ဝိညာဉ်ဝါးမျို ရေခဲနဂါး
Vol. 71 Ch. 990
ခစ်ခစ်...
ပဉ္စမအကြီးအကဲက ကျန်းရီ၏စကားကို ကြားသောအခါ ရယ်လိုက်၏။ သူမသည် လေပြေအောက်မှ ဖူးပွင့်နေသော ပန်းပွင့်လေးများကဲ့သို့ တောက်ပသွားသည်။ သူမ၏ ရင်ဘတ်ကလည်း တသိမ့်သိမ့် တုန်ခါသွားသည်။ မီးခိုးရောင်ဆံပင်နှင့် အဘွားအိုနှင့် အခြားသူများကမူ အလွန်ဒေါသထွက်သွားလေသည်။ သူမတို့သည် လက်နက်များကို ထပ်မံထုတ်လိုက်ပြီး တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။ သူမတို့၏ မျက်လုံးများက ပဉ္စမအကြီးအကဲကို ကြည့်နေကြ၏။ သူမတို့က အကြီးအကဲထံမှ အမိန့်ကို ဆောင့်နေကြခြင်းပင်။
“ကျန်းရီ...”
ပဉ္စမအကြီးအကဲက ခေတ္တကြာ ရယ်ပြီးနောက် ကျန်းရီကိုကြည့်ကာ ပြောလိုက်သည်။
“ငယ်ရွယ်မှုက မင်းရဲ့ အားသာချက်ပဲ။ ဒါပေမဲ့ မင်းက ငယ်ရွယ်သလို၊ တုံးလည်းတုံးအတာပဲ။ မင်းမပြောနဲ့... ဧကရာဇ်ကိုးပါးတောင် သူတို့ကိုယ်သူတို့ ပိုမတွက်ဝံ့ကြဘူး။ အဲ့လိုဆို သူတို့လည်း ကျရှုံးရမှာပဲ။ အစက ဒီနေ့ ငါ မင်းကို ထွက်တွေ့ဖို့ အစီအစဉ် မရှိဘူး... ဒါပေမဲ့ ငါက လူငယ်ပါရမီရှင်တွေကို တန်ဖိုးထားလို့ မင်းကို မျက်နှာသာပေးခဲ့တာပဲ။ မင်းက ငါတို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ။ မင်းက သေချင်နေမှာတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ကျန်းရီသည် အရာအားလုံးကို ရင်းရန် ဆုံးဖြတ်ထားပြီးပြီဖြစ်၍ လုံးဝမကြောက်ပေ။ သူနှင့် စုလောရွှယ်တို့ ကွဲကွာနေခဲ့ရသည်မှာ အလွန်ကြာခဲ့ပြီဖြစ်သည်။ စုလောရွှယ်က ဒုက္ခများစွာ ခံခဲ့ရပြီးပေပြီ။ သူသည် သေရမည်ဆိုလျှင်ပင် လက်လျှော့မည် မဟုတ်ချေ။ ထို့ကြောင့် သူ အေးစက်စက် ပြောလိုက်သည်။
“ပဉ္စမအကြီးအကဲ.... ကျွန်တော်က ငယ်ရွယ်ပြီး တုံးအတာ မဟုတ်ဘူး။ ခင်ဗျားက ကိုယ်ချစ်ရတဲ့သူနဲ့ ကွဲကွာရတဲ့ ခံစားချက်ကို ဘယ်နားလည်ပါ့မလဲ။ လောရွှယ်နဲ့ကျွန်တော်က အပြန်အလှန် ချစ်ကျွမ်းဝင်နေကြတာ။ ပြီးတော့ သူက ကျွန်တော့်အတွက် အများကြီးလုပ်ပေးခဲ့တာ။ သူ့ကို တစ်ဘဝလုံး စောင့်ရှောက်ပါမယ်၊ ဘာဒုက္ခကိုမှ မခံစားစေရပါဖူးလို့ ကျွန်တော် ကတိပေးခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော် ကတိမတည်နိုင်ခဲ့ဘူး...”
“သူက ကျွန်တော်နဲ့ အကြာကြီး ခွဲနေခဲ့ရတယ်... ဒုက္ခတွေအများကြီး ခံစားခဲ့ရတယ်။ သူ့အတွက် ကျွန်တော် အရာအားလုံးကို ရင်းနိုင်တယ်။ ကျွန်တော် သူ့ကို မကယ်နိုင်ဘူးဆိုရင် သေသွားတာကမှာ ပိုကောင်းလိမ့်မယ်။ ကျွန်တော်က အကျိုးအကြောင်းမဆီလျော်တဲ့သူလည်း မဟုတ်ပါဘူး... ကိုယ့်စွမ်းရည်ကိုလည်း ပိုမတွက်ပါဘူး။ ကျွန်တော် အစောက ပြောခဲ့သလိုပဲ ခင်ဗျားတို့သာ စုလောရွှယ်ကို ကျွန်တော့်ဆီ ပြန်ပေးရင် ကျွန်တော် ဘာတန်ကြေးမဆို ပေးမှာပါ။ ဒါပေမဲ့ ခင်ဗျားတို့က ကျွန်တော့်ကို အခွင့်အရေးတစ်ခုတောင် မပေးချင်ဘူးဆိုရင်တော့ ကျွန်တော် အရာအားလုံးကိုရင်းပြီး တိုက်ခိုက်ရတော့မှာပဲ”
ကျန်းရီက အလွန်ပြတ်ပြတ်သားသား ပြောလိုက်သည်။ ထိုစကားများ၏ သူ၏နက်ရှိုင်းသောနှလုံးသားနေရာမှ စကားများပင်။ အားလုံးသည် သူ၏ စုလောရွှယ်အပေါ်ထားသော ပြင်းပြသည့်အချစ်နှင့် ချစ်ရသူအတွက် အသေပင်ခံနိုင်သော ပြတ်သားမှုတို့ကို ခံစားနိုင်ပေသည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ မိန်းမပျိုများက သူမတို့၏ လက်နက်များကို ချလိုက်ပြီး ရှုပ်ထွေးသောမျက်နှာထား ဖြစ်သွားကြလေသည်။
မိန်းမများက စိတ်နုသော သတ္တဝါများပင်။ မိန်းမတစ်ယောက်က မည်မျှစွမ်းအားကြီးသည်ဖြစ်စေ၊ စည်းမျဉ်းများကို မည်မျှလိုက်နာသည်ဖြစ်စေ၊ ယောက်ျားများကို မည်မျှမုန်းသည်ဖြစ်စေ မိန်းမတစ်ယောက်သာ ဖြစ်နေပေသေးသည်။ သူမတို့က အချစ်နှင့် ပူဆွေးမှုအတွက် မွေးဖွားလာခြင်းဖြစ်ပြီး ခံစားချက်များ၏ သက်ရောက်မှုကို အလွယ်တကူ ခံကြရပေသည်။
ပဉ္စမအကြီးအကဲကလည်း ရင်ထဲထိသွားကြောင်း ထင်ရှားသည်။ သူမသည် နှုတ်ဆိတ်နေ၏။ သူမလက်မှ တောက်ပနေသော အတွင်းအားလည်း ပျောက်ကွယ်သွားသည်။ သူမသည် အတန်ကြာ တွေးတောပြီးမှ မှိုင်းညို့စွာ ပြောလိုက်သည်။
“ကျန်းရီ... ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ တကယ်လို့ မင်း ငါ့ရဲ့ စွမ်းအားအကြီးဆုံး တိုက်ကွက်ကို ခံနိုင်ပြီး မသေဘူးဆိုရင် မင်း ငါတို့ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို စော်ကားခဲ့တာကို မေ့ပစ်ပေးမယ်။ ပြီးရင် မင်း ငါ့ကို ကိစ္စတစ်ခု ကူညီပေးရမယ်။ တကယ်လို့ မင်း လုပ်နိုင်မယ်ဆိုရင် ငါ မင်းကို ဂိုဏ်းချုပ်နဲ့ တွေ့ခွင့်ပေးမယ်။ ဂိုဏ်းချုပ်ကို ဖျောင်းဖျနိုင်မလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်။ မင်း မလုပ်ချင်ဘူးဆိုရင်တော့ ငါ မင်းကို လိုက်သတ်ရမှာပဲ။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းက ဘယ်သူ့ကိုမှ မကြောက်သလို၊ ဘယ်လိုစိန်ခေါ်မှုကိုမှလည်း မကြောက်ဘူး”
ရွေးချယ်မှုနှစ်ခု...
ပထမရွေးချယ်မှုမှာ တိုက်ခိုက်မှုတစ်ခုကို တောင့်ခံ၍ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ကိစ္စတစ်ခု ကူညီပေးရန်ဖြစ်သည်။ သို့ဆိုလျှင် သူ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တွေ့ခွင့်ရမည်ဖြစ်သည်။ ဒုတိယရွေးချယ်မှုမျာ ကောင်းကင်လျှို့ဝှက်ဂိုဏ်းနှင့် သေသည်အထိ တိုက်ခိုက်ရန်ဖြစ်သည်။
ထိုရွေးချယ်မှုနှစ်ခုစလုံးက မကောင်းပေ။ ကျန်းရီက ဂိုဏ်းချုပ်နှင့် တွေ့ခွင့်ရလျှင်ပင် နောက်ဆုံးရလဒ်က မည်သို့ဖြစ်လာမည်ကို အတပ်မပြောနိုင်သေးပေ။
ကျန်းရီသည် ဆယ်မိနစ်ကြာ တွေးတောပြီးမှ ခါးသက်သက်ပြုံး၍ ပဉ္စမအကြီးအကဲကို လက်ဆုပ်ကာ ပြောလိုက်လေသည်။
“ပဉ္စမအကြီးအကဲက စကားတည်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ လာပါ...”
“ကောင်းပြီ... သတိသာထားတော့”
ပဉ္စမအကြီးအကဲ၏လက်က တဖြည်းဖြည်း အဖြူရောင်အလင်း လင်းလက်လာသည်။ ထို့နောက် သူမ အော်ပြောလိုက်၏။
“ငါ့ရဲ့ စွမ်းအားအကြီးဆုံး တိုက်ကွက်က ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန် ဝိညာဉ်ဝါးမျို ရေခဲနဂါးပဲ။ အဲ့တာအိုပုံသဏ္ဌာန်က ရုပ်ခန္ဓာကိုရော စိတ်ဝိညာဉ်ကိုပါ တိုက်ခိုက်တယ်။ အဲ့တိုက်ခိုက်မှုကို ဆယ့်ငါးမိနစ်အတွင်း မကျော်ဖြတ်နိုင်ရင် မင်း သေချာပေါက် သေသွားမှာပဲ”
“ရုပ်ခန္ဓာကိုရော စိတ်ဝိညာဉ်ကိုပါ တိုက်ခိုက်တာလား”
ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ မျှော်လင့်ထားသလိုပင် ပဉ္စမအကြီးအကဲက စွမ်းအားကြီးပေသည်။ မဟုတ်လျှင် သူမသည် မည်သို့ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်နေပါမည်နည်း။ ကျန်းရီသည် ယခုမှ ထိုသို့သော ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို တိုက်ခိုက်သည့် တိုက်ခိုက်မှုမျိုးကို ပထမဆုံးအကြိမ် ခံဖူးမည်ဖြစ်သည်။
“ဟ...”
ကျန်းရီသည် သတိလက်လွတ် မဖြစ်ဝံ့ပေ။ သူသည် ဝိညာဉ်လေများကို အဆက်မပြတ် ထုတ်လွှတ်လိုက်ပြီး ဝိညာဉ်လေဓားများ ပြုလုပ်လိုက်ကာ မိုင်များစွာအကွာသို့ ဆုတ်လိုက်ပြီး မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ထုတ်လိုက်လေသည်။ ထို့နောက် သူသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းအတွင်း၌ ဝိညာဉ်လေနတ်ဘုရားဒိုင်း အလွှာပါးတစ်ခုကို ပြုလုပ်လိုက်သည်။ ပြီးနောက် သူသည် ဝိညာဉ်ဓား(၇၂)ချောင်းကို ထိန်းချုပ်၍ သူ၏ပင်မစိတ်ဝိညာဉ်ကို ဝန်းရံစေလိုက်သည်။ ကာကွယ်မှုများ ပြုလုပ်ပြီးနောက် သူ အော်ပြောလိုက်သည်။
“တိုက်ပါ...”
“ကျား...”
ပဉ္စမအကြီးအကဲက မာန်သွင်းလိုက်ရာ မြေပြင်ပင် အတန်ငယ် တုန်ခါသွား၏။ ထို့နောက် သူမသည် လေထဲသို့ ပျံတက်လိုက်ပြီး နှင်းကဲ့သို့ ဖြူဖွေးသည့် သူမ၏ လက်များကို အရှေ့သို့ ဆန့်ထုတ်လိုက်လေသည်။ ပတ်ဝန်းကျင်မှ လေနှင့် နှင်းများက သူမဆီသို့ သွားရောက်စုဝေး၏။ ဆယ်မိုင်ပတ်လည်အတွင်းရှိ နှင်းပွင့်အားလုံးက သူမဆီသို့ မျောလွင့်သွား၏။ သူမ၏ခန္ဓာကိုယ်ကို နှင်းများကဖုံးလွှမ်းသွားသည်။ ထို့နောက် သူမသည် သူမဘေး၌ တလက်လက်တောက်ပနေပြီး ထွင်းဖောက်မြင်ရသော ရေခဲနဂါးတစ်ကောင်ကို ဖန်တီးလိုက်လေသည်။
ဟိန်း...
ထိုရေခဲနဂါးက ပုံစံဖြစ်တည်လာပြီးနောက် အသက်ဝင်လာကာ အရှေ့သို့ ပျံထွက်သွားလိုက်သည်။ ၎င်း၏ ကြီးမားသော ရေခဲမျက်ဝန်းတစ်စုံက စွမ်းအားနှင့် သတ်ဖြတ်လိုသော အရှိန်အဝါကို ပြသနေသည်။ ကျန်းရီနှင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူအားလုံး တုန်ယင်သွားကြ၏။ ၎င်းနဂါး၏ ဧရာမခန္ဓာကိုယ်ကြီးက မီတာသုံးရာကျော် ရှည်ပြီး မွန်းကြပ်ဖွယ် စွမ်းအင်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။
“ဝိညာဉ်ဝါးမျို ရေခဲနဂါး... သွား...”
ပဉ္စမအကြီးအကဲက ရေခဲနဂါး၏အထက်သို့ ပျံတက်သွားလိုက်၏။ သူမ၏ လှပသော မျက်နှာလေးက အေးစက်နေပြီး သူမ၏ခန္ဓာကိုယ်က ကျော့ရှင်းနေသည်။ သူမက လေထဲတွင် နတ်မိမယ်တစ်ပါးကဲ့သို့ ရပ်နေလေသည်။ သူမ၏ခြေထောက်အောက်မှ ရေခဲနဂါးက တစ်ချက်ဟိန်းလိုက်ပြီး ကျန်းရီထံသို့ ကမ္ဘာဖျက်စွမ်းအားကဲ့သို့သော စွမ်းအားအရှိန်အဝါတစ်ခုနှင့်အတူ ပျံသန်းသွားသည်။
“လာစမ်း...”
ထိုအခိုက်တွင် ကျန်းရီ၏ မျက်လုံးများက ကြယ်တာရာများကဲ့သို့ လင်းလက်သွား၏။ သူသည် နေရာတွင်ပင် မလှုပ်မယှက်ရပ်နေပေသည်။ ထိုရေခဲနဂါးက လျင်မြန်စွာ ရောက်ရှိလာပြီး သူ့ကို အမြီးဖြင့် ရိုက်ထုတ်လိုက်သည်။
ဝုန်း...ဝုန်း...
ကျန်းရီသည် လွင့်ပျံထွက်သွားပြီး အဝေးရှိ တောင်ထွတ်တစ်ခုနှင့် သွားဆောင့်ပေသည်။ ကျန်းရီက ဝိညာဉ်လေနတ်ဘုရားဒိုင်းနှင့် မိုးကြိုးမီးနတ်ဘုရားဒိုင်းတို့ကိုသုံးကာ တိုက်ခိုက်မှုကို ကာလိုက်သဖြင့် ပဉ္စမအကြီးအကဲနှင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများ မျက်လုံးအရောင်တောက်ပသွားကြသည်။ သူသည် လွင့်ပျံထွက်သွားသော်လည်း ဒဏ်ရာကြီးကြီးမားမား မရလိုက်ပေ။
‘ဒီကောင်လေးရဲ့ ခုခံမှုက တော်တော်လေး ခိုင်မာတာပဲ။ သူ့ရဲ့ စိတ်ဝိညာဉ်ကရော ခံနိုင်မလားဆိုတာကို ကြည့်ကြတာပေါ့။ ဟားဟား.... ငါ့ရဲ့ ဝိညာဉ်ဝါးမျို ရေခဲနဂါးရဲ့ ကြောက်စရာအကောင်းအဆုံးအရာက စိတ်ဝိညာဉ်တိုက်ခိုက်မှုပဲ’
ပဉ္စမအကြီးအကဲက ခပ်သဲ့သဲ့ ပြုံးလိုက်၏။ သူမ၏ရင်ထဲတွင်လည်း လူငယ်ပါရမီရှင်များအပေါ် တန်ဖိုးထားသည့် ခံစားချက် ထွက်ပေါ်လာလေသည်။ သို့သော် သူမ မညှာခဲ့ပေ။ အားလုံးတွင် ကိုယ်ပိုင်စည်းမျဉ်း ရှိပေသည်။ ကျန်းရီသည် ထိုလမ်းကို ရွေးချယ်ခဲ့ပြီဖြစ်၍ သေသည်၊ ရှင်သည်က သူ၏ကံတရားအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
“အာ...”
ပဉ္စမအကြီးအကဲ၏ တိုက်ခိုက်မှုက အလွန်ပင် စွမ်းအားကြီး၏။ ကျန်းရီသည် သူ၏ ဝိညာဉ်လေနတ်ဘုရားဒိုင်းနှင့် မိုးကြိုးမီးနတ်ဘုရားဒိုင်းတို့က မပျက်စီးသွားကြောင်း သတိပြုမိလိုက်သောအခါ သူ့ခန္ဓာကိုယ်ကို အရေးမထားတော့ဘဲ ဝိညာဉ်ဓားများကိုသာ အာရုံအပြည့်အဝစိုက်၍ ထိန်းချုပ်လိုက်ပြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ကာကွယ်လိုက်လေသည်။ အမျိုးအမည်မသိရသော စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားကာ သူ၏စိတ်ဝိညာဉ်ပင်လယ်ဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။
“မကောင်းတော့ဘူး...”
ကျန်းရီ အလွန်တုန်လှုပ်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်အတွင်းသို့ ထိုထူးဆန်းသည့် စွမ်းအင် ဝင်လာချိန်တွင် စွမ်းအားကြီး လေအေးတစ်ချက်က သူ့ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်သဖြင့် သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ရုတ်ခြည်းအေးခဲသွား၍ပင်။ ဝိညာဉ်ဓား(၇၂)ချောင်းကလည်း အေးခဲသွားသည်။ ထို့ကြောင့် သူသည် သူ၏စိတ်ဝိညာဉ်ကို ကာကွယ်ရန် ၎င်းတို့ကို မထိန်းချုပ်နိုင်တော့ပေ။
ရွှစ်...ရွှစ်...
ထူးဆန်းသည့်စွမ်းအင်က ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ အလွယ်တကူ ဝင်သွားနိုင်လိုက်ပြီး မရေမတွက်နိုင်သော အပ်ပါးလေးများအဖြစ် ပြောင်းလဲသွားကာ သူ၏ပင်မစိတ်ဝိညာဉ်ထံ ပျံဝင်သွားကြလေသည်။ ကျန်းရီသည် သူ၏စိတ်ဝိညာဉ်က ဒဏ်ရာရသွားပြီး အဆက်မပြတ် တိုက်ခိုက်ခံနေရကြောင်း ခံစားနေရ၏။ သူသာ ထိုအပ်ပါးလေးများကို စိတ်ကြိုက် တိုက်ခိုက်ခွင့် ပြုထားလိုက်လျှင် သူ၏ပင်မစိတ်ဝိညာဉ်က ဆယ့်ငါးမိနစ်မပြည့်ခင်မှာပင် ပျက်စီးသွားပေလိမ့်မည်။
“အဲ့တိုက်ခိုက်မှုကို ဆယ့်ငါးမိနစ်အတွင်း မကျော်ဖြတ်နိုင်ရင် မင်း သေချာပေါက် သေသွားမှာပဲ”
ကျန်းရီသည် ပဉ္စမအကြီးအကဲ၏ စကားကို ပြန်အမှတ်ရသွား၏။ သူ စိတ်ဓာတ်ကျသွားသည်။ ပဉ္စမအကြီးအကဲ၏ စကားက မှန်ပေသည်။ သူသာ သူ့ခန္ဓာမှ လေအေးကို ဆယ့်ငါးမိနစ်အတွင်း မဖယ်ရှားပစ်နိုင်လျှင် သူ သေချာပေါက် သေသွားမည်ဖြစ်သည်။
ပြဿနာမှာ...
ဤဝိညာဉ်ဝါးမျို ရေခဲနဂါး၏ လေအေးက လူပုမျိုးနွယ်၏ နှင်းနဂါး၏ လေအေးထက် ဆယ်ဆပို၍ အားကောင်းခြင်းပင်။ ပြင်ပအကူအညီ မရလျှင် ကျန်းရီသည် ထိုလေအေးကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။
‘ငါ သေတော့မှာလား’
ကျန်းရီ၏ ခေါင်းထဲတွင် ကြောက်ရွံ့စိတ်တစ်ခု ထွက်ပေါ်လာ၏။ သို့သော် ထိုကြောက်ရွံ့စိတ်ကာ ခိုင်မာသည့်ပြတ်သားမှုကြောင့် လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ သူ စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
‘ငါ သေလို့မဖြစ်ဘူး။ ငါ့မှာ လုပ်စရာကိစ္စတွေ၊ ကာကွယ်စရာလူတွေ အများကြီး ရှိသေးတယ်။ ငါ ကျန်းရီက ဒီလိုနေရာမှာ ဘယ်လိုလုပ် သေလို့ဖြစ်မှာလဲ...’
‘လေအေး... ငါ အဲ့လေအေးကို ဘယ်လို ဖယ်ရှားရမလဲ’
ကျန်းရီ၏စိတ်က ပုံမှန်ထက် အဆတစ်ရာပိုမြန်သော နှုန်းဖြင့် တွေးတောနေ၏။ သေရေး၊ ရှင်ရေး အခိုက်အတန့်တွင် သူသည် သူ၏ ပုန်းကွယ်နေသော အရည်အချင်းအားလုံးကို ညှစ်ထုတ်ရမည်ဖြစ်သည်။ အကယ်၍ သူသာ ထိုလေအေးကို ဆယ့်ငါးမိနစ်အတွင်း မဖယ်ရှားနိုင်ပါက သေချာပေါက် သေခြင်းတရားနှင့် ရင်ဆိုင်ရပေလိမ့်မည်။
‘လေအေး... ဟုတ်သားပဲ... ရေခဲနှင်း တာအိုပုံဿဏ္ဌာန်’
ကျန်းရီသည် ရုတ်တရက် အကြံတစ်ခု ရသွားပြီး စိတ်လှုပ်ရှားသွား၏။ သူ ထိုလေအေးကို ဖယ်ရှားလိုလျှင် နည်းလမ်းတစ်ခုသာ ရှိပေသည်။ ယင်းနည်းလမ်းမှာ ရေခဲနှင်း တာအိုပုံသဏ္ဌာန်ကို ဆယ့်ငါးမိနစ်အတွင်း သိမြင်နားလည်သွားအောင် ကြိုးစားရန်ဖြစ်သည်။
***