← Chapters

မိုဝူကျီ၏ သံသယ

Vol. 34 Ch. 467

မိုဝူကျီ၏ သံသယ

Vol. 34 Ch. 467

သို့သော်လည်း ဤလက်သီးချက်မှာ အဆုံးမသတ်သေးပဲ ယပ်တောင်သဏ္ဌာန် စွမ်းအားစက်ကွင်းလည်း ပေါက်ကွဲထွက်သွားသည်။ ထိုလက်သီးချက်ကြောင့် ဖြစ်ပေါ်လာသည့် ထိပ်တန်းမီးတောက်မှ ပေါက်ကွဲမှု မီးတောက်မှာ  အမှောင်ထုကို လွှမ်းခြုံသွားလေ၏။

မိုဝူကျီက အင်မော်တယ်ကျောက်ထဲမှ စွမ်းအားများကို အချိန်တိုအတွင်း စုပ်ယူလိုက်သည့် အတွက် မိုဝူကျီဘေးရှိ အင်မော်တယ် ကျောက်အပုံလိုက်မှာ အမှုန့်အဖြစ် ပြောင်းလဲသွားလေ၏။ အချိန်တိုလေး အတွင်း မိုဝူကျီက ကောင်းကင်အင်မော်တယ် အလယ်အလတ်အဆင့် ရောက်သွားသောကြောင့်  သူ့ခန္ဓာမှ ထွက်ပေါ်လာသော စွမ်းအားများကို ခံစားမိလိုက်သည်။

ဟန်ချင်းရုက  ယာဉ်ပျံကို  ဆင်းသက် လိုက်သောကြောင့် တုန်ခါသွားလေ၏။

“ဂျုနီယာမောင်လေး ... ဘာတွေဖြစ်နေတာလဲ ” ယာဉ်ပျံကို ဆင်းသက်ပြီးနောက် ဟန်ချင်းရုက ယာဉ်ပဲ့ပိုင်းဆီ ရောက်ရှိလာသည်။

သူတို့က မိုဝူကျီသည် အဘယ်ကြောင့် ထိုသို့ဖြစ်လာမှန်း မသိသည့်အတွက်  ထုံယဲ့ပါ လိုက်လာခဲ့သည်။

မိုဝူကျီ ဘေးနားမှ အင်မော်တယ် သဘာဝစွမ်းအားများက တည်ငြိမ်သွားပြီးနောက် သူကပြုံးကာ …

“ဘာမှ မဟုတ်ပါဘူး။ ကျုပ်က ဉာဏ်အလင်း ပွင့်လာလို့ လက်သီးချက် ပစ်လွှတ်ကြည့်ရုံပါ။ အစ်မချင်းရု ...   ကျုပ်တို့တွေ ကျင်းယွင်မြို့နဲ့ ဝေးသေးလား”

“ကျမတို့တွေရောက်ပြီ။ အခု နောက်ထပ် တစ်နာရီလောက်နေရင် အဲဒီကို ရောက်လိမ့်မယ်” ဟန်ချင်းရုက မြန်မြန်ဖြေလိုက်သည်။

မိုဝူကျီက အံ့အားသင့်သည့် အမူအရာဖြင့်  “ကျုပ် တံခါးပိတ် ကျင့်ကြံတာ သုံးရက်တောင် ရှိသွားပြီလား”

သူက ခဏတာမျှသာ ခံစား လိုက်ရသော်လည်း တကယ်တမ်း သုံးရက်တောင် ကုန်ဆုံးသွားပြီလား ...

“မဟုတ်ဘူး။ အစ်မချင်းရုက  အမြန်နှုန်းလျှော့ထားလို့  အစ်ကိုမို ကျင့်ကြံနေတာ ငါးရက်ရှိသွားပြီ” ထုံယဲ့က ထပ်ပြောလိုက်သည်။

ကျင့်ကြံသည့်အခါ အချိန်မှာ တန်ဖိုးအနည်းဆုံး ဖြစ်ပေသည်။ မိုဝူကျီက ယာဉ်ပျံကို သိမ်းကာ …

“အဲဒီလိုဆိုတော့လည်း သွားကြတာပေါ့”

“ကျမတို့တွေ ရုပ်မဖျက်တော့ဘူးလား ” ဟန်ချင်းရုက ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်မှ ကျင်းရှန်းအဆင့် ကျင်ကြံသူများ စေလွှတ်ထားမလားဟု တွေးတောနေမိရင်း သတိတကြီး မေးလိုက်သည်။

“ဒီအတိုင်း သွားကြမယ်။ ရုပ်မဖျက်တော့ဘူး” မိုဝူကျီက  ရုပ်ဖျက်လည်း အသုံးမဝင်မှန်း သိသည့်အတွက် ဖြေလိုက်သည်။ လာဖို့ရာ ဆုံးဖြတ်ပြီးသည်နှင့် သူက ထွက်မသွားခင် တိုက်ခိုက်ဖို့ရာ အဆင့်သင့် ဖြစ်နေလေပြီ။  အကယ်၍ သူက ဤနေရာတွင် အသက်မရှင်နိုင်ခဲ့လျှင် ယင်ပြန့်မြို့သို့ သွားမည့်ကိစ္စအား မေ့ထားလိုက်ရမည် ဖြစ်သည်။

***

ကျင်းယွင်မြို့မှာ ကန်ဟယ်မြို့ထက် အနည်းဆုံး ဆယ်ဆမက ပိုမိုကြီးမား ကျယ်ဝန်းလေသည်။ ဤနေရာကို မြို့ဟုခေါ်ဆိုမည့်အစား သာမန်  အင်မော်တယ်မြို့ဟုပင် ခေါ်ဆို၍ ရပေသည်။

ကျင်းယွင်မြို့အပြင်ဘက်တွင် ကာကွယ်ရေး အစီအရင်များစွာ တပ်ဆင်ထားပြီး မိုဝူကျီ အသိပညာထက် ကျော်လွန်နေသော ထောင်ချောက်သုံးခုပင် ပါရှိသေး၏။ မိုဝူကျီက သူ့ကိုယ်ပိုင် အစီအရင်တာအို ဗဟုသုတအကြောင်း ကောင်းကောင်းသိ၍  သူသည် အနည်းဆုံး အဆင့် ၁ အင်မော်တယ် အစီအရင်ဆရာ ဖြစ်မည်မှန်း မှန်းဆမိသည်။ သို့သော်လည်း မိုဝူကျီက ဤနေရာတွင် ရှိနေသော အစီအရင်များမှာ အနည်းဆုံး အဆင့် ၂ သို့မဟုတ် အဆင့် ၃ ဖြစ်ကြောင်း သေချာပေသည်။ ထိုအရာကို လေ့လာဖို့ရာ အချိန်ရပါက ဖြည်းဖြည်းချင်း နားလည်လာပေလိမ့်မည်။

သူတို့ သုံးယောက်  ကျင်းယွင်မြို့ထဲ ရောက်သည်နှင့် မိုဝူကျီက သူ့အပေါ် ကျရောက်လာသော စိတ်စွမ်းအားများကို ခံစားမိလိုက်သည်။ မိုဝူကျီက စိတ်ထဲမထားသည်မှာ သူလာရမည်မှန်း သိထား၍ မပြင်မဆင် လာခဲ့ခြင်း မဟုတ်ပေ။

အကယ်၍ သူက ဤတစ်ကြိမ်၌ အသက်ရှင်ပါက ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်သို့ နောက်ထပ် အလည်တစ်ခေါက် သွားရောက် တွေ့ဆုံရပေဦးမည်။

“နက်ဖြန် လေလံပွဲမသွားခင်  ညအတွက် နေစရာရှာစို့ ...” မိုဝူကျီက သူ့စကားအဆုံးတွင် ဟန်ချင်းရုက သူအနား လာရပ်လိုက်ကြောင်း ခံစားမိလိုက်သည်။ သူမ ခြေလှမ်းမှတစ်ဆင့် သူမ အကြောက်တရားများ ကိုပင် ခံစားမိလိုက်သေးသည်။

မိုဝူကျီက ခေါင်းမော့ ကြည့်လိုက်သည့်အခါ ရွှေရောင်အင်္ကျီနှင့်  အမျိုးသား တစ်ယောက်က သူတို့ကို စိုက်ကြည့်နေသည်။

မိုဝူကျီက ထိုသူဆီမှ ကောင်းကင်အင်မော်တယ် အဆင့်ထက် ကျော်လွန်နေသော အရှိန်အဝါများကို ခံစားမိလိုက်သော်လည်း သူ့ကျင့်ကြံဆင့်ကို ထိန်းချုပ်ထားမှုကိုလည်း ခံစားမိလိုက်သည်။

“သူက လောင်ချိုက်လေ” ဟန်ချင်းရုက တုန်တုန်ယင်ယင်ဖြင့် သူ့နား ကပ်ပြောလိုက်သည်။ သူမက လောင်ချိုက်၏ ဖိနှိပ်အနိုင်ယူတတ်သည့် အကြောက်တရားမှ အပြီးအပိုင် လွတ်မြောက်ဟန် မပေါ်သေးပေ။

“မိုဝူကျီက ဟန်ချင်းရု နောက်ကျောကို ပုတ်ပေးကာ …

အစ်မချင်းရု ... ကျုပ်တို့ကျင့်ကြံခြင်း တာအိုလမ်းစဉ်နောက် လိုက်နေတုန်း ဒီလို အကြောက်တရားတွေကို ဖယ်ရှားပစ်ရမယ်လေ။

အစ်မချင်းရုက သေခြင်းတရားကိုတောင် ထည့်မတွက်ဘဲ  ကျုပ်နဲ့အတူတူ ယင်ပြန့်မြို့ကို လိုက်ရဲမှတော့  သူ့လိုမျိုး အုပ်ချုပ်ရေးမှူး တစ်ယောက်ကို ကြောက်စရာ လိုသေးလို့လား။

အများဆုံး ကျုပ်တို့တွေ သူ့ကို သတ်ပစ်ရုံပဲလေ”

ဟန်ချင်းရုက တီးတိုးမပြောခင် အသာအယာ သက်ပြင်းချလိုက်မိသည်  “ဝူကျီ ကျေးဇူပါ”

ထိုစဉ် သူမအတွေးများက ရှင်းလင်းလာပြီး သူမဘာသာ တည်ငြိမ်အောင် ပြုမူနိုင်သွားသည်။ မိုဝူကျီ ပြောသည်က မမှားပေ။ အကယ်၍ သူမက သေခြင်းတရားကို မကြောက်ရွံ့မှတော့ ဤသို့သော အုပ်ချုပ်ရေးမှူးတစ်ယောက်ကို အဘယ်ကြောင့်  ကြောက်ရွံ့နေရမည်နည်း။

“ဂျုနီယာညီမလေး ချင်းရု  ... ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ကိုယ်ထင်မထားမိဘူး။ လေလံပွဲပြီးသွားရင် ကိုယ်နဲ့အတူတူ ယင်ပြန့်မြို့ဆီ လိုက်ခဲ့ပါလား” လောင်ချိုက် မျက်ဝန်း၌ သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း ဟန်ချင်းရုရှေ့တွင် ရယ်ရယ်မောမော ပြောလိုက်သည်။

လက်ရှိတွင် ဟန်ချင်းရုက လောင်ချိုက်ကို မကြောက်တော့ပဲ ခပ်တိုးတိုး ပြောလိုက်သည်

“ကိစ္စမရှိပါဘူး။ ကျမရဲ့ ဂျုနီယာမောင်လေးနဲ့ လာလိုက်ပါ့မယ်”

လောင်ချိုက် အကြည့်က မိုဝူကျီဆီ ရောက်လာကာ …

“ချင်းရုကို နောက်တစ်ခါ မထိမိစေနဲ့ မဟုတ်ရင် မင်း အသက်ရှင်ရတာ နောင်တ ရသွားစေရမယ်” လောင်ချိုက်မှာ   မိုဝူကျီက  ဟန်ချင်းရု နောက်ကျော ပုတ်ပေးလိုက်သည်ကို သတိပြုမိသွားသည်မှာ သိသာလှသည်။

မိုဝူကျီက လောင်ချိုက်ကို အေးဆေး ပြန်ကြည့်လိုက်ရင်း   ပြန်ပြောခါနီးတွင် ဟန်ချင်းရုက မိုဝူကျီ လက်မောင်းကို ဆွဲကာ ပြောလိုက်သည်

“ဂျုနီယာမောင်လေး သွားကြစို့”

“ဟုတ်ပြီ” မိုဝူကျီက တစ်ခုမျှ ပြန်မပြောလိုက်သည်မှာ လေလံပွဲ မစသေး၍ လောင်ချိုက်ကို တိုက်ခိုက်ရန် အချိန်မဟုတ်သေးမှန်း သိ၍ ဖြစ်သည်။

မိုဝူကျီနှင့် အခြားနှစ်ယောက် မြို့အတွင်း ဝင်သွားသည်ကို တွေ့ပြီး သူ့မျက်လုံး၌  သတ်ဖြတ်လိုစိတ် အငွေ့အသက်များက ထွက်ပေါ်လာပြီး ဟန်ချင်းရုကို ထိတွေ့ရဲသည့်သူကို သေစေချင်နေမိသည်။

ဟန်ချင်းရုအတွက် သူ့အနေဖြင့် ငြီးငွေ့နေပြီ ဖြစ်ရာ သူမ အရသာကို တခြားသူများ မြည်းစမ်းနိုင်ရန် နှစ်ကိုယ်တူ အဆောက်အဦအပေါ်မှ သေချာပေါက် ပစ်ချပေးရမည်။ သူ့ကြင်နာမှုကို မသိတတ်သည့် အမျိုးသမီးကို သိမ်းထား၍ ဘာအကျိုးရှိမည်နည်း။

“အစ်မချင်းရုရဲ့ အေးဆေး တည်ငြိမ်ချက်က   အတော်လေး မိုက်တယ်။ ကျုပ်တို့တွေ ယင်ပြန့်မြို့ထဲ ခိုးဝင်တုန်းက ခို့ယွန်ကို အဲဒီလူ သတ်သွားတာလေ” သုံးယောက်သား လောင်ချိုက်ကို ဖြတ်ကျော်လာပြီးနောက် ထုံယဲ့က ပြောလိုက်သည်။

မိုဝူကျီ နှလုံးသားတွင်လည်း တူညီသော သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာသည်။ ခို့ယွန်ကို အင်မော်တယ် ကူးသန်းရေး သင်္ဘောဆီ ဖိတ်ခေါ်ခဲ့သူမှာ သူကိုယ်တိုင်ပင် မဟုတ်ပါလော။ ခို့ယွန်က လေးနက်မှု ရှိပြီး ကောင်းကင် အင်မော်တယ်အဆင့် ဖြစ်နေသော်လည်း သူက အခြားလူများထက် မြင့်နေသည်ဟု မတွေးပေ။ ထိုအပြင် လော့ချွမ်းဟယ်ဆီမှ အဖြစ်အပျက်ကို သိရှိပြီးနောက် ကူညီဖို့ရာလည်း မတွေဝေနေပေ။ ထိုအချက် တစ်ချက်တည်းဖြင့် မိုဝူကျီက သူ့အတွက် မည်သို့ပင် ဖြစ်နေပါစေ လက်စားချေပေးရန် ဆုံးဖြတ်ထားသည်။

“သူက မင်းကို မှတ်မိလိမ့်မယ်လို့ ထင်တယ်။ သူမလှုပ်ရှားတာက  ဒီမြို့ကို လေးစားမှုတချို့ ပြသချင်လို့ပဲ နေမယ်” မိုဝူကျီက ထုံယဲ့ကို ပြောလိုက်သည်။

ထုံယဲ့က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

“ဒီကိုလာဖို့ ဆုံးဖြတ်ပြီးမှတော့ အသက်ရှင်ရက် ပြန်သွားဖို့တောင် တွေးမထားပါဘူး။ ပြီးတော့ သူက ကျင်းရှန်းအဆင့် ဖြစ်နေတော့ရော ဘာအရေးလဲ။ သေတဲ့အထိ တိုက်ခိုက်ရရင်တောင် သူ့ကို သွေးထွက်အောင်တော့ လုပ်ပစ်ခဲ့ရမယ်”

မိုဝူကျီက အေးစက်စက် ပြန်ဖြေလိုက်သည် …

“လောင်ချိုက် တစ်ယောက်စာလောက်ရဲ့ သွေးက အဲလောက် အဖိုးမတန်ပါဘူး။ လေလံပွဲပြီးတာနဲ့ အဲဒီလူက ငါတို့ကို လာတိုက်လိမ့်မယ်ဆိုတာ သေချာတယ်။

အဲဒါကြောင့် အဲဒီလူကို ငါ့ဆီ အပ်ထားလိုက် ...  ခို့ယွန်အစား လက်စားချေပေးဖို့ သူ့ကို သတ်ပစ်မယ်။

အရင်ဆုံး အင်မော်တယ်ဝင်ရိုး ကျောက်တုံးနဲ့ သွားလဲလှယ်လိုက်ဦးမယ်။ မဟုတ်ရင်  လေလံပွဲအတွက် အင်မော်တယ်ကျောက် အလုံအလောက် မရှိဘဲ နေလိမ့်မယ်”

“ဂျုနီယာမောင်လေး ... အင်မော်တယ် ဝင်ရိုးကျောက်တုံးတွေကို လဲဖို့ မလိုဘူးလေ။ ယုံရင်အစွန်းအဖျားမှာ အင်မော်တယ်ဝင်ရိုး ကျောက်တုံးတွေကို လက်ခံတယ်။ ပြီးတော့  အင်မော်တယ် ကျောက်တွေထက် အဖိုးတန်တယ်” ဟန်ချင်းရုက မိုဝူကျီကို မြန်မြန် တားလိုက်သည်။

***

မိုဝူကျီတို့ အဖွဲ့နှင့် မနီးမဝေးနေရာတွင် ရှိနေသော အချိုးအစားဖွံ့ဖြိုးသည့် အမျိုးသမီးက မိုဝူကျီတို့အဖွဲ့ အဆောက်အဦအတွင်း ဝင်ရောက်သွားသည်ကို အံ့ဩတကြီး ကြည့်နေသည်။ ခဏအကြာတွင် အသံထွက်ပေါ်လာသည် …

“ဒီကို ဘယ်လိုများ ရုပ်မဖျက်ဘဲ လာရဲတာလဲ”

ထိုအမျိုးသမီးမှာ  ဦးဆုံးကျင့်ကြံသူ ကုန်သည်အိမ်တော်၏ ကျူးယိရန်သာ ဖြစ်ပြီး မိုဝူကျီသည် ကျင်းယွင်မြို့သို့ ရောက်လာလိမ့်မည်ဟု မှန်းဆထားသော်လည်း ရုပ်မဖျက်ဘဲ ရောက်ရှိလာလိမ့်မည်ဟု ထင်မထားပေ။

သူမဘေးတွင် လူနှစ်ယောက် ရပ်နေပြီး တစ်ယောက်မှာ စီမံခန့်ခွဲရေးမှူး ဝေကုန်းဖုန့် ဖြစ်လေ၏။ ကျုးယိရန်နှင် သူ့တွေးတောချက်အရ မိုဝူကျီသာ ရုပ်ဖျက်၍ ရောက်လာသရွေ့ မိုဝူကျီ၏ တည်နေရာကို စုံစမ်းကာ သူကို ရင်ဆိုင်ရန် တခြားသူများကို ရှာရန် တွေးတောထားကြသည်။

မိုဝူကျီ  ရုပ်မဖျက်ဘဲ ရောက်ရှိလာမှုက အားလုံးအတွက် တအံ့တဩ ဖြစ်သွားစေသည်။

“အဲဒါဆို အရင်အတိုင်းပဲ ဆက်လုပ်ဦးမှာလား” ဝေကုန်းဖုန့်က ခပ်တိုးတိုး မေးလိုက်သည်။

ကျူးယိရန်က မျက်မှော်ကျုတ်ကာ ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်

“အဲဒီလူက သေချာပေါက် အားကောင်းတယ်ဆိုပေမဲ့ သူ ဘယ်လောက်ပဲ အားကောင်းကောင်း ကျင်းယွင်မြို့ကို ရုပ်မဖျက်ဘဲ ဘယ်လိုများ ဝင်ရဲတာတုန်း။  သူ့ကို ထောက်ပံ့ပေးနေတဲ့ နောက်ခံများ ရှိနေတာလား”

ခဏတာ စဉ်းစားနေပြီးနောက် သူမက ဆက်ပြောလိုက်သည် …

“သူ့နောက်ခံက ဘယ်သူပဲဖြစ်ဖြစ် သူ့ကို ဖွင့်ဟပြောလာအောင် လုပ်ရုံပေါ့။ ကုန်းဖန့်  ... ငါတို့အစီအစဉ်ကို နည်းနည်း ပြောင်းရမယ်။  အရင်ဆုံး မိုဝူကျီနဲ့ ရင်ဆိုင်ဖို့  ငါတို့နဲ့ ပူးပေါင်းဖို့ ကျင်းရှန်းအဆင့် ကျင့်ကြံသူကို ရှာရမယ်”

“ဟဲလျန်ကုန်သည် အဖွဲ့အစည်းရဲ့ အုပ်ချုပ်ရေးမှူး လောင်ချိုက်လည်း ရောက်နေတယ် ကြားထားတယ်။ သူက နောက်ပိုင်း ကျင်းရှန်းအဆင့် ရောက်နေပြီတဲ့။ အဲဒါဆိုတော့ စီနီယာပိထိုက် ထက်တောင် ပိုအားကောင်းနေသေးတယ်” နောက်တစ်ယောက်က ထပ်ပြောလိုက်သည်။

“ဟုတ်ပြီ အဲဒါဆို အခု အုပ်ချုပ်ရေးမှူး လောင်ချိုက်ကို သွားတွေ့ကြမယ်” ကျူးယိရန်က တုံ့ဆိုင်းနေခြင်းမရှိ ဆုံးဖြတ်ချက် ချလိုက်သည်။

***

“ညီလေးထုံကို တစ်ခု မေးရဦးမယ်။  အင်မော်တယ် ကူးသန်းရေး သင်္ဘောကို သိမ်းထားဖို့က စီနီယာအစ်ကိုလော့ရဲ့ အကြံလား အားလုံးရဲ့ အကြံပြုချက်နဲ့လား” သုံးယောက်သား အဆောက်အဦအတွင်း ရောက်သွားသည်နှင့် မိုဝူကျီက မေးလိုက်သည်။ သူက တစ်ခုခု လွဲမှားနေမှန်း သိသော်လည်း ထိုအရာကို ဘာမှန်း မသိသေးချေ။

ထုံယဲ့က ခေါင်းခါကာ …

“အဲဒါက စီနီယာအစ်ကိုလော့  အကြံတော့ မဟုတ်ဘူး။ ကူယာက အကြံပြုလိုက်လို့။ အရင်က ဆရာကြီးဖူကျိက အင်မော်တယ် ကူးသန်းရေး သင်္ဘောကို လေ့လာချင်လို့ သိမ်းထားချင်တယ် ဆိုပေမဲ့ ကူယာက အစ်ကိုမိုနဲ့ စီနီယာ အစ်ကိုလော့ကြားက ဆက်ဆံရေးကို ပြောလိုက်တာ။

သင်္ဘောက အစ်ကိုမို အပိုင်ဆိုတော့  အားလုံးကလည်း စီနီယာ အစ်ကိုလော့ဆီမှာ ထားထားဖို့ သဘောတူကြတယ်”

မိုဝူကျီစိတ်ထဲ တစ်ခုခု လွဲမှားနေကြောင်း ခံစားနေရဆဲ ဖြစ်၍ လေးလံသွားမိသည်။

“ပေသီးက ကူယာသွားတဲ့နေရာကို မပြောဘူးလား” မိုဝူကျီက နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

“ဟင့်အင်း ကူယာက ရုတ်တရက် ထွက်သွားတာဆိုတော့ ပေသီးလည်း မသိလိုက်ဘူး။ ပေသီးက ကူယာဆီကို လှမ်းအကြောင်းကြားပေမဲ့ ကူယာက အကြောင်းမပြန်ဘူး” ထုံယဲ့က အတွေးများရသည်ကို မကြိုက်သော်လည်း မိုဝူကျီ စကားများကြောင့် တွေးမိသွားသည်။

“အဲဒါဆို ဆရာကြီးဖူကျိကလည်း မင်းတို့ဆီ အကြောင်းလည်း မပြန်သလို  ယင်ပြန့်မြို့ကိုလည်း လိုက်မလာဘူးပေါ့” မိုဝူကျီက စိတ်ထဲ သက်ပြင်းသာ ချလိုက်တော့သည်။ အကယ်၍ သူတို့နားတွင် ကူယာသာ ရှိနေပါက သူတို့ သေချာပေါက် မဆင်မခြင် လုပ်မိမည် မဟုတ်ပေ။

“ဟုတ်တယ်”

“အဲဒါဆို ဆရာကြီးဖူကျိက ကျုပ် ယင်မီးတောက် ကင်းခြေပြားတွေနဲ့ ကျန်နေတုန်း  အင်မော်တယ် ကူးသန်းရေး သင်္ဘောကို ပြန်လှည့်ဖို့ အလိုရှိခဲ့လား” မိုဝူကျီလေသံမှာ လေးနက်လာသည်။

ထုံယဲ့က ပြန်ဖြေလိုက်သည် …

“ကျုပ်တို့တွေ အစ်ကိုမိုကိုရှာဖို့ ပြန်လှည့်ခဲ့တယ်။ ဒါပေမဲ့ ဆရာကြီးဖူကျိက သိပ်မလုပ်ချင်တဲ့ပုံပဲ။ သူက ပြန်လှည့်ရန်  ပိုပြီး အန္တရာယ်များနိုင်တယ် ဆိုပြီး ပြောပေမဲ့ စီနီယာအစ်ကိုလော့၊  ခို့ယွန်နဲ့ အားလုံးက ပြန်လှည့်ပြီး ရှာဖို့ ဆုံးဖြတ်ခဲ့ကြတာ။

ပြီးတော့မှ ဆရာကြီးဖူကျိက ကျုပ်တို့ သဘောထားကိုမေးတော့ အားလုံးက သဘောတူတာနဲ့  ပြန်လှည့်ပြီး ရှာခဲ့ကြတာ ...

အစ်ကိုမိုကို ပြန်မတွေ့ခင်  ကျုပ်တို့တွေ တိမ်မြုပင့်ကူအုပ်လိုက်နဲ့ တွေ့တော့  လှည့်ပြန်ခဲ့ရတာ   ... ဒါနဲ့ ကျုပ်တို့တွေ အင်မော်တယ်လျိုကို ဖြတ်ခါနီးတုန်းက  ကူယာရဲ့ စိတ်စွမ်းအားမှာ အစ်ကိုမိုကို တွေ့တယ်လို့ ထင်လိုက်လို့  အင်မော်တယ် ကူးသန်းရေး သင်္ဘောကို ပြန်လှည့်ဖို့ တောင်းဆိုတာကို ကျုပ်တို့တွေ ပြန်လှည့်ရင် အားလုံး သေကုန်ကြလိမ့်မယ် ဆိုပြီးတော့   ဆရာကြီးဖူကျိက ငြင်းဆိုခဲ့တာ”

မိုဝူကျီက ခေါင်းညိတ်ကာ ထုံယဲ့ကို ပုတ်ကာ  …

“အခု နားလည်သွားပြီ။ အားလုံးလည်း နားကြတော့။ အင်မော်တယ်လျိုထဲမှာ  တစ်ယောက်မှ ကျုပ်အပေါ် လက်မလျှော့ခဲ့ကြတော့  အခု ကျုပ်လည်း အားလုံးကို လက်လျှော့မှာ မဟုတ်ဘူး။ နက်ဖြန် လေလံပွဲပြီးတာနဲ့  လမ်းဖောက်ပြီး ထွက်ကြမယ်”

မိုဝူကျီက သံသယဝင်နေဆဲ ဖြစ်သော်လည်း ထုံယဲ့ကိုတော့ မပြောလိုက်ပေ။ သူက အင်မော်တယ် ကူးသန်း‌ရေး သင်္ဘောမှာ ထုံယဲ့နှင့်သာ ရှိနေပါက ပထမဆုံး အန္တရာယ်နှင့် တွေ့မည့်သူမှာ သူသာ ဖြစ်လိမ့်မည်။

***

All Chapters