ကျွမ်းကျင်သူများ စုစည်းခြင်း
Vol. 68 Ch. 952
ပြင်းထန်သောတိုက်ပွဲကြားတွင် ထန်ရှုက အနက်ရောင်မြူထဲမှ သူ့လူများအား ဆွဲထုတ်နေစဉ် မိုအားဝူတို့အဖွဲ့ကလည်း အလဟဿမနေပေ။ မူလဖရိုဖရဲစွမ်းအားက အနက်ရောင်မြူအကန့်အသတ်အား လွတ်မြောက်သွားပြီးနောက် သူတို့က အနက်ရောင်မြူဝန်းရံထားသောဧရိယာအား ချက်ချင်းဖြတ်ကျော်ကာ အနောက်မြောက်ပိုင်းသို့ ဆက်လိုက်ခဲ့သည်။
သတ်ဖြတ်ခြင်းပြုရမည်၊ ရန်သူအားလုံးအား သတ်ဖြတ်ရမည်.....ဝိုင်ခရက်ဆိုလော့က သူတို့ထက် အများကြီးပိုသန်မာနေပါစေ၊ သူတို့က ထန်ရှ၏အမိန့်အား အောင်မြင်အောင်လုပ်ရမည်သာဖြစ်သည်။
သတ်ဖြတ်လိုစိတ်က ထန်ရှု၏စိတ်ထဲ၌ တလက်လက်ထနေတုန်းပင်။ သူက အနက်ရောင်မြူအား ဖြတ်ကျော်ကာ ဆက်လိုက်သည်။ အရှေ့မှပြေးလွှားနေသောဝိုင်ခရက်ဆိုလော့ထံမှ သောက၊ ပူဆွေးမှုနှင့် နာကြည်းခြင်းတို့အား ခံစားမိသော်လည်း စာနာသနားခြင်းအလျဉ်းမရှိ။ ရန်သူက ရန်သူသာဖြစ်ပြီး သူတို့အားလုံးအား သတ်ဖြတ်ရမည်။ သက်သေတစ်ယောက်ချန်ထားခြင်းက ရွေးချယ်စရာတစ်ခုမဟုတ်ပေ၊ သို့မှသာ နောင်ဖြစ်ပေါ်လာမည့်ဒုက္ခကြီးများအား ရှောင်ရှားနိုင်မည်။
"မင်း မလွတ်မြောက်နိုင်ပါဘူး....."
သူ့ခြေထောက်အောက်ရှိနတ်ဘုရားဓားက ကြယ်တစ်လုံးပမာ လျှပ်တစ်ပြက်လက်သွားပြီး သူ့အား သယ်ဆောင်လျက် တစ်မိနစ်အတွင်း၌ နဂါးကောင်ကျွန်း၏အစွန်အဖျားပေါ်တွင် ဝိုင်ခရက်ဆိုလော့အား တားဆီးနိုင်ခဲ့သည်။ ထို့နောက် သူက လျှပ်စီးကြောင်းပညာရပ်အား ချက်ချင်းထုတ်ဖော်ခဲ့သည်။ တိမ်မည်းများက ကြည်လင်နေသာသောကောင်းကင်အား ဖုံးလွှမ်းသွားပြီး လျှပ်စီးလက်ကာ မိုးခြိမ်းလာ၏။ လက်မောင်းအရွယ်အစားမိုးကြိုးများက မိုးကောင်းကင်ရှိတိမ်လွှာများမှ ကျဆင်းလာပြီး ထွက်ပြေးနေသောဝိုင်ခရက်ဆိုလော့အား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
လေထုထဲရှိနှစ်ကီလိုမီတာအကွာတွင် လူငယ်ခြောက်ယောက်၏ထိတ်လန့်တုန်လှုပ်နေသောအမူအရာက ပိုပြင်းထန်သွားပြီး တစ်ယောက်က ထိပ်ထိပ်ပျာပျာအော်လိုက်ချေသည်"လျှပ်စီးကြောင်းပညာရပ်လား။ သူက စစ်မှန်တဲ့လျှပ်စီးကြောင်းပညာရပ်ကို ထုတ်လွှတ်ခဲ့တာပဲ။ ၎င်းရဲ့စွမ်းအားက တစ်ချိန်တုန်းက ငါတို့ရဲ့ဘိုးဘေးဆရာသခင်အသုံးပြုတာထက် အများကြီးပိုအားကောင်းတာပဲ"
"သူက အတိအကျ ဘယ်သူလဲ။ ဘာလို့ သူ့မှာ ဒီလိုမြင့်မားတဲ့ကျင့်ကြံခြင်းအဆင့်တစ်ခု ရှိနေရတာလဲ။ ဘယ်လိုလုပ်ပြီး သူ့ရဲ့လျှပ်စီးကြောင်းပညာရပ်က ဒီလိုမစဉ်းစားတတ်နိုင်လောက်တဲ့အတိုင်းအတာအထိ အားကောင်းရတာလဲ"
"ကြည့်စမ်း.....မိုးကြိုးတွေရဲ့အရေအတွက်က တိုးလာနေတာပဲ။ မိုးကြိုးလျှပ်စီးပင်လယ်တစ်ခုလိုပဲ....."
"အံ့အားသင့်စရာပဲ"
"....."
သူတို့ထဲရှိအငယ်ဆုံးတစ်ယောက်က ထိတ်လန့်တုန်လှုပ်စွာ အော်လိုက်၏"ဆက်သွယ်ရေးအဆောင်ကို အသက်သွင်းပြီး ဆရာသခင်နဲ့ငါတို့ရဲ့ဘိုးဘေးတွေကို အကြောင်းကြားရမယ်။ ဒီနေရာရဲ့အနေအထားနဲ့ ပတ်သက်ပြီး သူတို့ကို ပြောရမယ်"
နဂါးကိုးကောင်ကျွန်း၏အနောက်မြောက်ပိုင်းတွင် လျှပ်စီးနှင့်မိုးကြိုးများက တစ်ကီလိုမီတာဧရိယာအတွင်း ဖုံးလွှမ်းသွား၏။ မြင်ကွင်းက ကောင်းကင်မှ လျှပ်စီးမိုးသည်းထန်စွာ ရွာသွန်းသလိုပင်။ ဝိုင်ခရက်ဆိုလော့က အလွန်အားကောင်းပြီး မိုးကြိုးများအား တားဆီးနိုင် သော်လည်း သူက အချိန်တိုတစ်ခုအထိသာ ခုခံနိုင်ခဲ့ကာ လျှပ်စီးမိုးကြိုးအဆက်မပြတ်ရွာသွန်းကျဆင်းမှုကြောင့် တူးခြစ်သွားလေတော့သည်။
ထန်ရှုက ပိုမြင့်မြင့်ပျံသန်းသွားပြီး လေထဲတွင် ရပ်လျက် နတ်ဘုရားဓားအား သူ့ခန္ဓာကိုယ်ထဲသို့ ပြန်သွင်းလိုက်သည်။ လျှပ်စီးကြောင်းပညာရပ်ပျောက်ကွယ်သွားသည်နှင့်အတူ လျှပ်စီးမိုးကြိုးများ ကျဆင်းရာမှ ရပ်တန့်သွားပြီး ကောင်းကင်ရှိအမှောင်တိမ်တိုက်က လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ထို့နောက် သူက ဝိုင်ခရက်ဆိုလော့၏တူးခြစ်နေသောအလောင်းအား ကြည့်ပြီး သူ့အာရုံအား အဝေးရှိပင်လယ်ပြင်သို့ ရွှေ့ပြောင်းလိုက်လေသည်။
"ကောင်းကင်ဘုံမှော်ဆရာကလန်"
ပြဿနာက မပြီးသေးသည်ကို သူ သိ၏။ ဆန်းကြယ်သောဂိုဏ်းတစ်ခုမှလူငယ်ကျင့်ကြံသူခြောက်ယောက်အပြင် အနက်ဝတ်လူအိုကြီးနှစ်ယောက်သည်လည်း သူတို့၏ကလန်သားများအား သတင်းပို့ထားခဲ့သည်။ ဤပြဿနာက အလွန်ဒုက္ခများလှပေသည်။
"အားလုံးအဆင်ပြေရဲ့လား၊ အားဝူ"ထန်ရှုက မိုအားဝူတို့ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"လေးယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရတယ်၊ ကျန်တဲ့သူတွေအားလုံး အဆင်ပြေပါတယ်"မိုအားဝူက ဖြေ၏"မင်းက အခု အများကြီးပိုသန်မာလာတာပဲ၊ သူဌေး"
"ကျင့်ကြံခြင်းလမ်းကြောင်းပေါ်လျှောက်လှမ်းတာက ရေစီးကြောင်းနဲ့ ဆန့်ကျင်ပြီး လှေလှော်ရသလိုပဲ။ မင်းတို့က အရှေ့မသွားနိုင်ရင် အနောက်မှာပဲ ကျန်ရစ်နေလိမ့်မယ်"ထန်ရှုက ပြန်ဖြေ၏။
"ဒါပေမယ့် မင်းရဲ့တိုးတက်မှုအရှိန်က မြန်လွန်းတယ်၊ သူဌေး"မိုအားဝူက အားတင်းပြုံးလျက် ဆိုလိုက်သည်"ငါတို့က မင်းကို မကြာခင် လိုက်မီလိမ့်မယ်လို့ တွေးထားခဲ့တာ၊ ဒါပေမယ့် အခု ငါတို့က လိုက်ရင်းနဲ့ ပိုပိုဝေးလာတာကို သဘောပေါက်လာတယ်။ ဒီသက်ကြားအိုနှစ်ယောက်က အားကောင်းလွန်းတယ်။ တစ်ယောက်ချင်းစီတိုက်ပွဲဆိုရင် သူတို့ထဲကဘယ်တစ်ယောက်ကိုမှ ငါရင်ဆိုင်နိုင်မယ်လို့ မထင်ဘူး"
"ဘာပဲပြောပြော မင်းတို့အားလုံးက အရမ်းတော်နေပြီးသား"ထန်ရှုက ပြော၏"တကယ်တော့ မင်းတို့က သာမန်သိုင်းပညာရှင်ကနေ စတင်လာခဲ့ပြီး ကျင့်ကြံခြင်းစတင်တာ တစ်နှစ်အောက်ပဲ ရှိသေးတာလေ။ ဒါပေမယ့် မင်းတို့နဲ့အဲဒီလူငယ်ခြောက်ယောက်ကြားမှာ ကွာဟချက်ကြီးတစ်ခုရှိတာကိုတော့ ငါ ဝန်ခံရမှာပဲ။ ငါ့ကို အံ့အားသင့်စေတာကတော့ သူတို့က ငယ်လွန်းတယ်၊ ဒါတောင် သူတို့အားလုံးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်ရှိထားတယ်။ ဒါက သူတို့ရဲ့ဂိုဏ်း ဘယ်လောက်သန်မာလဲဆိုတာ ငါ့ကို သိချင်စိတ်ဖြစ်စေတယ်"
"ဒီကျွန်းက ကောင်းချီပေးခံထားရတဲ့ကျွန်း၊ ကျင့်ကြံသူတွေ အိမ်မက်မက်နေရတဲ့ရတနာတစ်ခုလို့ မင်း ငါ့ကို အရင်က ပြောခဲ့တယ်မလား၊ သူဌေး"မိုအားဝူက အမူအရာအနည်းငယ်ပြောင်းလဲသွားလျက် ကမန်းကတန်းမေးလိုက်သည်"အခု ဒါနဲ့ပတ်သက်ပြီး အဲဒီလူငယ်ခြောက်ယောက် သိသွားပြီ၊ မင်း တစ်ခုခု တွေးထား၊ ဆုံးဖြတ်ထားတာရှိလား။ ငါတို့ကို သူတို့ကို ဖယ်ရှားစေချင်လား"
ထန်ရှုက တောင်ဘက်ကောင်းကင်အား တစ်ချက်ကြည့်ကာ ခေါင်းခါယမ်းလျက် ပြောလိုက်သည်"လောလောဆယ် သူတို့နဲ့ မရင်ဆိုင်ကြရအောင်။ ဒါပေမယ့် သူတို့ကို စောင့်ကြည့်ထားဖို့ လူတိုင်းကို ပြောထား။ သူတို့က ကျွန်းပေါ်မှာ ထိခိုက်စေတဲ့အပြုအမူတွေ မလုပ်သရွေ့ သူတို့နဲ့ မရင်ဆိုင်နဲ့။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေပုံထောက်ရင် သူတို့နောက်ကဂိုဏ်းက အတော်လေးအားကောင်းရမယ်။ ငါတို့က အားနည်းနေသေးတယ်၊ လောလောဆယ် အချိန်လိုအပ်နေသေးတယ်"
"ငါ နားလည်ပါပြီ"မိုအားဝူက ခေါင်းညိတ်လိုက်သည်။
ထန်ရှုက ခဏစဉ်းစားပြီး အဝေးရှိလေထဲတွင်လွင့်မျောနေသောလူငယ်ခြောက်ယောက်ထံ တည့်တည့်မတ်မတ်ပျံသန်းသွား၏။ သူတို့ရှေ့သို့ ရောက်သွားပြီးနောက် သူက ပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်၏"ညီလေးတို့၊ မင်းတို့အားလုံးကို မြင်လိုက်ရတာ ငါ အတော်လေးအံ့အားသင့်မိတယ်။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုကျင့်ကြံခြင်းအဆင့်ကို ရောက်နေကြတယ်။ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ။ ငါက မိသားစုအမည်ထန်နဲ့ကိုယ်ပိုင်အမည်ရှု၊ ဒီနဂါးကိုးကောင်ကျွန်းရဲ့ပိုင်ရှင်ပဲ။ မင်းတို့ရဲ့နာမည်နဲ့မင်းတို့လာတဲ့ဂိုဏ်းကို ငါ သိလို့ရမလား"
ပထမလူငယ်က ဟိတ်ဟန်နှင့် ပြောလေ၏"ငါ့နာမည်က ကျင်းချန်ဇီ။ ဒါက ငါ့ရဲ့ညီအကိုငါးယောက်၊ ကျင်းရှင်းဇီ၊ ကျင်းယွင်ရှီ၊ ကျင်းဖုန့်ရှီ၊ ကျင်းးဟော်ဇီနဲ့ ကျင်းယန်ဇီတို့ပဲ။ ငါတို့အားလုံးက စည်းလုံးခြင်းဂိုဏ်းရဲ့တပည့်တွေဖြစ်ပြီး တာအိုဇီရွှယ်က ငါတို့ရဲ့ဆရာပဲ။ တာအိုရောင်ရင်းထန်ကရော ဘယ်ဂိုဏ်းကလဲဆိုတာ ငါတို့ သိလို့ရမလား"
"ငါက ဘယ်ဂိုဏ်းဘယ်ကျောင်းကမှ မဟုတ်ဘူး"ထန်ရှုက ပြုံးကာ ပြော၏"ပြီးတော့ ဒီလူတွေကို ငါကိုယ်တိုင်လေ့ကျင့်ပေးထားတာပဲ။ မင်းတို့ ငါ့ရဲ့နဂါးကိုးကောင်ကျွန်းကို လာရတဲ့အကြောင်းရင်းကို သိလို့ရမလား၊ ကျင်းချန်ဇီ"
"ကမ္ဘာငယ်ကနေထွက်ပြီး အပြင်ဘက်မှာ အတွေ့အကြုံရှာဖို့ ငါတို့ရဲ့အကြီးအကဲက ငါတို့ကို အမိန့်ပေးခဲ့တယ်။ ဒီအနောက်ပိုင်းမှော်ဆရာနှစ်ယောက် ဆိုးသွမ်းတဲ့အပြုအမူတွေ ကျူးလွန်နေတာကို ငါတို့ တွေ့ခဲ့တယ်၊ ဒါကြောင့် သူတို့နောက်လိုက်ရင်း ဒီနေရာအထိ ငါတို့ရောက်လာတာပဲ။ ကျွန်းပိုင်ရှင်အနေနဲ့ မင်းရဲ့ခွင့်ပြုချက်ကို မတောင်းဘဲ ဒီနေရာကို လာခဲ့မိတာကို ငါတို့ သိပါတယ်၊ ဒါကြောင့် တာအိုရောင်းရင်းထန်အနေနဲ့ ငါတို့ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ကျင်းချန်ဇီထံမှ ယဉ်ကျေးသောတုံ့ပြန်ချက်ကို ကြားပြီး သူ၏ကိုယ်ပိုင်စိတ်ကူးယဥ်လောကထဲသို့ ကျရောက်သွားသလို ထန်ရှုက ခံစားခဲ့ရ၏၊ အင်မော်တယ်ကမ္ဘာတွင်လည်း ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် 'တာအိုရောင်းရင်း'ဟူ၍ ခေါ်ဆိုနှုတ်ဆက်သောကြောင့်ပင်။ ကမ္ဘာမြေပေါ်တွင်လည်း ထိုသို့သောဓလေ့ထုံးတမ်းရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"အဆင်ပြေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ငါ့နောက်လိုက်တွေဆီကနေ ငါ ကြားခဲ့ပါတယ်။ တကယ်တမ်း ငါက မင်းတို့ကို ကျေးဇူးတင်သင့်တာပါ။ မင်းတို့အားလုံးသာ ဒီနေရာကို အချိန်မီရောက်မလာရင် ငါရဲ့လူတွေကို ဆုံးရှုံးသွားရနိုင်ပြီး ကျွန်းကိုလဲ အဲဒီသက်ကြာအိုနှစ်ယောက်က ဖျက်ဆီးပြီးနေလောက်ပြီ"
"တာအိုရောင်းရင်းထန်က ယဉ်ကျေးလွန်းနေပြီ။ ငါတို့ကလဲ ဒီမှော်ဆရာနှစ်ကောင် ရက်စက်ကြမ်းကြုတ်တဲ့အပြုအမူတွေ လုပ်မှာကို ခွင့်မပြုနိုင်ပါဘူး"ကျင်းချန်ဇီက သင့်ရုံလေး ပြန်ဖြေ၏။
"မင်းတို့ကောင်တွေက ငါ့ထက် နှစ်အနည်းငယ်ပိုငယ်မယ်လို့ ငါ ထင်တယ်၊ ဒါကြောင့် ငါ့ကို တာအိုရောင်းရင်းလို့ ခေါ်စရာမလိုပါဘူး"ထန်ရှုက ပြုံးလျက် ပြောလေသည်"ဒီလိုဆိုရင်ရော....ငါတို့ တစ်ယောက်ကိုတစ်ယောက် ညီအကိုလို့ ခေါ်ကြရင် ဘယ်လိုလဲ။ မင်းတို့ ငါ့ကို အကိုထန်လို့ ခေါ်နိုင်တယ်၊ ငါက မင်းတို့ကို ညီလေးလို့ ခေါ်မယ်"
လူငယ်ခြောက်ယောက်က အကြည့်များဖလှယ်လိုက်ကြပြီး သဘောတူကြောင်းခေါင်းညိတ်ပြသည်။ သူတို့က ထန်ရှု၏စွမ်းအားကို မြင်တွေ့ခဲ့ပြီး သူက သူတို့ထက် ပိုသန်မာသည်ကို သိ၏။ သူတို့နှင့်မိတ်ဖွဲ့လိုသောထန်ရှု၏နှိမ့်ချသောသဘောထားကို မြင်ပြီး သူတို့က ငြင်းပယ်ရန် ဆန္ဒမရှိပေ။
"ဒါနဲ့ ညီလေးတို့။ ငါတို့က ဒီကောင်းကင်ဘုံမှော်ဆရာသက်ကြားအိုနှစ်ယောက်ကို သတ်ခဲ့ပြီးပြီဆိုတော့ ကပ်ဘေးရဲ့ရင်းမြစ်ကို ဖယ်ရှားခဲ့ပြီးလို့ ပြောနိုင်တယ်၊ ငါ့ကျွန်းကလဲ လက်ရှိမှာ ငြိမ်းချမ်းသွားပြီပေါ့"ထန်ရှုက ပြုံးကာ ပြော၏"ငါ့နေရာကို သွားပြီး စကားပြောကြရအောင်"
"ကောင်းပါပြီ"လူငယ်ခြောက်ယောက်က ခေါင်းညိတ်လိုက်ကြသည်။
မကြာမီ ထန်ရှုက လူငယ်ခြောက်ယောက်အား နန်းတော်သို့ ခေါ်လာခဲ့ပြီး ဟင်းလျာနှင့်ဝိုင်အချို့ပြင်ဆင်ပေးရန် လူအချို့အား အမိန့်ပေးပြီးနောက် စကားပြောရန်အတွက် ပထမအထပ်ရှိဧည့်ခန်းသို့ ဦးတည်သွား၏။ စကားပြောဆိုပြီးနောက် စည်းလုံးခြင်းဂိုဏ်းတွင် တပည့်အနည်းငယ်သာ ရှိပြီး သူတို့ခြောက်ယောက်က ထိုနေရာတွင် အဆင့်အနိမ့်ဆုံးတပည့်များဖြစ်ကြသည်ကို သိလိုက်ရသည်။
"မင်းတို့ကောင်တွေက မင်းတို့ဂိုဏ်းမှာ အဆင့်အနိမ့်ဆုံးဆိုရင်တောင် ဒီလိုကျင့်ကြံခြင်အဆင့်တစ်ခုကို ရောက်နေတယ်။ ဒါဆို မင်းတို့ဂိုဏ်းရဲ့အကြီးအကဲတွေက အများကြီးပိုသန်မာမယ်လို့ ငါ ယူဆတယ်၊ ဟုတ်ရဲ့လား။ မင်းတို့ရဲ့ဂိုဏ်းမှာ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေ ရှိလား"ထန်ရှုက ပြုံးကာ မေးလိုက်သည်။
မေးခွန်းက ကျင်းချန်ဇီအား ချီတုံချတုံဖြစ်စေသော်လည်း သူက ခေါင်းညိတ်ကာ ဖြေလိုက်သေးသည်"ငါတို့ဂိုဏ်းရဲ့မဟာအကြီးအကဲက အခြေတည်စိတ်ဝိညာဉ်အဆင့်မှာ ရှိတယ်။ ဒါပေမယ့် အကြီးအကဲက အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေပြီး ထွက်လာခဲတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်က ကမ္ဘာ့ဖြစ်ရပ်တစ်ခု ပေါ်လာတုန်းကပဲ မဟာအကြီးအကဲ ထွက်လာတယ်လို့ ဆရာသခင်ဆီကနေ ငါ ကြားခဲ့ရတယ်။ ဒါက မင်းအတွက် ရယ်စရာဖြစ်စေနိုင်တယ်၊ အကိုထန်။ ဒါပေမယ့် ငါတို့ရဲ့မဟာအကြီးအကဲကို ငါတို့ တစ်ခါမှ မတွေ့ဖူးသေးဘူး"
"လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်က ကမ္ဘာ့ဖြစ်ရပ်လို့ မင်းတို့ ပြောခဲ့တယ်နော်၊ အတိအကျ ဘယ်လိုဖြစ်ရပ်မျိုးလဲ"ထန်ရှုက မေးလိုက်သည်။
"ငါတို့လဲ အများကြီးမသိဘူး။ ဒါပေမယ့် ဂိုဏ်းရဲ့အကြီးအကဲတွေဆီကနေ ကြားရတာကတော့ ကြောက်စရာကောင်းတဲ့အရှိန်အဝါနှစ်ခုလို့ ပြောတယ်"ကျင်းချန်ဇီက ထပ်လောင်းပြောသည်"ဒီအရှိန်အဝါနှစ်ခုထွက်ပေါ်လာတဲ့အချိန်မှာ ကောင်းကင်တစ်ခုလုံး သွေးတွေနဲ့ ဖုံးလွှမ်းသွားတယ်လို့ ပြောတယ်။ ပြီးတော့ ငါတို့ဂိုဏ်းအကြီးအကဲက ဂမ္ဘီရဉာဏ်နဲ့ တွက်ချက်ခဲ့ပြီး တစ်ခုခုကြီးမားတာဖြစ်ပျက်လာမယ့်နိမိတ်လို့ ပြောခဲ့တယ်။ အဆုံးမှာတော့ ဆယ်စုနှစ်အနည်းငယ်တောင် ကျော်လာပြီ၊ ဘာတစ်ခုမှ မဖြစ်လာခဲ့ပါဘူး"
အရှိန်အဝါနှစ်ခုလား။
ထန်ရှုက ချက်ချင်း သဘောပေါက်သွားသည်။ ထိုကမ္ဘာ့ဖြစ်ရပ်က ဂူယန်အာနှင့်ကျီချီးမိန်တို့ရောက်လာသောကြောင့် ဖြစ်ပေါ်လာသည်ဟု သူက ခံစားမိခဲ့သည်။
ထို့နောက် ထန်ရှုက နောက်ထပ်ကိစ္စတစ်ရပ်အား ထပ်မေးလိုက်သည်"မင်းတို့ရဲ့စည်းလုံးခြင်းဂိုဏ်းက တရုတ်မှာ နေထိုင်ခဲ့တယ်မလား။ ဘာလို့ ဂိုဏ်းတစ်ခုလုံးက စင်ကာပူကို ရုတ်တရက် ပြောင်းရွှေ့သွားရတာလဲ။ မတော်တဆအချို့ မင်းတို့ဂိုဏ်းမှာ ဖြစ်လာခဲ့လို့လား"
"မဟုတ်ဘူး၊ ငါတို့ဂိုဏ်းက ဘာမတော်တဆမှ မဖြစ်ခဲ့ဘူး"ကျင်းချန်ဇီက ပြုံးကာ ပြန်ဖြေသည်"စင်ကာပူနိုင်ငံရဲ့တစ်နေရာကကမ္ဘာငယ်တစ်ခုထိလမ်းပေါက်တဲ့ဒိုင်မန်းရှင်းအသေးတစ်ခုရဲ့ဝင်ပေါက်ကို အကြီးအကဲက တွေ့ခဲ့လို့ပဲ။ အကြီးအကဲက ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီကမ္ဘာငယ်က ကောင်းချီးမြေတစ်ခုလို့ ဆုံးဖြတ်ခဲ့တယ်။ နောက်အကြောင်းပြချက်တစ်ခုကတော့ တရုတ်ကို တိုင်းပြည်တစ်ခုအနေနဲ့ တည်ထောင်ကာစဖြစ်နေလို့ပဲ။ တိုင်းပြည်က ဝရုန်းသုန်းကားဖြစ်နေတယ်၊ ဒါနဲ့ ငါတို့က အဲဒီကမ္ဘာငယ်ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်"
ထန်ရှုက ရုတ်တရက်သဘောပေါက်သွား၏။ ကမ္ဘာမြေပေါ်တွင် ကမ္ဘာငယ်များသို့သွားရာဝင်ပေါက်များရှိသည်ကို သူ သိထားသည်။ ဥပမာအားဖြင့် သူ့နောက်လိုက်တစ်ယောက်က ထိုသို့သောဝင်ပေါက်တစ်ခုအား ရှာတွေ့ခဲ့ကြောင်း သူ့အား တင်ပြခဲ့သည်။ သို့သော် ထိုအချိန်တုန်းက စွမ်းအားကင်းမဲ့မှုကြောင့် သူက မစွန့်စားရဲ၊ တိုက်ရိုက်မရှာဖွေရဲခဲ့ပေ၊ ထို့ကြောင့် ထိုအတွေးက ယခုထိတိုင် တည်ရှိနေ၏။
"ငါ လာမယ့်တိုက်ပွဲကို ရင်ဆိုင်ဖြေရှင်းပြီးရင် အချိန်အချို့ပေးပြီး အဲဒီကမ္ဘာငယ်ကို ရှာဖွေဖော်ထုတ်ရမယ်။ ဒီလိုကမ္ဘာငယ်တွေမှာ တန်ဖိုးရှိတဲ့ရတနာတွေ၊ အရင်းအမြစ်တွေ အများအပြားရှိတယ်၊ ဒါကြောင့် ဒီကမ္ဘာငယ်မှာလဲ ကျင့်ကြံခြင်းအရင်းအမြစ်တွေအများကြီးရှိမယ်လို့ ငါ မျှော်လင့်တယ်"ထန်ရှုက တွေးလိုက်ပြီး သူ့အာရုံအား လူငယ်ခြောက်ယောက်ထံ ပြန်ပြောင်းလိုက်၏။
ရုတ်တရက် ကျင်းချန်ဇီက မေးမြန်းလာ၏"အကိုထန်၊ မင်းမှာ ဂိုဏ်းလဲမရှ်ိဘူး၊ ကျောင်းလဲမရှိဘူး၊ မင်းရဲ့လူတွေကို မင်းကိုယ်တိုင်လေ့ကျင့်ပေးခဲ့တယ်လို့ ပြောခဲ့တယ်မလား။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ် ငါတို့ကို ပြောပြနိုင်မလား။ မင်းရဲ့ကျင့်ကြံခြင်းပညာရပ်က မင်းရဲ့မိသားစုကနေ အမွေဆက်ခံထားတာများလား"
"မဟုတ်ဘူး၊ ငါ ကျင့်ကြံခြင်းပညာရပ်ကို မတော်တဆရခဲ့ပြီး ကျင့်ကြံဖို့ ကြိုးစားခဲ့မိတာပဲ"ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလျက် ပြောချေသည်"အောင်မြင်သွားမယ်လို့ ငါ မထင်ထားခဲ့ဘူး၊ လက်ရှိကျင့်ကြံခြင်းအဆင့်အထိ ဆက်လက်လေ့ကျင့်နိုင်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ပြီးတော့ စွန့်စားခန်းထွက်တဲ့အခါမှာ အခွင့်အရေးအချို့ တွေ့ခဲ့ရပြီး ကျင့်ကြံခြင်းစာအုပ်အနည်းငယ်ကို ရရှိခဲ့တယ်"
ကျင်းချန်ဇီက ချက်ချင်းနားလည်သွားပြီး အားကျစွာနှင့် ပြန်ပြောသည်"ကမ္ဘာမြေပေါ်မှာ ရှေးခေတ်ကျင့်ကြံသူတွေရဲ့အမွေအနှစ်တွေ ရှိတယ်လို့ အကြီးအကဲတွေဆီကနေ ငါ ကြားဖူးတယ်။ ဒါပေမယ့် ငါတို့မှာ မင်းလို ကံမျိုး မရှိပုံပဲ၊ ဘယ်လိုကံကောင်းမှုတွေမှ မတွေ့ရသေးဘူး။ ပြီးတော့ အကိုထန်၊ မင်းနဲ့ဟိုသက်ကြားအိုနှစ်ယောက်တိုက်ခိုက်တာကို ငါ မြင်ခဲ့တယ်။ မင်းက လျှပ်စီးကြောင်းပညာရပ်ကို ထုတ်ဖော်ခဲ့တယ်မလား။ ကြည့်ရတာ အရမ်းအားကောင်းပုံပဲ"
***