← Chapters

ခင်ဗျားတို့ဂိုဏ်းကို ဖျက်ဆီးပစ်မယ်လို့ ကျွန်တော် ကျိန်ဆိုတယ်

Vol. 71 Ch. 989

ခင်ဗျားတို့ဂိုဏ်းကို ဖျက်ဆီးပစ်မယ်လို့ ကျွန်တော် ကျိန်ဆိုတယ်

Vol. 71 Ch. 989

ကျန်းရီ၏ စကားများက ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများကို လှောင်ပြောင်သည့်မျက်နှာထား ဖြစ်သွားစေလေသည်။ ထိုလူစုက ကျန်းရီဟူသော အမည်ကို တစ်ခါမှ မကြားခဲ့ဖူးကြောင်း ထင်ရှားပေသည်။ ထို့ပြင် ကျန်းရီ၏ အင်အားကလည်း ကောင်းကင်ဧကရာဇ် စတုတ္ထအဆင့်တွင်သာ ရှိနေသည် မဟုတ်ပါလား။ ထိုသူက ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို အရိုအသေပေးလိုသည်ဟု အမှန်ပင် ပြောခဲ့ခြင်းလော။ သို့ကြောင့် သူက အရူးမဟုတ်လျှင် မည်သူနည်း။

မီးခိုရောင်ဆံပင်နှင့် အဘွားအိုသည် တောင်ထွတ်ပေါ်ရှိ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်ရသော အစောင့်တပ်မှူးတစ်ယောက်ဖြစ်သည်။ သူမက အေးစက်စက်မျက်ဝန်းများဖြင့် ပြောလိုက်သည်။

“ဘယ်ကအရူးက ဒီမှာ ပြဿနာလာရှာနေတာလဲ။ မင်းက ငါတို့ ဂိုဏ်းချုပ်နဲ့ လွယ်လွယ်တွေ့လို့ရမယ်လို့ ထင်လို့လား။ မြန်မြန် ထွက်သွားလိုက်တော့။ မဟုတ်ရင်တော့ မင်း အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်”

အဘွားအို၏ သတိပေးစကားဆုံးသွားသောအခါ သူမ၏လက်မှနေ၍ အနီရောင်အလင်း တောက်ပလာလေသည်။ သူမသည် အတွင်းအားလှည့်ပတ်လိုက်ပြီး အချိန်မရွေးတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပေပြီ။ ကျန်သော ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများကလည်း ကျန်းရီကို ဝန်းရံရန် ပျံထွက်လာကြသည်။ သူမတို့၏ လက်ထဲတွင် လက်နက်များနှင့် ရတနာများ ထွက်ပေါ်လာသည်။ သူမတို့သည် အဘွားအိုက အမိန့်ပေးလိုက်သည်နှင့် ကျန်းရီကို ချက်ချင်း သတ်ပစ်ကြတော့မည်ဖြစ်သည်။

“...”

ကျန်းရီသည် အိုးတိုးအန်းတန်းဖြင့် သူ့နှာခေါင်းကို ပွတ်လိုက်၏။ သူသည် ထိုလူများက သူ့ကိုသိလိမ့်မည်အထင်နှင့် သူ့ကိုယ်သူ မိတ်ဆက်ခဲ့၏။ သူမည်သူဖြစ်ကြောင်း သိသွားလျှင် သူမတို့က သူ့ကို ကောင်းကင်လျှို့ဝှက်ဂိုဏ်းအတွင်းသို့ ဝင်ခွင့်ပြုလိမ့်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် သူမတို့က သူ့အမည်ကို မကြားဖူးလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။

ကျန်းရီသည် လေထဲတွင် ရပ်ကာ ရင်ထဲမှ ခါးသက်သက် ရယ်လိုက်လေသည်။ သို့သော် သူ့မျက်နှာပေါ်တွင်တော့ မည်သည့်ခံစားချက်မှ မပြပေ။ သူသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။

“ကျွန်တော်က ဗုဒ္ဓဧကရာဇ်ရဲ့ တမန်တော်ပါ။ ခင်ဗျားတို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ဧည့်သည်တွေကို ဒီလိုပဲ ဆက်ဆံတာလား။ မြန်မြန် ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ကို သွားအကြောင်းကြားလိုက်ပါ... ဗုဒ္ဓဧကရာဇ်ရဲ့ တမန်တော် ရောက်လာတယ်၊ ကျန်းရီက တွေ့ခွင့်တောင်းနေတယ်လို့သာ ပြောလိုက်ရင် သူက သေချာပေါက် ကျွန်တော်နဲ့ တွေ့မှာပဲ။ ကျန့်ကြာမှုတစ်ခုခု ရှိသွားရင် ခင်ဗျားတို့ တာဝန်ခံနိုင်မယ်လို့ ကျွန်တော် မထင်ဘူး”

“အန်...”

မီးခိုရောင်ဆံပင်နှင့် အဘွားအိုက မျက်နှာပျက်သွား၏။ ကျန်သော ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများကလည်း မျက်နှာထားတည်သွားကြသည်။ သူမတို့သည် နှင်းဒေသအပြင်သို့ တစ်ခါမှ မထွက်ခဲ့ဖူးသော်လည်း အရှေ့ဘက် တော်ဝင်နယ်မြေမှ ဧကရာဇ်ကိုးပါး၏ အမည်များကိုမူ ကြားဖူးပေသည်။ ထိုဧကရာဇ်ကိုးပါးက အရှေ့ဘက် တော်ဝင်နယ်မြေ၏ အထွတ်အထိပ်မှ လူများဖြစ်ကြသည်။ မည်သူက သူတို့ကို မသိဘဲ နေမည်နည်း။ အကယ်၍ ကျန်းရီသာ ဗုဒ္ဓဧကရာဇ်၏ တမန်တော်အစစ်အမှန် ဖြစ်ပါက အဘွားအိုသည် အမှန်ပင် ဆုံးဖြတ်ချက် ချနိုင်မည် မဟုတ်တော့ပေ။

သို့‌သော် အဘွားအိုက ကျန်းရီကို မကြောက်ပေ။ သူမသည် ကျန်းရီကို သေချာစိုက်ကြည့်လိုက်ပြီး ‌မေးလိုက်သည်။

“မင်းက ဗုဒ္ဓဧကရာဇ်ရဲ့ တမန်တော်ဆိုတာကို မင်းပြောတိုင်း ယုံရမှာလား။ မင်းမှာ ဘာသက်သေခံအထောက်အထားရှိလဲ”

ကျန်းရီ၏ မြင်သာသော ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်နေသဖြင့် လူတိုင်း သံသယဖြစ်ကြမည်သာ။ ဗုဒ္ဓဧကရာဇ်၏ တမန်တော်ဆိုလျှင် နတ်ဘုရားတစ်ပိုင်းအဆင့် မရှိလျှင်ပင် အနိမ့်ဆုံး ကြယ်လေးပွင့် သို့မဟုတ် ကြယ်ငါးပွင့်အဆင့် ရှိပေလိမ့်မည်။ ကောင်းကင်ဧကရာဇ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်ကို တမန်တော်အဖြစ် စေလွှတ်ခြင်းက ဟာသတစ်ခုကဲ့သို့ပင်။

“ဟွန်း...”

ကျန်းရီသည် အဘွားအို၏ ရည်ရွယ်ချက်ကို မြင်နိုင်သဖြင့် ဝိညာဉ်လေများကို တိတ်တဆိတ်ထုတ်လွှတ်လိုက်ပြီး အဝေးရှိ တောင်တစ်လုံးဆီသို့ ပစ်လွှတ်လိုက်လေသည်။ သူ့လက်က တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ဝိညာဉ်လေဓားများက တောင်ကြီးကို ခါးမှ ပိုင်းဖြတ်လိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း...

မြင့်မားသော တောင်ကြီးသည် ပြိုကျသွားပြီး မြေစများ၊ ကျောက်စများက ပျံ့ကျဲသွားသည်။ အဘွားအိုနှင့် အခြားသူများက ထပ်မံ၍ မျက်နှာထားပြောင်းသွားလေသည်။ ထို့နောက် ကျန်းရီက အေးစက်စက် ပြောလိုက်သည်။

“စကားပြောတာ တော်လောက်ပြီ။ မြန်မြန် သွားပြီးအကြောင်းကြားလိုက်တော့။ ဆက်နှောင့်နှေးနေရင် ခင်ဗျားတို့ အကျိုးဆက်ကို ခံရလိမ့်မယ်”

“အဲ့လိုဆို ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါ။ ကျွန်မ တစ်ယောက်ယောက်ကို စေလွှတ်ပြီး အကြီးအကဲတွေဆီက အကြံတောင်းခိုင်းလိုက်ပါယ်”

အဘွားအို၏ လေသံက အတော်လေး ပျော့ပြောင်းသွားသည်။ ကျန်းရီက သူ၏အင်အားကို သက်သေပြခဲ့ပြီးပေပြီ။ ပညာရှင်တစ်ယောက်ကို လေးစားသမှု ပြရပေမည်။ သူမသည် လက်ဝှေ့ယမ်းလိုက်ပြီး မိန်းမပျိုတစ်ယောက်ကို တောင်ထွတ်ရှိ တည်နေရာပြောင်းရွှေ့အစီအရင်အတွင်းသို့ ဝင်ခိုင်းလိုက်သည်။

ကျန်းရီသည် လက်နောက်ပစ်ကာ ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် တိတ်တဆိတ် စောင့်ဆိုင်းနေလေသည်။ သူသည် ပုံစံအစစ်အမှန် ပြန်ပြောင်းပြီးထားပြီဖြစ်၍ ငယ်ရွယ်ကာ အလွန်ခံ့ညားနေပေသည်။ သူ၏ဆံပင်နီများက ထူးခြားသော ဆွဲဆောင်မှုအရှိန်အဝါတစ်ခု ရှိနေသည်။ ယခုတွင် သူသည် စွမ်းအားကြီးပညာရှင်တစ်ယောက်၏ ဟန်ပန်သွင်ပြင် ရှိနေလေသည်။ သူ၏ဟန်ပန်အရှိန်အဝါက ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများ၏ စိတ်ဝင်စားမှုကို များစွာဆွဲဆောင်ထားနိုင်ပေသည်။

ကောင်းကင်လျှို့ဝှက်ဂိုဏ်းတွင် ဂိုဏ်းသူများသာ ရှိသည်။ ဂိုဏ်းစည်းမျဉ်းအရ သူမတို့သည် အိမ်ထောင်ပြုခွင့် မရှိဘဲ တစ်သက်လုံး ဂိုဏ်းထဲတွင်သာ အပျိုကြီးဘဝဖြင့် အရိုးထုတ်ရမည်ဖြစ်သည်။ သို့သော် အချစ်ကို မတောင့်တသော မိန်းမပျိုများ ရှိပါသလော။ သူမတို့သည် ဂိုဏ်းစည်းမျဉ်းများကြောင့်သာ အခြားယောက်ျားများနှင့် စကားမပြောဝံ့၊ ယောက်ျားများအပေါ် စိတ်မကစားဝံ့ကြခြင်းဖြစ်သည်။ သို့သော် ကျန်းရီ၏ ခံ့ညားသော ရုပ်သွင်ဟန်ပန်နှင့် ထူးခြားသော အရှိန်အဝါက သူမတို့ကို ဆွဲဆောင်ထားပေသည်။

ကျန်းရီသည် အပြင်ပန်းတွင် တည်ငြိမ်ပုံပေါ်နေသော်လည်း အလွန်စိတ်လှုပ်ရှားနေပေသည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ အကြီးအကဲများနှင့် ဂိုဏ်းချုပ်က သူ့ကို ဝင်ခွင့်ပြုပါမည်လော။ သူ ဝင်သွားပြီးနောက်တွင်လည်း ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ အာဏာရှိသူများကို မည်သို့ ရင်ဆိုင်ရမည်နည်း။ သူ စုလောရွှယ်ကို ရှာတွေ့နိုင်ပါမည်လော။ ရှာတွေ့လျှင်ပင် သူ သူမကို ခေါ်သွားနိုင်မည်လော။ သူက ကောင်းကင်လျှို့ဝှက်ဂိုဏ်းတွင် သေရတော့မည်လော။

ကျန်းရီ မသိသော ကိစ္စများစွာ ရှိပေသည်။ သို့သော် သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။ စုလောရွှယ်ကို မခေါ်သွားနိုင်လျှင် သူ အသေသာခံလိုက်ပေမည်။

အချိန်ကုန်လာလေလေ၊ ကျန်းရီက ပို၍ ဂနာမငြိမ် ဖြစ်လာလေပင်။ သူ တစ်နာရီကြာ စောင့်ပြီးနောက် တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာလေသည်။ အစောက အစီအရင်အတွင်းသို့ ဝင်သွားသော ဂိုဏ်းသူက ကျော့ရှင်းလှပသော အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်နှင့် ပြန်ထွက်လာသည်။

ကျော့ရှင်းလှပသော အမျိုးသမီးက အနီရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထား၏။ သူမ၏အသက်အရွယ်က သူမ၏ အလှအပကို မလျော့ကျသွားစေပေ။ သူမ၏ရုပ်ရည်အရဆိုလျှင် သူမက အသက်(၂၀)လောက်သာ ရှိသေးသည်ဟု ထင်ရပေသည်။ သို့သော် ကျန်းရီသည် သူမကို ကြည့်လိုက်သောအခါ သူမက အနည်းဆုံး အသက်လေးဆယ်ကျော် ငါးဆယ် ရှိရမည်ဟု ခံစားလိုက်ရပေသည်။ ထိုအမျိုးသမီးက အလွန်လှပပြီး ကျော့ရှင်းသိမ်မွေ့သည်။ အထူးသဖြင့် သူမ၏ ဖီးနစ်မျက်ဝန်းများက အေးစက်စက်အလင်း တောက်ပနေပုံမှာ အဆင့်အတန်းမြင့်သော ဧကရီတစ်ပါးကဲ့သို့ပင်။

ထိုအမျိုးသမီး၏ စွမ်းအားက အတော်လေး ရှိန်ဖွယ်ကောင်းလောက်ပေသည်။ သူမသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ မရောက်လောက်သေးသော်လည်း အနိမ့်ဆုံး ကြယ်ငါးပွင့်အဆင့်တော့ ရှိရမည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။

“ပဉ္စမအကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်”

အနီရောင်ဝတ်စုံရှည်နှင့် အမျိုးသမီး ထွက်ပေါ်လာသောအခါ အဘွားအိုနှင့် ကျန်သူများသည် လေးလေးစားစာ ဦးညွှတ်လိုက်ကြသည်။ ပဉ္စမအကြီးအကဲက သူမတို့ကို ကြည့်ပင်မကြည့်လိုက်ဘဲ အရေးမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။ သူမသည် အဝေးရှိ ကျန်းရီကိုသာ စိုက်ကြည့်နေပြီး မည်သည့်စကားမှ မဆိုချေ။

ကျန်းရီသည် ပင်လယ်ကဲ့သို့ နက်ရှိုင်းသော ပဉ္စမအကြီးအကဲ၏ မျက်ဝန်းများကို ကြည့်လိုက်၏။ သူမက သူ့ကိုသိကြောင်း သူ သိလိုက်ရသည်။ သူသည် လျင်မြန်စွာ လက်ဆုပ်၍ နှုတ်ဆက်လိုက်သည်။

“ကျန်းရီ ပဉ္စမအကြီးအကဲကို အရိုအသေပေးပါတယ်”

“အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ နံပါတ်(၁) ပါရမီရှင်က တကယ့်ကို ထူးကဲပါပေတယ်”

ထင်ထားသလိုပင် ပဉ္စမအကြီးအကဲက ကျန်းရီ၏အကြော်းကို သိထားပေသည်။ သူမသည် အတန်ငယ် ခေါင်းဆတ်လိုက်ပြီး ပြောလိုက်သည်။

“စေတီတောင်မှာ မြောက်ဘက်ဧကရာဇ်မျိုးနွယ်ရဲ့ နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို မီးလောင်တိုက်သွင်းခဲ့တာပဲ။ ကျန်းရီ... မင်းက အသက်(၂၃)နှစ်ပဲ ရှိသေးတာမလား။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းအတွင်းမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဲ့လိုအောင်မြင်မှုတွေကို ရနိုင်ခဲ့တာ မင်းတစ်ယောက်ပဲ ရှိမယ်ထင်တယ်”

“အာ...”

ပဉ္စမအကြီးအကဲ၏ စကားများက ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေလေသည်။ မိန်းမပျိုဆယ်ယောက်ကျော်၏ မျက်ဝန်းများထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ လင်းလက်သွားသည်။ အဘွားအို၏ မျက်နှာထားသည်ပင် ပို၍ရိုကျိုးလာသည်။ ကျန်းရီက လျင်မြန်စွာ လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။

“ပဉ္စမအကြီးအကဲက ကျွန်တော့်ကို ချီးကျူးလွန်နေပါပြီ။ နှစ်ပေါင်းသိန်းနဲ့ချီပြီး နှင်းဒေသကို အုပ်စိုးထားနိုင်တဲ့၊ လောကတစ်ခွင်မှာ ကျော်ကြားတဲ့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းနဲ့ နှိုင်းယှဉ်ရင် ကျွန်‌တော် အညတရကျန်းက အများကြီး နိမ့်ကျနေတုန်းပါပဲ။ ဒီတစ်ခေါက် ကျွန်တော် လာခဲ့တာ ကောင်းကင်လျှို့ဝှက်ဂိုဏ်းရဲ့ အင်အားကို လေးစားလို့ အရိုအသေပေးရအောင်ပါ”

ကျန်းရီ၏ စကားများက အလွန်နှိမ့်ချပေသည်။ အခြေအနေက လူထက် ပိုအားကောင်းနေ၍ သူ ကောင်းကင်လျှို့ဝှက်ဂိုဏ်းနှင့် ပဋိပက္ခဖြစ်၍ မရပေ။ စုလောရွှယ်ကို ဘေးကင်းကင်နှင့် ပြန်ခေါ်သွားနိုင်မည်ဆိုလျှင် နှိမ့်ချသော စကားအနည်းငယ်ကို ပြောရန်မဆိုထားနှင့် တန်ကြေးကြီးကြီးတစ်ခု ပေးရမည်ဆိုလျှင်ပင် သူ တုံ့ဆိုင်းနေမည် မဟုတ်ချေ။

သို့သော်...

ပဉ္စမအကြီးအကဲ၏ နောက်စကားက သူ၏ တောင်လောင်နေသော နှလုံးသားကို အေးစက်သွားစေလေသည်။ သူမက ခံစားချက်မပါသော လေသံဖြင့် ပြောလိုက်သည်။

“တော်လောက်ပြီ။ ကျန်းရီ... အပိုတွေ ပြောမနေနဲ့တော့။ ငါတို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ယောက်ျားတပည့်တွေကို မလိုချင်ဘူး... ယောက်ျားတွေနဲ့လည်း အဆက်အဆံ မလုပ်ချင်ဘူး။ လိုရင်းကို တည့်တည့်ပြောပါ။ ငါတို့ဂိုဏ်းက ယောက်ျားတွေကို အဝင်မခံဘူး။ အဲ့တော့ မင်းမှာ ပြောစရာရှိရင် ဒီမှာပဲ ပြောပါ”

ပဉ္စမအကြီးအကဲက လျင်မြန်စွာ ဆက်ဆံရေးတင်းမာသွားလိမ့်မည်ဟု ကျန်းရီ မမျှော်လင့်ထားပေ။ ထို့ကြောင့် သူ ခေတ္တမျှ မှင်တက်သွားသည်။ ပြီး‌နောက်မှ သူ ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း ကောင်းပါပြီ... ကျွန်တော် လိုရင်းကို ပြောပါမယ်။ ကျွန်တော် ဒီကိုရောက်လာတာ အကြီးအကဲတို့ရဲ့ ဂုဏ်သရေရှိဂိုဏ်းမှာ လူတစ်ယောက်ကို ရှာဖို့ပါ။ သူ့နာမည်က စုလောရွှယ်ပါ... သူက ကျွန်တော့်ရဲ့ ဇနီးပါ။ အခု သူက ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှာ ရှိနေပါတယ်”

“မင်းရဲ့ဇနီးလား”

ပဉ္စမအကြီးအကဲ၏ မျက်ဝန်းများက အေးစက်စက်အလင်း လက်သွားသည်။ သူမသည် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။

“ကျန်းရီ... မင်း မှားနေပြီ။ မင်းရဲ့ဇနီးက ဒီမှာမရှိဘူး... စုလောရွှယ်ဆိုတဲ့သူလည်း ဒီမှာမရှိဘူး။ မင်း ပြန်နိုင်ပြီ”

ပဉ္စမအကြီးအကဲက ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းနောက်လှည့်ကာ တည်နေရာပြောင်း‌ရွှေ့အစီအရင်ဆီသို့ လျှောက်သွားလိုက်လေသည်။ ကျန်းရီ၏ မျက်နှာထားက အေးစက်သွား၏။ သူ ခပ်သွက်သွက် အော်ပြောလိုက်သည်။

“နေပါဦး ပဉ္စမအကြီးအကဲ... ကျွန်တော့်ရဲ့ဇနီး စုလောရွှယ်က တကယ်ပဲ အကြီးအကဲတို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှာ ရှိနေပါတယ်။ ကျေးဇူးပြုပြီး သေချာစစ်ဆေးပေးပါ။ တကယ်လို့ အကြီးအကဲသာ သူ့ကို ကျွန်တော်ဆီ ပြန်ပေးနိုင်မယ်ဆိုရင် ဘာတန်ကြေးဖြစ်ဖြစ် ကျွန်တော် ပြန်ပေးနိုင်ပါတယ်”

“ငါက သူ ဒီမှာမရှိဘူးလို့ ပြောရင် သူ ဒီမှာမရှိလို့ပဲပေါ့”

ပဉ္စမအကြီးအကဲက ကျန်းရီကို လျစ်လျူရှုလိုက်ပြီး အေးစက်စက် မျက်နှာထားဖြင့် အော်ပြောလိုက်သည်။

“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်”

ဝှစ်...

ကျန်းရီ ဒေါသထွက်သွား၏။ အဆုံးမဲ့ ဝိညာဉ်လေတန်းများက အရှေ့သို့ ပျံထွက်သွားလေသည်။ ထို့နောက် သူ အေးစက်စက် အော်ပြောလိုက်၏။

“ပဉ္စမအကြီးအကဲ... ကျွန်တော့်ကို ဖိအားမပေးပါနဲ့။ ကျွန်တော် ကျန်းရီ ရူးသွပ်သွားပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်တောင် ကြောက်မိတယ်။ ကျွန်တော်က လောရွှယ်အတွက်နဲ့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုနဲ့တောင် ရန်သူဖြစ်ဖို့ မတုံ့ဆိုင်းခဲ့ဘူး။ ခင်ဗျားတို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက အင်အားကြီးတယ်ဆိုပေမယ့် ခင်ဗျားတို့ ကျွန်တော့်ကို စုလောရွှယ်ကို ပြန်မပေးရင် ခင်ဗျားတို့ရဲ့ ဂိုဏ်းကို ဖျက်ဆီးပစ်မယ်လို့ ကျွန်တော် ကျိန်ဆိုတယ်”

***

All Chapters