အရေးနိမ့်ခြင်း
Vol. 35 Ch. 473
အကယ်၍ ဟဲကျွင်းဟူက တိုက်ပွဲထဲ ကိုယ်တိုင် ဝင်မသွားဘဲ သူ့အပေးအယူများက ပိုကောင်းနေလျှင်ပင် တစ်ယောက်မှ ကူညီပေးလောက်မည် မဟုတ်ပေ။ သို့သော် သူကဲ့သို့သော ကျင်းရှန်းအဆင့် ကျင့်ကြံသူက တိုက်ပွဲအတွင်း ဝင်သွားသည့်အတွက် မိုဝူကျီက မည်မျှပင် အားကောင်းနေပါစေ သေခြင်းတရားမှာ မလွဲရှောင်နိုင်သည့် ရလဒ်ပင် ဖြစ်၏။
သူ့အပေးအယူမှာ ပြီးပြည့်စုံပြီးသည့်အရာကို အလှဆင်ထားရုံမျှ ဖြစ်ကာ ရက်ရောလွန်းလှသည့် အတွက် မည်သူက လက်မခံဘဲ နေမည်နည်း။ ချက်ချင်းဆိုသလို တိုက်ပွဲကို လေ့လာနေကြသည့် ကျင့်ကြံသူ အများအပြားက အလုံးအရင်း ဝင်ရောက်တိုက်ခိုက်ကြသည်။
မိုဝူကျီ၏ နောက်ဆုံးအပြုအမူမှာ လုံးဝ အသုံးမဝင် ဖြစ်သွားလေ၏။ ဟဲကျွင်းဟူက မိုဝူကျီတွင် အင်မော်တယ်ဝင်ရိုး ကျောက်တုံး သန်းချီ ရှိနေသည်ဟု ပြောလိုက်သည့်အတွက် ကျင့်ကြံသူ အများစုက သူ့အား ယုံကြည်လိုက်ကြသည်။ သူတို့က မိုဝူကျီသည် လေလံကြေးအဖြစ် မီးဖိုကိုပေးခြင်းမှာ ဖုံးကွယ်ရန် တမင် လုပ်ခြင်းများလားဟု တွေးမိကုန်ကြသည်။
မိုဝူကျီက ကျင်းရှန်းအဆင့် ကျင့်ကြံသူ၏ စွမ်းအားကို မမြင်ဖူးပေ။ ယခု ကျင်းရှန်းအဆင့် ကျင့်ကြံသူ ဟဲကျွင်းဟူက သူ့ဆီ ချီတက်လာသောကြောင့် သူက မည်သို့ ချုပ်တည်း ထားရမည်နည်း။ သူ့ချီသွေးကြော ၁၀၈ခုလုံးက အပြင်းအထန် လည်ပတ်နေပြီး လျှပ်စီးဓားမိုးအဖြစ် ပြောင်းလဲပေးနိုင်သော အင်မော်တယ် သဘာဝစွမ်းအားများကို လှိုင်းလုံးများအလား ထုတ်ပေးနေသည်။ တစ်ချိန်တည်းတွင် သူက သူ့လခြမ်းကွေး ပုဆိန်လှံရှည် အသစ်ဖြင့် ဝှေ့ယမ်းလိုက်သည်။ သူ့စိတ်စွမ်းအားက လောင်ချိုက်အပေါ် အာရုံစိုက်ထားရသလို သူရင်ဆိုင်နေရသည့် ကျင်းရှန်းအဆင့် ကျင့်ကြံသူမှာ ဟဲကျွင်းဟူ တစ်ဦးတည်း မဟုတ်ချေ။
သူက ကောင်းကင် အင်မော်တယ် တစ်ယောက်သာ ဖြစ်ရာ အဆင့်တူ လူများစွာကို တိုက်ခိုက်ရသလို ဟဲကျွင်းဟူနှင့်လည်း တိုက်ခိုက်ရသေးသည်။ ထို့အပြင် သူက လောင်ချိုက်ကိုလည်း အာရုံစိုက်ရသေးသည့် အတွက် ဖိအား အများအပြားအောက် ကျရောက်နေသည်။
“ဘုန်း ဘုန်း” လျှပ်စီးဓားမိုးများက အပြင်းအထန် ဆက်တိုက် ကျရောက်နေဆဲ ဖြစ်သည်။ တိုက်ပွဲအတွင်း ချီတက်လာကြသော ကောင်းကင် အင်မော်တယ်များမှာ ထိုပြင်းထန်လှသော လျှပ်စီးဓားမိုးအောက်တွင် ချက်ချင်းဆိုသလို ပိတ်မိကုန်ကြသည်။
ဆယ်မီတာ ရှည်လျားသော လခြမ်းကွေး ပုဆိန်လှံရှည် အလင်းမှာ အဆုံးမဲ့ လျှပ်စီးမိုးများအတွင်း ထွက်ပေါ်လာကာ ထိုအစိမ်းရောင် အလင်းမှာ ဟဲကျွင်းဟူဆီ ဦးတည်နေသည်။
“ဘုန်း” ဟဲကျွင်းဟူ၏ ကျင်းရှန်းအဆင့် ခုခံရေး အကာအကွယ်မှာ တိုက်ရိုက် တစ်စစီ ဖြစ်သွားတော့သည်။ သူက မိုဝူကျီကို တိုက်ရန် ပြင်ဆင်ထားသော တံဆိပ်တော်ကို ရုပ်သိမ်းလိုက်ရပြီး ထိုအစိမ်းရောင် အလင်းကို ခုခံကာကွယ်လိုက်သည်။
“ဂျွတ်” ပုဆိန်လှံရှည် အလင်းမှာ လက်ဆုပ်လက်ကိုင် ပြ၍ မရသော်ငြား ဟဲကျွင်းဟူ၏ တံဆိပ်တော်နှင့် တွေ့သည့်အခါ ချက်ချင်းဆိုသလို အသံကျယ်ကြီး ထွက်လာကာ နေရာအနှံ့ ပြန့်ကျဲသွားတော့သည်။
ပုဆိန်လှံရှည် အလင်းတချို့က ဟဲကျွင်းဟူ ခန္ဓာထဲ ထိုးဖောက်သွားပြီး ဟဲကျွင်းဟူအား မသက်မသာ ခံစားမိစေသည်။
ထို့အပြင် သူက မိုဝူကျီကို မချုပ်နှောင်နိုင်ခင် ထိုကျိုးပျက်သွားသည့် ပုဆိန်လှံရှည် အလင်းများက သူ့ကျင်းရှန်းအဆင့် စွမ်းအားစက်ကွင်းကို ထိုးဖောက်သွားလေ၏။
ဟဲကျွင်းဟူ နှလုံးသားမှာ အတော်လေး တုန်လှုပ်မိသွားသည်။ မိုဝူကျီ၏ ပုဆိန်လှံရှည် တစ်ချက်က ထိုမျှ ကြောက်စရာ ကောင်းလိမ့်မည်ဟု ထင်မထားပေ။ ထို့နောက် သူက စိတ်အား ထက်သန်လာမိသည်။ မိုဝူကျီက အံ့ဩစရာ ကောင်းသော်လည်း မိုဝူကျီက သူ့အား ထိုမျှအခြေအနေအထိ တွန်းအားပေးနိုင်မည် မဟုတ်ပေ။ ဤသို့သော အခြေအနေ ဖြစ်လာခြင်းမှာ မိုဝူကျီကြောင့် မဟုတ်ဘဲ လခြမ်းကွေး ပုဆိန်လှံရှည်ကြောင့်သာ ဖြစ်ပေသည်။
မိုဝူကျီက ဟဲကျွမ်းဟူ၏ ကျင်းရှန်းအဆင့် စွမ်းအားစက်ကွင်းကို ထိုးဖောက်ပြီးနောက် သူစိတ်ကား တည်ငြိမ်သွားလေ၏။ သူက ကျင်းရှန်းအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်တွေ့သည့်အခါ ကူကယ်ရာ မဲ့နေမလားဟု တွေးပူ နေခဲ့မိသော်လည်း သူ ထိုးဖောက်နိုင်စွမ်း ရှိသည်ကို မြင်သောအခါ သူ့၌ ကြောက်ရွံ့နေစရာ မရှိတော့ချေ။
ဟဲကျွင်းဟူက သူ့ကျင်းရှန်းအဆင့် စက်ကွင်းကို ပြန်လည် မဖွဲ့စည်းနိုင်ခင် မိုဝူကျီက ပုဆိန်လှံရှည် နောက်တစ်ခေါက် ထုတ်လွှင့်လိုက်သည်။
ဤတစ်ကြိမ် ပုဆိန်လှံရှည် တစ်ချက်တင် မကဘဲ ပုဆိန်လှံရှည်အလင်း ဆယ်ချက်က ဟဲကျွင်းဟူဆီ အပြေးအလွှား ရောက်ရှိလာသည်။
မိုဝူကျီတွင် ချီသွေးကြော ၁၀၈ခု ရှိနေသော်လည်း သူက ထိုတိုက်ခိုက်မှု အပြီးနောက် ဗလာကျင်းသွားသည့် ခံစားချက်ကို ခံစားမိနေရသည်။ ထိုပုဆိန်လှံရှည်အလင်း ဆယ်ချက်က သူ့အသွေးအသားနှင့် ဝိညာဉ်ကို စုပ်ယူသွားသည့်အလား သူ့အား ပင်ပန်းနွမ်းလျ သွားစေသည်။
“ဂျီး ...” အာကာသ ဆွဲဖြဲပစ်လိုက်ခံရသည့် အသံက လေထုကို ခွင်း၍ ထွက်ပေါ်လာသည်။
မိုဝူကျီက အင်မော်တယ် သဘာဝစွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေသော်လည်း သူ့ သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းမှ စွမ်းအားများ ဆက်လက် ထွက်ပေါ်ကာ လျှပ်စီးဓားမိုးများကို ဆက်တိုက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
“ဂျွတ် ဂျွတ်” ဟဲကျွင်းဟူက သူ့ကျင်းရှန်းအဆင့် စွမ်းအားစက်ကွင်းကို ဖွဲ့စည်း နိုင်လိုက်သော်လည်း ပုဆိန်လှံရှည် အလင်းက နောက်တစ်ဖန် ထပ်ခွဲသွားပြန်သည်။
ပြီးဆုံးသွားသည့် ခံစားချက် ပေါ်လာ၍ သူ့စိတ်ထဲ တုန်လှုပ်မိသွားသည်။ ဟဲကျွင်းဟူက မိုဝူကျီ၏ ပုဆိန်လှံရှည်မှာ အံ့အားသင့်ဖွယ် ကောင်းမှန်း သိသော်လည်း သူ့အသက်လေး ခြိမ်းခြောက်နိုင်စွမ်း ရှိသည့်အထိ ဖြစ်လိမ့်မည်တော့ မထင်မိပေ။
အကယ်၍ သူသာ အင်မော်တယ် လောကတွင် ဖြစ်နေပါက သူက မိုဝူကျီကို ကြောက်နေမည် မဟုတ်ပေ။ သို့သော်လည်း ဤသို့သော နေရာမျိုး၌ သူ့အင်အား ၇၀ ရာခိုင်နှုန်းလောက်သာ ရှိပေသည်။ ပြောင်းလဲမျှခြေ အဆောင်ဖြင့် ထိန်းချုပ်ထားရ၍ ဖြစ်သည်။ အကယ်၍ သူသာ အင်အားအပြည့် ထုတ်သုံးလိုက်လျှင် ပြောင်းလဲမျှခြေ အဆောင်ကို ဖျက်ဆီးမိသွားနိုင်သည်။ တကယ်လို့ ထိုသို့သာ ဖြစ်လာလျှင် မိုးမြေဥပဒေသ စည်းမျည်းက သူ့အား လာရောက် ဖိနှိပ်လိမ့်မည်။ ထိုစည်းမျည်းများနှင့် ဆန့်ကျင်ခြင်းသည် သူကဲ့သို့ ကျင်းရှန်းအဆင့်လေးကို ဆိုမထားနှင့် အင်မော်တယ်ဘုရင်ပင် ခြွင်းချက်မရှိ အသတ်ခံရမည် ဖြစ်၏။
သို့သော်လည်း မိုဝူကျီ၏ ထက်ရှပြီး အဆုံးမဲ့သော ပုဆိန်လှံရှည် အလင်းများနှင့် ရင်ဆိုင်ရသည့်အခါ ထိုသို့သော ကိစ္စမျိုးကို မည်သို့ တုံ့ဆိုင်းနေရမည်နည်း။
ဟဲကျွင်းဟူက အံ့ကို ကြိတ်ကာ သူ့အင်မော်တယ် စွမ်းအားများကို သူ့တံဆိပ်တော်ဆီ ပို့လွှတ်လိုက်သည်။ တံဆိပ်တော်က မီတာ ၃၀ အကျယ်ရှိ တောင်တစ်လုံးနီးပါး အထိ ကျယ်ပြန့်လာပြီး မိုဝူကျီ၏ ပုဆိန်လှံရှည်အလင်း ဆယ်ချက်ကို ချေဖျက်လိုက်သည်။
“ဘုန်း ...” ထိုပြင်းထန်လှသည့် ပုဆိန်လှံရှည် အလင်းများနှင့် ဧရာမတံဆိပ်တော်တို့ တွေ့ဆုံကြသည့်အခါ လေထဲ၌ အငွေ့စီးကြောင်း အသေးလေးအဖြစ် ပေါက်ကွဲထွက်သွားသည်။ ထိုလျှပ်စီးဓားမိုးနှင့် အတူ ပုဆိန်လှံရှည် အလင်းမှာ နေရာအနှံ့ ရုတ်ရင်းဆန်ခတ် ဖြစ်သွားကြသည်။
တိုက်ပွဲအတွင်း မဝင်တိုက်ရသေးသော ကောင်းကင်အင်မော်တယ် တချို့က နောက်ဆုတ်လိုက်ကြသည်။ ထိုစွမ်းအားမှာ အတော်လေး ကြောက်ဖို့ ကောင်းပေသည်။
အင်မော်တယ် သဘာဝ စွမ်းအားလှိုင်းများက သူ့လမ်းတွင် ရှိနေသမျှ အရာအားလုံးကို ဝါးမျိုပစ်မည့်အလား မိုဝူကျီဆီ ရောက်ရှိလာသည်။ ထိုတောင်တစ်လုံးမျှ ကြီးမားသော တံဆိပ်တော်က မိုဝူကျီ၏ တျန်းဂျီတုတ်နှင့် တွေ့သည့်အခါ မိုဝူကျီ ရင်ဘတ်ဆီ တကယ့်တောင်တစ်လုံး ထိမှန်လိုက်သည့်နှယ် ချက်ချင်းဆိုသလို နောက်လွင့်စဉ်သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
ကံကောင်းသည်မှာ ဟန်ချင်းရုက အလျင်အမြန် ရောက်ရှိလာကာ မိုဝူကျီကို ဖမ်းဆီး ပေးထားလိုက်သည်။ မဟုတ်လျှင် မိုဝူကျီ တစ်ယောက် ရန်သူအုပ်ထဲ ကျရောက် သွားပေလိမ့်မည်။ သူက ပိုအားကောင်း နေလျှင်ပင် အဆုံးသတ်နှင့် တွေ့သွားပေလိမ့်မည်။
“ဖူး ” မိုဝူကျီက နောက်ထပ် သွေးတစ်ပွက် အန်ထုတ်လိုက်ရ ပြန်သည်။ သူက ကုသဆေးလုံးတချို့ ထုတ်ကာ သောက်သုံးလိုက်ရသည်။ သူ့စိတ်ထဲ၌ အံ့ဩတုန်လှုပ်မှုများနှင့် ပြည့်နှက်နေပြီး ကျင်းရှန်းအဆင့် ကျင့်ကြံသူမှာ အတော်လေး အားကောင်းလှပေသည်။
အဝေးတစ်နေရာမှ လောင်ချိုက်က မပါဝင်သေးပေ။ မိုဝူကျီ၏ လခြမ်းကွေး ပုဆိန်လှံရှည် အလင်းကို မြင်ကာ မတိုက်ခိုက်သည့် အပြင် နောက်တစ်လှမ်းပင် ဆုတ်လိုက်သေး၏။ ဤတစ်ကြိမ်တွင် မိုဝူကျီ၏ ပုဆိန်လှံရှည်အလင်းမှာ ဟဲကျွင်းဟူ၏ တံဆိပ်တော်ကြောင့် အပိုင်းပိုင်း အစစ ဖြစ်သွားကာ မိုဝူကျီပင် ဒဏ်ရာ ရသွားသည်။ သို့သော် ထင်ထားသည်နှင့် ဆန့်ကျင်စွာ လောင်ချိုက် နောက်ကို ပိုဆုတ်လိုက်သေးသည်။
ရှုပ်ထွေးနေသည့် တိုက်ပွဲမှာ တိတ်ဆိတ်သွားလေ၏။ အနားယူချိန် ယူသကဲ့သို့ လျှပ်စီးဓားမိုးများနှင့် ပုဆိန်လှံရှည် အလင်းလည်း ပျောက်ကွယ်သွားသည်။ ကောင်းကင်အင်မော်တယ် ဆယ်ချီ၍ ထိုလျှပ်စီး ဓားမိုးအောက်တွင် အပိုင်းပိုင်း ဖြစ်ကုန်ကြပြီး မြေပြင်ပေါ် အင်္ဂါမပြည့်စုံသည့် အလောင်းများဖြင့် ပြည့်နေသည်။ လောင်ကျွမ်းထားသော အလောင်းများကို ကြည့်ပြီး လျှပ်စီးမိုးများဖြင့် မည်မျှ သေဆုံးသွားကြောင်း မြင်တွေ့နိုင်သည်။ လခြမ်းကွေး ပုဆိန်လှံရှည်ဖြင့် အသတ်ခံထားရသော တချို့လည်း ပါဝင်ပေသည်။
“ဂျုနီယာမောင်လေး ...” ဟန်ချင်းရုက ယနေ့ သေဆုံး သွားနိုင်ကြောင်း သိထားသော်ငြား အတော်လေး စိုးရိမ်နေမိသည်။
“သူက ဒဏ်ရာ အပြင်းအထန် ရထားတာပဲ” ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူ တချို့က တုံ့ပြန်လိုက်ကြပြီး မိုဝူကျီဆီ သွေးဆာနေသည့် ငါးမန်းများကဲ့သို့ ချီတက်လာကြသည်။
သူတို့က မိုဝူကျီ၏ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများနှင့် ရတနာများအကြောင်း တွေးမိသည့်အခါ သူတို့က အကြောင်းအရင်း ဆင်ခြင်နိုင်စွမ်း မည်သို့ ရှိကြတော့မည်နည်း။ မရေတွက်နိုင်အောင် များပြားသည့် ရတနာများက အလင်းသဖွယ် တောက်ပနော အားလုံးနီးပါးက မိုဝူကျီ ဆီ ပြေးဝင်လာကြသည်။
“ကျုပ် အဆင်ပြေပါတယ်” မိုဝူကျီက မတ်တတ်ရပ်လိုက်သည်။ သူ့လက်ထဲမှ လခြမ်းကွေး ပုဆိန်လှံရှည်ကို နောက်တစ်ခါ ဝှေ့ယမ်းကာ သူတို့သုံးယောက် ပတ်လည်တွင် အင်မော်တယ် သဘာဝစွမ်းအား အကာအရံ ပြုလုပ်လိုက်သည်။
ဟန်ချင်းရုနှင့် ထုံယဲ့တို့လည်း တုံ့ပြန်လိုက်ကြသည်။ သူတို့လည်း ကိုယ်ပိုင် မှော်ရတနာ ကိုယ်စီဖြင့် သူတို့ပတ်လည်၌ အကာအရံ ပြုလုပ်လိုက်ကြသည်။
အားလုံးက ထိုအကာအရံမှာ အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်လောက်ပင် မခံကြောင်း သိထားကြသည်။ ကောင်းကင် အင်မော်တယ် ရာကျော်က ဆက်တိုက် တိုက်ခိုက်နေသည့်အပြင် သူတို့တွင် ကာကွယ်ရေး ရတနာ တစ်ခုမျှ မပါရှိသည့်အတွက် ထိုအကာအရံနောက်၌ ကြာရှည်စွာ နေနိုင်မည်ဟု တွေးနေလျှင် စိတ်ကူးယဉ်နေခြင်းသာ ဖြစ်လိမ့်မည်။
သုံးယောက် အရေးနိမ့်နေသည်ကို မြင်ပြီး ကောင်းကင် အင်မော်တယ်အများစုက ပါဝင်လာကြသည်။
မိုဝူကျီက ခုခံမည့်ဘက်မှ နေရန် တစ်ခါမျှ မတွေးထားဖူးပေ။ အကယ်၍ သူသာ ဟဲကျွင်းဟူနင့် အားကုန်သုံး၍ ရင်မဆိုင်ရလျှင် ကောင်းကင် အင်မော်တယ်များ ထပ်ရောက်လာလျှင်ပင် ကြောက်နေစရာ မလိုပေ။
သို့သော် ယခုတွင် ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူများ အလုံးအရင်းလိုက် ချီတက်လာသည်ကို မြင်သောအခါ သူ့စိတ်ထဲ၌ တင်းကျပ်သွားမိသည်။ သူက ကိုယ်ပိုင် စွမ်းရည်များကို အထင်ကြီးမိသွား၏။ သူ့တွင် လျှို့ဝှက်တိုက်ကွက်များ ရှိသေးသော်လည်း သူက ဟဲကျွင်းဟူကို သတ်ပြီးနောက် ဘာလုပ်ရမည်နည်း။ လောင်ချိုက်နှင့် ကောင်းကင်အင်မော်တယ် များစွာလည်း ရှိနေသေးသည် မဟုတ်ပါလော။ ထို့အပြင် တချို့သော ကျင်းရှန်းအဆင့် ကျင့်ကြံသူများက အဝေးတစ်နေရာမှ စောင့်ကြည့် နေကြသေးသည်။
မကြာခင် မိုဝူကျီက တစ်ခုခု လွဲမှားနေကြောင်း သတိထားမိသွားသည်။ ဟဲကျွင်းဟူမှာ သူ့ကို ဆက်မတိုက်ခိုက်တော့ သည်ကို သတိပြုမိလိုက်သည်။ ဟဲကျွင်းဟူက ယခင် ရင်ဆိုင်တိုက်ခိုက်မှုမှ ဒဏ်ရာ အသေးစားမျှသာ ရရှိခဲ့ရာ မိုဝူကျီမှာ ဟဲကျွင်းဟူ အနေဖြင့် ထိုအခွင့်အရေးကို ဖြုန်းတီးပစ်လိမ့်မည်ဟု မယုံပေ။
ဖြစ်နိုင်ချေ တစ်ခုမှာ ဟဲကျွင်းဟူက တစ်ခုခု လွဲမှားနေခြင်းသာ ဖြစ်၏။ မိုဝူကျီက ထိုအတွေး တွေးမိသည့်အခါ ဆက်၍ ဂရုမစိုက်နိုင်တော့ပဲ လေထဲ ခြေလှမ်းများလှမ်းကာ လက်ကိုမြှောက်၍ အဆုံးမဲ့ လျှပ်စီးဓားမိုးကို ပြုလုပ်လိုက်သည်။
ကောင်းကင် အင်မော်တယ် အများအပြား ရှိသော်လည်း မိုဝူကျီက လောင်ချိုက်နှင့် ဟဲကျွင်းဟူအပေါ် အာရုံစိုက်ထားဆဲ ဖြစ်သည်။
မကြာခင် သူက သူ့ခန့်မှန်းချက် မမှားကြောင်း သိသွားသည်။ ဟဲကျွင်းဟူ အမူအရာမှာ မသိမသာ ပြောင်းလဲ သွားသော်လည်း သူက မိုဝူကျီကို မတိုက်ခိုက်ပေ။
ဟဲကျွင်းဟူသာ ယခု သူ့ကို တိုက်ခိုက်ပါက မိုဝူကျီက လွတ်မြောက်ရန် ထွက်ပြေးရုံမှအပ တခြားရွေးချယ်စရာ မရှိပေ။ လက်တွေ့တွင် မိုဝူကျီက ဟန်ချင်းရုနှင့် ထုံယဲ့တို့ကို မပစ်ထားခဲ့သရွေ့ မလွတ်မြောက်နိုင်ကြောင်း သိထားသည်။ သို့သော် ဟန်ချင်းရုနှင့် ထုံယဲ့တို့ကို ပစ်ထားခဲ့ခြင်းမှာ သူ့စရိုက် မဟုတ်ပေ။
***