← Chapters

လက်သီးချက် စွမ်းအား စက်ကွင်း

Vol. 34 Ch. 466

လက်သီးချက် စွမ်းအား စက်ကွင်း

Vol. 34 Ch. 466

မိုဝူကျီ၏ အမူအရာမှာ ပြောင်းလဲသွားပေ၏။ အင်မော်တယ် ကူးသန်းရေး သင်္ဘောပေါ်တွင် လူများစွာ ရှိသော်လည်း မိုဝူကျီက လော့ချွမ်းဟယ်နှင့် အရင်းနှီးဆုံး ဖြစ်၏။ သူတို့နှစ်ယောက်လုံးမှာ ကြယ်တာရာသခင်များ ဖြစ်နေ၍ မဟုတ်ဘဲ  ပို၍ အရေးကြီးသည်မှာ လော့ချွမ်းဟယ်က ပွင့်လင်းသည့်သူ ဖြစ်သည့်အတွက် သူ့မိတ်ဆွေစစ်အဖြစ် ယူဆ၍ရပေ၏။

“ကျာချီက အားလုံးကို အကြောင်းကြားထား ပြီးပြီလား” မိုဝူကျီက ယုံရင်အင်မော်တယ် နယ်မြေနှင့် ရင်ဆိုင်ရန် လုံလုံလောက်လောက် အားမကောင်းသေးမှန်း သိသော်ငြား  အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ လာသူများတွင် သူက အားအကောင်းဆုံးထဲမှ တစ်ယောက်ဖြစ်ပေသည်။ ထို့ကြောင့်  ကျာချီက အားလုံးကို အကြောင်းကြားထားသည် ဆိုလျှင် ကျန်လူများက လော့ချွမ်းဟယ်ကို ကယ်တင်နိုင်မည် မဟုတ်ပေ။

ထုံယဲ့က ခေါင်းညိတ်ကာ …

“အင်း  ... ကျုပ်တို့တွေ ကျာချီကို မြင်တော့ သူမက အားလုံးကို အကြောင်းကြားထားတယ် ပြောတယ်။ ဒါပေမဲ့ နှစ်ယောက်တော့  ရောက်မလာဘူး”

“အဲဒီနှစ်ယောက်က ဘယ်သူလဲ” မိုဝူကျီက မေးလိုက်သည်။

“ပေသီးနဲ့ အမြဲတမ်းရှိနေတဲ့ ကောင်မလေး ကူယာ ရောက်မလာသေးတာ။ ပေသီးပြောတာတော့ ကူယာနဲ့ သူလည်း အနီးအနားက မြို့ရောက်တော့ လမ်းခွဲလိုက်ကြတယ်တဲ့။ အဲဒီအချိန်ကတည်းက သူမကို ဆက်သွယ်လို့ မရတော့တာပဲ။ နောက်တစ်ယောက်က ဆရာကြီးဖူကျိပဲ” ထုံယဲ့က ပြန်ဖြေလိုက်သည်။

“ကျန်လူတွေကရော” မိုဝူကျီက သူ့ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထလာမှုကို ခံစားလိုက်ရသည်။

ထုံယဲ့က စိတ်အားငယ်စွာ  ပြောလိုက်သည်

“ကျုပ်အစ်ကိုက နံရိုးတစ်ချောင်း ကျိုးသွားတယ်။ သေတာမှ ပိုကောင်းပါသေးတယ်ဗျာ။ ပြီးတော့ မြို့အဝင်ဝမှာ ပေသီးရဲ့ ကျင့်ကြံဆင့်ကို ဖျက်ဆီးခံလိုက်ရတယ်။  ခို့ယွန်က အသတ်ခံလိုက် ရပြီးတော့ ကျာချီကိုတော့ အရှင်ဖမ်းသွားတယ်။  ကျုပ်တစ်ယောက်တည်း လွတ်လာတာ”

မိုဝူကျီက လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်လေ၏။ သူက ထိုမျှ အားမကောင်းသေးမှန်း သိသော်လည်း ယင်ပြန့်မြို့သို့ သွားရန် လိုအပ်နေလေပြီ။ အားလုံးက တျန်းဂျီဂိုဏ်း တည်ထောင်ရန် သဘောတူညီ ခဲ့ကြသော်လည်း ဂိုဏ်းချုပ်ဖြစ်သည့်သူ အသက်ရှင်နေစဉ် ဂိုဏ်းသားများက အသတ်ခံနေရပြီး ထွက်ပြေးနေရလေ၏။ အကယ်၍ ဂိုဏ်းချုပ်က  ထွက်ပေါ်လာပြီး မဖြေရှင်းလျှင် ထိုအပြစ်စိတ်ဖြင့် မည်သို့များ ဆက်ရှင်သန်နိုင်မည်နည်း။

“အစ်ကိုမို ...” ထုံယဲ့က မိုဝူကျီဆီမှ ထွက်ပေါ်လာသော လူသတ်ငွေ့များကို သတိပြုမိလိုက်၍ မြန်မြန် ပြောလိုက်သည်  “ယင်ပြန့်မြို့မှာ ကျင်းရှန်းအဆင့် ကျင့်ကြံသူတွေ ရှိတယ်။ ကျုပ်တို့တွေ အဲဒီကိုသွားရင် သွားသေတာနဲ့ အတူတူပဲ”

မိုဝူကျီက အသက်ပြင်းပြင်း ရှူလိုက်ပြီး …

“အဲဒီကိုသွားတာက ကျုပ်တို့အသက်တွေ စတေးသလို ဖြစ်နေမှန်း သိပေမဲ့  ကျုပ် သွားကို သွားရမယ်။  အခုတော့ မသွားသေးဘူး  ဒါပေမဲ့ အသက်အန္တရာယ် ရှိနေတဲ့သူတွေအတွက် တိုက်ပေးရမယ်”

မိုဝူကျီက ပြောပြီးနောက် ဟန်ချင်းရုဘက် လှည့်ကာ …

“စီနီယာအစ်မချင်းရုက အင်မော်တယ်ဝင်ရိုးလည်း ဖွဲ့စည်းပြီးပြီဆိုတော့  အင်မော်တယ်လောကကို အရင်သွားနှင့် လိုက်ပါလား။ ကျုပ်ဂိုဏ်းသားတွေက ယင်ပြန့်မြို့မှာ ပိတ်မိနေတုန်းဆိုတော့ အဲဒီကို ကျုပ် သွားရဦးမယ်”

ဟန်ချင်းရုက မိုဝူကျီကို သေချာ ပြန်ကြည့်လိုက်ရင်း …

“ဂျုနီယာမောင်လေးမို ... အရင် လောင်ချိုက်ဆီကနေ အလိုက်ခံနေရတုန်းက ရှင်က အဆုံးထိ ကူညီပေးခဲ့တာလေ။ အခု ကျမ အကူအညီလိုနေတဲ့ အချိန်မှာ ကျမ တစ်ယောက်တည်း အင်မော်တယ်လောကကို အရင် သွားစေချင်နေတာလား။

ရှင့်မျက်လုံးထဲမှာ ကျမက  အန္တရာယ်ကို ကြောက်ပြီး ရှောင်ပြေးပြီးတော့  ကျေးဇူးမသိတတ်တဲ့သူလို့ မြင်နေတာလား”

မိုဝူကျီက ဟန်ချင်းရု သဘောကို ချက်ချင်း သဘောပေါက်သွားက တုန်လှုပ်မိသွားသည်။ သူမက အလွန်နူးညံ့ ကြင်နာတတ်သည့်ပုံ ပေါ်သော်လည်း သူမကိုယ်ပိုင် သတ်မှတ်ချက်များ ရှိနေလေသည်။ သူမကို အန္တရာယ်များမည်ဆိုး၍ မြို့ကို မသွားခိုင်းခဲ့သော်လည်း သူမက သွားခဲ့သည့်အတိုင်း ဖြစ်၏။

“ဂျုနီယာမောင်လေး  ရှင့်ဂိုဏ်းနာမည်က ဘာလဲ” ဟန်ချင်းရုက မိုဝူကျီမဖြေသည်ကို မြင်၍ ထပ်မေးလိုက်သည်။

“တျန်းဂျီဂိုဏ်းပါ။ အင်မော်တယ်လောကမှာ  တျန်းဂျီဂိုဏ်း ရှိနေမလားတော့ မသိပေမဲ့ ကျုပ်က   တျန်းဂျီဂိုဏ်းကို တည်ထောင်ခဲ့လို့ပါ” မိုဝူကျီက ဖြေလိုက်သည်။

ဟန်ချင်းရုက ပွင့်ပွင့်လင်းလင်း ရယ်မောကာ …

“နောင်ကျ ကျမလည်း တျန်းဂျီဂိုဏ်းသားတစ်ဦးပဲ”

“ဟုတ်ပါပြီ” မိုဝူကျီက ဟန်ချင်းရုသည် အင်မော်တယ်ဖွေရှာ လှေကားကို တစ်ယောက်တည်း မသွားမှန်း သိ၍  လက်ခံ လိုက်ရတော့သည်။ သူမကို ဆက်ဖျောင်းဖျရန် မကြိုးစားတော့ပေ။

“အစ်ကိုမို အခု ကျုပ်တို့တွေ ဘာလုပ်ကြမလဲ” ထုံယဲ့က  ယခုအချိန်သွားခြင်းက သေမည်ကို သိနေသော်လည်း သူ့အစ်ကို ခံစားနေရသည် ကိုတော့ ဤအတိုင်း ပစ်မထားရက်ပေ။

“အခု လေလံပွဲ အရင်သွားကြမယ်” မိုဝူကျီက ဟန်ချင်းရုကို ကြည့်ကာ ပြောလိုက်သည်။

“အစ်မချင်းရု  လေလံပွဲစဖို့ ဘယ်လောက် လိုသေးလဲ။ ပြီးတော့ လေလံပွဲနေရာကရော ဘယ်နားမှာလဲ”

မိုဝူကျီသည်  ယင်ပြန့်မြို့သို့ အင်မော်တယ်ဝင်ရိုး မဖွဲ့စည်းရသေးပဲ သွားလျှင် သေနိုင်ချေမြင့်မှန်း ကောင်းကောင်း သိပေသည်။ လေလံပွဲသို့ အရင်သွား၍ တန်ဖိုးရှိ မှော်ရတနာတချို့ ရရန် အရင်ဆင်နွှဲရမည်။  နောက်ထပ် အကြောင်းအရင်း တစ်ချက်မှာ သူက ထိပ်တန်း  မီးတောက် လျှို့ဝှက်ပညာရပ်ကို အဆင့်မြင့်ရန် လိုအပ်နေပေသည်။

“အာ ... ဒါပေမဲ့  ...” ဟန်ချင်းရုက မိုဝူကျီကို နားမလည်နိုင်စွာ ကြည့်ကာ မိုဝူကျီ ပြောဖူးသည့် လေလံပွဲကို သွားခြင်းက ခြင်္သေ့ဂူထဲ လမ်းလျှောက်ဝင်သကဲ့သို့ ဖြစ်နေမည့်အကြောင်းကို ပြန်အမှတ်ရလိုက်သည်။

မိုဝူကျီက သက်ပြင်းချကာ …

“ကျုပ် သိပါတယ်  ဒါပေမဲ့  လေလံပွဲလောက်က ခြိမ်းခြောက်မှုတောင် ရင်မဆိုင်နိုင်မှတော့  ယင်ပြန့်မြို့ကို သွားလို့ ဘာအကျိုးရှိမှာလဲ”

ဟန်ချင်းရုက မိုဝူကျီ အတွေးများကို နားလည်သွားသောကြောင့်  မေးခွန်း ဆက်မထုတ်တော့ချေ။ မိုဝူကျီက ယင်ပြန့်မြို့ဆီ မသွားခင် ဤလေလံပွဲမှ တစ်ဆင့်  သူ့ကိုယ်ပိုင် အင်အားနှင့် စွမ်းအားကို မြှင့်တင်လိုနေခြင်း ဖြစ်ပေသည်။

ယင်ပြန့်မြို့ကဲ့သို့ နေရာကို  ဦးတည်သွားဖို့ရာ  ဖြတ်လမ်းမရှိပေ။ ဝင်ရန် နည်းလမ်းတစ်ခုသာ ရှိပေသည်။ တိုက်ခိုက်၍ လမ်းဖောက်ကာ   ဝင်ရလေမည်။

မိုဝူကျီက အားကောင်းသော်လည်း  သူမည်မျှ အားကောင်းစေကာမူ  ယင်ပြန့်မြို့အထိ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းက  သူ့အတွက် သေခြင်းနယ်ပယ်ဆီ ဝင်ရောက်သကဲ့သို့ ဖြစ်နေသော်လည်း အသက်ရှင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ တိုက်ခိုက်ဖို့ရာ ဖြစ်သည်။

ဟန်ချင်းရု မိုဝူကျီကို နားလည်သောကြောင့် သက်ပြင်းချလိုက်သည်။  အားကောင်းလာရန် ကြိုးစားနေသည့်အပြင် သူက လေလံပွဲမှတစ်ဆင့် သူတို့အသက်ရှင်နိုင်ချေကို တိုးမြင့်လာစေရန် ဖြစ်သည်။ သူမအသက်ကို သူက ကယ်တင်ပေးထားသည် ဖြစ်ရာ ဤသို့အချိန်မျိုးတွင် သူမက ပစ်သွားလိုက်ပါက သူမကိုယ်သူမက ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။ မိုဝူကျီက သူမ ခံစားနေရသည်များကို ကောင်းကောင်း သိသောကြောင့် သူမကို မနှစ်သိမ့်ပေးတော့ပေ။

“ကျင်းယွင်မြို့မှာ ကျင်းပမှာ။ အဲဒီကိုရောက်ဖို့ သုံးရက်လောက် လိုတယ်။ လေလံပွဲက‌ နောက်ခြောက်ရက်အကြာမှာ စမှာ” ဟန်ချင်းရုက ပြန်ဖြေလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြကာ   “အစ်မချင်းရု  အဲဒါဆို ယာဉ်ပျံကို  ထိန်းပေးပါဦး  ... ကျုပ်ကိုယ်ပိုင် ပညာရပ်လေး လေ့လာစရာအချိန်လေး လိုနေလို့။ ကျုပ်တို့ ရောက်ရင် လာပြောပေးပါနော်”

မိုဝူကျီက ထုံယဲ့ကို အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ မပြောသည်မှာ ရက်အနည်းငယ်လေး အတွင်း အကျိုးမထူးမည်မှန်း သိနေ၍ ဖြစ်သည်။ ယခု သူလိုအပ်နေသည်က  စွမ်းအားစက်ကွင်း မပါရှိလျှင်ပင် သူ့ကိုယ်ပိုင် ထိပ်တန်းမီးတောက် လျှို့ဝှက်ပညာရပ်ကို အဆင့်မြင့်ဖို့ လိုအပ်နေခြင်း ဖြစ်ပေသည်။ ထိုမှသာ ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူကို ကြောက်စရာ မလိုတော့မည် ဖြစ်သည်။  တစ်ခုတည်းသော စိုးရိမ်စရာက ကျင်းရှန်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ပေသည်။ သို့သော် သူ့ထိပ်တန်း မီးတောက် လျှို့ဝှက်ပညာရပ်က ကျင်းရှန်း အဆင့်ကို သတ်နိုင်လျှင် သူက ယင်ပြန့်မြို့တွင် အသက်ရှင်နိုင်လိမ့်မည်။

ဟန်ချင်းရုဆီ ယာဉ်ပျံကို လွဲပေးထားပြီးနောက် မိုဝူကျီက အခန်းငယ်လေးထဲ မဝင်ဘဲ ယာဉ်ပဲ့ပိုင်းဆီ သွားလိုက်သည်။ သူက အားကောင်းရန် အသည်းအသန် လိုအပ်နေပေသည်။

အကယ်၍ သူ့ အင်မော်တယ် မော်တယ် ကျင့်စဉ်၏ အလွန်အမင်း  ရိုးရှင်းခြင်းကြောင့်သာ မဟုတ်လျှင် မိုဝူကျီက ထိုကျင့်စဉ်မှ လျှို့ဝှက်ပညာရပ် ဖန်တီးဖို့ရာအထိ တွေးမိလိမ့်မည်။

မိုဝူကျီက ဖုံးကွယ်ရေး အစီအရင်တစ်ခု တပ်ဆင်ထားပြီး သူ့ဘေးတွင် အလယ်အလတ် အင်မော်တယ်ကျောက်များကို ပုံထားလိုက်ပြီးနောက် တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းကို စတင် အသုံးပြုလိုက်တော့သည်။

တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းမှာ မူလက  လျှို့ဝှက်ပညာရပ် ဉာဏ်အလင်းရဖို့ သုံးရန် ဖြစ်သော်လည်း  လျှို့ဝှက်ပညာရပ်တစ်ခု အသိဉာဏ်ပွင့်လာရန် သူ့အတွက် ပထမဆုံးအကြိမ် သုံးဖူးခြင်း ဖြစ်၏။

ထိပ်တန်းမီးတောက် လျှို့ဝှက်ပညာရပ်မှာ မိုဝူကျီ အင်မော်တယ်လျိုထဲမှာ ရှိစဉ်က ဉာဏ်အလင်း ပွင့်လာသည့် ပညာရပ် ဖြစ်ပေသည်။ ထိုအချိန်က သူ ရင်ဆိုင်နေရသည့် အန္တရာယ်များကြောင့်သာ မဟုတ်လျှင် သူ့တိုက်ခိုက်မှုနှင့် ထိပ်တန်း မီးတောက်ကို တွဲသုံးနိုင်မည် မဟုတ်ပေ။

ထိပ်တန်းမီးတောက် လျှို့ဝှက်ပညာရပ်မှာ အားအလွန် ကောင်းသော်လည်း မိုဝူကျီက ထိုအရာ၏ လိုအပ်ချက်ကို ကောင်းကောင်း သိထားသည်။ သူက တစ်ဖက်လူကို ချုပ်နှောင်ထားနိုင်ရန် သူ့အရှိန်အဝါပေါ် မှီခိုနိုင်သည့်အတွက် အလွန်ရိုးရှင်းပေသည်။ တစ်ဖက်လူက သူ့ထိပ်တန်းမီးတောက် ချုပ်နှောင်မှုကို ချိုးဖျက်နိုင်သည်နှင့် သူ့လျှို့ဝှက်ပညာရပ်မှာ အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။

ယခု သူက စွမ်းအားစက်ကွင်းပင် မပိုင်ဆိုင်ထားသော်လည်း သူ့လျှို့ဝှက်ပညာရပ်ကို အာကာသ ချုပ်နှောင်မှုဖြင့် အတူတကွ သုံးနိုင်ပေလိမ့်မည်။ တစ်ဖက်လူက သူ့ထိပ်တန်းမီးတောက် လျှို့ဝှက်တိုက်ခိုက်မှုကို ရှောင်ရှားနိုင်သည့်အခါ မိုဝူကျီတွင် အားသာချက်  ရှိလာလိမ့်မည်။ သို့သော်လည်း အာကာသ ချုပ်နှောင်မှုမှာ သူ့အဆုံးသတ် တိုက်ကွက် ဖြစ်၍  ထိပ်တန်းမီးတောက် လျှို့ဝှက်ပညာရပ်ဖြင့် တွဲမထားလိုပေ။

ကျင်းရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်က သူ့တိုက်ခိုက်မှုကို ရှောင်ရှားပြီးနောက်  မိုဝူကျီက သူ့နောက်တိုက်ကွက် စဉ်းစားနေရခြင်း ဖြစ်သည်။ နိဗာန တုတ်အရိပ် အဆင့်မှာ အလွန်နိမ့်ကျနေသည့် အတွက် မိုဝူကျီက ပယ်ရှားလိုက်သည်။ လျှပ်စီးဓားများက အတော်လေး ကောင်းသော်လည်း သူ့ထိပ်တန်း မီးတောက် လျှို့ဝှက်ပညာရပ်နှင့် ယှဉ်လျှင် လိုအပ်နေသေး၏။ သူ့ရွေ့လျားပွင့်လွှာနှင့် အကူလျှို့ဝှက်ပညာရပ်တို့မှာ အသုံးပြုဖို့ရာ မပြီးပြည့်စုံချေ။ သူ့စွမ်းအားကို တိုးတက်လာစေမည့် တစ်ခုတည်းသော နည်းလမ်းမှာ ထိပ်တန်းမီးတောက် လျှို့ဝှက်ပညာရပ်မှ ဖြစ်သည်။

တာအိုအသိဉာဏ်ပွင့် လမ်းကြောင်း၏ တာအိုစွမ်းအားများက  ထိပ်တန်းမီးတောက် လျှို့ဝှက်ပညာရပ်မှ တာအိုစွမ်းအားများနှင့် ပေါင်းစပ်သွားပြီး ရက်အနည်းငယ် အတွင်း မိုဝူကျီက လျှို့ဝှက် ပညာရပ်တစ်ခုကို အဖြေထုတ်ရန် တန်းလန်းအဆင့် ရောက်နေလေပြီ။

ထိပ်တန်းမီးတောက် လက်သီးချက်မှာ မိုဝူကျီစိတ်ထဲ ပုံပေါ်လာလေ၏။

သူ့စိတ်အတွင်း၌ ကောင်းကင်မီးတောက် လက်သီးချက်မှာ ပစ်လွှတ်လိုက်သည်နှင့် လက်သီးချက် တစ်ချက်စီတိုင်းတွင် အာကာသအတွင်း မီးတောက်များပါ ထုတ်လွှင့်၍ ရနေသည်။ ကျင့်ကြံဆင့် နိမ့်သူများသာ ထိုသို့မီးတောက်နှင့် တွေ့ရှိသွားပါက သူတို့စိတ်မှာ ဤထိပ်တန်းမီးတောက်၏ ချုပ်နှောင်မှုကို ခံလိုက်ရပေမည်။

သို့သော်လည်း မိုဝူကျီ၏ ရည်ရွယ်ချက်မှာ အဆင့်နိမ့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ဖို့ရာ မဟုတ်ပေ။ လက်သီးချက်က ဆက်ပြောင်းလဲနေဆဲ ဖြစ်ကာ သူက ပြီးပြည့်စုံသည့် လက်သီးချက်မျိုးကို ဖော်ထုတ်နေဖို့ရာ ကြိုးစားနေဆဲ ဖြစ်သည်။ ထိုအရာက နိဗာနတုတ်အရိပ်များ အဖြစ်‌မှ  လျှပ်စီးလက်သီးချက်များ အဖြစ် ပြောင်းလဲသွားပြီး ဖြည်းဖြည်းချင်ဖြင့်  မူလပုံစံသို့ ပြန်ပြောင်းသွားသည်။

မည်သို့ပင် ပုံပြောင်းသွားစေကာမူ မိုဝူကျီက တစ်ခုခု လိုအပ်နေကြောင်း ခံစားမိနေဆဲ ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ ဤလက်သီးချက်၌   တစ်ဖက်လူကို ချုပ်နှောင်ဖို့ရာ ထိပ်တန်းမီးတောက်၏ သဘာဝကို မလိုအပ်တော့ချေ။ အကြောင်းမှာ သူက လက်သီးချက် ပစ်လွှတ်ပြီးသည်နှင့် သူ့ကိုယ်ပိုင် လက်သီးချက် စွမ်းအားစက်ကွင်း ဖြစ်လာ၏။

မိုဝူကျီကို အကြီးကြီး အံ့အားသင့်သွားစေသည်။ မိုဝူကျီက သူ့ကိုယ်ပိုင် အင်မော်တယ် စွမ်းအားစက်ကွင်း မဖြစ်တည်လာခင် သူ့လျှို့ဝှက်ပညာရပ်က ကိုယ်ပိုင် စွမ်းအားစက်ကွင်း ဖြစ်တည်သွားလေပြီ။

သူက တစ်ချက်ထိုးလိုက်ရင်း ထိုလက်သီးချက် ပတ်ဝန်းကျင်မှာ ဝိညာဉ်စွမ်းအား ချုပ်နှောင်မှု ဖြစ်ပေါ်လာလေ၏။ ထိုအရာမှာ သူ့လက်သီးချက် စွမ်းအားစက်ကွင်း ဖြစ်ပေသည်။ တစ်ဖက်လူက သူ့လက်သီးချက် နယ်ပယ်အတွင်း ရှိပါက ဤစွမ်းအားစက်ကွင်းကြား ပိတ်မိသွားလိမ့်မည်။

မိုဝူကျီက ထရပ်ကာ နောက်ထပ် တစ်ချက် ပစ်ခွင်းလိုက်သည်။

ဤတစ်ကြိမ်တွင် သူက လက်သီးချက် ပတ်လည် ချုပ်နှောင်ထားသော အပိုင်းအစ အမျိုးမျိုးကိုပါ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

“ဘုန်း” ထိပ်တန်း မီးတောက်၏ ကြောက်မက်ဖွယ် အရှိန်အဝါများက ပေါက်ကွဲထွက်လာပြီး မည်းနက်နေသည့် ဟင်းလင်းပြင်မှာ တောက်ပသွားလေသည်။ မိုဝူကျီ ပစ်လွှတ်လိုက်သည့် နေရာတစ်ခုလုံးမှာ အပြင်းအထန် တုန်ခါသွားပေသည်။

***

All Chapters