မိုင်တစ်ထောင် ရေခဲလွှမ်း
Vol. 71 Ch. 991
မီးဓာတ်တာအိုပုံသဏ္ဌာန်ကို ကျင့်ကြံသည့် သိုင်းသမားများသည် မီးလောင်ခံရ၍ သေမည် မဟုတ်တော့ပေ။ ရေဓာတ်တာအိုပုံသဏ္ဌာန်ကို ကျင့်ကြံသူများကလည်း ရေနစ်၍ သေမည် မဟုတ်ပေ။ ထို့အတူ ရေခဲနှင်းတာအိုပုံသဏ္ဌာန်ကို ကျင့်ကြံသူများက အအေးဓာတ်ကို ကြောက်ရန်လိုမည် မဟုတ်ချေ။ ထို့ကြောင့် ထိုလေအေးက သူ့အလိုလို ပျောက်ကွယ်သွားမည်ဖြစ်သည်။ ကျန်းရီသာ ထိုလေအေးကို ကြောက်ရန် မလိုလျှင် သူ့စိတ်ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်ဓားများကို အသုံးပြု၍ ထူးဆန်းသော စွမ်းအင်ကို ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
ဆယ့်ငါးမိနစ်အတွင်း သေခြင်းနှင့် ရှင်ခြင်းတို့ လွန်ဆွဲရမည်ဖြစ်သည်။ ကျန်းရီသည် ပြင်ပအခြေအနေကို လုံးဝလျစ်လျူရှုလိုက်ပြီး သူ့စိတ်ဝိညာဉ်အတွင်းမှ တိုက်ခိုက်မှုများကိုလည်း အရေးမထားတော့ချေ။ သူသည် အရာအားလုံးကို မေ့လျော့သွားပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည့် လေအေးနှင့် တစ်သားတည်းဖြစ်သွားရန်သာ သူ့ကိုယ်သူ ဖိအားပေးလိုက်လေသည်။
ကျန်းရီသည် တဖြည်းဖြည်းဖြင့် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ အလိုလို ဝင်သွားသည်။ သူက ရေခဲပင်လယ်အတွင်းမှ ငါးကလေးတစ်ကောင်ဖြစ်သွားပြီး အဆုံးမဲ့ ရေခဲတောင်တန်းများနှင့် နှင်းဖုံးတောင်တန်းတို့၏ ဝန်းရံမှုကို ခံထားရသည်ဟု သူ ခံစားလာရလေသည်။ သူသည် အလွန်အေးစက်နေပြီး လောကကြီး၏ စွန့်ပစ်မှုကို ခံထားရသည်ဟု ခံစားနေရသည်။
အအေးဓာတ်...
အအေးဓာတ်မှာ သာမန်ခံစားချက်တစ်ခုသာဖြစ်သည်။ ထိုခံစားချက်က လူသားတိုင်းတွင် ရှိသော အရိုးရှင်းဆုံးအာရုံများထဲမှာ တစ်ခုပင်။
အေးခြင်း၊ ပူခြင်း၊ နာကျင်ခြင်း...ယားယံခြင်း။
အပူချိန်က နိမ့်ကျလာလျှင် အေးလာမည်ဖြစ်သည်။ အလွန်အေးလာလျှင်မူ အသက်သည် ဆက်၍ ရှင်သန်နိုင်တော့မည် မဟုတ်ချေ။ အအေးဓာတ်မှာ အသက်ဓာတ်၏ သဘာဝရန်သူပင်။ လူသားများသည် အအေးဓာတ်ကို ကာကွယ်ရန် ထူထဲသောအဝတ်များကို ဝတ်ဆင်ခြင်း၊ မီးလှုံခြင်းနှင့် အခြားနည်းလမ်းများကို အသုံးပြုရသည်။
‘ရေခဲနှင်း တာအိုပုံသဏ္ဌာန်က အအေးဓာတ် တာအိုပုံသဏ္ဌာန်လား။ မေးခွန်းက ဘယ်လို အအေးဓာတ်မျိုးလဲ ဆိုတာပဲ။ ငါ အဲ့အအေးဓာတ်တာအိုကို ဘယ်လို ခံစားနိုင်မှာလဲ’
ကျန်းရီသည် ပုံမှန်ထက် အဆတစ်ရာ ပိုမြန်သော နှုန်းဖြင့် တွေးတောနေ၏။ သူသည် လေအေးမှနေ၍ သူ့ခန္ဓာကိုယ်အတွင်းနှင့် စိတ်ဝိညာဉ်အတွင်းသို့ ဝင်လာသော အအေးဓာတ်ကို သေချာအာရုံခံစားနေသည်။ သူသည် ထိုအအေးဓာတ်ကို အာရုံအပြည့်အဝစိုက်၍ သုံးသပ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းတို့ လုပ်နေသည်။ သူသည် ထိုသို့ အထပ်ထပ်အခါခါ ပြုလုပ်နေသော်လည်း အောင်မြင်မှု မရသေးချေ။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာ၏။ လေထဲတွင် ထနေသော ဖုန်များလည်း တည်ငြိမ်သွားပြီဖြစ်သည်။ ကျန်းရီသွားဆောင့်မိ၍ ပြိုကျသွားသော တောင်မှ မြေခဲများ၊ ကျောက်ခဲများကလည်း ဆက်လိမ့်ဆင့်မလာတော့ပေ။ ကျန်းရီ၏ တစ်ကိုယ်လုံးက မြေခဲ၊ ကျောက်ခဲများအောက်တွင် ရှိနေသည်။ သူ့တစ်ကိုယ်လုံးသည် ရေခဲအလောင်းကဲ့သို့ အေးခဲနေပေသည်။ သူ့ခန္ဓာကိုယ်မှ သွေးထွက်နေသော်လည်း လေအေးကြောင့် သွေးများပင်ခဲကာ တိတ်သွားပြီဖြစ်သည်။ သူ၏အသက်ရှူသံကလည်း ဖျော့တော့လာပြီး သူ၏စိတ်ဝိညာဉ်က အဆက်မပြတ် တိုက်ခိုက်ခံနေရသဖြင့် ပျက်စီးလုနီးပါး ဖြစ်နေပေပြီ။
“ပါရီမီရှင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီပေါ့”
ပဉ္စမအကြီးအကဲက သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်လေသည်။ ထိုအခိုက်တွင် သူမသည် သူမက အလွန်ခံစားချက်ကင်းမဲ့သူတစ်ယောက် ဖြစ်ခဲ့ခြင်းလောဟု သူမကိုယ်သူမ မေးမိနေ၏။ သူမက လူငယ်ပါရမီရှင်တစ်ယောက်ကို သေလမ်းသို့ ပို့ခဲ့ပေသည်။ ကျန်းရီက အသက်(၂၃)နှစ်သာ ရှိပေသေးသည်။ သူသာ သူမအရွယ်အထိ ရှင်သန်နိုင်ခဲ့လျှင် သေချာပေါက် သူမကို အနိုင်ယူနိုင်မည်ဖြစ်သည်။
မဟုတ်သေး။
စေတီတောင်တွင် ကျန်းရီသည် နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို ပြာချပစ်ခဲ့သည်။ သူမက ကြယ်ငါးပွင့်အဆင့် ပညာရှင်တစ်ယောက်သာဖြစ်သည်။ သူမသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ခြေလှမ်းဝက် ရောက်နေပြီဖြစ်သော်လည်း ကျန်းရီသာ သူမကို တိုက်ခိုက်လိုက်လျှင် သူမ အလွယ်တတူ သေသွားမည်ဖြစ်သည်။
ပဉ္စမအကြီးအကဲသည် ကျန်းရီက အရည်ကျို နတ်ဘုရားမီးဖိုကို ထပ်မနှိုးနိုင်တော့ကြောင်းကို မသိပေ။ ထို့ကြောင့် သူမသည် ကျန်းရီက စုလောရွှယ်ကြောင့်သာ သူမကို မသတ်ခြင်းဖြစ်ရမည်ဟု တွေးလိုက်သည်။ ကျန်းရီသည် သူ့အသက်ကိုစွန့်ရန် မတုံ့ဆိုင်းခဲ့သလို သူမ၏ တိုက်ခိုက်မှုကို ခံရန်လည်း မတုံ့ဆိုင်းခဲ့ပေ။ ထိုအကြောင်းများကို တွေးမိသောအခါ သူမ၏ ရင်ထဲတွင် ပို၍ မသက်မသာ ခံစားလာရလေသည်။
ပဉ္စမအကြီးအကဲက အသက်(၄၀)ကျော်ပြီဖြစ်သော်လည်း ဘဝတစ်လျှောက်လုံး တစ်ကိုယ်တည်းသာ ဖြတ်သန်းခဲ့သူဖြစ်သည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများသည် အိမ်ထောင်ပြု၍မရပေ။ အကယ်၍ တစ်စုံတစ်ယောက်က ချစ်မိသွားခြင်း သို့မဟုတ် ယောက်ျားတစ်ယောက်နှင့် ကာမအမှုကို ပြုမှုခြင်းတို့ကို ကျူးလွန်မိပါက မိသွားလျှင် ကွပ်မျက်ခံရမည်ဖြစ်သည်။ ယင်းမှာ ဂိုဏ်းစည်းမျဉ်းပင်။
ထို့ကြောင့် ပဉ္စမအကြီးအကဲသည် ‘အချစ်ခံရခြင်း’ နှင့် ‘တစ်စုံတစ်ယောက်ကို ချစ်မိခြင်း’ ဟူသော ခံစားချက်တို့ကို တစ်ခါမှ မခံစားဖူးခဲ့ပေ။ ယင်းကြောင့်လည်း သူမသည် ကျန်းရီ၏ အရူးအမူးချစ်ခင်မှုကို မြင်လိုက်ရသောအခါ ရင်ထဲထိသွားခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် တစ်စုံတစ်ယောက်က ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ဖျက်ဆီးပစ်မည်ဟု ပြောပါက သူမသည် ဂိုဏ်းသို့ သတင်းပို့လိုက်မည်ဖြစ်သည်။ ထိုအခါ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်စုက ချက်ချင်း ထွက်လာကာ ထိုပြောသည့်လူကို သတ်ပစ်မည်ဖြစ်သည်။
“ဟူး... ဒါက ကံကြမ္မာပဲ။ ကျန်းရီ... တောင်းပန်ပါတယ်”
ပဉ္စမအကြီးအကဲက ကျန်းရီကို မကူညီခဲ့ပေ။ သူမသည် သူမ၏ ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ကောင်းကင်လျှို့ဝှက်ဂိုဏ်းသို့ ပြန်ရန် ဟန်ပြင်လိုက်သည်။ လူအားလုံးတွင် ကိုယ်ပိုင်ကံကြမ္မာရှိပေသည်။ သူမတွင်လည်း ကိုယ်ပိုင်ကံကြမ္မာရှိသည် မဟုတ်ပါလား။ သူမသည် ကောင်းကင်လျှို့ဝှက်ဂိုဏ်းထဲသို့ ဝင်ပြီးနောက်တွင် တစ်သက်လုံး အထီးကျန်စွာ နေရမည့် ကံကြမ္မာရှိသွားပြီ မဟုတ်လော။
“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်တော့”
ဆယ့်ငါးမိနစ်ပြည့်သွားပေပြီ။ ကျန်းရီ၏ စိတ်ဝိညာဉ်က ပျက်စီးတော့ပေမည်။ သူက အသက်ရှူလည်း ရပ်သွားပြီဖြစ်သည်။ ပဉ္စမအကြီးအကဲ၏ အမြင်တွင် ကျန်းရီက သေချာပေါက် သေတော့မည်ဖြစ်သည်။ သူမ၏ တာအိုပုံသဏ္ဌာန်တိုက်ခိုက်မှုကို ခံရသည့် ကောင်းကင်ဧကရာဇ်တိုင်းက သေရမည်သာ။ ကျန်းရီတွင် ထူးခြားသော စွမ်းရည်အချို့ ရှိနိုင်သော်လည်း သူ၏အတွင်းအားအဆင့်က ကောင်းကင်ဧကရာဇ် စတုတ္ထအဆင့်တွင်သာ ရှိပေသေးသည်။ ယင်းက ပြောင်းလဲ၍မရနိုင်သော အမှန်တရားပင်။
ရွှီး...ရွှီး...
တည်နေရာပြောင်းရွှေ့အစီအရင်က တဖြည်းဖြည်း လင်းလက်လာ၏။ ပဉ္စမအကြီးအကဲက မျက်လုံးများမှိတ်လိုက်ပြီး ထပ်မံသက်ပြင်းချလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အပြစ်ရှိသလိုခံစားရသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာလေသည်။
ထိုအခိုက်တွင်...
ဆယ်မိုင်ပတ်လည်အတွင်းရှိ မိုးမြေအတွင်းအားက ရုတ်တရက် လှုပ်ရှားလာပြီး ကျန်းရီ ရှိနေသော တောင်ဆီသို့ ရွေ့လျားသွားကြသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်တွင် လေများ၊ တိမ်တိုက်များ လှုပ်ရှားလာကာ ကြယ်တာရာတစ်ပွင့် လင်းလက်လာသည်။ ကောင်းကင်မှနေ၍ အလွန်တောက်ပသော နတ်အလင်းတန်းတစ်တန်း ဖြာကျလာပြီး ပဉ္စမအကြီးအကဲ၏ အံ့အားသင့်နေသော မျက်နှာထားကို အလင်းပေးလိုက်လေသည်။
ရွှီး...
တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးပြီးပြီဖြစ်သော်လည်း ပဉ္စမအကြီးအဲသည် စွမ်းအားကြီးစွမ်းအင်တစ်ခုကို ခံစားလိုက်ရ၍ အစီအရင်အတွင်း မဝင်လိုက်ဘဲ လှည့်ကြည့်လိုက်လေသည်။ သူမသည် မည်သည့်ကိစ္စ ဖြစ်သွားကြောင်း မသိသော်လည်း နောက်လှည့်ကာ ရေရွတ်လိုက်သည်။
“ကောင်းကင်နဲ့မြေကြီးက မူမမှန်ဖြစ်နေတယ်... ကြယ်တာရာစွမ်းအား... အဲ့ဒါက ကြယ်ငါးပွင့်အဆင့် တာအိုပုံသဏ္ဌာန်လား”
“ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန်လား”
မီးခိုးရောင်ဆံပင်နှင့် အဘွားအိုနှင့် အခြားသူများက မျက်မှောင်ကြုတ်သွား၏။ အဆင့်မြင့် တာအိုပုံသဏ္ဌာန်များကို ပေါင်းစည်းရန် အလွန်ခက်ခဲ၏။ တိုက်ရိုက်သိမြင်နားလည်နိုင်ရန်မှာမူ ပို၍ပင် ခက်ခဲသည်။ ကြယ်ငါးပွင့်အဆင့်နှင့်အထက် တာအိုပုံသဏ္ဌာန်တစ်ခုကို တိုက်ရိုက်သိမြင်နားလည်ခြင်းက နှစ်ထောင်ချီအတွင်း တစ်ကြိမ်ပင် ဖြစ်မလာသေးပေ။
ထိုနေရာရှိ လူအားလုံးသည် ကျန်းရီက ကြယ်ငါးပွင့်အဆင့် တာအိုပုံသဏ္ဌာန်တစ်ခုကို တိုက်ရိုက်သိမြင်နားလည်သွားသည်ကို မယုံကြည်ကြပေ။ သူမတို့သည် သူက တာအိုပုံသဏ္ဌာန်၏ တစ်စိတ်တစ်ပိုင်းကိုသာ သိမြင်နားလည်သွားခြင်းဖြစ်ပြီး အခြားတာအိုပုံသဏ္ဌာန်တစ်ခုနှင့် ပေါင်းစည်းလိုက်ခြင်း ဖြစ်ရမည်ဟု ယူဆလိုက်ကြသည်။
သို့သော် အားလုံးသည် အလွန်ရင်ခုန်မြန်နေကြပေသည်။ သူမတို့က ကျန်းရီကို လေးစားနေကြသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းရီက သေရေး၊ ရှင်ရေး အရေးကြီးသည့်အခိုက်တွင် သူ၏ပုန်းကွယ်နေသောအလားအလာကို ထုတ်နိုင်ခဲ့၍ပင်။ သူမတို့သာ ကျန်းရီ၏နေရာတွင်ဆိုလျှင် သေခြင်းတရားကို အလျှော့ပေး လက်ခံလိုက်မိမည်ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် မည်သူက အရာအားလုံးကို လျစ်လျူရှုကာ တာအိုပုံသဏ္ဌာန်တစ်ခုကို လေ့လာနေနိုင်ပါမည်နည်း။
“အာ... ကျန်းရီက ရေခဲနှင်းအမျိုးအစား တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်သွားတာလား”
မီးခိုးရောင်ဆံပင်နှင့် အဘွားအိုက မယုံနိုင်ဖြစ်သွား၏။ သူမသည် အံ့ဩတကြီးဖြင့် ကောင်းကင်စိတ်အာရုံကို ထုတ်ကာ အာရုံခံလိုက်သည်။ ကျန်းရီ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော လေအေးက ပျောက်ကွယ်သွားပြီး သူ့ကိုယ်ပေါ်ရှိ ရေခဲများက အရည်ပျော်လာပြီဖြစ်ကြောင်း သူမ သတိပြုမိလိုက်သည်။ ကျန်းရီသည် နှင်းဒေသသို့ ယခုမှ ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်သည်။ သာမန်အခြေအနေတွင် နှင်းဒေသမှ မဟုတ်သူတစ်ယောက်သည် ရေခဲနှင်းအမျိုးအစား တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်နိုင်ခဲကြသည်။ ကျန်းရီသည် နှင်းဒေသသို့ ရောက်ရောက်ချင်းမှာပင် ထိုတာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်သွားသည်လော။
ရွှီ...ရွှီ...
ကြယ်တာရာစွမ်းအားက ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်သွား၏။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများသည် ထိုအခြင်းအရာကို မြင်လိုက်သောအခါ အားကျသွား၏။ ကြယ်တာရာစွမ်းအားက အလွန်အစွမ်းထက်ပြီး အသုံးဝင်သည့်နေရာများစွာ ရှိပေသည်။ သို့သော် ကြယ်တာရာစွမ်းအားနှင့် ယှဉ်လျှင် ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန်တစ်ခုက များစွာပို၍ အဖိုးတန်သည်။ ကျင့်ကြံသူတစ်ယောက်သည် ပညာရှင်တစ်ယောက် ဖြစ်လာလိုလျှင်၊ နတ်ဘုရားတစ်ပိုင်း ဖြစ်လာကာ အထွတ်အထိပ်တွင် ရပ်တည်လိုလျှင် ကြယ်ငါးပွင့်နှင့်အထက် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်နိုင်ရန် လိုအပ်ပေသည်။
နတ်ဘုရားတစ်ပိုင်းများက ကောင်းကင်ဧကရာဇ်များထက် များစွာသာသည်။ အဆင့်နိမ့်တာအိုပုံသဏ္ဌာန်များစွာကို လေ့လာကာ အထွတ်အထိပ် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်လာသူများ အများအပြားရှိသည်။ ထိုသို့သော အထွတ်အထိပ် ကောင်းကင်ဧကရာဇ်များ၏ တိုက်ခိုက်စွမ်းအားက နိမ့်ပေသည်။ သူတို့သည် သူတို့၏ဘဝတစ်လျှောက်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းကာ အထွတ်အထိပ်သို့ ရောက်ရန် မျှော်လင့်နိုင်ကြမည် မဟုတ်ပေ။
ပဉ္စမအကြီးအကဲက ချက်ချင်း ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ကျန်းရီကို အာရုံခံလိုက်၏။ သို့သော် သူမ၏ ကောင်းကင်စိတ်အာရုံက ကျန်းရီကိုသာ အာရုံခံနေခြင်း မဟုတ်ပေ။ သူမသည် ပတ်ဝန်းကျင်ရှိ လေနှင့်နှင်းတို့၏ မူမမှန်သော လှုပ်ရှားမှုများကို သတိပြုမိလိုက်၏။ လေနှင့်နှင်းတို့သည် ကျန်းရီရှိရာဘက်သို့ သွားရောက်စုပေါင်းနေ၏။ အေးစက်စက်လေတစ်ချက် တိုက်ခတ်လာပြီး အားလုံးကို ရုတ်ခြည်း လွှမ်းခြုံသွားလေသည်။
“မိုင်တစ်ထောင် ရေခဲလွှမ်း”
လွန်စွာကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထပ်လာသည်။ ထိုအသံ ထွက်ပေါ်လာသောအခါ ပတ်ဝန်းကျင်မှ တောင်များသည် တောက်ပလာပြီး အေးခဲသွားလေသည်။ ဆယ်မိုင်ပတ်လည်အတွင်းရှိ အရာအားလုံးနှင့် အာကာပြင်သည်ပင် အေးခဲသွားသည်။
“အာ...”
ပဉ္စမအကြီးအကဲက တစ်စုံတစ်ခုပြောလိုသော်လည်း သူမ၏ခန္ဓာကိုယ်က လုံးဝအေးခဲသွားလေသည်။ မီးခိုးရောင်ဆံပင်နှင့် အဘွားအိုနှင့် အခြားသူများ၏ အခြေအနေက ပို၍ဆိုးပေသည်။ သူမတို့က ရေခဲရုပ်တုများ ဖြစ်နေပေပြီ။
ဝုန်း...
အသက်နှစ်ရှူစာ ကြာပြီးနောက် ပဉ္စမအကြီးအကဲ၏ ခန္ဓာကိုယ်ပေါ်မှ ရေခဲလွှာက ပေါက်ကွဲထွက်သွား၏။ ထို့နောက် သူမသည် လက်ဝါးချက်များ ရိုက်ထုတ်လိုက်ကာ ဘေးရှိ ကောင်းကင်လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသူများ၏ ကိုယ်ပေါ်ရှိ ရေခဲလွှာများကို ခွဲပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် အားလုံးထံသို့ အတွင်းအားတန်း တစ်တန်း ပို့လိုက်ကာ ကာကွယ်ပေးလိုက်၏။ ထို့နောက် သူမသည် အေးခဲနေသော ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး အသက်နှစ်ချက်ရှူသွင်း၍ ရေရွတ်လိုက်လေသည်။
“ဒါက တကယ့်ကို ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန်ပဲ... မိုင်တစ်ထောင် ရေခဲလွှမ်း။ ဒီကျန်းရီက တကယ် ရေခဲဓာတ် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်သွားတာပဲ။ ငါ အဲ့ဒါကို ပေါင်းစည်းနေခဲ့တာ ဆယ်နှစ်ကျော်ပြီ... အဲ့ဒါတောင် အခုထိ အပြည့်အဝ မပေါင်းစည်းနိုင်သေးဘူး။ သူက ယောက်ျားတစ်ယောက်ဖြစ်နေတာ နှမြောစရာပဲ။ မဟုတ်ရင် သူ့ကို ဂိုဏ်းထဲခေါ်သွင်းလို့ရတယ်။ အဲ့ကျရင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းက နံပါတ်(၁)လျှို့ဝှက်ဂိုဏ်း ဖြစ်လာမှာပဲ”
ဝှစ်...ဝှစ်...
အဝေးရှိ တောင်မှနေ၍ သွေးများရွှဲနေသော လူတစ်ယောက် ပျံထွက်လာ၏။ ကျန်းရီသည် ပဉ္စမအကြီးအကဲနှင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းသူများ၏ အံ့အားသင့်နေသော မျက်နှာများကို တွေ့လိုက်၏။ ထို့နောက် သူသည် ဟက်ဟက်ပက်ပက် ရယ်ကာ အော်ပြောလိုက်လေသည်။
“ပဉ္စမအကြီးအကဲ... ကျွန်တော် ကျန်းရီ ရှင်သန်နိုင်ခဲ့ပြီ။ ကျွန်တော် ရှင်သန်ခဲ့ပြီ။ ဟားဟားဟား...”
***