← Chapters

ကျွန်တော်က ကျန်းရီ

Vol. 71 Ch. 988

ကျွန်တော်က ကျန်းရီ

Vol. 71 Ch. 988

တောင်ကြားက ကြီးမားပြီး အဖြူရောင်ဆေးပင်များ ပေါက်နေသော နေရာများစွာ ရှိနေသည်။ ထိုဆေးပင်များက အမှန်ပင် ပေါများသော်လည်း သာမန်လူများဆိုလျှင် ၎င်းတို့၏ အသုံးဝင်ပုံကို မသိနိုင်ပေ။ ထို့ကြောင့် မည်သူမှ ၎င်းတို့ကို သွားခူးယူမည် မဟုတ်ချေ။

ကျန်းရီသည် ‌တောင်ကြားအနီးသို့ သူ၏အမြန်ဆုံးအရှိန်ဖြင့် သွားနေ၏။ သူ တောင်ကြားနှင့် ဆယ်မိုင်အကွာသို့ ရောက်သောအခါ သူ့ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်သွားပြီး တဖြည်းဖြည်း ပုံစံပြောင်းလဲသွားလေသည်။ သူသည် အမွေးရှည်ဆင်မျိုးနွယ်ဝင်တစ်ယောက်အဖြစ် ပြောင်းလဲလိုက်ခြင်းပင်။ ယခုတွင် သူ့ခေါင်း၌ ဦးချိုတစ်ချောင်း ရှိနေပြီး ၎င်းဦးချိုက အပြာရောင်အလင်း တောက်ပနေပေသည်။ သို့သော် သူ့ဦးချိုက အပြာရောင်အလင်းလှိုင်းများကိုတော့ မပစ်လွှတ်နိုင်ပေ။ သူက ဟန်ဆောင်ရုံသာ ဟန်ဆောင်နိုင်ခြင်း ဖြစ်သည်။

ဒုန်း...ဒုန်း...ဒုန်း...

ကျန်းရီသည် ပုံစံပြောင်းလဲပြီးနောက် တောင်ကြားဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် သွားလိုက်၏။ အနီးသို့ ရောက်သောအခါ သူသည် တောင်ထွတ်ဆီသို့ ခုန်တက်လိုက်ပြီး အောက်ဘက်တောင်ကြားထဲရှိ မိန်းမပျိုသုံးယောက်ကို ကြည့်လိုက်လေသည်။

“အန်...”

မိန်းမပျိုသုံးယောက်သည် ကျန်းရီကို သတိထားမိသွားသော်လည်း မျက်နှာထား မပျက်သွားကြပေ။ သူမတို့က ကျန်းရီကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်ကြပြီး ဆေးပင်များကို ဆက်ခူးနှုတ်နေသည်။ ကျန်းရီ၏ ဧရာမမျက်လုံးများက ထိုမိန်းမပျိုသုံးယောက်ကို ဆက်ကြည့်နေ၏။ သူမတို့က ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှဖြစ်ကြောင်း သူ ပိုသေချာလာလေသည်။ သူမတို့၏ ဆေးပင်ခူးသည့် ဟန်ပန်ကပင် ကျော့ရှင်းပေသည်။ သူမတို့က ဆေးပင်ခူးလေ့ရှိသူများဖြစ်ကြောင်းလည်း သိသာပေသည်။

ထူးခြားသော အရှိန်အဝါရှိသည့် မိန်းမပျိုများသည် ဂုဏ်သရေရှိသခင်မလေးများ သို့မဟုတ် သာမန်ဂိုဏ်းများမှဆိုလျှင် ချစ်ခင်ခံရသော ကြင်ရာတော်များ  ဖြစ်တတ်ကြသည်။ သို့သော် အဘယ်ကြောင့် ထိုမိန်းမပျို‌လေးများက ဆေးပင်ခူးနေရသနည်း။ သူမတို့ထံတွင် အခြားထူးခြားချက်တစ်ခုလည်း ရှိပေသေးသည်။ သူမတို့သုံးယောက်က အတော်လေး စွမ်းအားကြီးပုံပေါ်သည်။ သူမတို့ထဲမှ တစ်ယောက်က အဆင့်မြင့် ကောင်းကင်ဧကရာဇ်ဖြစ်ပြီး ကျန်နှစ်ယောက်မှာ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်များ ဖြစ်ကြသည်။ အသက်ငယ်ငယ်ဖြင့် ထိုကဲ့သို့ အဆင့်များသို့ ရောက်နေခြင်းမှာ ချီးကျူးဖွယ်ပင်။

ဝှစ်...

ကျန်းရီသည် တောင်ထွတ်ကို ခြေဖြင့်ကန်အားပြု၍ ခပ်မြင့်မြင့် ခုန်လိုက်ပြီး တောင်ကြားထဲသို့ ဆင်းသွားလိုက်သည်။ ထို့နောက် သူက လက်ဆုပ်ကာ ပြောလိုက်သည်။

“ဒီက နတ်မိမယ်လေးသုံးပါးက ကောင်းကင်လျှို့ဝှက်ဂိုဏ်းကပါလား”

မိန်းမပျိုသုံးယောက်သည် ကျန်းရီကို အရေးမစိုက်ဟန်ဖြင့် ထပ်ကြည့်လိုက်၏။ သူမတို့က ကျန်းရီ၏မေးခွန်းကို ပြန်ဖြေလိုပုံ မပေါ်ပေ။ ထို့ကြောင့် သူမတို့က ဆေးပင်များကို ဆက်ခူးနေလိုက်ကြသည်။ ကျန်းရီသည် အိုးတိုးအန်းတန်းဖြင့် လက်ဆုပ်ကာ ထပ်မံ ပြောလိုက်သည်။

“နတ်မိမယ်လေးတို့... ကျွန်တော်က ကိစ္စတချို့ကို မေးချင်ရုံပါ။ နတ်မိမယ်လေးတို့သာ ကျွန်တော်မေးတာကို ဖြေပေးမယ်ဆိုရင် ကျွန်တော် နတ်မိမယ်လေးသုံးပါးကို ရေခဲသားရဲသုံးကောင်ပေးပါမယ်”

“ရေခဲသားရဲလား...”

မိန်းမပျိုသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူမတို့က အတန်ငယ် လိုချင်စိတ် ဖြစ်သွားကြလေသည်။ အဆင့်မြင့် ကောင်းကင်ဧကရာဇ်က နောက်လှည့်ကာ မေးလိုက်သည်။

“ရှင် တကယ်ပြောတာလား”

“ဒါပေါ့”

ကျန်းရီ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်က လင်းလက်လာသည်။ သူသည် လက်စွပ်ထဲမှာ ရေခဲသားရဲအလောင်း တစ်လောင်းကိုထုတ်ကာ ပစ်ပေးလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

“ဒါကို စရံလို့ သဘောထားလိုက်ပါ။ နတ်မိမယ်လေးတို့ သုံးယောက်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းကပါလား”

အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့်ရှိသည့် မိန်းမပျိုက ရေခဲသားရဲအလောင်းကို သိမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။

“ဟုတ်ပါတယ်။ ကျွန်မတို့က ကောင်းကင်လျှို့ဝှက်ဂိုဏ်းက တပည့်တွေပါ။ ကျွန်မက ယန်မိသားစုရဲ့တပည့် ရန်ရူပါ”

“တွေ့ရတာ ဝမ်းသာပါတယ် နတ်မိမယ်ရန်ရူ”

ကျန်းရီ စိတ်လှုပ်ရှားသွားပြီး နောက်တစ်ကြိမ်ထပ်၍ ယဉ်ကျေးစွာ မေးလိုက်လေသည်။

“နတ်မိမယ်တို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက မကြာသေးခင်တုန်းက အရှေ့ဘက် တော်ဝင်နယ်မြေကနေပြီး မိန်းကလေးတစ်ယောက်ကို ခေါ်လာခဲ့လားဆိုတာ ကျွန်တော် သိချင်ပါတယ်”

ရန်ရူနှင့် အခြားမိန်းမပျိုလေးနှစ်ယောက်သည် ချက်ချင်း မျက်နှာပျက်သွား၏။ ရန်ရူက မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။

“ဂိုဏ်းကအကြောင်းတွေကို ကျွန်မတို့ ဘာမှပြောပြလို့မရဘူး”

“အာ...”

ကျန်းရီ စိတ်ပျက်သွားသည်။ ထို့နောက် သူသည် မျက်တောင်ပုတ်ခတ်ကာ ထပ်မေးလိုက်၏။

“ကောင်းပါပြီ... ကျွန်တော် အဲ့အကြောင်းကို မမေးတော့ပါဘူး။ နတ်မိမယ်တို့က ကျွန်တော့်ကို ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ဘယ်နေရာမှာရှိလဲဆိုတာကိုပဲ ပြောပြပေးပါ။ ကျွန်တော့်မှာ နတ်မိမယ်တို့ရဲ့ အကြီးအကဲတွေနဲ့ တွေ့စရာ အကြောင်းလေးတွေ ရှိလို့ပါ။ အဲ့ကိစ္စက ကျွန်တော့်အတွက်ရော နတ်မိမယ်တို့ရဲ့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းအတွက်ရော အရမ်းအရေးကြီးပါတယ်”

ရန်ရူ၏ မျက်နှာထားက ပို၍ အေးစက်သွားသည်။ ထို့နောက် သူမသည် ရေခဲသားရဲကို ထုတ်ကာ ပြန်ပစ်ပေးလိုက်ပြီး ပြောလိုက်သည်။

“ကျွန်မတို့ ရှင့်ရဲ့ ရေခဲသားရဲကိုလည်း မလိုချင်တော့ဘူး။ ရှင့်ရဲ့ မေးခွန်းတွေကိုလည်း မဖြေနိုင်ဘူး။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းနဲ့ ပတ်သတ်တဲ့ ဘာသတင်းအချက်အလက်မှ ပေါက်ကြားလို့မရဘူး။ အဲ့ဒါက ဂိုဏ်းစည်းမျဉ်းပဲ”

ရန်ရူ၏စကား ဆုံးသွားသောအခါ မိန်းမပျိုသုံး‌ယောက်သည် ခပ်ဖွဖွ ခုန်လိုက်ပြီး အဝေးသို့ ပျံသန်းသွားကြလေသည်။ ကျန်းရီ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု လက်သွား၏။ သူသည် သူမတို့သုံးယောက်ကို ဖမ်းကာ စစ်မေးရန်ပင် စိတ်ကူးမိသွား၏။ သို့သော် ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ နှင်းဒေသ၏ နံပါတ်(၁)ဂိုဏ်းဖြစ်ပြီး နတ်ဘုရားတစ်ပိုင်း ပညာရှင် တစ်ဒါဇင်ကျော်ရှိကာ ဂိုဏ်းချုပ်က ဧကရာဇ်ကိုးပါးနှင့်ပင် ယှဉ်နိုင်သူဖြစ်ကြောင်း အမှတ်ရသွားသောအခါ သူ ထိုစိတ်ကူးကို စွန့်လွှတ်လိုက်လေသည်။

စုလောရွှယ်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းတွင်ပင် ရှိနေသေးသည်။ အကယ်၍ ကျန်းရီသာ ကောင်းကင်လျှို့ဝှက်ဂိုဏ်းနှင့် ပဋိပက္ခဖြစ်လျှင် စုလောရွှယ်ကို ခက်ခက်ခဲခဲ ကယ်တင်ရပေလိမ့်မည်။

ထို့ကြောင့် ကျန်းရီသည် အံကြိတ်ကာ ထိုမိန်းမပျိုသုံးယောက်နောက်မှ နောက်ယောင်ခံလိုက်သွားပြီး ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ရှာရန်သာ ဆုံးဖြတ်လိုက်လေသည်။

အမွေးရှည်ဆင်မျိုးနွယ်ဝင်တစ်ယောက်၏ ပုံစံဖြင့် နောက်ယောင်ခံလိုက်ခြင်းက သဘာဝမကျပေ။ ထိုကဲ့သို့ဧရာမခန္ဓာကိုယ်ကြီးက အလွယ်တကူ ရှာတွေ့ခံရနိုင်သည်။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ မိန်းမပျိုသုံးယောက် ထွက်သွားပြီးနောက် ကျန်းရီသည် မိုရှင်၏ပုံစံအဖြစ် ချက်ချင်း ပြန်ပြောင်းလိုက်ပြီး မြေအောက်ထဲသို့ ဝင်ကာ သူမတို့နောက်သို့ လိုက်သွားလိုက်လေသည်။

ဤနှင်းကြမ်းဒေသတွင် အာကာပြင်က အလွန်ထူးခြားသဖြင့် ကောင်းကင်စိတ်အာရုံများကို ဆယ်မိုင်ကျော်ကျော်အထိသာ ဆန့်ထုတ်နိုင်ပေသည်။ ကျန်းရီ၏ စိတ်ဝိညာဉ်က အဆင့်မြင့် ကောင်းကင်ဧကရာဇ်၏ စိတ်ဝိညာဉ်နှင့် နှိုင်းယှဉ်နိုင်သည်။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ရန်ရူကလည်း ဆယ်မိုင်ကျော်ကျော်အထိသာ အာရုံခံနိုင်လောက်ပေသည်။ သို့သော် ကျန်းရီကမူ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်ကာ မိုင်ရာကျော်အတွင်း ထောက်လှမ်းနိုင်ပေရာ သူမတို့ကို အလွယ်တကူ နောက်ယောင်ခံလိုက်နိုင်မည် ဖြစ်သည်။

ရွှစ်...ရွှစ်...

ကျန်းရီသည် ဝိညာဉ်လေဓားများကို ထုတ်လွှတ်၍ လိုဏ်ခေါင်းတူးကာ အရှေ့သို့ သွားနေခြင်းပင်။ ဝိညာဉ်လေဓားများက အလွန်ထက်ရှသဖြင့် သံမဏိကဲ့သို့ ခိုင်မာသည့် မြေကြီးကိုပင် အလွယ်တကူ တူးနိုင်နေသည်။ ကျန်းရီသည် အမြန်ဆုံးအရှိန်ဖြင့် ဆက်၍ နောက်ယောင်ခံလိုက်နေပေသည်။

ကျန်းရီသည် မိန်းမပျိုသုံးယောက် ရှိနေသော နေရာကို သိရရန် မိနစ်သုံးဆယ်ပြည့်တိုင်း ရပ်တန့်ကာ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ထောက်လှမ်း၏။ ထိုသုံးယောက်ထဲတွင် နှစ်ယောက်က အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်များ ဖြစ်သဖြင့် သူမတို့၏ အမြန်နှုန်းက သိပ်မမြန်ပေ။ ထို့ပြင် သူမတို့က အရှိန်ကုန် သွားနေခြင်းလည်း မဟုတ်သဖြင့် ကျန်းရီသည် အလွယ်တကူ လိုက်လာနိုင်နေလေသည်။

မိန်းမပျိုသုံးယောက်က မြောက်ဘက်သို့ ဦးတည်သွားနေခြင်းပင်။ သူမတို့သည် ညအချိန်တွင်လည်း မရပ်တန့်ကြပေ။ သို့သော် အရှိန်ကတော့ နှေးသွားသည်။ တစ်ရက်နှင့်တစ်ည ကြာပြီးနောက် မိန်းမပျိုသုံးယောက်သည် တောင်တန်းငယ်တစ်ခုတွင် ရပ်တန့်လိုက်ကြပြီး အဖြူရောင်ဆေးပင်များကို ထပ်မံ နှုတ်ယူကြလေသည်။

ကျန်းရီက မိန်းမပျိုသုံးယောက်နှင့် မိုင်ခြောက်ဆယ်အကွာတွင် ရှိနေသည်။ သူသည် ပို၍နီးနီး ချဉ်းကပ်မသွားဝံ့သဖြင့် မြေကြီးထဲတွင်သာ စိတ်ရှည်ရှည် စောင့်ဆိုင်းနေလိုက်သည်။

“အာ...”

တစ်နာရီကြာပြီးနောက် ကျန်းရီသည် အဝေးမှနေ၍ စစ်တပ်ကြီးတစ်တပ် ချီတက်လာသည်ကို သတိပြုမိလိုက်၏။ ထိုစစ်တပ်က ဆေးပင်များ နှုတ်နေသော ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ တပည့်မသုံးယောက်ကို ချက်ချင်း တွေ့သွားလေသည်။ သို့သော် ထိုစစ်တပ်သည် မိန်းမပျိုသုံးယောက်ကို အဆိပ်ရှိ မြွေများ၊ ကင်းမြီးကောက်များကဲ့သို့ ရှောင်ကွင်းသွားကြ၏။ သူတို့သည် အဝေးမှ ထောက်လှမ်းပြီးသည်နှင့် ချက်ချင်း ပြန်ဆုတ်သွားကြပြီး အနီးသို့ ကပ်မလာဝံ့ကြချေ။

‘ကြည့်ရတာ နှင်းဒေသမှာ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက တကယ့်ကို အင်အားအကြီးဆုံးဂိုဏ်းဖြစ်ပုံပဲ’

ကျန်းရီသည် ခံစားချက်များဖြင့် သက်ပြင်းချလိုက်၏။ အစောမှ စစ်တပ်က မည်သည့်မျိုးနွယ်မှဖြစ်ကြောင်း သူမသိပေ။ သို့သော် ထိုစစ်တပ်တွင် အနည်းဆုံး လူအင်အား ရှစ်ရာပါပေသည်။ သို့ပင်လျှင် သူတို့က ထိုမိန်းမပျိုသုံးယောက်ကို ရန်မစဝံ့ကြချေ။ ယင်းက နှင်းဒေသတွင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းက မည်မျှအင်အားကြီးကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းပင်။

မိန်းမပျိုသုံးယောက်သည် နေ့ဝက်ခန့် ဆေးပင်များ နှုတ်ပြီးနောက် မြောက်ဘက်သို့ ဆက်သွားလိုက်၏။ ကျန်းရီကလည်း အကွာအဝေးတစ်ခုမှနေကာ နောက်မှဆက်လိုက်လိုက်သည်။ လမ်းတစ်လျှောက်တွင် မိန်းမပျိုသုံးယောက်သည် အခြားမျိုးနွယ်များနှင့် မကြာမကြာ ဆုံတွေ့ခဲ့၏။ သို့သော် ထိုမျိုးနွယ်များသည် သူမတို့သုံးယောက်ကို သတိပြုမိသည်နှင့် ရှောင်ထွက်သွားကြသည်သာ။ သူတို့သည် သူမတို့ကို နှောင့်ယှက်ရန် မဆိုထားဘိ သူမတို့အနီးသို့ပင် မကပ်ဝံ့ကြချေ။

ထို့ကြောင့် ကျန်းရီသည် မိန်းမပျိုသုံးယောက်၏ အနောက်မှနေ၍ လုံခြုံစွာ လိုက်နိုင်နေလေသည်။ ထိုမိန်းမပျိုသုံးယောက်သည် ကျန်းရီက သူမတို့နောက်မှ နောက်ယောင်ခံလိုက်လာကြောင်းကို သတိမပြုမိကြပေ။

တစ်ရက်၊ သုံးရက်... ခြောက်ရက်...

မိန်းမပျိုသုံးယောက်သည် လမ်းတစ်လျှောက်တွင် သွားလိုက်၊ ရပ်လိုက်၊ ‌ဆေးပင်များကို နှုတ်ယူလိုက်နှင့် လုပ်ခဲ့ကြသည်။ နောက်ဆုံးတွင် သူမတို့သည် တောင်ထွတ်တစ်ခု အရှေ့တွင် ရပ်လိုက်ကြလေသည်။

‘အဲ့ဒါက ကောင်းကင်လျှို့ဝှက်ဂိုဏ်းရှိတဲ့နေရာလား’

ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်းဖြင့် ထိုတောင်ထွတ်ကို ‌ထောက်လှမ်းလိုက်သော်လည်း သံသယဖြစ်စရာတစ်ခုကိုမှ မတွေ့ပေ။ သို့သော် သူသည် ထူးခြားသော အရှိန်အဝါရှိသည့် မိန်းမပျို ဒါဇင်အနည်းငယ်ကို တွေ့လိုက်ရသောအခါ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ဤပတ်ဝန်းကျင်တွင် ရှိရမည်ဟု ချက်ချင်းကောက်ချက်ချလိုက်လေသည်။

ဝှစ်...

မိန်းမပျိုသုံးယောက်က ကောင်းကင်ထက်သို့ ပျံတက်သွား၏။ ကျန်းရီသည် အနီးသို့ ကပ်မသွားဝံ့သဖြင့် အဝေးမှနေ၍သာ အာရုံခံနေရသည်။ သို့သော် သူ သွေးအန်မိမလိုပင် ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းမပျိုသုံးယောက် တောင်ထွတ်ပေါ်သို့ ရောက်သွားသောအခါ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု တောက်ပလာပြီး သူမတို့က တည်နေရာပြောင်းရွှေ့အစီအရင်အတွင်းသို့ ဝင်ကာ ပျောက်ကွယ်သွားသောကြောင့်ပင်။

ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ဤပတ်ဝန်းကျင်တွင် မရှိပေ။ တစ်စုံတစ်ယောက်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းအတွင်း ဝင်လိုလျှင် ထိုတည်နေရာပြောင်းရွှေ့အစီအရင်ကို ဖြတ်ရမည်ဖြစ်သည်။

ထိုတည်နေရာပြောင်းရွှေ့အစီအရင်ကို သာမန်လူများက မနှိုးနိုင်လောက်ပေ။ တောင်ထွတ်ပေါ်ရှိ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများက အစီအရင်ကို မနှိုးပေးလျှင် ကျန်းရီအနေဖြင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းသို့ သွားနိုင်မည် မဟုတ်ချေ။ ကျန်းရီက တောင်ထွတ်ပေါ်ရှိ မိန်းမပျို ဒါဇင်အနည်းငယ်ကို ထိန်းချုပ်၍ အစီအရင်ကို နှိုးခိုင်းနိုင်လျှင်ပင် သူ တည်နေရာပြောင်းရွှေ့လိုက်သည်နှင့် သူမည်သူဖြစ်ကြောင်း ချက်ချင်းပေါ်သွားမည်ဖြစ်သည်။

‘ငါ ဘာလုပ်သင့်လဲ’

ကျန်းရီသည် မြေအောက်လိုဏ်ခေါင်းထဲတွင် မျက်လုံးကလည်ကလည်နှင့် ဆယ့်ငါးမိနစ်ကြာ တုံ့ဆိုင်းနေ၏။ နောက်ဆုံးတွင် သူသည် အံကြိတ်လိုက်ပြီး သူ၏ပုံစံအစစ်အမှန်အဖြစ် ပြန်ပြောင်းလဲလိုက်လေသည်။ ထို့နောက် သူသည် မြေကြီးထဲမှ ထွက်လိုက်ပြီး ထောင်ထွတ်ပေါ်သို့ တိုက်ရိုက်ဦးတည်သွားလိုက်သည်။

ကျန်းရီ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တောင်ထွတ်ပေါ်ရှိ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများက ချက်ချင်း သတိထားမိသွားသည်။ လူဒါဇင်ကျော် ပျံထွက်လာပြီး ကျန်းမာသန်စွမ်းသော အဘွားအိုတစ်ယောက်က အော်ပြောလိုက်သည်။

“ဒါက ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့  ပိုင်နက်ပဲ။ အပြင်လူတွေကို ဝင်ခွင့်မပြုဘူး။ ချက်ချင်း လှည့်ပြန်ပါ။ မဟုတ်ရင်တော့ အညှိအနှိုင်းမရှိ အသတ်ခံရမယ်”

ကျန်းရီသည် ပြန်မဆုတ်သလို ရပ်လည်းမရပ်လိုက်ပေ။ သူ၏ ဆံပင်နီများက လေထဲတွင် ဝဲလွင့်နေပြီး သူ၏မျက်လုံးများက လျှပ်စီးကဲ့သို့ တလက်လက်တောက်ပနေသည်။ သူသည် လေထဲတွင် ရပ်ကာ မောက်မာသည်လည်းမဟုတ်၊ နှိမ့်ချသည်လည်းမဟုတ်သော လေသံဖြင့် အော်ပြောလိုက်သည်။

“ကျွန်တော်က ကျန်းရီပါ။ ကျွန်တော် ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို အရိုအသေပေးရအောင် လာခဲ့တာပါ”

***

All Chapters