်ပင် ရွေ့မသွားပေ။ ထိုအလင်းတန်းများကသာ ကျန်းရီ၏ ခန္ဓာကိုယ်အရှေ့တွင် တိတ်တဆိတ်ပျောက်ကွယ်သွားလေသည်။

“မင်းတို့ရဲ့ တိုက်ခိုက်မှုတွေက အဆင့်နိမ့်လွန်းတယ်။ သေပေတော့”

ကျန်းရီက အေးစက်စက်ပြောလိုက်ပြီး ဝိညာဉ်လေဓားဆယ်ချောင်းကို သတ်ဖြတ်ရန် စေလွှတ်လိုက်လေသည်။ အမွေးရှည်ဆင်မျိုးနွယ်ဝင် ဆယ်ယောက်သည် အပြာရောင်အလင်း လက်သွားပြီးနောက် အပိုင်းပိုင်းပြတ်သွားကြသည်။

“အာ...”

အမွေးရှည်မျိုးနွယ်ဝင် ဆယ်ယောက်က အပိုင်းပိုင်းပြတ်သွားသောအခါ ကျန်‌လေးယောက်က အလွန်ကြောက်ရွံ့သွားလေသည်။ သူတို့သည် ကျန်းရီကို ကြောက်ရွံ့တကြီး ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့ထဲမှ တစ်ယောက်က ရုတ်တရက် အော်ပြောလိုက်သည်။

“သူက နတ်ဆိုးပဲ... မြန်မြန် ထွက်ပြေးကြ”

အမွေးရှည်ဆင်မျိုးနွယ်ဝင် လေးယောက်က အသည်းအသန် ထွက်ပြေးကြ၏။ ကျန်းရီက လှောင်ပြုံးပြုံးလိုက်ပြီး ဝိညာဉ်လေဓားများကို ထိန်းချုပ်၍ သူတို့နောက်သို့ လိုက်သွားစေလိုက်သည်။ အမွေးရှည်ဆင်မျိုးနွယ်သည် နဂိုကတည်းက နှေးသည့်မျိုးနွယ်ဖြစ်၍ ဝိညာဉ်လေဓားများက သူတို့ကို အလွယ်တကူ မီသွားလေသည်။ ထို့နောက်တွင် သူတို့အားလုံး အပိုင်းပိုင်း ပြတ်သွားလေတော့သည်။

ဝှစ်...

ကျန်းရီသည် အရှေ့သို့ ပျံသွားလိုက်ပြီး လေထဲတွင် မျောနေသော ရှေးဟောင်းနတ်ဘုရားလက်စွပ် ဆယ့်လေးကွင်းကို ယူလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ကိုးဘုံ နဂါးမီးတောက်များကို ထုတ်လွှတ်ကာ အမွေးရှည်ဆင်မျိုးနွယ်ဝင်များ၏ အလောင်းများကို ပြာချပစ်လိုက်ပြီး မြေကြီးထဲသို့ လျင်မြန်စွာ ဝင်၍ ထွက်သွားလိုက်လေသည်။

တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော အာကာပြင်တုန်ခါမှုက ပတ်ဝန်းကျင်မှ သိုင်းသမားများကို အာရုံစိုက်သွားစေမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် မည်သူ့ကိုမှ မသတ်လိုပေ။ အခြားသူများက သူ့ကို ရန်မစသ၍ သူ သတ်ဖြတ်မည် မဟုတ်ချေ။ သို့သော် သူ့ကို ရန်လာစလျှင်မူ သူက ငရဲမှတက်လာ‌သော နတ်ဆိုးတစ်ကောင် ဖြစ်သွားမည်သာ။

“အာ... ဒီအရူးတွေမှာ ရေခဲသားရဲအလောင်း သုံးလောင်းရှိတာလား။ ကောင်းတယ်... ငါ ဂိုဏ်းကို ပြန်ရောက်ရင် အဲ့ဒါတွေကို မိုထျန်းကို ပေးလို့ရတယ်။ ဒါဆို ငါတို့ရဲ့ တာဝန် ပြီးမြောက်သွားမှာပဲ”

ကျန်းရီသည် ရှေးဟောင်းနတ်ဘုရားလက်စွပ်များကို စစ်ဆေးလိုက်ရာ လက်စွပ်များထဲတွင် စုံစီနဖာပစ္စည်းများ များစွာရှိကြောင်း သိလိုက်လေသည်။ သူသည် ထိုပစ္စည်းများကို တစ်ခုချင်း မစစ်ဆေးနိုင်သဖြင့် အရေးစိုက်မနေတော့ဘဲ ၎င်းတို့အားလုံးကို ဖျက်ဆီးပစ်လိုက်ကာ ရေခဲသားရဲအလောင်း သုံးလောင်းကိုသာ ချန်ထားလိုက်သည်။

မိုင်တစ်ထောင်သွားပြီးနောက် ကျန်းရီသည် သူ့နောက်သို့ မည်သူမှ မလိုက်နေကြောင်း အတည်ပြုလိုက်ပြီး မြေပြင်ထက်သို့ ပြန်ထွက်လိုက်ပြီး ရေခဲနှင်း တာအိုပုံသဏ္ဌာန်ကို ဆက်လေ့လာရန် ဟန်ပြင်လိုက်သည်။

ကျန်းရီသည် မြေပြင်ထက်သို့ ရောက်သောအခါ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ထို့နောက် ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်ကာ ထပ်မံအာရုံခံလိုက်သည်။ ဤဒေသတွင် သူ၏ ကောင်းကင်နားလည်သိမြင်ခြင်းက မိုင်ငါးရာပတ်လည်အတွင်းကိုသာ အာရုံခံနိုင်သော်လည်း လုံးဝအာရုံမခံဘဲ နေခြင်းထက် သာသေးသည်ဟု ဆိုရပေမည်။ အနည်းဆုံးတော့ ပတ်ဝန်းကျင်တွင် စစ်တပ်များ ရှိနေ၊ မနေကို သူ အတည်ပြုနိုင်ပေသည်။

“အာ...”

ကျန်းရီသည် အာရုံခံထောက်လှမ်းနေရင်း ရုတ်တရက် တုန်ယင်သွား၏။ မြောက်ဘက်ရှိ တောင်ကြားတစ်ခုတွင် မိန်းမပျိုသုံးယောက် ရှိနေကြောင်း သူ အာရုံခံမိလိုက်ခြင်းပင်။ ထိုတောင်ကြားထဲတွင် ထူးဆန်းသော အဖြူရောင်ဆေးပင်အချို့ ရှိနေသည်။ ထိုမိန်းမပျိုသုံးယောက်က ယင်းဆေးပင်များကို နှုတ်ယူနေခြင်းပင်။ မိန်းမပျိုသုံးယောက်သည် လှပကြပြီး နတ်မိမယ်များကဲ့သို့ အဖြူရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူမတို့၏ အရှိန်အဝါကလည်း ထူးခြား၏။ သူမတို့ကို တစ်ချက်ကြည့်မိရုံဖြင့် သူမတို့၏ပုံရိပ်များက စိတ်ထဲတွင် ဆွဲထင်သွားမည်ဖြစ်သည်။

‘မိန်းမပျိုတွေ၊ ထူးခြားတဲ့ အရှိန်အဝါ... သူတို့က ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ဂိုဏ်းသူတွေ ဖြစ်နေမလား”

ကျန်းရီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ နှင်းဒေသတွင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းသည်သာ ထူးကဲလှပသော မိန်းမပျိုများနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုမိန်းမပျိုသုံးယောက်၏ ထူးခြားသော အရှိန်အဝါမျိုးကို သာမန်ဂိုဏ်းများတွင် တွေ့နိုင်ရန် ခက်ခဲပေသည်။ ထို့ကြောင့် ထိုသုံးယောက်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများ ဖြစ်နိုင်သည်။

‘သွားမယ်...’

ကျန်းရီ၏ မျက်ဝန်းများထဲတွင် မီးဟုန်းဟုန်းတောက်နေသည်။ သူသည် အလွန်စိတ်လှုပ်ရှားနေပြီး မြောက်ဘက်သို့ အလွန်လျင်မြန်စွာ ပျံသန်းသွားလိုက်လေသည်။

***

All Chapters