← Chapters

ပေါက်ကွဲစေတတ်သော မီးတောက်

Vol. 34 Ch. 471

ပေါက်ကွဲစေတတ်သော မီးတောက်

Vol. 34 Ch. 471

“အင်မော်တယ်ဝင်ရိုး ကျောက်တုံး နှစ်သိန်း တစ်သောင်း” မိုဝူကျီက တုံ့ဆိုင်းမနေဘဲ ထပ်လေလံခေါ်လိုက်သည်။

“ကောင်းတယ် ကောင်းတယ် ကောင်းတယ် ...” အခန်းငယ်လေးထဲမှ  ကျင်းရှန်းအဆင့် ကျင့်ကြံသူက  စကားတစ်လုံးတည်းကို သုံးကြိမ် ပြောလိုက်ပြီးနောက် တိတ်ဆိတ် သွားတော့သည်။ သို့သော်လည်း  အရူးပင် သူ့အသံထဲမှ ပေါက်ကွဲမှုနှင့် သတ်ဖြတ်လိုစိတ်များကို ခံစားမိလိမ့်မည်။ ဤကျင်းရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီကို မည်မျှ မုန်းတီးနေကြောင်း ခန့်မှန်းကြည့်၍ ရပေသည်။

အကယ်၍ လေလံပွဲ စည်းမျည်းများကြောင့်သာ မဟုတ်လျှင် သူက မိုဝူကျီကို နေရာမှာတင် သတ်မိလိမ့်မည်။

ဤသို့သော ယုံရင်အစွန်းအဖျား နေရာတွင် အင်မော်တယ်ကျောက် နှစ်သန်းမှာ သေချာပေါက် အံ့မခန်း ပမာဏ ဖြစ်ပေသည်။ ကျင်းရှန်းအဆင့် ကျင့်ကြံသူပင် လေလံ ထပ်မဆွဲနိုင်မှတော့ မည်သူမျှ ထပ်မဆွဲနိုင်သည်က ပုံမှန် ဖြစ်လေ၏။ အံ့ဩစရာ မလိုဘဲ မိုဝူကျီက ထိုလခြမ်းကွေး ပုဆိန်လှံရှည် ဓားသွား အစိတ်အပိုင်းကို ရရှိသွားတော့သည်။

အင်မော်တယ်ဝင်ရိုး ကျောက်တုံးများကို ပေးချေပြီးနောက် မိုဝူကျီက ထရပ်လိုက်သည်။ အားလုံးက မိုဝူကျီသည် ချက်ချင်း ထွက်သွားတော့မည်ဟု ထင်လိုက်ကြသည်။

ကျင့်ကြံသူ အများအပြားလည်း ထရပ်ရန် ပြင်လိုက်ကြသည်။ မိုဝူကျီတွင် ရတနာများစွာ ရှိနေရုံမက သူ့တွင် အင်မော်တယ်ဝင်ရိုး ကျောက်တုံးများစွာလည်း ရှိနေသေးသည်။ အကယ်၍ သူတို့က သူ့ချမ်းသာမှု တစ်စိတ်တစ်ပိုင်းသာ ရနိုင်လျှင် သူတို့အတွက် ပွပေါက်တိုးသွားလိမ့်မည်။

လီယွဲ့က မိုဝူကျီကို ကြည့်လိုက်ပြီး သူမစိတ်ထဲ၌ သက်ပြင်းချမိလိုက်သည်။ ထို့နောက် သူမက ဆက်ပြောလိုက်သည်။

“အခု ကျမတို့  လေလံတင်မဲ့ ပစ္စည်းက အဆင့် ၄ အင်မော်တယ် ပစ္စည်း စိတ်ကူးယဉ်မောင်းပါ။

ဒီဟာက တခြားပစ္စည်းတွေနဲ့ ကွဲပြားပါတယ်။ ဒါက တိုက်ပွဲအတွင်း တစ်ဖက်လူကို ထိန်းချုပ်စေနိုင်သည့် မြင်ကွင်းများကို ဖန်တီးပေးနိုင်ပါတယ်။

ကြမ်းခင်းဈေးကတော့ အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် ခုနစ်သိန်းပါ။  တစ်ခါတိုးတိုင်း အနည်းဆုံး တစ်သောင်းပါ”

“အင်မော်တယ်ကျောက် ခုနစ်သိန်းခွဲ” အဆင့် ၄ အင်မော်တယ် ပစ္စည်းဖြစ်သည့် စိတ်ကူးယဉ် မောင်းပေါ်လာသည်နှင့် လေလံဆွဲသူ ရှိလေသည်။ မိုဝူကျီ နောက်လိုက်ရန် ပြင်နေကြသော တချို့ကျင့်ကြံသူများပင် ပြန်လှည့်လာကြသည်။

“အင်မော်တယ်ဝင်ရိုး ကျောက်တုံး သုံးထောင်ရယ်  ...

ကျုပ်ဝယ်ထားတဲ့ ဆေးမီးဖိုရယ် နောက်ထပ် အလယ်အလတ် အင်မော်တယ်ကျောက် တစ်သိန်း ရှစ်သောင်းရယ်”

ထွက်ရန် ပြင်နေသော မိုဝူကျီက ရပ်ကာ ရုတ်ခြည်း လေလံဆွဲလိုက်သည်။

မိုဝူကျီ လေလံဆွဲလိုက်သည်ကို မြင်ပြီး အားလုံးက မိုဝူကျီကို တစ်ယောက်ယောက်ကို ရန်စမိတော့မည်မှန်း သိလိုက်ကြသည်။ အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်း ပေးနိုင်သည့် သူများအထဲ  ရိုးရှင်းသည်သူ  မပါချေ။

လီယွဲ့က  ပြောစရာမဲ့စွာဖြင့် …

“ဒီက တာအိုရောင်းရင်း ကျမတို့က အင်မော်တယ်ဝင်ရိုး ကျောက်တုံး ဒါမှမဟုတ် အင်မော်တယ်ကျောက်ပဲ လက်ခံတာပါ။ ဆေးမီးဖိုကို အဲဒီလိုထဲ မပါပါဘူးရှင်”

“အာ” တစ်လုံးဖြင့် မိုဝူကျီက လေလံပွဲစင်မြင့်ထက်၌ မျှောနေသော ဆေးမီးဖိုကို မလိုလားစွာ ကြည့်လိုက်သည်။ သူ့မျက်လုံး၌ စိတ်ပျက်မှု အရိပ်အယောင်များကို တွေ့မြင်နိုင်လေသည်။

“အလယ်အလတ် အင်မော်တယ်ကျောက် ရှစ်သိန်းခွဲ” လီယွဲ့က ဆေးမီးဖိုကို လေလံကြေးအဖြစ် လက်မခံကြောင်း ပြောသော်လည်း ယခင် ကျင့်ကြံသူမှာ သူ့ဈေးနှုန်းကို တိုးမြင့်ရန် ရွေးချယ်လိုက်ဆဲ ဖြစ်သည်။

သို့သော်လည်း ထိုလေလံကြေးမှ တစ်ဆင့် မိုဝူကျီက ချမ်းသားပြီး ကမူးရှူးထိုး လုပ်တတ်သည့် သူ့ပုံရိပ်မှာ ပျက်စီးသွားတော့သည်။ နုံအနေသော သူပင် မိုဝူကျီတွင် အင်မော်တယ်ဝင်ရိုး ကျောက်တုံးများ မကျန်တော့ကြောင်း သိပေမည်။ အကယ်၍ မိုဝူကျီတွင် အင်မော်တယ်ဝင်ရိုး ကျောက်တုံးများ ကျန်ရှိနေပါက သူ့ကမူးရှူးထိုး စရိုက်ဖြင့် သူက အင်မော်တယ်ဝင်ရိုးကျောက် တစ်သောင်းပေးဖို့ရာ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

အကယ်၍ ထိုလူက ကျင်းရှန်းအဆင့် ကျင့်ကြံသူ မျက်နှာဖြတ်ရိုက်ရဲလျှင်   သူက တခြားသော ကျင့်ကြံသူများကိုလည်း ထိုသို့ လုပ်နိုင်ပေလိမ့်မည်။

ထင်ထားသည့်အတိုင်း လီယွဲ့ စကားအဆုံးတွင် မိုဝူကျီက စိတ်အားငယ်စွာဖြင့် လှည့်ထွက်သွားတော့သည်။

ဤတစ်ကြိမ် မိုဝူကျီနောက် လိုက်ချင်ကြသော ကျင့်ကြံသူများလည်း ရပ်တန့်ကုန်ကြသည်။ မိုဝူကျီ ထွက်သွားသည့်နောက်တွင် ကျင်းရှန်းအဆင့် ကျင့်ကြံသူက သေချာပေါက် သူ့နောက် လိုက်ပေလိမ့်မည်။ သူတို့က မိုဝူကျီနောက် လိုက်လိုသည်မှာ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများ ရရှိရန် ဖြစ်သော်လည်း မိုဝူကျီ၏ နောက်ဆုံး လေလံဈေးအရ မိုဝူကျီတွင် အင်မော်တယ်ဝင်ရိုး ကျောက်တုံး သုံးထောင်သာ ကျန်ရှိတော့ဟန် ပေါ်သည်။ အင်မော်တယ် ဝင်ရိုးကျောက်တုံး သုံးထောင်မှာ ပမာဏနည်းနည်းလေး မဟုတ်သော်လည်း သူတို့အငမ်းမရ ဖြစ်စေဖို့ရာတော့ မလုံလောက်ပေ။

ထို့အပြင် မိုဝူကျီက အင်မော်တယ်ဝင်ရိုး ကျောက်တုံး ဤမျှ များများစားစား ထုတ်သုံးနိုင်သောကြောင့်  သူ့နောက်တွင် နောက်ခံအကောင်ကြီးကြီး ရှိပေလိမ့်မည်။

မိုဝူကျီ၏ စိတ်ကူးယဉ်မောင်း အတွက် မီးဖိုနှင့် လဲလှယ်ရန်  အပြုအမူမှာ   မိနစ်အနည်းငယ် အကြာတွင် အားလုံးက သံသယမရှိကြတော့ပေ။ ထိုကမူးရှူးထိုးငမိုက်က စိတ်ကူးယဉ်မောင်းကို အလိုရှိနေခြင်းမှာ သိသာလှသည်။ အကယ်၍ သူ့တွင် အင်မော်တယ်ဝင်ရိုး ကျောက်တုံး လုံလုံလောက်လောက် ရှိနေပါက သူက ထိုစိတ်ကူးယဉ်မောင်းကို လက်လွတ်မည် မဟုတ်ပေ။

ယခု သူက လေလံကို မျှော်လင့်ချက်မဲ့စွာ အရှုံးပေးလိုက်ရသည်မှာ သူ့တွင် အင်မော်တယ်ဝင်ရိုး ကျောက်တုံး ထပ်မကျန်ရှိတော့၍သာ ဖြစ်ရမည်။

***

“ဂျုနီယာမောင်လေးမို ကျမတို့ ချက်ချင်း  ထွက်သွားတော့မှာလား” ဟန်ချင်းရုက လေလံပွဲနေရာမှ ထွက်လာသည်နှင့် မေးလိုက်သည်။

သူမက မိုဝူကျီအပေါ် လေလံပွဲတွင် ရှိနေသော လူများအားလုံးထက် နားလည်သည့်အတွက် မိုဝူကျီက ကမူးရှူးထိုး ငမိုက် မဟုတ်သလို အရူးမဟုတ်မှန်းလည်း သိနေသည်။ မဟုတ်လျှင် သူက မြေကမ္ဘာအင်မော်တယ် အဆင့်မျှဖြင့်  သူမကို ပန်းမြိုင်ရာအိမ်တော်မှ လွတ်မြောက်နိုင်အောင် ကူညီပေးနိုင်လိမ့်မည် မဟုတ်ပေ။  လေလံပွဲတွင် သူရူးမိုက်စွာ ပြုမူသည့် အကြောင်းအရင်းမှာ သူ့ကိုယ်ပိုင် စွမ်းအားကို တိုးပွားလို၍ ဖြစ်ပေ၏။

သူ့နောက်ဆုံး အပြုအမူမှာ သူ့ကို ပစ်မှတ်ထားနေသည့် ကျင့်ကြံသူများ လျော့ပါးသွားအောင် လုပ်ခြင်း ဖြစ်သည်။ လက်တွေ့တွင်လည်း မိုဝူကျီ အပြုအမူများက မဆိုးလှကြောင်း သူမ ခံစားမိ၏။

မိုဝူကျီ အလိုရှိသည့် အရာအတွက် သူက ယဉ်ယဉ်ကျေးကျေး ပြုမူနေလျှင်ပင် ကျင်းရှင်းအဆင့် ကျင့်ကြံသူကို ရန်စမိဦးမည် ဖြစ်ပေသည်။ သူက တစ်နည်းနည်းဖြင့် ကျင်းရှန်းအဆင့် ကျင့်ကြံသူကို စိတ်အနှောင့်အယှက် ပေးမိမည် ဖြစ်၍ မိုဝူကျီက မောက်မောက်မာမာ ကမူးရှူးထိုး ငမိုက်ပုံစံဖြင့် ဆက်နေရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ လုပ်ခြင်းက မိုဝူကျီ၏ နောက်ခံအကြောင်း  လူအများကို မသေမချာ ဖြစ်သွားစေသည်။  ထို့အပြင် မိုဝူကျီ ထွက်မသွားခင် သူက လိုအပ်သမျှ  အားလုံး ဝယ်ယူထားသည့်ဟန် မပြုမူဘဲ  အင်မော်တယ်ဝင်ရိုး ကျောက်တုံးများ ပြတ်လပ်သွားသည့်ဟန် ပြုမူခဲ့သည်။

“မဟုတ်သေးဘူး။ အခုသွားရင် တိုက်ပွဲအကြီးကြီး တိုက်ရလိမ့်မယ်။ အရင်ဆုံး တည်းခိုဆောင်ဆီ သွားကြတာပေါ့” မိုဝူကျီက သေသေချာချာ ပြောလိုက်သည်။

သူက ထိုရတနာများကို ဝယ်ယူပြီးပြီ ဖြစ်ရာ ထွက်မသွားခင် သူ့စွမ်းအားကို တိုးပွားအောင် လုပ်ရမည်။ မဟုတ်လျှင် သူက ထိုအရာများကို လက်လျှော့လိုက်ရလိမ့်မည်။

မိုဝူကျီက ကျင်းရှန်းအဆင့် ကျင့်ကြံသူ သူ့အား သတ်လိုလျှင်ပင် ချက်ချင်းသတ်မည် မဟုတ်ကြောင်း သေချာသည်။ ထိုလူက  အနည်းဆုံး သူ့နောက်ခံကို အရင်စစ်ဆေး ကြည့်လိမ့်မည်။ ထိုသို့ဆိုလျှင် အနည်းဆုံး နှစ်ရက်လောက် အချိန်ရပေသည်။ ဤနှစ်ရက်အတွင်း သူက ထိပ်တန်း မီးတောက်နှင့် နိဗာနမီးတောက် အနှစ်သာရကို ဆင့်ကဲ ပြောင်းလဲပစ်ရမည်။

လက်တွေ့တွင် မိုဝူကျီ၏ ခန့်မှန်းချက်မှာ အတော်လေး တိကျပေသည်။ မိုဝူကျီ တည်းခိုဆောင်ထဲ ဝင်သွားသည်ကို တွေ့ကာ ကျင်းရှန်းအဆင့် ကျင့်ကြံသူက နှာခေါင်းရှုံ့ပြီးနောက် သတင်းပို့ ဓားပျံ တစ်ချောင်း စေလွှတ်လိုက်သည်။

နောက်အခိုက်အတန့်လေး၌ ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူများစွာ ရောက်ရှိလာပြီး မိုဝူကျီ ရှိနေသည့် အဆောက်အဦကို ဝန်းရံထားလိုက်သည်။ မိုဝူကျီ ထွက်လာသည် ဖြစ်စေ၊ မထွက်လာသေးသည် ဖြစ်စေ ကျင်းရှန်းအဆင့် ကျင့်ကြံသူ မျက်လုံး၌ မိုဝူကျီမှာ ပိုက်ကွန်ထဲမှ ငါးဖြစ်နေလေပြီ။

သို့သော်လည်း မိုဝူကျီက စိတ်ထဲ မထားပေ။ သူက တစ်ရက်သာ လိုအပ်ပေ၏။ သူက ထိုလူများဆီ ပုန်းကွယ်နေရန်   ဤအဆောက်အဦကို အသုံးချမည့် ရည်ရွယ်ချက် မရှိပေ။ သူက ဤအဆောက်အဦမှာလည်း ကြာရှည် အန္တရာယ်မကင်းကြောင်း သိထားသည်။ အကယ်၍ ကျင်းရှန်းအဆင့် ကျင့်ကြံသူက ဤအဆောက်အဦ အတွင်း ပြဿနာရှာမည့် နည်းလမ်းမရှိပါက  လေလံပွဲအတွင်း အခြားလူများကို ခြိမ်းခြောက်ရဲမည် မဟုတ်ပေ။

အဆောက်အဦအတွင်း ဝင်ပြီးနောက် မိုဝူကျိက ထုံယဲ့နှင့် ဟန်ချင်းရုတို့ကို ဤအဆောက်အဦ အတွင်း၌ နေရန် ညွှန်ကြားလိုက်သည်။ တစ်ဖက်တွင် သူက တံခါးပိတ် ကျင့်ကြံရန် ဝင်သွားလေ၏။

သူ့အခန်းတံခါးတွင် အတားအဆီးများ ချထားပြီးသည်နှင့် သူက စိတ်စွမ်းအား ဖုံးကွယ်ရေး အတားအဆီးများနှင့် ထောင်ချောက်များစွာ တပ်ဆင်ထားလိုက်သည်။ ထို့နောက် မိုဝူကျီက သူ့ပညာရှင် နှလုံးသားကို ထုတ်ယူလိုက်သည်။

ပညာရှင်နှလုံးသားမှာ ယခုအခါ မိုဝူကျီလက်တွင်း၌ လက်မ အရွယ်အစားလောက်သာ ရှိပေတော့သည်။ မိုဝူကျီက အခြားတစ်ဖက် ဖြန့်လိုက်သည့်အခါ နိဗာန မီးတောက် အနှစ်သာရ ပေါ်လာလေ၏။

နိဗာန မီးတောက် အနှစ်သာရ ပေါ်လာသည်နှင့် ပညာရှင်နှလုံးသား မီးတောက်မှာ ရုတ်တရက် ဘုန်းခနဲ မြည်ကာ သုံးမီတာလောက် အထိ ထောင်တက်သွားလေ၏။ မိုဝူကျီပင် ထိုမီးတောက်များမှ ကြောက်မက်ဖွယ် အပူချိန်ကို ခံစားမိနေသည်။ မိုဝူကျီက နိဗာန မီးတောက် အနှစ်သာရကို မီးတောက်အတွင်း မပို့နိုင်ခင် ထိုမီးတောက်က ထွက်လာကာ နိဗာန မီးတောက် အနှစ်သာရကို တိုက်ရိုက် ဆွဲယူသွားတော့သည်။

နောက်အခိုက်အတန့်လေး၌  မီးတောက်ထဲသို့ ရေနံဆီ လောင်းထည့်လိုက်သည့် အလား မီးတောက်များက အရှိန်ဟုန်ပြင်းပြင်း တောက်လောင် ကုန်ကြသည်။ ပညာရှင်နှလုံသားမှာ  မိုဝူကျီ၏ မီးတောက် ဖြစ်သော်လည်း မိုဝူကျီ စိတ်ထဲတွင် စိုးရိမ်ကြောင့်ကြမှုဖြင့် တုန်လှုပ်စေနိုင်သည့် ကြောက်မခန်းလိလိ အပူချိန်ကို ခံစားရစေသည်။ သူက ထိုမီးတောက်သာ လမ်းကြောင်း သွေဖည်သွားလျှင် သူ့အသက်လေး ပါသွားလေမလား သံသယဝင်မိသည်။

ပညာရှင်နှလုံးသားက မိုဝူကျီ လက်ထဲမှထွက်သွားပြီး လေထုအတွင်း ဆက်တိုက် လှည့်ပတ်နေသည်။ အရောင်မှာ ဖြည်းဖြည်းချင်း ပြောင်းလဲလာလေ၏။ ကြည့်ရသည်မှာ ပန်းရောင်စုံကို လောင်ကျွမ်း ပစ်လိုက်သည့်အလား  ဖျတ်ခနဲဆိုသလို အရောင်မျိုးစုံ ထွက်ပေါ်နေသည်။

“ဂျွတ် ဂျွတ် ”

မိုဝူကျီ တပ်ဆင်ထားသော ထောင်ချောက် အစီအရင်များမှာ အဆင့်နိမ့်များ မဟုတ်သော်လည်း ပညာရှင်နှလုံးသား၏ ဆက်တိုက် လှည့်ပတ်မှုကြောင့် အစီအရင်များမှာ ဆက်တိုက်ဆိုသလို ကျိုးပျက် သွားတော့သည်။

မိုဝူကျီ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ထောင်ချောက် အစီအရင်များစွာ ဆက်တိုက် တပ်ဆင်နေရခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် သူက ပညာရှင်နှလုံးသား၏ အရှိန်အဝါကို ဖုံးကွယ်ထားရန်လည်း လုပ်ဆောင်ရသေးသည်။

ပညာရှင် နှလုံသားတွင် မိုဝူကျီကို လောင်ကျွမ်းပစ်ရန် ဆန္ဒမရှိသည်က ကံကောင်းလှပေသည်။ မဟုတ်လျှင် မိုဝူကျီ၏ စွမ်းအားက အဆများစွာ တိုးတက်ထားလျှင်ပင် သူက ရှင်လျက်နှင့် မီးတိုက်သွင်း ခံရလိမ့်မည်။

မိုဝူကျီ အခန်းအပြင်ဘက်တွင် စောင့်နေကြသော ဟန်ချင်းရုနှင့် ထုံယဲ့တို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က အခန်းအတွင်းမှ ထွက်ရန် ကြိုးစားနေသည့် စွမ်းအားတချို့ကို ခံစားမိလိုက်ကြပြီး ထိုစွမ်းအားကို မိုဝူကျီက နည်းလမ်းအမျိုးမျိုးဖြင့် ဖိနှိပ်ထားကြောင်း သိလိုက်ကြပေသည်။

သူတို့က မည်သို့စွမ်းအားမျိုးမှန်း မသိသော်ငြား ထိုစွမ်းအားသာ ပေါက်ကွဲထွက်လာပါက  ဤအဆောက်အဦ တစ်ခုလုံး ချက်ချင်းဆိုသလို ပြာအဖြစ် ပြောင်းသွားနိုင်မှန်းတော့  ပြောနိုင်၏။

***

All Chapters