← Chapters

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

Vol. 68 Ch. 947

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

Vol. 68 Ch. 947

စိုင်ဖန်တွင် သူလိုချင်တာမှန်သမျှ လက်တွေ့လုပ်ဆောင်နိုင်သူတစ်ယောက်အနေနှင့် တွမ်ရက်ဂျီက ‌ဦးနှောက်ရှိသူတစ်ယောက်ဖြစ်သည်။ သူက ထန်ရှုနှင့် လက်တွဲပြီးနောက် ဤလူငယ်နှင့်ပတ်သက်သည့် သတင်းများအား စုံစမ်းခဲ့ပြီး ထန်ရှုက အလွန်ရှိန်လောက်သောဝိသေသလက္ခဏာတစ်ခုရှိပြီး သူသိသမျှမည်သူမဆိုထက် ပိုအားကောင်း၏။

သူက ဤလူငယ်အား သူ့သူငယ်ချင်းအဖြစ် သတ်မှတ်ထားသည်၊ ဒါပေမယ့် ဘာလို့ သူက သူ့ရန်သူနဲ့ ပလဲနံပသင့်‌‌နေရတာလဲ။ သူတို့၏ဆက်ဆံရေးအရ သူတို့က အလွန်နီးကပ်ပုံရ၏။

"မစ္စတာထန်"

စိတ်ထဲရှိဂနာမငြိမ်ဖြစ်မှု၊ ရှုပ်ထွေးမှုတို့ကို ဖိနှိပ်ရင်း တွမ်ရက်ဂျီက စုန်ကွမ်းဟွေအား တစ်ချက်သာ ကြည့်ပြီး ထန်ရှုအား လှမ်းကာ နှုတ်ဆက်ပွေ့ဖက်လိုက်သည်။

"ငါ မင်းကို ဒီလူနဲ့ မိတ်ဆက်ပေးစရာမလိုဘူးမလား၊ တွမ်"ထန်ရှုက ဖျော့ဖျော့ပြုံးလျက် ပြောလိုက်သည်။"မင်းက စိုင်ဖန်မှာ အမြဲတမ်းနေတာဆိုတော့၊ မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိမှာ သေချာတယ်"

အနည်းငယ်ထူးဆန်းသာအမူအရာဖြစ်လာပြီး တွမ်ရက်ဂျီက ခေါင်းညိတ်ပြလိုက်သည်"ဗိုလ်ချုပ်စမ့်ဟွေ၊ စိုင်ဖန်ရဲ့နံပါတ်၂ပုံရိပ်။ သူက ငါ့ရဲ့အပန်းဖြေစခန်းကို လာမယ်လို့ ငါ မထင်ထားဘူး။ ဒါ့အပြင် သူက မင်း၊ မစ္စတာထန်နဲ့အတူ ပါလာမယ်လို့ပေါ့"

"သူက အပြင်လူတစ်ယောက်တော့ မဟုတ်ဘူး၊ တွမ်။ သူက ငါနဲ့ အလွန်နက်ရှိုင်းတဲ့ဆက်နွယ်မှုရှိတယ်"ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလေ၏"သူက ငါ့အကြီးအကဲဆိုတာ မင်းကို ပြောနိုင်တယ်။ မင်းတို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိတယ်ဆိုတာ ငါ သိထားပြီးသားပါ၊ ဒါကြောင့် သူ့ကို ရန်လိုတဲ့အကြည့်နဲ့ မကြည့်ပါနဲ့။ ငါတို့ငြိမ်းငြိမ်းချမ်းချမ်းစကားပြောလို့ရမယ့်‌နေရာတစ်ခုရှာရင်ရော ဘယ်လိုလဲ"

"ငါ မလုပ်နိုင်ဘူး"တွမ်ရက်ဂျီက ခေါင်းခါကာ ပြော၏"ငါ မင်းနဲ့ပြောစရာအကြောင်းရာတွေ အများကြီးရှိတယ်၊ မစ္စတာထန်၊ ဒါပေမယ့် သူနဲ့ ဘာမှ ပြောစရာမရှိဘူး။ ငါက မစ္စတာဒါဝက်စ်ရဲ့လူ၊ ငါက ဒီလူနဲ့ ဆက်သွယ်တာကို သူ ကြားသွားရင် ဘယ်လိုကောင်းတဲ့အရာတွေမှ ဖြစ်လာမှာမဟုတ်ဘူး။ မင်း နားလည်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"

တွမ်ရက်ဂျီ၏အမူအရာကို မြင်ပြီး ထန်ရှုအပေါ် စုန့်ကွမ်းဟွေ၏ချီးကျုးမှုက ဒီဂရီအနည်းငယ်လျော့လျာ့ကျသွား၏။ ထန်ရှုက သူ့အဖေလို ပါရမီရှိသောလူငယ်တစ်‌ယောက်ဟု သူ အစက တွေးထားခဲ့သည်။ ဒီလောက်ရိုးရှင်းပြီး သူ့အား တွမ်ရက်ဂျီနှင့် တိုက်ရိုက်ဆက်သွယ်စေချင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထန်ယွမ်ဒီ-သူ၏ သေဖော်ရှင်ဘက်ညီအကို၏မျက်နှာအား အမှတ်ရလိုက်ပြီးမှသာ သူက သူ၏မကျေမနပ်ချက်အား ဖိနှိပ်ကာ ထန်ရှု၏နောက်အကွက်ကိုသာ တည်ငြိမ်စွာ စောင့်နေလိုက်သည်။

"တွမ်၊ မင်းတို့နှစ်ယောက်ကြားပြဿနာတွေကို ငါ နားလည်တယ်လို့ မင်းကို ပြောခဲ့ပြီးသားမလား"ထန်ရှုက ပြော၏"ငါ့မှာ ငါ့ရည်ရွယ်ချက်နဲ့မင်းနဲ့ ဆွေးနွေးဖို့ အကြောင်းပြချက်တစ်ခု ရှိတယ်။ ငါ မင်းကို လုံးဝမထိခိုက်စေဘူးဆိုတာ မင်း ငါ့ကို ယုံကြည်နိုင်ပါတယ်"

အနည်းငယ်တုံ့ဆိုင်းပြီးနောက် တွမ်ရက်ဂျီက ခေါင်းခါယမ်းလိုက်သည်"မင်းက အားဝူရဲ့သူဌေးပဲ၊ မစ္စတာထန်။ မင်းက မိတ်ဆွေတစ်ယောက်ဟုတ်သလို ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်လဲ ဖြစ်တယ်၊ ဒါကြောင့် ငါ မင်းကို ယုံကြည်တယ်။ ဒါပေမယ့် ဒီလူက ငါ ယုံကြည်နိုင်တဲ့လူတစ်ယောက်မဟုတ်ဘူး၊ ဒါကြောင့် ငါ လက်မခံနိုင်ဘူး"

အနက်ရောင်ကတ်ဦးထုပ်အား ဝတ်ဆင်ထားသော တစ္ဆေက ရှေ့သို့ လှမ်းလာပြီး ‌သရော်လိုက်သည်"ဟမ့်၊ ဒီကမ္ဘာမှာ မင်း မပြောနဲ့၊ တစ်ယောက်မှ ငါ့သူဌေးရဲ့တောင်းဆိုချက်ကို ငြင်းလို့မရဘူး။ အခု မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်၊ နံပါတ်တစ်- ငါ့သူဌေးနဲ့စကားပြောဖို့ နေရာတစ်ခုကို ချက်ချင်းပြင်ဆင်။ နံပါတ်နှစ်- ငါ မင်းကို အခု သတ်ပြီး မင်းရဲ့နေရာမှာ မင်းနောက်လိုက်ကို အစားထိုးမယ်"

တစ္ဆေ၏မျက်နှာကို မမြင်နိုင်သဖြင့် တွမ်ရက်ဂျီက ဒေါသထွက်သွားသည်"မင်းက ဘာမို့ ငါတို့စကားပြောနေတာကို ကြားဖြတ်ပြောရတာလဲ။ ငါက မင်းရဲ့သူဌေးနဲ့ ပြောနေတာ၊ မင်းနဲ့ မဟုတ်ဘူးကွ"

တစ္ဆေက သူ့၏ကတ်ဦးထုပ်အား ပင့်တင်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံးက တွမ်ရက်ဂျီ၏မြင်ကွင်းထဲ၌ ပေါ်ထွက်လာပြီး သူက အနှီတွမ်၏ဖြူရော်နေသောမျက်နှာအား ကြည့်ကာ နှာခေါင်းရှုံ့လိုက်ချေသည်"မင်းနှလုံးသားရဲ့တည်နေရာက သာမန်လူတွေနဲ့ မတူတာကြောင့် မဟုတ်ရင် မင်းအနေနဲ့ ဒီနေရာမှာ ရပ်ပြီး ငါ့သူဌေးနဲ့ စကားပြောနိုင်မှာတောင် မဟုတ်ဘူး"

အလွန်တုန်လှုပ်သွားပြီး တွမ်ရက်ဂျီက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။ သူက တ‌စ္ဆေအား လက်ညှိုးထိုးကာ ကြောက်လန့်တကြားအံ့အားသင့်စွာ ပြောလိုက်၏"မင်းက....မင်းက ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ။ မင်းက ......."

"စကားတစ်လုံးပိုလာတာနဲ့ ငါ မင်းကို သတ်မယ်" တစ္ဆေက အေးစက်စွာ ‌ပြောလိုက်သည်။

တွမ်ရက်ဂျီကို ကြည့်ရသည်မှာ သူ အနိုင်မယူနိုင်‌သော အကုသိုလ်ဝိပါက်ထဲသို့ ပြေးဝင်သွားသလိုပင်။ ကြောက်လန့်နေသောနှလုံးသား၊ တဒုန်းဒုန်းခုန်နေသောမျက်လုံးများနှင့် ဂနာမငြိမ်မှုတို့က သူ့ခန္ဓာကိုယ်တစ်ခုလုံး လွှမ်းခြုံလာသည်။ သူက လူမရေမတွက်များစွာအား သတ်ဖြတ်ခဲ့သူတစ်ယောက်ဖြစ်သော်လည်း ဤကမ္ဘာပေါ်တွင် သူ့အား ထိတ်လန့်စေသည့်လူအချို့ရှိသေး၏။ သူတောင် မသိလိုက်ဘဲ သူ့လက်က သူ့နှလုံးသားတည်‌နေရာအား ထိလိုက်မိသည်။ ထို‌နေရာတွင် အမာရွတ်တစ်ခုရှိပြီး ထိုအမာရွတ်အား လက်ဆောင်ပေးခဲ့သူက သူ့ရှေ့တည့်တည့်ရှိ တစ္ဆေပင်ဖြစ်သည်။

ထန်ရှုက မျက်ခုံးတွန့်ကာ အံ့အားသင့်စွာ ‌မေးလိုက်သည်"မင်း သူ့ကို သိတာလား"

"သူက တချိန်က ငါ့ပစ်မှတ်ရဲ့အောက်ဆွဲတစ်ယောက်ဖြစ်ခဲ့တယ်၊ အတော်လေးကျွမ်းကျင်သူတစ်ယောက်လို့ ငါ ဝန်ခံရမှာပဲ"တစ္ဆေက လျှာသပ်လျက် ပြုံးဖြဲဖြဲပြောလေ၏"ကံမကောင်းစွာနဲ့ သူက ငါ့မျက်လုံးထဲမှာ အမှိုက်ဖြစ်နေတာပဲ။ သူက အသက်ရှင်သေးတာကို သိပြီးနောက် သူ့ကို ထပ်သတ်ဖို့ မကြိုးစားတော့ဘူး။ တကယ်တော့ အစောကတည်းက သူက ငါ့ပစ်မှတ်မဟုတ်ဘူးလေ"

"ကမ္ဘာမှာ မင်းကို မှတ်မိတဲ့သူတွေ နည်းနည်းလေးပဲ ရှိတယ်လို့ မင်း ငါ့ကို မပြောခဲ့ဘူးလား"ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြော၏"မင်း ငါနဲ့ ထွက်လာတာနဲ့ ဘယ်လိုလုပ်ပြီး မင်းကို မှတ်မိသူတွေ အများကြီးရှိ‌နေရတာလဲ"

"တတိယမြောက်ပုဂ္ဂိုလ်မရှိစေရဘူးလို့ ငါ ကတိပေးပါတယ်၊ သူဌေး"တ‌စ္ဆေက ကမန်းကတန်းပြောလေသည်။

ထန်ရှုက သူ့အား အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး တွမ်ရက်ဂျီအား ထပ်ကြည့်ကာ မေးလိုက်ပြန်၏"ငါ ထပ်ခါထပ်ခါ မပြောချင်တော့ဘူး။ သူက ငါ့ရဲ့အကြီးအကဲပဲ၊ ငါ ယုံကြည်ရသူတွေထဲကတစ်ယောက်ပဲ။ မင်း ငြင်းပယ်အုံးမယ်ဆိုရင်‌တော့ အဆင်ပြေပါသေးတယ်၊ ဒါပေမယ့် နောက်ကျရင် မင်း ရင်ဆိုင်ရမယ့် အကျိုးဆက်တွေကို စဉ်းစားထားပါ။ ဘာလို့ဆို မင်း ရင်ဆိုင်ရမယ့်ရန်သူက ငါ ဖြစ်နေလို့ပဲ"

လည်ချောင်းခြောက်ကပ်ကပ်ဖြစ်လာပြီး သူ့အကြည့်အား တစ္ဆေမှ ထန်ရှုသို့ ပြောင်းကာ တွမ်ရက်ဂျီက ခေါင်းညိတ်လိုက်သည်"ငါ စီစဉ်ပေးပါမယ်။ ဒါပေမယ့်....သူ ဘယ်လိုလုပ်ပြီး မင်းလူဖြစ်လာတယ်ဆိုတာ ပြောပြနိုင်မလား။ ငါ အဲဒါကို လုံးဝစဉ်းစားလို့မရဘူးဖြစ်နေတယ်"

"မင်း နားမလည်နိုင်တာ ဘာလဲ"ထန်ရှုက မေး၏။

"ဘာကြောင့် သူ့လိုလူတစ်ယောက်က မင်းရဲ့လူဖြစ်ချင်သလဲဆိုတာ ငါ မဖော်ထုတ်နိုင်ဘူး။ သူက အားဝူနဲ့ လုံးဝကိုမတူညီတဲ့လူမျိုးစိတ်တစ်ခုပဲ"

"ငါ ဘယ်သူလဲဆိုတာ မင်း တကယ်ပဲ သိချင်၊ နားလည်ချင်တာလား"ထန်ရှုက ဖျော့ဖျော့ပြုံးကာ မေးလိုက်၏။

မေးခွန်းက တွမ်ရက်ဂျီအား မှင်တက်သွားစေသည်။ ထန်ရှုဘာဆိုလိုသလဲ သူ နားလည်သည် ၊ သူ့ရင်ထဲရှိထန်ရှုအားကြောက်ရွံ့မှုက ယခင်ကထက် ပိုပြင်းထန်လာ၏။ သူက သက်ပြင်းတစ်ရှိုက်လိုက်ပြီး စုန့်ကွမ်းဟွေအား တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်"ကျေးဇူးပြုပြီး ဝင်လာပါ"

အမူအရာက အလွန်ထူးဆန်းစွာ ပြောင်းလဲသွားပြီး အဖြစ်အပျက်အလှည့်အပြောင်းက ဒီလိုပြောင်းပြန်ဖြစ်လာလိမ့်မည်ဟု စုန့်ကွမ်းဟွေက မမျှော်လင့်ထားခဲ့ပေ။ ထန်ရှု၏လူတစ်ယောက် ရှေ့ထွက်ကာ စကားပြောလိုက်ရုံနှင့် တွမ်ရက်ဂျီက ထိတ်လန့်သွားကာ သူ၏ယခင်သဘောထားအား ပြောင်းလိုက်ရသည်။

"ထန်ရှုရဲ့လူက ဘယ်သူများပါလိမ့်"

ခေါင်းရှုပ်စွာနှင့် စုန့်ကွမ်းဟွေက ကြိုတင်ပြင်ဆင်ထား‌သောစံအိမ်ရှိရာသို့ ထန်ရှုတို့နောက်မှ လိုက်သွား၏။

ဒုတိယထပ်ရှိဧည့်ခန်းထဲတွင် ထန်ရှုက ကျန်းရှင်းယာ၏ပခုံးအား ညင်သာစွာပုတ်ကာ ပြောလိုက်သည်"မင်း အခန်းထဲသွားပြီး အရင်အနားယူနေ၊ ငါတို့ ဒီ‌နေရာမှာ ဆွေးနွေးစရာတစ်ခုရှိလို့။ မနက်ကျရင် ပင်လယ်ပြင်ကို ထွက်ရမှာဆိုတော့ မင်း ကောင်းကောင်းအနားယူထား"

ကျန်းရှင်းယာက ထန်ရှု၏ကိစ္စများနှင့်ပတ်သက်၍ အများကြီးနားမလည်ပေ၊ ထို့ကြောင့် သူမက ခေါင်းညိတ်လိုက်ပြီး အနားယူရန် တတိယအထပ်ရှိအိမ်ခန်းသို့ တည့်တည့်မတ်မတ်သွားလိုက်တော့၏။

ထန်ရှုက ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး တွမ်ရက်ဂျီအား ကြည့်ကာ ပြောလိုက်၏"မင်းရဲ့သစ္စာခံတာကို ဦးလေးစုန့်ဘက်ကို ပြောင်းဖို့ ငါ မင်းကို ပြောရင် မင်း သဘောတူမှာလား"

"ဟမ်၊ ဦးလေးစုန့်က ဘယ်သူလဲ"တွမ်ရက်ဂျီက ခေါင်းရှုပ်စွာ ‌မေးလိုက်ချေသည်။

"သူ့ရဲ့နာမည်အမှန်က စုန့်ကွမ်းဟွေ၊ ငါ့အဖေရဲ့သေဖော်ရှင်ဘက်ညီအကိုပဲ"ထန်ရှုက စုန့်ကွမ်းဟွေအား လက်ညှိုးထိုးကာ ရှင်းပြလိုက်သည်"ဒါကြောင့်ပဲ သူက ငါ့ရဲ့အယုံကြည်ရဆုံးတစ်ယောက်လို့ မင်းကို ပြောခဲ့တာ"

မယုံကြည်နိုင်၊ အံ့ဩတုန်လှုပ်သောမျက်လုံးများနှင့်အတူ တွမ်ရက်ဂျီက စုန့်ကွေးဟွေအား စိုက်ကြည့်သည်။ စမ့်ဟွေတွင် အခြားနာမည်တစ်ခုရှိမည်ဟု သူ မထင်ထားခဲ့ပေ။ သူ့တွင် အခြားအဆင့်အတန်းအထောက်အထားများလည်း ရှိတန်ရ၏။

"ထန်ရှု မလိမ်ဘူး။ ငါ့ရဲ့နာမည်အမှန်က စုန့်ကွမ်းဟွေပဲ။ တစ်ချိန်က ငါက တရုတ်အထူးစစ်တပ်ရဲ့လက်ရွေးစင်ကွန်မန်ဒိုတစ်ယောက်ဖြစ်ခဲ့တယ်"စုန့်ကွမ်းဟွေက နက်ရှိုင်းသောလေသံနှင့် ဇာတ်ကြောင်းပြန်ပြောလေသည်"နောက်ပိုင်းမှာ မတော်တဆတစ်ခုဖြစ်ခဲ့ပြီး  စစ်တပ်က‌နေ ငါ စွန့်ခွာလာခဲ့တယ်။ ပြီးနောက် စိုင်ဖန်ကို ရောက်လာတယ်၊ ဒီနေရာမှာ နာမည်အသစ်တစ်ခုနဲ့ ‌နေပြီး ငါ့ရဲ့လက်ရှိအနေအထားအထိ ရောက်အောင် ကြိုးစားတက်လှမ်းခဲ့တယ်"

သူက စမ့်ဟွေနှင့် အလွန်နက်ရှိုင်းသောဆက်ဆံရေးရှိသည်အား ထန်ရှု ပြောသည်ကို တွမ်ရက်ဂျီက ရုတ်ခြည်းနားလည်လိုက်သည်။ သူတို့နှစ်ယောက်လုံးက တရုတ်လူမျိုးများဖြစ်ကြပြီး စမ့်ဟွေက ထန်ရှုအဖေ၏သွေးသောက်ညီအကိုတစ်ယောက်ပင် ဖြစ်နေ၏။

"တွမ်၊ မင်း သိပြီးသားလို့ ငါ ထင်ပေမယ့် ငါ ပြောရမယ့်တစ်ခုရှိတယ်"ထန်ရှုက ပြော၏"ငါ့လက်အောက်က အင်အားက အရမ်းပြောင်မြောက်တယ်၊ ငါနဲ့ပတ်သက်ပြီး မင်း သိထားတာတွေက ရေခဲတုံးရဲ့အဖျားလောက်ပဲ။ ဒါကြောင့် အခု ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ မင်း ငါ့နောက်လိုက်လုပ်ပါ"

အမူအရာပြောင်းလဲသွားပြီး တွမ်ရက်ဂျီက ထန်ရှုဘေးနားရှိတစ္ဆေအား တစ်ချက်ကြည့်ကာ မျက်နှာရှုသိုးသိုးနှင့် ‌မေးလိုက်သည်"ငါ ငြင်းပယ်ခွင့်ရှိလား"

"မရှိဘူး၊ မင်း ငြင်းလို့မရဘူး"ထန်ရှုက ခေါင်းခါယမ်းလိုက်သည်"တစ္ဆေက ငါ့လူဖြစ်တယ်ဆိုတာနဲ့ ဦးလေးစုန့်နဲ့ငါ့ကြားမှာ အချိတ်အဆက်တစ်ခုရှိတယ်ဆိုတာကို တင်းတင်းကြပ်ကြပ်လျှို့ဝှက်ထားရမယ်။ လက်ရှိအနေအထားကို ပြောရမယ်ဆိုရင် မင်း ပိုသိလေ၊ မင်းအတွက် အန္တရာယ်ပိုများလေပဲ။ အခု ငါနဲ့ ပတ်သက်ပြီး တစ်ခုခု မင်း သိသွားပြီ၊  ဒါကြောင့် ဒုက္ခကို ရှောင်ရှားဖို့ မင်းမှာ ရွေးချယ်စရာနှစ်ခုပဲ ရှိတယ်"

ရွေးချယ်စရာနှစ်ခုလား။

ရွေးချယ်စရာနှစ်ခုက ဘာဖြစ်သည်ကို တွမ်ရက်ဂျီက သိသည်။ ပထမတစ်ခုက ထန်ရှု၏နောက်လိုက်ဖြစ်ရမည်၊ သို့မှ သူ့အသက်အား ထိန်းထားနိုင်မည်။ဒုတိယတစ်ခုက ငြင်းပယ်ခြင်းအတွက် သူ့အား နေရာ၌ သတ်ဖြတ်ခြင်းပင်။

သူက ငြင်းပယ်ခဲ့လျှင် လွတ်မြောက်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။ ထန်ရှုကိုယ်တိုင်က အလွန်အားကောင်းသည်ကို ဖယ်လိုက်လျှင် သူက တစ္ဆေတစ်ယောက်တည်းကိုပင် မရင်ဆိုင်နိုင်ပေ။

"ငါ ဘာလုပ်ရမလဲ။ ထန်ရှုထံ အညံ့ခံတာပဲ ငါ့ရဲ့တစ်ခုတည်းသောရွေးချယ်စရာလား"

တွမ်ရက်ဂျီက ချီတုံချတုံဖြစ်နေသည်ကို မြင်ပြီး ထန်ရှုက သာမန်ဆန်စွာ ပြောလိုက်သည်"မင်း ငါ့ကို အညံ့ခံလိုက်ရင်‌‌တောင် မင်းရဲ့ပိုင်ဆိုင်မှုက မပြောင်းလဲဘူးလို့ ငါ အာမခံတယ်။ ငါ မင်းကို အမိန့်အများကြီးမပေးပါဘူး၊ မင်း ငါ့အတွက် ကိစ္စရပ်တွေ ပိုအောင်မြင်အောင် လုပ်နိုင်ရင် မင်းကို ဆုလာဒ်တွေတောင် ပေးအုံးမှာ။ တစ်နေ့ကျရင် မင်းက အားဝူလိုပဲ သန်မာလာလိမ့်မယ်လို့ မင်းကို ပြောခဲ့တာ ငါ မှတ်မိပါတယ်"

တွမ်ရက်ဂျီက စိတ်လှုပ်ရှားစွာနှင့် မေးလိုက်သည်"မင်းက ငါ့ကို တရုတ်ကွန်ဖူးသင်ကြားပေးမှာလား"

"ဘာတရုတ်ကွန်ဖူးလဲ"ထန်ရှုက ခေါင်းခါယမ်းလိုက်သည်"ငါ မင်းကို ‌သင်ကြားပေးမှာက လုံးဝမတူညီတဲ့အရာပဲ၊ မင်းရဲ့စိတ်ကူးနိုင်တာထက် ကျော်လွန်တဲ့အရာတစ်ခုပေါ့။ ဒါပေမယ့် မင်း အရမ်းပြောင်မြောက်လာတာနဲ့ အနေအထားကလဲ ပိုအန္တရာယ်များလာလိမ့်မယ်။ မင်း ရင်ဆိုင်ရမယ့်ရန်သူတွေက သာမန်လူသားတွေ မဟုတ်ဘူးဆိုတာ သေချာသလောက်ပဲ"

"လူသားတွေ မဟုတ်ဘူးလား။ သူတို့က ဘာတွေလဲ။ သူတို့က ပင်လယ်ထဲကသားရဲတွေလိုလား"တွမ်ရက်ဂျီက ခေါင်းရှုပ်စွာ ‌မေးလိုက်၏။

"ဟမ့်၊ အဲဒီပင်လယ်သားရဲတွေက အရမ်းသန်မာပေမယ့် အနာဂတ်မှာ မင်းရင်ဆိုင်ရမယ့်ရန်သူတွေက သူတို့က အများကြီးပိုသန်မာနိုင်တယ်"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"ငါ မင်းကို နှိုင်းယှဉ်ပြီးပြောပြမယ်။ အနောက်တိုင်းကမ္ဘာရဲ့ဗန်ပိုင်းယားတွေ၊ သားရဲတစ်ပိုင်းလူတွေ၊ တောင်ပံလူသားတွေ၊ မှော်ဆရာတွေနဲ့ စုန်းတွေကို မင်းလဲ သိတယ်မလား"

ထိတ်လန့်မှုက ရိုက်ခတ်သွားပြီး တွမ်ရက်ဂျီက မေးလိုက်သည်"မင်းဆိုလိုတာက ငါက အဲဒီကြောက်စရာကောင်းတဲ့မွန်စတားတွေလောက် အားကောင်းလာနိုင်မယ်ပေါ့၊ ငါ့ရန်သူတွေက အဲဒါတွေ ဖြစ်လာနိုင်မယ်ပေါ့"

"ဒီဗန်ပိုင်းယား၊ သားရဲလူသား၊ တောင်ပံလူသားနဲ့စုန်းတွေက အားကောင်းတယ်လို့ မင်း ထင်နေတာလား"ထန်ရှုက အထင်သေးစွာ နှာခေါင်းရှုံ့လျက် ပြောလေ၏"မင်းက ငါ့ကို သစ္စာရှိကြောင်း သက်သေပြနိုင်မယ်ဆိုရင် အနာဂတ်မှာ သူတို့ကိုရိုက်နိုင်တဲ့စွမ်းအား မင်းမှာ ရှိလာလိမ့်မယ်။ ဒါပေမယ့် ငါ မင်းကိုပြောနေတဲ့ရန်သူတွေက သူတို့ထက် ပိုအားကောင်းတဲ့တည်ရှိမှုတွေပဲ"

တွမ်ရက်ဂျီက အလွန်အံ့အားသင့်သွားသည်။ ထန်ရှုက ထိုသို့ပြောနိုင်သည်ဟု သူ ဘယ်တော့မှ မထင်ထားခဲ့ပေ။ ထန်ရှုက သူ့ရှေ့၌ တံခါးတစ်ချပ် ဖွင့်ပေးလိုက်သလိုပင်။ ယခု သာလွန်ဆန်းကြယ်‌ သောကမ္ဘာကြီးကို ကြည့်ရန်အတွက် ထိုတံခါးကို ဖွင့်ရန် သူ့အား စောင့်နေသည်။

***

All Chapters