အကြိုတိုက်ပွဲ
Vol. 68 Ch. 950
ခြိမ်းခြောက်လိုသောအရှိန်အဝါများနှင့်ရောင်စုံမြွေနှစ်ကောင်က ထန်ရှုအား စိတ်ထဲ၌ အံ့အားသင့်သွားစေသည်။ ၎င်းတို့၏ဥိီးခေါင်းပေါ်ရှိအသားဖုများက ရေနဂါးများမဖြစ်လာခင် ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်သည်ကို သူက သိ၏။
သည်မတိုင်ခင်တုန်းက အောင်းဝေမြှင့်တင်ထားသောသွေးစပါးအုံးအား ထန်ရှုက မြင်ဖူးသည်၊ သို့သော် ထိုသတ္တဝါက ဤစပါးအုံးနှစ်ကောင်နှင့်ယှဉ်လျှင် ခွန်အားနှင့်အဆင့်အားဖြင့် အများကြီးနိမ့်ကျသည်။ ဤသတ္တဝါနှစ်ကောင်ထဲကတစ်ကောင်က သွေးစပါးအုံးဆယ်ကောင်အား အလွယ်တကူသတ်ဖြတ်နိုင်သည်ဟု ပြောနိုင်သည်။
သို့သော် ထန်ရှုအား အံ့အားသင့်စေသည်ကား ကျောက်တုံးပေါ်တွင်ထိုင်နေသောအနက်ဝတ်လူအိုကြီးနှစ်ယောက်ကိုယ်တိုင်ပင်။ သူတို့၏ခပ်ဖျော့ဖျော့စွမ်းအင်အတက်အကျများက သူ့အား အနည်းငယ်ခြိမ်းခြောက်သလို ခံစားရစေသည်။
"မင်းတို့နှစ်ယောက်က ဘာတွေလဲ၊ ဘယ်သူတွေလဲ"
ဆယ်စက္ကန့်ကြာနှုတ်ဆိတ်သွားပြီးနောက် ထန်ရှုက သူတို့အား မီတာနှစ်ဆယ်အကွာမှ အော်လိုက်သည်။
ရှုးရှုး.....ရှဲရှဲ.....
လူအိုကြီးနှစ်ယောက်က ထန်ရှုအား လုံးဝဂရုမစိုက်ပေ သို့မဟုတ် သူ့မေးခွန်းအား လစ်လျူရှုထားသည်ဟု ပြောလျှင် ပိုမှန်ပေမည်။ သူတို့က နေရာတွင် မျက်လုံးမှိတ်လျက် မလှုပ်မယှက်တည်ငြိမ်စွာ ထိုင်နေသည်။ တစ်ဖက်တွင် ရောင်စုံစပါးအုံးနှစ်ကောင်ကသာ လှုပ်ရှားနေကြပြီး အားလုံးအား မောင်းထုတ်ရန် ကြိုးပမ်းနေသည့်အတိုင်း တရှဲရှဲမြည်တွန်နေသည်။
"ဟမ့်"အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက် ထန်ရှုက အသံလေးလံစွာနှင့် ဆိုလေသည်"ခင်ဗျားတို့သက်ကြားအိုနှစ်ယောက်က အရမ်းမောက်မာနေတာပဲ။ နဂါးကိုးကောင်ကျွန်းက ငါ့ပိုင်နက်ပဲ။ အခု ခင်ဗျားတို့သက်ကြားအိုနှစ်ယောက်မှာ ထွက်သွားဖို့ အခွင့်အရေးတစ်ကြိမ်ရှိသေးတယ်၊ မဟုတ်လို့ကတော့ ထွက်သွားဖို့အခွင့်အရေးရှိတော့မှာမဟုတ်ဘူးနော်"
ဤအချိန်တွင် သူတို့ထဲကတစ်ယောက်က မျက်လုံးဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ သူက ထရပ်လာပြီး သူ့လက်ထဲရှိတောင်ဝှေးက စွမ်းအင်အတက်အကျရုတ်တရက်ဖြာထွက်သွား၏။ သို့သော် သူ့မျက်လုံးများက အနက်ရောင်နှင့်အဖြူရောင်ရှိမနေဘဲ အပြာနှင့်မီးခိုးရောင်ဖြစ်နေကာ အနည်းငယ်ဆွဲဆောင်မှုရှိသလိုဖြစ်နေလေ၏။
"မင်းက ငါ့ကို ရယ်အောင်လုပ်နေတာပဲ၊ လူငယ်လေး။ ငါတို့ဘယ်သူလဲဆိုတာ မင်း သိချင်တာလား။ မင်းမှာ သိခွင့်မရှိဘူး။ မင်းမှာ ကျွမ်းကျင်သူအများကြီးရှိပေမယ့် သူတို့ကို သတ်ဖို့ဆိုတာ ငါတို့အတွက် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ငါ ကြားဖူးတယ်၊ အပြင်ကမ္ဘာမှာ တစ်ခုခုလိုချင်တာရှိရင် ပိုက်ဆံပေးဖို့လိုတယ်တဲ့။ ငါတို့ ကလန်ကနေ ထွက်လာတုန်းက အများကြီးမပါလာပေမယ့် ငါတို့ကလေးတွေမှာ ပါလာမှာပါ။ မင်းတို့ ကျွန်းက ထွက်သွားပေးရင် မင်းတို့ကို ပိုက်ဆံပေးမယ်လို့ ငါ ကတိပေးတယ်"
ထန်ရှုက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ပြော၏"နဂါးကိုးကောင်ကျွန်းက ငါ့ဟာလို့ ငါ ပြောခဲ့ပြီးသား။ မင်းတို့ ရွှေတစ်တောင်လုံးပေးရင်တောင် ငါ ဘယ်တော့မှ မရောင်းဘူး။ မင်းတို့ဘယ်နေရာက လာတာလဲ၊ ငါ့ကိုပြော"
"အာ၊ ပုရွက်ဆိတ်တွေက တကယ်သနားစရာကောင်းတာပဲ။ သေမင်းရောက်နေတာကို ဒီပုရွက်ဆိတ်တွေက မသိဘူးပဲ။ ကောင်းကင်ဘုံ မှော်ဆရာကလန်ရဲ့မြင့်မြတ်သောဘုရားသခင်က ပြောခဲ့ဖူးတယ်၊ အဆင့်နိမ့်လူတွေက ဉာဏ်တုံးပြီး သဘာဝအားဖြင့် ခေါင်းမာတတ်ကြတယ်- စွမ်းအားကပဲ သူတို့ကို ယဉ်ကျေးစေနိုင်တယ်တဲ့။ ဒါပေမယ့် ပုရွက်ဆိတ်တွေကြားမှာတောင် ဒီကျွန်းရဲ့ဆန်းကြယ်မှုကိုမြင်နိုင်စွမ်းရှိသူတစ်ယောက်ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဘယ်လိုပဲပြောပြော ဒီကျွန်းကို ငါ့ကလန်က ရယူဖို့ သတ်မှတ်ထားတယ်၊ နောက်ကျရင် ဒီနေရာကို ငါတို့လူတွေ အများကြီး လာလိမ့်မယ်။ ဒါကြောင့် လက်ရှိမှာ အသက်ရှင်ဖို့အခွင့်အရေးတစ်ခုလိုအပ်တာ မင်းတို့ပဲ"
ဒါက ထန်ရှု၏အမူအရာအား ပြောင်းလဲသွားစေသည်။ သူက မိုအားဝမ်အား လှည့်ကြည့်လိုက်သည်"ဒိီနေရာမှာ ဆက်သွယ်ရေးတာဝါတိုင်ကို တည်ဆောက်ထားပြီးပြီလား၊ ဖုန်းနဲ့ အပြင်ကမ္ဘာကို ဆက်သွယ်လို့ရပြီလား"
"မင်းအမိန့်အတိုင်း လုပ်ထားပြီးပါပြီ၊ သူဌေး"မိုအားဝမ်က ပြော၏"ဆက်သွယ်ရေးတာဝါတိုင်ကို တည်ဆောက်ထားပြီးပြီ၊ အခု စတင်အလုပ်လုပ်နေပြီ၊ ဒါကြောင့် ငါတို့တွေ အပြင်ကမ္ဘာကို ဒီနေရာကနေ ဖုန်းဆက်လို့ရတယ်"
ထန်ရှု၏စိတ်နှလုံးက လျော့ပါးသွားပြီး တင်းမာသောမျက်နှာထားနှင့် ပြောလေသည်"ဒီနဂါးကိုးကောင်ကျွန်းက ငါ့ဟာပဲ၊ တစ်ယောက်မှ ငါ့ဆီက လုယူလို့မရဘူး။ မင်းတို့က ငါ့ပိုင်နက်ကို လိုချင်တယ်ဆိုရင် တစ်ခုတည်းသောလမ်းကြောင်းက သတ်ဖြတ်တာပဲ။ ဘာပဲပြောပြော ငါ့လူတွေကို ငါ စိုးရိမ်တယ်၊ သူတို့ရဲ့စွမ်းအားတွေ လျင်မြန်စွာ တိုးတက်လာပေမယ့် သူတို့ကိုယ်သူတို့ သွေးဖို့ ရန်သူတွေ မရှိဘူး၊ တစ်ယောက်မှ သူတို့ကို အစစ်အမှန်စွမ်းအားရှင်တွေကို ရင်ဆိုင်ရတဲ့အတွေ့အကြုံကို မပေးနိုင်ဘူး။ မင်းတို့ရဲ့ကောင်းကင်ဘုံမှော်ဆရာကလန်က မင်းတို့ရဲ့လူတွေကို ဒီကို ခေါ်လာမယ်လို့ ပြောခဲ့တယ်မလား။ ကောင်းပြီလေ၊ နဂါးကိုးကောင်ကျွန်းကို သူတို့ရဲ့စစ်မြေပြင်အဖြစ် ယာယီအသုံးပြုကြတာပေါ့"
ပြောပြီးနောက် သူက မိုအားဝူဘက် လှည့်ကြည့်ကာ အမိန့်ပေးလိုက်သည်"ရှောင်ရွှယ်ကို ဆက်သွယ်ပြီး အရေးကြီးမစ်ရှင်တွေလုပ်နေတဲ့သူတွေကလွဲပြီး ပင်မအဖွဲ့ဝင်အားလုံးကို ဒီကို လွှတ်လာခိုင်း"
"နားလည်ပါပြီ"မိုအားဝူက ပြန်ဖြေကာ နောက်ဆုတ်သွား၏။
ထို့နောက် ထန်ရှုက အနက်ဝတ်အဘိုးကြီးနှစ်ယောက်အား ကြည့်ကာ မေးလိုက်သည်"သက်ကြားအိုတွေ၊ ငါ မင်းတို့ကို သုံးမိနစ်အချိန်ပေးမယ်။ မင်းတို့ ခေါင်းမာနေအုံးမယ်ဆိုရင် တံတွေးတွေ ဖြုန်းဖို့ မလိုတော့ဘူး"
"သုံးမိနစ်မလိုဘူး"လူအိုကြီးက ခေါင်းခါယမ်းကာ ပြော၏"ငါတို့ ထွက်သွားမှာမဟုတ်ဘူး"
"ကျင်းရှီ၊ ဟယ်ရှုံး၊ ရွှယ်ရှာ၊ ဂူထောင်နဲ့ ကျန်းကြွယ်....မင်းတို့ငါးယောက် ဒီရွံစရာကောင်းတဲ့တိရစ္ဆာန်နှစ်ကောင်ကို သတ်လိုက်စမ်း"ထန်ရှုက အေးစက်စွာ အော်လိုက်သည်။
"နားလည်ပါပြီ...."
ကျင်းရှီ၏ဦးဆောင်မှုအောက်တွင် လူငါးယောက်က သူတို့၏ဓားပျံအသီးသီးအား ချက်ချင်းထုတ်လွှတ်လိုက်သည်။ သူတို့က ဓားတိုက်ပွဲဝင်္ကပါကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး သူတို့၏ခန္ဓာကိုယ်ငါးခုက အရိပ်များပမာ လျှပ်တစ်ပြက်လက်သွားကာ ဧရာမစပါးအုံးနှစ်ကောင်၏အရှေ့၌ ထွက်ပေါ်လာသည်။
ဝှီး၊ ဝှီး.....
စပါးအုံးနှစ်ကောင်က အမည်းရောင်မီးခိုးနှစ်စက်အား ထွေးထုတ်လိုက်သည်။ မီးခိုးစက်များက လျင်မြန်စွာ ပျံ့နှံ့သွားပြီး မီတာဒါဇင်ပတ်လည်အား လွှမ်းခြုံသွားသည်၊ ထန်ရှုနှင့်သူ့လူများက နောက်သို့ လျင်မြန်စွာ ဆုတ်သွားခဲ့သောကြောင့်မဟုတ်လျှင် သူတို့အား အနက်ရောင်မြူများက လွှမ်းခြုံသွားလောက်ပေပြီ။
သို့သော် ကျင်းရှီတို့ငါးယောက်အဖွဲ့က ပြန်မဆုတ်ဘဲ ထိုအစား သူတို့၏အစစ်အမှန်အဆီအနှစ်စွမ်းအင်အား ထုတ်လွှတ်ကာ အနက်ရောင်မြူများ သူတို့၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ခြင်းမှ တားဆီးလိုက်သည်။ သူတို့၏အားနည်းသောစိတ်ဝိညာဉ်အာရုံအား အားကိုးအားထားပြုလျက် ဓားပျံများအား ထိန်းချုပ်ကာ ဓားရောင်ခြည်တန်းလေဆင်နှာမောင်းတစ်ခုအား ဖွဲ့စည်းသည်။ စက္ကန့်အနည်းငယ်အတွင်း ခုတ်ချက်တစ်ရာက စပါးအုံးနှစ်ကောင်အား တိုက်ခိုက်လာခဲ့၏။
ဂျိုင်း၊ ဂျိုင်း၊ ဂျိုင်း.....
သို့သော် စပါးအုံးနှစ်ကောင်၏အရေပြားများက မာကျောသည်။ မဖျက်ဆီးနိုင်သောဓားပျံများကပင် သူတို့အား ဒဏ်ရာရစေရုံသာ တတ်နိုင်သည်၊ သေစေနိုင်သောဒဏ်ရာ မရစေနိုင်ပေ။ ထို့ပြင် ဧရာမစပါးအုံးနှစ်ကောင်အား နာကျင်မှုက နိုးဆွလိုက်ပြီး သူတို့၏ရက်စက်ကြမ်းကြုတ်မှုအား ထုတ်ပြလာခဲ့သည်။ သူတို့၏ချွန်ထက်သောအစွယ်များက အကြိမ်ကြိမ်ပေါက်ရန် မတတ်နိုင်သော်လည်း ၎င်းတို့၏ခေါင်းနှင့်အမြီးများက အဖန်ဖန်ရိုက်နှက်နိုင်၏။
"နောက်ဆုံးတိုက်ကွက်....."
ပါးစပ်မှ သွေးများယိုကျလာပြီး မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းဆန္ဒတို့ လောင်ကျွမ်းလျက် ကျင်းရှီက အော်လိုက်သည်၊ ရွှယ်ရှာ၊ ဟယ်ရှုံး၊ ဂူထောင်နှင့် ကျန်းကြွယ်တို့က နားလည်မှုရှိရှိပူးပေါင်းလာခဲ့ပြီး ဓားတိုက်ပွဲဝင်္ကပါ၏အားအကောင်းဆုံးတိုက်ကွက်အား ထုတ်လွှတ်ခဲ့သည်။
ဓားများက တွန့်လိမ်ပြောင်းလဲသွားပြီး ဓားရောင်ခြည်တန်းများပါဝင်နေသည့်ကြာပန်းတစ်ခုအား ဖန်တီးကာ လေထုထဲရှိအနက်ရောင်မြူအား ပျံ့နှံ့သွားစေသည်။ ဓားရောင်ခြည်တန်းတစ်ခုက ကြာပန်းမှ ထိုးထွက်လာပြီး ခမ်းနားကြီးကျယ်စွာ ပွင့်ဖြာလာ၏၊ တစ်ချိန်တည်းတွင် ၎င်းတို့က ကောင်းကင်ဘုံနှင့်မြေကြီးစွမ်းအင်အား ဆင့်ခေါ်ကာ ဓားရောင်ခြည်ကြာပန်းထဲသို့ တိုးဝင်လာစေပြီး ၎င်း၏ထုထည်အား တိုးသွားစေသည်။
"ဝါးမျိုစမ်း...."
ကျင်းရှီတို့ငါးယောက်က တစ်ပြိုင်နက်တည်း ဟစ်ကြွေးလိုက်ပြီး ကြာပန်းက ဧရာမစပါးအုံးနှစ်ကောင်ဆီသို့ ကျဆင်းလာသည်။ မျက်စိတစ်မှိတ်အတွင်း အရင်ပြေးလာသောစပါးအုံးဦးခေါင်းအား ကြာပန်းက ဝါးမျိုသွားပြီး မြူထဲ၌ သွေးများက စဉ်ထွက်ကာ တဖြောက်ဖြောက်ကျနေတော့သည်။
"ချီးပဲ....."
ကျောက်တုံးကြီးပေါ်တွင်ထိုင်နေသောအခြားအနက်ရောင်ဝတ်လူအိုကြီးက ၎င်း၏ပါးစပ်မှ အနက်ရောင်မီးခိုးအား ရုတ်တရက် ထွေးထုတ်သည်။ ၎င်း၏ဖြူရော်နေသောအသားအရောင်က ပိုဖြူရော်သွားပြီး ၎င်း၏ပုံရိပ်က လေထဲ၌ လွင့်မျောလာ၏။ ထို့နောက် သူက တောင်ဝှေးအား ဝှေ့ယမ်းလိုက်ရာ အနက်ရောင်မီးခိုးမှ အနက်ရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကျင်းရှီတို့ဆီ တစ်ဟုန်ထိုးတိုက်ခိုက်လာသည်။
"အကာအကွယ်....."
ကျင်းရှီက အော်လိုက်သည်။ သူတို့ငါးယောက်က တစ်ပြိုင်နက်တည်း ပြန်ဆုတ်သွားပြီး ပစ်မှတ်အား အခြားစပါးအုံးထံပြောင်းလဲလိုက်၏။ သူတို့က ဓားများထိန်းချုပ်ရင်း သူတို့အရှေ့တွင် အလွှာအထပ်ထပ်နှင့်ဓားနံရံတစ်ခုအား ဖွဲ့စည်းလိုက်သည်။
ပြင်းထန်သောစွမ်းအင်က အနက်ရောင်နဂါးမှ ပေါက်ကွဲထွက်လာပြီး ဓားနံရံက အက်ကွဲသွား၏။ ကျင်းရှီတို့ငါးယောက်က နောက်သို့ လွင့်စဉ်သွားသည်။ သို့သော် ထိုအချိန်တွင် လျှပ်စီးအလားပုံရိပ်တစ်ခုက ကျင်းရှီအဖွဲ့ကြားထဲ၌ လျှပ်တစ်ပြက်ပေါ်လာသည်။ မိုအားဝူဖြစ်ပြီး သူက ဓားကိုင်လျက် အနက်ရောင်ဝတ်လူအိုကြီး၏ရင်ဘက်ဆီသို့ တစ်ဟုန်ထိုးပြေးသွား၏။
"ထွက်သွားစမ်း"
အနက်ရောင်ဝတ်လူအိုကြီးက ဒေါသတကြီးဟိန်းလိုက်ရာ အနက်ရောင်မြူက လေထဲမှ ထွက်လာပြီး မိုအားဝူ၏ခြေလက်များအား လွှမ်းခြုံထွေးပတ်သွားသည်။ သို့သော် အနက်ရောင်မြူက မိုအားဝူ၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်မည့်အခိုက်တွင် သူက သူ၏အစစ်အမှန်အဆီအနှစ်အား ထုတ်လွှတ်ကာ ကာကွယ်လိုက်၏။
လူအုပ်ထဲတွင် ရပ်နေသည့် တွမ်ရက်ဂျီ။ သူ၏ကြမ်းတမ်းသောမျက်နှာပြင်က အလွန်အံ့သြတုန်လှုပ်မှုတို့ကို တရိပ်ရိပ်ပြနေပြီး သူများ ထင်ယောင်ထင်မှားဖြစ်နေသလား သေချာစေရန် သူ့မျက်လုံးများ အကြိမ်အနည်းငယ် ပွတ်သပ်နေခဲ့သည်။
"ဒါ....ဒိီလိုကြောက်စရာကောင်းတဲ့စွမ်းအား၊ ဒါ လူသားတွေ ပိုင်ဆိုင်တာရော ဟုတ်ရဲ့လား။ ငါ အားဝူရဲ့ခွန်အားကို သိပါတယ်၊ လွန်ခဲ့တဲ့ခြောက်လက သူ ငါ့ထက် ပိုအားကောင်းတာတော့ မှန်ပါတယ်၊ ဒါပေမယ့် အခု သူက အရင်ကထက် အများကြီးပိုအားကောင်းနေတယ်ရော။ သူ ဘယ်လိုလုပ်ပြီး ဒီအတိုင်းအတာထိ သန်မာလာရတာလဲ"
"ငါ့ကို မပြောနဲ့.....ငါတစ်ရာကတောင် သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူးလို့။ သူ စောစောကထုတ်လိုက်တဲ့စွမ်းအားအရ တောင်ကလေးတစ်လုံးကို ပြားချပ်စေဖို့ လုံလောက်တယ်မလား"
"ပြီးတော့....ဒီဧရာမစပါးအုံးနှစ်ကောင်ကလဲ တကယ်ကြောက်စရာကြီး။ ပြီးတော့ အဲဒီသက်ကြာအိုနှစ်ယောက်....သူတို့ရဲ့စွမ်းအားက ဘာလဲ။ ဘာလို့ သူတို့က အနက်ရောင်မြူတွေ ထုတ်လွှတ်နိုင်ပြီး နဂါးသဏ္ဍာန်၊ ကျားပုံစံအဖြစ် ပြောင်းလဲနိုင်ရတာလဲ"
သူက သူ၏ကိုယ်ပိုင်ခွန်အားအား ကောင်းကောင်းသိသည်။ နိုင်ငံခြားကြေးစားစစ်သားများကြားထဲတွင် ပထမအဆင့်ကျွမ်းကျင်သူတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ အချို့ကျွမ်းကျင်သူများက သူ့ထက် ပိုအားကောင်းသည်ဟု ဝန်ခံနိုင်လျှင်တောင် ကွာဟချက်က မကြီးလှပေ။
သို့သော် သူ့အရှေ့ရှိတိုက်ပွဲက တကယ့်စွမ်းအားရှင်က ဘာလဲဆိုသည်ကို သူ့အား သဘောပေါက်သွားစေသည်၊ သူက ရေတွင်းအောက်ခြေမှကောင်းကင်သို့မော့ကြည့်နေသောဖားတစ်ကောင်သာဆိုသည်ကို သူ့အား သိသွားစေ၏။
"ငါ ပိုသန်မာလာရမယ်။ လုံးဝသေချာပေါက်ပဲ"
လက်သီးကို တင်းကျပ်စွာ ဆုပ်လျက် မျက်လုံးများက ပြတ်သားသောအကြည့်တို့ လင်းလက်နေလျက် သူက ထန်ရှုအား အညံ့ခံခဲ့သည့်အပေါ် တွမ်ရက်ဂျီက ကျေနပ်ဝမ်းသာမိလာသည်။ သို့မဟုတ်လျှင် သူက ဤအဆင့်ရှိတိုက်ပွဲအား မြင်တွေ့ခွင့်ရလာမည်မဟုတ်ပေ၊ အနာဂတ်တွင် စွမ်းအားရှင်တစ်ယောက်ဖြစ်လာမည့်မျှော်လင့်ချက်လည်း ရှိလာမည်မဟုတ်ပေ။
သူက ဆုံးဖြတ်ချက်ပြတ်သားနေစဉ်တွင် သူ့ဘေးနားရှိလုံကျန့်ယု၏အမူအရာက အများကြီးပိုကောင်းပြီး သူ့လောက် မတုန်လှုပ်နေပေ။ သို့သော် လွန်ခဲ့သောနှစ်ရက်လောက်က လုံကျန့်ယု၏အမူအရာက သူ့ထက် ပိုကောင်းခဲ့သည်တော့မဟုတ်။ တကယ်တမ်းတွင် လုံကျန့်ယုက သာမန်လူတစ်ယောက်သာဖြစ်ပြီး သိုင်းလေ့ကျင်သူတစ်ယောက်တောင် မဟုတ်ပေ။ အနက်ရောင်ဝတ်လူအိုကြီးများနှင့်မိုအားဝမ်၊ ဝံပုလွေခေါင်းဆောင်နှင့်ကျန်သူများအကြားတိုက်ပွဲကို မြင်ပြီးနောက် သူရရှိခဲ့သောတုန်လှုပ်မှုက တည်ငြိမ်ရန်မဖြစ်နိုင်လုနီးပါးအထိပင်။ ဆယ်ကျော်သက်ခြောက်ယောက်ထုတ်ပြခဲ့သောနည်းစနစ်ပညာရပ်အားလုံးကိုလည်း သူက မြင်တွေခဲ့ရသည်။ ထာဝရခန်းမမှလူတစ်ရာ၏ကာကွယ်မှုသာမရရှိလျှင် သူက တိုက်ပွဲ၏သက်ရောက်မှုကို ခံရပြီး သေသွားလောက်ချေပြီ။
ထို့ကြောင့် ထန်ရှုဘေးနားရှိအစောင့်များ-နောက်လိုက်များက ကြောက်စရာကောင်းသောတည်ရှိမှုများဆိုသည်ကို သူ သဘောပေါက်ခဲ့သည်။ ထိုဖြစ်ရပ်က ဆန်းကြယ်သောအရာများ ဤကမ္ဘာတွင် အမှန်တကယ်တည်ရှိသည်ကို သူ့အား မျက်စိပွင့်စေခဲ့သည်။ တစ်ချိန်တည်းတွင် သူက စိတ်ဆုံးဖြတ်ထားသည်၊ ထန်ရှုနှင့် စကားပြောရန် အခွင့်အရေးတစ်ခုရှာပြီး သူလည်း ကျင့်ကြံခြင်းလမ်းကြောင်းသို့ ဝင်ရန် ပြောမည်ဟု....။
"သေစမ်း၊ မင်းတို့ရွံစရာအကောင်းတဲ့ဘဲအိုကြီးတွေ....."
အဝါရောင်အဆောင်စာရွက်တစ်ခုက ထန်ရှု၏လက်ဖဝါး၌ ရုတ်တရက်လောင်ကျွမ်းသွား၏။ နောက်တွင် ရဲရဲတောက်အပူက ချက်ချင်း ပျံ့နှံ့လာပြီး မီးမြားဒါဇင်အား ဖြစ်ပေါ်လာစေကာ အနက်ရောင်ဝတ်လူအိုကြီး၏ရင်ဘက်ဆီသို့ အနီးကပ်ပစ်လွှတ်လိုက်လေသည်။
***