လခြမ်းကွေး ပုဆိန်လှံရှည်
Vol. 34 Ch. 470
“အင်မော်တယ်ဝင်ရိုး ကျောက်တုံး တစ်သိန်း တစ်ကြိမ် ... အင်မော်တယ်ဝင်ရိုး ကျောက်တုံး တစ်သိန်း နှစ်ကြိမ် ...” လီယွဲ့က ကြေညာလိုက်ရင်း မိုဝူကျီအတွက် စိုးရိမ်နေမိသည်။
သူမက လေလံပွဲတွင် အင်မော်တယ်ဝင်ရိုး ကျောက်တုံး များများရရန် မျှော်လင့်မိသော်လည်း မိုဝူကျီကိုတော့ အကြောင်းမဲ့ မသေစေလိုပေ။ အကယ်၍ အင်မော်တယ်ဝင်ရိုး ကျောက်တုံး ငါးထောင်က လူတစ်ယောက်ကို မနာလိုဖြစ်စေဖို့ လုံလောက်သည်ဟု ဆိုလျှင် အင်မော်တယ်ဝင်ရိုး ကျောက်တုံး တစ်သိန်းမှာ ရန်သူဖြစ်ဖို့ရာ လုံလောက်ပေသည်။
ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူ အနေနှင့် သူက ထိုမျှ ပမာဏကို သုံးစွဲနေခြင်းမှာ သတ္တိကောင်းခြင်းလား ဒါမှမဟုတ် နောက်ခံတောင့်၍လားတော့ မသိပေ။ မည်သို့ပင် ဆိုစေကာမူ သူမက မိုဝူကျီသည် အခန်းငယ်ထဲမှာ ရှိနေသော ထိုကျင်းရှန်းအဆင့် ကျင့်ကြံသူများကို ရန်မစသင့်ကြောင့် ခံစားမိနေသည်။
“အင်မော်တယ်ဝင်ရိုး ကျောက်တုံး တစ်သိန်း သုံးကြိမ် ... တာအိုရောင်းရင်း နံပါတ် ၁၂၃၃ ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်ရှင်” တစ်ယောက်မှ မိုဝူကျီနှင့် မယှဉ်ပြိုင်နိုင်သောကြောင့် ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရမှာ မိုဝူကျီဆီ ရောက်ရှိသွားတော့သည်။
ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရ လေလံဆွဲခြင်း ပြီးဆုံးသွားလေသည်။ ထိုအချိန် မိုဝူကျီအပါအဝင် ဤနေရာတွင် ရှိနေသော အားလုံးက ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရအတွက် အပြိုင်အဆိုင် အစပြုခါစ ဖြစ်ကြောင်း သိလိုက်ကြသည်။
မိုဝူကျီက ထိုထိပ်တန်း နိဗာန မီးတောက် အနှစ်သာရကို လက်ခံယူလိုက်သည်နှင့် သိုလှောင်လက်စွပ်ထဲ တန်းထည့်ထားလိုက်သည်။ အကယ်၍ သူသာ လေလံပွဲမှာသာ ရှိမနေပါက ဤနိဗာနမီးတောက်ဖြင့် သူ့ကိုယ်ပိုင် မီးတောက်ကို ချက်ချင်း ဆင့်ကဲ ပြောင်းလဲလိုက်မည် ဖြစ်၏။
လီယွဲ့က တကယ်တော့ မိုဝူကျီတစ်ယောက် ထိုထိပ်တန်း နိဗာန မီးတောက် အနှစ်သာရ ရသွားသည့် ကိစ္စကို ဂုဏ်ပြုမပေးပေ။ မိုဝူကျီဆီမှ အာရုံစူးစိုက်မှု ကင်းဝေးစေရန် သူမက လက်ကို ဝေ့လိုက်သည့်အခါ သူမ ရှေ့တွင် ရှေးဟောင်းဆေးမီးဖို တစ်ခုပေါ်လာလေ၏။
“ဒါကတော့ နှစ်တွေ အတော်ကြာနေပြီ ဖြစ်တဲ့ ရှေးဟောင်းဆေးမီးဖို တစ်လုံးပါ။ သက်တမ်းအငွေ့အသက် အရဆိုရင် ဒီဆေးမီးဖိုက အနည်းဆုံး နှစ်သိန်းချီကြာနေပါပြီ။ အချိန်ကာလရဲ့ တိုက်စားမှုကို ခံခဲ့ရတယ်ဆိုပေမဲ့ ဒီဆေးမီးဖိုရဲ့ အဆင့်က အဆင့် ၃ အင်မော်တယ် ပစ္စည်းတွေထက် မနိမ့်ပါဘူး။ နှမြောစရာ ကောင်းတာ တစ်ခုက ဆေးမီးဖိုအတွင်းက သင်္ကေတတချို့ ပျက်စီးနေတော့ အပြည့်အဝ မမွမ်းမံနိုင်တော့ဘူး။ မဟုတ်ရင် ဒီဆေးမီးဖိုက အနည်းဆုံး အဆင့် ၅ ဒါမှမဟုတ် အဆင့် ၆ လောက်ထိ ရောက်နိုင်တယ်”
“ကြမ်းခင်းဈေးက အလယ်အလတ် အင်မော်တယ်ကျောက် သုံးသိန်းနဲ့စပါမယ်။ တစ်ခါတိုးတိုင်း အနည်းဆုံး တစ်သောင်း တိုးရပါ့မယ်”
“အင်မော်တယ်ဝင်ရိုး ကျောက်တုံး သုံးထောင်” လီယွဲ့စကားအဆုံးတွင် မိုဝူကျီက စတင်၍ လေလံဆွဲလိုက်သည်။ မိုဝူကျီက အမှန်ပင် ဆေးမီးဖိုတစ်လုံး လိုအပ်နေပေသည်။ သူ့ဆေးမီးဖိုမှာ ကျင့်ကြံခြင်းလောကမှ ဖြစ်ရာ ဝမ်လျန်ရှီးက သူ့အား အဆင့် ၁ အင်မော်တယ် ဆေးမီးဖိုပေးသော်လည်း ပြန်ယူသွားလေသည်။ ဆေးမီးဖို၏ အတားအဆီးများနှင့် ပျက်စီးမှုကြောင့် အပြည့်အဝ မွမ်းမံ၍ မရနိုင်သော်လည်း သူ့အတွက် လွှမ်းမိုးမှု ကြီးကြီးမားမား မရှိချေ။
ကျင့်ကြံသူ တချို့က ပါဝင်၍ လေလံဆွဲချင်ကြသော်လည်း မိုဝူကျီ၏ လေလံခေါ်ဈေးကို မြင်ပြီးနောက် ရပ်တန့်လိုက်ကြသည်။ အားလုံး နံပါတ် ၁၂၃၃ မှာ အတော်လေး ထူးဆန်းပြီး ချမ်းသာကြောင်း သိကြသည်။ သူတို့သာ ဉာဏ်နုံမနေသရွေ့ ထိုသို့မျိုး ကမူးရှူးထိုး ငမိုက်နှင့် ယှဉ်ပြိုင်မည် မဟုတ်ပေ။
မူလက ဤအဆင့် ၃ အင်မော်တယ် ဆေးမီးဖိုမှာ သေချာပေါက် အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် ငါးသိန်းအထိ ရောက်မည် ဖြစ်သော်လည်း မိုဝူကျီက ဦးဆုံး လေလံဆွဲလိုက်၍ မည်သူကမျှ လေလံ ထပ်မဆွဲကြတော့ပေ။ ထို့ကြောင့် ထိုမီးဖိုမှာ မိုဝူကျီ လက်ထဲသို့ မူလတန်ဖိုးဖြင့် ရောက်ရှိသွားလေ၏။
မိုဝူကျီကို အစက သနားမိနေသော လီယွဲ့ပင် ပြောစရာ မဲ့သွားလေ၏။ အကယ်၍ ဤလူသာ အမြဲတမ်း ဦးဆုံး လေလံဆွဲနေပါက တခြားလူများကို ယှဉ်ပြိုင်နိုင်စွမ်း မပေးသလို ဖြစ်မနေဘူးလား။
သူမ စိုးရိမ်မှုများက အတည်မဖြစ်လာသည်မှာ ကံကောင်းလှပေသည်။ ဤမီးဖိုပြီးသည်နှင့် မိုဝူကျီက တစ်ဖန် ရပ်သွားသည်။ သူက နောက်ဆယ်မျိုးအထိ ပါဝင်လေလံဆွဲခြင်း မရှိချေ။ တစ်ဖက်တွင် မိုဝူကျီဘေးတွင် ရှိနေကြသော ဟန်ချင်းရုနှင့် ထုံယဲ့တို့က ပစ္စည်းတစ်ခုစီ လေလံဆွဲလိုက်ကြသည်။ ဟန်ချင်းရု သစ်သားဓာတ် သဘာဝ ကျင့်စဉ်ကို ဝယ်ယူပြီး ထုံယဲ့က ကြယ်တိုင်း ကိရိယာတစ်မျိုးကို ဝယ်ယူလိုက်သည်။
“နောက်တစ်ခုကတော့ ကျမတို့ရဲ့ ဒီလေလံပွဲမှာ အဆင့်မြင့်ဆုံး အင်မော်တယ်ပစ္စည်း လခြမ်းကွေး ပုဆိန်လှံရှည်ပါ။ ကျမတို့ရဲ့ အင်မော်တယ် ပစ္စည်း အကဲဖြတ်ပေးတဲ့ ပညာရှင်များ ပြောစကားအရဆိုရင် ဒီဟာက အဆင့် ၉ အင်မော်တယ် ပစ္စည်းပါ”
လီယွဲ့၏ ဒုတိယမြောက် စကားမှာ လူအုပ်ကြီးကို အုတ်အုတ်ကျက်ကျက် ဖြစ်လာစေသည်။ အဆင့် ၉ အင်မော်တယ်ပစ္စည်းမှာ အင်မော်တယ်လောက၌ပင် ထိပ်တန်း တည်ရှိမှုမျိုး ဖြစ်ပေသည်။ အဘယ်ကြောင့် ယုံရင်အစွန်းအဖျား၌ ပေါ်လာရသနည်း။
လီယွဲ့က အားလုံးကို ငြိမ်သက်စေရန် လက်ဟန် ပြလိုက်ပြီးနောက် သူမက ပြုံးကာ …
“အားလုံး ... အတွေးမလွန် ကြသေးပါနဲ့ဦးရှင်။ ဒီလက်နက် ဒီလိုမျိုးနေရာမှာ ပေါ်လာရတဲ့ အကြောင်းအရင်းက အချက်နှစ်ချက်နဲ့ သက်ဆိုင်နေပါတယ်။ ပထမဆုံး ဒီပုဆိန်လှံရှည်က လခြမ်းကွေးတစ်ဖက်သာ ရှိနေတဲ့ အပိုင်းအစလေးသာ ဖြစ်ပြီးတော့ ကိုယ်ထည်နဲ့ လက်ကိုင်က ပျောက်ဆုံးနေပါတယ်”
သူတို့ကြားသည့်အခါ လူအုပ်ကြီးက ချက်ချင်း နားလည်သွားကြသည်။ ဆိုလိုသည်မှာ ဤအဆင့် ၉ အင်မော်တယ်ပစ္စည်းမှာ သူ့ကောင်းမွန်သည့် အနေအထား၏ လေးပုံတစ်ပုံလောက်သာ ရှိနေခြင်း ဖြစ်ပေသည်။ ထိုသို့ဆိုမှတော့ ဤလက်နက်မှာ ကာကွယ်ရေး ပစ္စည်းတစ်ခုအဖြစ် မပိုပေ။ ပြောရမည်ဆိုလျှင် အတားအဆီး သင်္ကေတတချို့ ပျက်စီးနေသော ဆေးမီးဖိုနှင့်ပင် မယှဉ်နိုင်ချေ။
“ဒုတိယအချက်ကတော့ ဒီပုဆိန်လှံရှည်က အင်မော်တယ်လျိုထဲက ရောက်လာတာပါ။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က အခြေအနေတွေကြောင့် အင်မော်တယ်တစ်ပိုင်းထဲက ကျင့်ကြံသူအများစုက အင်မော်တယ်လျိုကို ဖြတ်ပြီးတော့ လာဖို့ ကြိုးစားနေကြတယ်။ အများစုက အင်မော်တယ်လျိုထဲ ကွယ်ပျောက်သွားကြပေမဲ့ တချို့ ကံကောင်းတဲ့သူတွေကတော့ နောက်ဆုံး အကာအရံအထိ အရောက်လာနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ အာကာသ အကာအရံနဲ့ တွေ့တဲ့အချိန် သူတို့က ဒီလိုမျိုး ထိပ်တန်း ရတနာကို ချန်ထားရစ်ခဲ့ရတာပဲ။ အဲဒါကြောင့် ဒီလခြမ်းကွေး ပုဆိန်လှံရှည်ရဲ့ အစိတ်အပိုင်းကို ရလာခဲ့တာပဲ”
လီယွဲ့ ပြောလိုက်သည့်အချိန် မိုဝူကျီ မျက်ဝန်း၌ လူသတ်ငွေ့များ ဖြတ်ပြေးသွားသည်။
ယုံရင်အစွန်းအဖျား နေရာမှ လူများသည် မောက်မာပြီး နိုင်လိုမင်းထက် ပြုမူတတ်ကြသည်။ သူတို့က အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ရောက်ရှိလာသော ကျင့်ကြံသူများကို တားဆီးရုံသာမက နောက်ဆုံး အကာအရံနောက်တွင် အာကာသ ဓားအစီအရင်ကိုလည်း တပ်ဆင်ထားကြသေး၏။ အကယ်၍ သူ့အသက်ဓာတ် လမ်းကြောင်းကြောင့်သာ မဟုတ်လျှင် သူပင် ထိုအစီအရင်အောက် အသက်ပျောက်သွားရလိမ့်မည်။
အကယ်၍ သူ့တွင် စွမ်းဆောင်ရည်ရှိလာလျှင် သူက ယုံရင်အစွန်းအဖျားနေရာမှ အင်မော်တယ်တစ်ပိုင်း နယ်ပယ်သို့ သွားရန် အစီအရင်ကို သေချာပေါက် ဖွင့်ပစ်ကာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ လူအားလုံးကို အင်မော်တယ်လောကဆီ ရောက်လာစေရန် လုပ်ပေးရမည်။
“အခု အားလုံး ဒီလခြမ်းကွေး ပုဆိန်လှံရှည်ကို တစ်ချက် ကြည့်ကြည့်ကြပါဦး” လက်တစ်ချက်အဝှေ့ဖြင့် လီယွဲ့လက်ထဲ၌ လှိုင်းတွန့်လေး တစ်ခုပေါ်လာပြီး တစ်မီတာခန့်ရှိသော လခြမ်းကွေး ပုဆိန်လှံရှည် ဓားသွားပိုင်းက အားလုံးရှေ့ ပေါ်လာသည်။ လခြမ်းကွေး ပုဆိန်လှံရှည်ဓားသွားမှာ အစိမ်းရောင်ဖြစ်ကာ နှစ်များစွာ အသုံးပြုလာပြီး အပိုင်းပိုင်း ဖြစ်နေသော်ငြား ထက်ရှသည့် အငွေ့အသက်များ ကျန်ရှိနေသေး၏။
ရှေးဟောင်း အငွေ့အသက်က မိုဝူကျီ၏ စိတ်စွမ်းအားအထဲ စိမ့်ဝင်လာသည်။ မိုဝူကျီက ရုတ်တရက် မျက်စိမှိတ်လိုက်သည့်အခါ ထိုလခြမ်းကွေး ပုဆိန်လှံရှည် ဓားသွားမှခေါ်သံကို ကြားလိုက်ရသည်။
ထိုလခြမ်းကွေး ပုဆိန်လှံရှည်မှာ သူ့အား ရင်းနှီးကျွမ်းဝင်သည့် ခံစားချက်မျိုး ပေးစွမ်းလေ၏။ မိုဝူကျီက ဤအငွေ့အသက်များနှင့် အတော်လေး တရင်းတနှီး ရှိပေသည်။ သူ့ထာဝရ ကမ္ဘာလောကကို ဖွင့်လှစ်ခဲ့စဉ်က ခံစားခဲ့ရသည့် အငွေ့အသက်မျိုး ဖြစ်သည်။ သို့သော်လည်း သူ့ထာဝရ ကမ္ဘာလောကနှင့် နှိုင်းယှဉ်လျှင် ဤလခြမ်းကွေး ပုဆိန်လှံရှည်၏ အငွေ့အသက်များက ပိုရှေးကျပြီး ကျယ်ပြောလေသည်။
ဤသည်က အဆင့် ၉ အင်မော်တယ်ပစ္စည်း အစိတ်အပိုင်းမျှ မဟုတ်ဘဲ ပိုမိုမြင့်မားသည့် ရတနာသာ ဖြစ်လိမ့်မည်။
ဤလခြမ်းကွေး ပုဆိန်လှံရှည်ကို သူ ရအောင် ယူရမည်။ မိုဝူကျီက မျက်စိဖွင့်လိုက်ပြီး ထိုပုဆိန်လှံရှည်ကို လိုချင်တပ်မက်စိတ်နှင့် ကြည့်လိုက်သည်။ မူလက သူက လှံတစ်ချောင်း သို့မဟုတ် ဓားရှည်တစ်ချောင်း လိုချင်ခဲ့ရာ ချွန်မြမြ ရတနာများက သူ့သတ်ဖြတ်ခြင်းကို အပြည့်အဝ ထုတ်ဖော်နိုင်လိမ့်မည်။
သို့သော် ဤလခြမ်းကွေး ပုဆိန်လှံရှည် ပေါ်လာသည်နှင့် မိုဝူကျီက ရယူရန် ဆုံးဖြတ်မိလိုက်သည်။ အကြောင်းပြချက် မရှိဘဲ အလိုလိုသိစိတ်ကြောင့် ဖြစ်၏။
“ကြမ်းခင်းဈေးက အဆင့်မြင့် အင်မော်တယ်ကျောက် ငါးသိန်းပါ။ တစ်ခါတိုးတိုင်း တစ်သောင်းအောက် မနည်းရပါဘူးရှင်။ လေလံစဆွဲကြစို့ ...” လီယွဲ့က ကြေညာပြီးသည်နှင့် သူမက လက်ကိုမြှောက်ကာ ထိုပုဆိန်လှံရှည်ကို ကျောက်စိမ်းသေတ္တာအတွင်း ချိပ်ပိတ်ထားလိုက်သည်။
“အဆင့်မြင့် အင်မော်တယ်ကျောက် ခြောက်သိန်း” လီယွဲ့က ဓားသွားကို သိမ်းလိုက်သည်နှင့် တစ်ယောက်က စတင်၍ လေလံဆွဲလိုက်သည်။
အားလုံးက ထိုလေလံဆွဲသူမှာ မည်သူမှန်း သိလိုက်ကြသည်။ မိုဝူကျီနှင့် ထိပ်တန်း နိဗာနမီးတောက် အနှစ်သာရကို ပြိုင်လုသည့် ကျင်းရှန်းအဆင့် ကျင့်ကြံသူ ဖြစ်ပေ၏။ ဤကျင်းရှန်းအဆင့် ကျင့်ကြံသူမှာ ထိပ်တန်း နိဗာန မီးတောက် အနှစ်သာရ လေလံကို ရှုံးခဲ့သည့်အတွက် ယခု သူက လခြမ်းကွေး ပုဆိန်လှံရှည်ကို မျက်စိကျနေခြင်း ဖြစ်သည်။
“အဆင့်မြင့် အင်မော်တယ်ကျောက် ခြောက်သိန်းခွဲ” နောက်ထပ် လေလံဆွဲသံကို ကြားလိုက်ရသည်။ ကြည့်ရသည်မှာ ထိုကျင်းရှန်းအဆင့် ကျင့်ကြံသူကို အားလုံးက ကြောက်ရွံ့နေသည်တော့ မဟုတ်ပေ။
မိုဝူကျီ မဟုတ်သည်ကို မြင်သောအခါ ဤကျင်းရှန်းအဆင့် ကျင့်ကြံသူက ဒေါသမထွက်သေးပဲ အဆင့်မြင့် အင်မော်တယ်ကျောက် ရှစ်သိန်းကို တိုးမြင့်ပေးလိုက်သည်။
အားလုံးက ဤကျင်းရှန်းအဆင့် ကျင့်ကြံသူ၏ ဇာစ်မြစ်မှာ မရိုးရှင်းမှန်း သိထားသောကြောင့် သူက အင်မော်တယ်ကျောက် ရှစ်သိန်းအထိ တိုးပေးလိုက်သည့်အခါ အခန်းငယ်လေးထဲ ရှိကြသော လူအများစုက လက်လျှော့လိုက်ကြသည်။
ဒုတိယလေလံဆွဲသူမှာ သူသာ ဆက်တိုးပေးပါက တစ်ဖက်လူကို ရန်စမိမည် ဖြစ်ကြောင်း သိ၍ လေလံကို ရပ်တန့်လိုက်တော့သည်။
“အဆင့်မြင့် အင်မော်တယ်ကျောက် ရှစ်သိန်း တစ်ကြိမ် ... နောက်ထပ် တိုးပေးမဲ့သူ ရှိသေးလား ... အဆင့်မြင့် အင်မော်တယ်ကျောက် ရှစ်သိန်း နှစ်ကြိမ် ...”
“အင်မော်တယ်ဝင်ရိုး ကျောက်တုံး တစ်သိန်း” မိုဝူကျီက လီယွဲ့စကားကို ဖြတ်ကာ လေလံဆွဲလိုက်သည်။
နောက်တစ်ဖန် နေရာတစ်ခုလုံးမှာ ငြိမ်ကျသွားပြန်သည်။ ဤလခြမ်းကွေး ပုဆိန်လှံရှည်ကြောင့် မဟုတ်ဘဲ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများဖြင့် ကမူးရှူးထိုးငမိုက်က ကျင်းရှန်းအဆင့် ကျင့်ကြံသူနှင့် နောက်ထပ် ထိပ်တိုက် တွေ့ပြန်သောကြောင့် ဖြစ်၏။
“ဟားဟား ... မင်းက တော်တော် သတ္တိကောင်းနေတာပဲ။ အင်မော်တယ်ကျောက် နှစ်သန်းကွာ” ကျင်းရှန်းအဆင့် ကျင့်ကြံသူက ရယ်မောကာ ပြောလိုက်သော်လည်း သူ့ရယ်သံမှာ ပျော်ရွှင်နေသည့်အသံ မဟုတ်ဘဲ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပါဝင်နေသည်။
ဤကောင်လေးမှာ သေချာပေါက် သေပြီး ပစ္စည်းများက သူ့လက်ထဲ ရောက်မည်မှန်း သိထားသော်လည်း သူက လူအများရှေ့ ဆွဲရသည့် လေလံကို မရှုံးနိမ့်လိုပေ။ အထူးသဖြင့် အင်မော်တယ်ဝင်ရိုးပင် မဖွဲ့စည်းရသေးသည့် ကောင်းကင်အင်မော်တယ် အဆင့် ပုရွက်ဆိတ်လေးကို ဖြစ်၏။
***