ပြင်းထန်သည့် တိုက်ပွဲတစ်ပွဲ
Vol. 13 Ch. 182
*သေပေတော့…သေပေတော့…သေပေတော့*
မုန်တိုင်းမလာခင် လေသည် ငြိမ်သက်နေ ပြီးနောက် အင်အားစုများ အားလုံး သူတို့၏ ရက်စက်ပြီး သန်မာသော ချီဓာတ်များကို ထုတ်လွှတ်ကာ တိုက်ပွဲအတွင်းသို့ သူသေ ကိုယ်သေ ဝင်နွှဲလာကြသည်။
ထိုအချိန်တွင် မြေဆီလွှာများ၊ ကျောက်တုံး များနှင့် သစ်ပင်များအားလုံး နေရာအနှံ့ လွင့် စဉ် သွားကြသည်။
သွေးမြူခိုးများ လေထုထဲ လှိုင်လှိုင်ထ လာ သည်။ ခြံဝန်းအတွင်း မှာလည်း အလောင်း များနှင့် ကြောက်မက်ဖွယ် ကောင်းသော ချီ စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ကမ္ဘာပေါ် တွင် ကြေးချွတ်သန့်စင်ဘုံကြီး ကဲ့သို့ ဖြစ်နေ သည်။
ယဲ့ဖန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ကြေးစားအဖွဲ့ ကိုးဖွဲ့၏ လက်အောက်မှ ကြယ်နှစ်လုံး အဆင့် သိုင်းပညာရှင်များက ရှန့်ကျန်းမြို့မှ ကြယ်နှစ်လုံးအဆင့် သိုင်းပညာ ရှင် အယောက် နှစ်ဆယ်နှင့် ကြယ်သုံးလုံး အဆင့် သိုင်းပညာရှင် ဆယ်ယောက်ကျော် အား ဝိုင်း၍ တိုက်ခိုက်နေသည်။
သူတို့အားလုံးသည် သွေးထွက်သံယို မြင်ကွင်းများနှင့် ပြင်းထန်သော တိုက်ပွဲ တို့ဖြင့် နေသားတကျ ဖြစ်ပြီးသား ဖြစ်သည်။ ထို့ပြင် သူတို့သည် သူတို့၏ ရန်သူများထက် အင်အားသာနေသည်။
တစ်ဘက် ရှန့်ကျန်းအင်အားစုတွင်မူ ကြယ် သုံးလုံး အဆင့် သိုင်းပညာရှင်များ အားလုံး ဒဏ်ရာရနေကြကာ ကြယ်နှစ်လုံးအဆင့် သိုင်းပညာရှင်များ အားလုံး သည်လည်း သူတို့၏ ခွန်အားက ပြန်လည် မရှိကြ သေးချေ။
မျက်တောင် တစ်ခတ်အတွင်းမှာပင် ကြယ်နှစ် လုံး အဆင့် ကြေးစား စစ်သည်တော် များက အသာစီး ရလာကြသည်။
ရွှစ်!
ရှန့်ကျန်းမှ ကြယ်သုံးလုံးအဆင့် သိုင်းပညာ ရှင် တစ်ယောက်သည် အကြီးအကျယ် ဒဏ် ရာရ နေသည်။ ထို့အပြင် သူက ကြယ်နှစ်လုံး အဆင့် သိုင်းပညာရှင် လေးယောက် ၏ ဝိုင်းအုံ တိုက်ခိုက်ခြင်းကို ခံနေရသဖြင့် သူသည် တိုက်ကွက် အချို့ကိုသာ ရှောင်ရှား နိုင်သည်။ သို့သော် သတိမမူမိသည့် အခိုက် မှာပင် သူ ကိုယ်နှစ်ခြမ်း ကွဲသွားလေ တော့သည်။
သူ၏သွေးများကြောင့် မြေကြီးက အနီရောင် သန်းနေသည်။ မကြာခင်မှာပင် ခြံဝန်းထဲတွင် အလောင်းများ တောင်လိုရာလို ပုံလာ တော့သည်။
ထိုအချိန်တွင် ကြေးစားဘုရင် ကိုးယောက်က ဒဏ်ရာရ နေသော ဆရာသခင် တစ်ပိုင်း အဆင့် တစ်ယောက်ကို တိုက်ခိုက် နေကြ သည်။
"သေပေတော့"
ကျွမ်းကျင်သော လုပ်ကြံရေးသမား ကိုး ယောက်က သွေးဆာနေသော မျက်လုံး များဖြင့် ကြုံးဝါးလိုက်ကြသည်။
သူတို့ ရှန့်ကျန်းမှ အင်အားစုများကို အလွန် မုန်းတီးကြသည်။ သူတို့၏ ပူးပေါင်းမှုကြောင့် ဆရာသခင် တစ်ပိုင်းအဆင့် နောက်ဆုတ် သွားရသည်။
အန္တရာယ် အများဆုံး တိုက်ခိုက်ရေး သမား များက နတ်ဆိုး အလောင်းကောင် အားစစ်နှင့် ညအဖွဲ့၏ အရှင်သခင် သုံးယောက်တို့နှင့် တိုက်ခိုက်နေကြသည်။
သူတို့သည် ဖုန်းရှောင်ထျန်း ဦးဆောင်သော ဆရာသခင် တစ်ပိုင်းအဆင့် သိုင်းပညာရှင် လေးယောက်တို့နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ဖုန်းရှောင်ထျန်းနှင့် အခြား ဆရာသခင် တစ်ပိုင်း အဆင့် သိုင်းပညာရှင် သုံးယောက် တို့သည် သူတို့၏ သာလွန်သော တိုက်ပွဲဝင် ခွန်အားများကြောင့် ကျော်ကြားကြသည်။
သူတို့ ကိုးဆင့် သွေးဝင်္ကပါကို ဖြတ်ကျော်ခဲ့ ပြီးကတည်းက သူတို့ မည်သည့် ထိခိုက် ဒဏ်ရာမှ မရခဲ့ပေ။ တိုက်ပွဲတွင် သူတို့၏ လက်ရှိ ကိုယ်နေဟန်ထားအရ သူတို့သည် ကြောက်မက်ဖွယ် ကောင်းသော ခွန်အားကို ပြသနေကြသည်။
တစ်ဘက်တွင်မူ နတ်ဆိုး အလောင်းကောင် အားစစ်နှင့် အရှင်သခင် သုံးယောက်တို့သည် မကြာသေးခင်ကမှ ဆရာသခင် တစ်ပိုင်း အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် နှစ်ဘက်ကြားတွင် အရည်အချင်း ရော ခွန်အားပါ အပြတ်အသတ် ကွာနေ သေးသည်။
သူတို့ အပြင်းအထန် တိုက်ခိုက်ပြီး မကြာခင် မှာတင် နတ်ဆိုး အလောင်းကောင် အားစစ်နှင့် အရှင်သခင် သုံးယောက်တို့ လျင်မြန်စွာပင် ဒဏ်ရာရသွားကြသည်။
သို့သော်လည်း သူတို့တစ်ယောက်မှ ရန်သူ အား ကြောက်ရွံ့ဟန် မပြချေ။
ရွှစ်!
သွေးသိမ်းငှက်သခင်၏ နောက်ကျောအား ထက်ရှသော ချီဓာတ်က ဟက်တက်ခွဲ သွားသဖြင့် သွေးများ ပန်းထွက်လာကာ သူ၏ အရိုးများအား ထင်းခနဲ မြင်လိုက်ရသည်။
သို့သော် သူက ခေါင်းခါကာ ဆက်၍ တိုက်ခိုက်နေပြီး ဆရာသခင် တစ်ပိုင်း အဆင့်၏ လည်ပင်းအား သူ၏ သုံးမြှောင့် ဓားချွန်ဖြင့် ထိုးလိုက်သည်။
ဒဏ်ရာတစ်ခုအတွက် ဒဏ်ရာတစ်ခု။
အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း။
သူတို့သည် သူတို့၏ ကိုယ်ပိုင်အသက်များကို မသိကျိုးကျွန် ပြုထားသည်မှာ ကြာလှပြီ ဖြစ်သည်။
"သေပေတော့… သေပေတော့…သေပေတော့"
ဆရာသခင် တစ်ပိုင်းအဆင့် ရှစ်ယောက်၏ တိုက်ပွဲအား အလွန် သေစေနိုင်လောက်သည်။
သူတို့ကိုယ်ပေါ်တွင် ဒဏ်ရာများ ဆက်တိုက် ဆိုသလို ပေါ်ပေါက်လာပြီး သွေးစီးကြောင်း များ ဖြစ်ပေါ်လာကာ မြေကြီးသည် ချော်လာ သည်။
နတ်ဆိုးအလောင်းကောင် အားစစ်နှင့် သူ၏ တွဲဖက် သုံးယောက်တို့သည် အကြောက် အလန့် ကင်းသော နတ်ဆိုးများလိုပင်။ သူတို့ က သူတို့၏ ရန်သူများအား မြန်နိုင်သမျှ မြန်မြန် သတ်ဖြတ်ရန် ကြံစည်ထားကြသည်။
ရှန့်ကျန်းအင်အားစုများအတွက် သာမန် ရန် သူများက ကြောက်ဖို့မကောင်းပါ။ သို့သော် အကြောက်အရွံ့ ကင်းသော ရန်သူများ ကတော့ အလွန် ကြောက်မက်ဖွယ် ကောင်း ၏။
ဖုန်းရှောင်ထျန်းနှင့် အခြား ဆရာသခင် တစ်ပိုင်း အဆင့် သိုင်းပညာရှင် သုံးယောက် တို့သည် ဤမျှ အကြောက်အရွံ့ကင်းသော ရန်သူများနှင့် တစ်ခါမျှ မကြုံခဲ့ဖူးချေ။
မကြာခင်မှာပင် ဖုန်းရှောင်ထျန်းနှင့် အခြားသူ သုံးယောက်တို့ ထိတ်လန့်ကာ မျက်ခုံးလှုပ် လာကြသည်။
သူတို့ ရန်သူလေးယောက်က ဘာကြောင့် ဤမျှ အရူးအမူး ဖြစ်နေရသလဲဆိုတာကို သူတို့ နားမလည်နိုင်ပါ။ သူတို့သည် လူသား ဆိုတာထက် ပြင်းထန်သော လူသတ် လက်နက် စက်များနှင့်တောင် တူနေသေး သည်။
ဒဏ်ရာတစ်ခုလောက်ကတော့ သူတို့ မမှု။
ဒဏ်ရာငါးခုနှင့်လည်း သူတို့ ဆက်၍ တိုက် ခိုက် နေကြသေးသည်။
ဒဏ်ရာ ဆယ်ခုနှင့်လည်း ဆက်၍ ခုခံနေ ကြသေးသည်။
သူတို့တစ်ဦးချင်းစီက သူတို့၏ အသက်အား ပဓာနမထားဘဲ ရန်သူများအား ဆက်၍ တိုက်ခိုက် နေကြသည်။
ရက်စက်သော တိုက်ခိုက်ပုံများကြောင့် ဖုန်း ရှောင်ထျန်းနှင့် အခြား ဆရာသခင် တစ်ပိုင်း အဆင့် သိုင်းပညာရှင် သုံးယောက်တို့ နောက် ဆုတ် နေရသည်။
"ချီးပဲ … သူတို့တွေ လူတွေမှ ဟုတ်သေး ရဲ့လား"
ဖုန်းရှောင်ထျန်း ရန်သူများစွာနှင့် ကြုံဆုံခဲ့ဖူး သော်လည်း ဤမျှ ရူးသွပ်နေသည့် သူများ နှင့်တော့ တစ်ခါမှ မကြုံခဲ့ဖူးချေ။
တစ်ခဏမျှ အကြာတွင် ဖုန်းရှောင်ထျန်းနှင့် သူ့လူ သုံးယောက်တို့ တိုက်ပွဲ၏ ထိပ်သို့ ရောက်လာကြသည်။
ထိုအချိန်တွင် လီကျိုးယောင်သည် ရှန့်ကျန်း မြို့မှ ကျန်းမာရေး အကောင်းဆုံး တိုက်ခိုက် ရေး သမား ဖြစ်နေသည်။
သူသည် လျှပ်စီးထက်ပင် ပို၍ လျင်မြန်စွာ ရွေ့လျားနေပြီး အန်းရှီအား တစ်ချက် တည်းနှင့် လွင့်ထွက်သွားအောင် လုပ်နိုင်သည်။
အန်းရှီတွင် ထူးခြားသော ပင်ကို အစွမ်းအစ ရှိသော်လည်း သူမနှင့် လီကျိုးယောင် တို့ကြားတွင် အရည်အချင်းက အတော်လေး ကွာခြားနေသည်။
အန်းရှီသည် သူမထက် အဆင့်သုံးဆင့် ပိုမြင့် သော သန်မာသည့် ရန်သူနှင့် တိုက်ခိုက်နေ ခြင်း ဖြစ်သည်။ လီကျိုးယောင်၏ တိုက် ကွက် ဆယ်ကွက်ကို သူမ ခုခံနိုင်နေက တည်းက သူမက အတော်လေး အံ့ဩဖို့ ကောင်းနေပြီ ဖြစ်သည်။
"သေစမ်း"
လီကျိုးယောင်က ရက်စက်သော အရိပ်အ ယောင်များ ပါသည့် မျက်လုံးများဖြင့် အန်း ရှီ၏ နောက်ကျောကို ခုတ်ပိုင်း လိုက်သည်။
ရွှစ်!
အန်းရှီ သွေးအန်ကာ အနောက်သို့ လေးမီတာ ခန့် လွင့်ထွက်ပြီးမှ ပြုတ်ကျသွားသည်။ ထင် မှတ် မထားသည်က သူမ နောက်တစ် ကြိမ် ပြန်ထလာ နိုင်ခြင်းပင်။ သူမမျက်နှာမှ သွေး များကို သုတ်လိုက်ပြီးနောက် သူမက ရူးသွပ်နေဟန်ရသော လှပသည့် မျက်ဝန်း လေးများဖြင့် ပြောလိုက်သည်။
"ရှင် ဖန့်ကို သတ်ချင်ရင် ကျွန်မအလောင်းကို ကျော်သွားပြီးမှပဲ ရမယ်"
ထိုသို့ပြောပြီး အန်းရှီက လီကျိုးယောင်ထံသို့ ထပ်မံ၍ ပြေးဝင်သွားသည်။
ထို့နောက် သူမက လီကျိုးယောင်ထံသို့ ဆန်း ကြယ် ရေခဲပန်းဆွဲများအား အလင်း ထက် မြန်သော အရှိန်နှင့် ပစ်လွှတ်လိုက်သည်။
သူမ၏ ဆန်းကြယ် ရေခဲပန်းဆွဲများကြောင့် လီကျိုးယောင် သွေးပျက်သွားသည်။ ထို့ ကြောင့် သူ ချက်ချင်း မြေကြီးကို ခြေဆောင့် နင်းပြီး အရိပ်ကဲ့သို့ အဝေးသို့ ရှောင်ထွက် လိုက်သည်။
ထို့နောက် သူက အန်းရှီအား မယုံနိုင်ဟန်ဖြင့် စူးစမ်းသလို ကြည့်နေသည်။
"ကောင်မလေး … မင်းရဲ့ ပင်ကိုယ် အစွမ်း အစက ငါ မြင်ဖူးသမျှထဲမှာ အသာလွန်ဆုံးပဲ … မင်းသာ ဆန္ဒရှိမယ်ဆိုရင် ငါမင်းကို အ သက် ရှင်ခွင့် ပေးမယ်လို့ ငါ ကတိ ပေးတယ်"
"ငါ ယဲ့ဖန်ကို သတ်ပြီးရင် မင်း ငါ့တပည့် အဖြစ် ရှန့်ကျန်းမြို့က ငါနဲ့အတူ လိုက်ခဲ့ ပါလား"
ဤကဲ့သို့ ရှားပါးပါရမီရှင်အား လီကျိုးယောင် အမှန်တကယ် တန်ဖိုးထားမိသည်။
ယခင်တုန်းက လော့စစ်သည်သာ ပါရမီရှင် ဖြစ်သည်ဟု သူ ထင်ခဲ့မိသည်။ သို့သော် လော့စစ်နှင့် အန်းရှီတို့ကို ယှဉ်ကြည့်မိ သည့်အခါ လော့စစ်က မစင်လောက်တောင် တန်ဖိုး မရှိတော့သည်ကို တွေ့လိုက်ရသည်။
အသက် နှစ်ဆယ် မပြည့်သေးခင်မှာတင် အန်းရှီက ကြယ်သုံးလုံး အဆင့်သို့ ရောက်ရှိ နေပြီး ဖြစ်သလို သူမ၏ တိုက်ပွဲဝင် ခွန်အား ကလည်း အလွန့်ကို ကြောက်မက် ဖွယ် ကောင်းလှသည်။
သူမက ဆရာသခင် တစ်ပိုင်းအဆင့်ကို အသာ လေး ဖိအားပေးနိုင်သည်။ မည်မျှ ရှားပါး လိုက်သည့် ပါရမီရှင်လေးပါလိမ့်။
လီကျိုးယောင်က အန်းရှီအား ရူးသွပ်မတတ် မျက်လုံးများဖြင့် ကြည့်နေသည်။
အန်းရှီ ပြန်ပြောလိုက်တာကတော့ "စိတ်ကူး ယဉ်မနေနဲ့"
လှပ အေးစက်သည့် မျက်ဝန်းများနှင့် အန်းရှီ က ထပ်ပြောလိုက်သည်။
"ဘယ်သူမှ ဖန့်ကို ထိခိုက်အောင် လုပ်ခွင့် မရှိဘူး … အင်မော်တယ်တွေတောင် သူ့ကို ထိခိုက်အောင် လုပ်ခွင့်မရှိဘူး … နတ်ဘုရား တွေလည်း သူ့ကို ထိခိုက် နာကျင်အောင် လုပ်ခွင့် မရှိဘူး … ရှင်လည်း မလုပ်နိုင်ဘူး … ရှင် ဖန့်ကို သတ်ချင်ရင် ကျွန်မအလောင်းကို ကျော်သွား ပြီးမှပဲ ရမယ်"
*ဘာ*
သူမ အပြောကြောင့် လီကျိုးယောင်၏ မျက် နှာက ချက်ချင်း အေးစက်ကာ သုန်မှုန်လာ သည်။
"ကောင်းတယ် … တော်တော် ရူးမိုက်တဲ့ ကောင်မလေး … ဒီလိုဆိုမှတော့ မင်း ယဲ့ဖန်နဲ့ အတူ သေလိုက်တော့"
အနည်းငယ် ပြင်းထန်သော ချီဓာတ်အချို့ ပါသော မျက်လုံးများနှင့် လီကျိုးယောင်က လက်တစ်ဘက်ကို မြှောက်ကာ အန်းရှီအား တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် သူက နတ်ဆိုး အလောင်းကောင် အားစစ်ကိုသာ သူ၏ ပြင်းထန်သော ချီဓာတ် ဖြင့် တိုက်ခိုက်လိုက်သည်။
ဘန်း!
နတ်ဆိုး အလောင်းကောင် အားစစ်သည် ကျောပြင်၌ အကြီးအကျယ် ထိခိုက်သွားကာ လွင့်ထွက် သွားသည်။ တစ်ချက်တည်းနှင့် မာစတာလီက အားစစ်အား အကြီးအကျယ် ဒဏ်ရာရအောင် လုပ်လိုက်နိုင်သည်။
ထို့နောက် လီကျိုးယောင်က တစ်ဘက် လှည့်ကာ ညအဖွဲ့မှ အရှင်သခင် သုံးယောက် အား ချီအမျှင်တန်း သုံးခုဖြင့် လွင့်သွားအောင် လုပ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဆရာသခင် တစ်ပိုင်း အဆင့် သိုင်းပညာရှင် လေးယောက် လုံး အကြီးအကျယ် ဒဏ်ရာရသွားကြသည်။
"ရှင် အတော် အရှက်မရှိတာပဲ"
အန်းရှီ ကြုံးဝါးလိုက်ရင်း သူမ၏ မျက်နှာလေး ကလည်း ရုတ်ချင်းဆိုသလို ဖြူရော် လာသည်။
လီကျိုးယောင်က သူမကို တိုက်ခိုက်မည့် အစား အားစစ်နှင့် အခြား ဆရာသခင် တစ်ပိုင်း အဆင့် သိုင်းပညာရှင် သုံးယောက် အား တိုက်ခိုက်လိမ့်မည်ဟု သူမ ထင်မထား မိပါ။
စက္ကန့်အပိုင်းတွင်းမှာပင် ယဲ့ဖန်၏ အဖွဲ့သည် အသိုက်ပျက်လာတော့သည်။
နတ်ဆိုး အလောင်းကောင် အားစစ်နှင့် ညအ ဖွဲ့မှ အရှင်သခင်သုံးယောက်တို့ ဒဏ်ရာ ရ သွားသည်ကို မြင်ပြီး ဖုန်းရှောင်ထျန်းနှင့် အ ခြား ဆရာသခင် တစ်ပိုင်းအဆင့် သုံးယောက် တို့ အားတက်လာကာ သေစေနိုင်သော တိုက်ကွက်များအား ဆက်တိုက် ထုတ်သုံး လာသည်။
တစ်ခဏအတွင်းမှာပင် နတ်ဆိုး အလောင်း ကောင် အားစစ်နှင့် ညအဖွဲ့မှ အရှင်သခင် သုံး ယောက်လုံး အန္တရာယ်တွင်းထဲ ကျရောက် လာသည်။ အချိန်မရွေး သူတို့ အသက် ဆုံးရှုံး နိုင်ကြောင်း သူတို့ သိလိုက်သည်။
ချက်ချင်း ပြောင်းလဲသွားသော အဖြစ်အ ပျက်ကို ကြည့်ပြီး အခြား ရှန့်ကျန်း အင်အား စုများ ပျော်ရွှင်လာကြသည်။
ဒဏ်ရာရနေသော ဆရာသခင် တစ်ပိုင်း အဆင့်၊ ကြယ်သုံးလုံး အဆင့်၊ ကြယ်နှစ်လုံး အဆင့် သိုင်းပညာရှင်တို့ အားလုံး တက်ကြွ ကာ ဆက်တိုက် ဝိုင်းတိုက်ကြသဖြင့် ကြေး စား ဘုရင် ကိုးယောက်နှင့် ကြယ်နှစ်လုံး အဆင့် ကြေးစားသမားများ အားလုံး ခံစစ် ဘက်သို့ ပြောင်းလဲသွားရသည်။
လီကျိုးယောင် တစ်ယောက်တည်းနှင့် အခြေ အနေများကို ပြောင်းလဲသွားအောင် လုပ် လိုက် ခြင်း ဖြစ်သည်ဟု ပြောလို့ရသည်။
"သေစမ်း"
အန်းရှီ ညည်းညူလိုက်ရင်း သူမ၏ မျက်နှာ လေးက ဝမ်းနည်းရိပ် သန်းလာသည်။ ထိုစဉ် လီကျိုးယောင်က အန်းရှီထံသို့ ပြင်းထန်သော ချီဓာတ်နှင့်အတူ ကြမ်းတမ်းသော တိုက်ကွက် တစ်ကွက်ကို ထုတ်ဖော်၍ တိုက်ခိုက် လာသည်။
"သေပေတော့"
သူ့ကို ကြည့်ပြီး အန်းရှီ ထိတ်လန့်ကာ လက် ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူမသည် လီကျိုးယောင်ထံသို့ ဆန်းကြယ် ရေခဲပန်းဆွဲ များစွာကို ပစ်လွှတ်လိုက်သည်။
သို့သော် သူမတို့နှစ်ယောက်၏ အလွန် ကွာ ခြားလှသော အဆင့်ကြောင့် လီကျိုး ယောင်၏ တိုက်ကွက်က အသာစီး ရလာသည်။
ဖြောင်းခနဲ အသံများနှင့်အတူ ဆန်းကြယ် ရေခဲ ပန်းဆွဲများ တစ်စစီ ဖြစ်သွားကာ အန်းရှီ ၏ ပခုံးအား လက်သီးချက် တစ်ချက် ထိမှန် လာသည်။
ဘန်း!
ကြိုးပြတ်သွားသော ပူဖောင်းကဲ့သို့ သူမ ငါး၊ခြောက် မီတာခန့် လွင့်ထွက်သွား လေ တော့သည်။
ထို့နောက် သူမ သွေးတစ်လုပ်အန်ကာ မြေ ကြီး ပေါ် ပြန်ပြုတ်ကျလာသည်။ အန်းရှီ သူမ ၏ တိုက်ပွဲဝင် ခွန်အားအား ထိန်းချုပ် နိုင်စွမ်း ဆုံးရှုံးသွားသည်။
တစ်ချိန်တည်းမှာပင် သူမ၏ လှပသော မျက်ဝန်းတွင် စိုးရိမ်ပူပန်မှုများနှင့် မလိုလား မှုများဖြင့် ပြည့်နှက်လာသည်။
သူမ ပြန်ထ၍ တိုက်ခိုက်ချင်သည်။ သို့သော် သူမ သူမခွန်အားအား တစ်စက်ကလေးမှ သုံး မ ရတော့။
"ကောင်မလေး … မင်း ငါ့ကို မနိုင်နိုင်ပါဘူး …. ဒါပေမယ့် ငါ မင်းကို ငါ့တပည့်အဖြစ် ခေါ် သွားဖို့ ဆုံးဖြတ်ပြီးသွားပြီ"
လီကျိုးယောင်က မနှစ်မြို့ဖွယ် အပြုံးမျိုး ပြုံးကာ ခြံဝန်းအတွင်း ဆက်လျှောက် လာသည်။
"ငါ ယဲ့ဖန်ကို သတ်ဖို့လည်း ဆုံးဖြတ် ထားပြီးသား"
သူ့စကားကို ကြားသည်နှင့် အန်းရှီ၊ နတ်ဆိုး အလောင်းကောင် အားစစ် ၊ ညအဖွဲ့မှ အရှင်သခင် သုံးယောက်နှင့် ကြေးစား ဘုရင်တို့ အလွန်ဒေါသထွက်လာကြသည်။
"မဖြစ်ဘူး"
သူတို့သည် မလိုလားဟန်များဖြင့် အော်ဟစ် လိုက်ကြသည်။
လီကျိုးယောင်အား ရှေ့ဆက်မတိုးရန် တား ချင် သော်လည်း သူတို့ရန်သူ၏ တိုက်ခိုက် မှုများအား မတွန်းလှန်နိုင်ချေ။ ထို့ကြောင့် လီကျိုးယောင် ခြံဝန်းထဲ လျှောက်နေ သည်ကိုသာ ကြည့်နေရတော့သည်။
"ဖန်…ဖန်"
အန်းရှီ သွေးမျက်ရည်ကျကာ ရေရွတ် လိုက်မိသည်။ သူမ သေရမည်ကို မကြောက် သော်လည်း ယဲ့ဖန် သေမှာကိုတော့ သူမ ကြောက်မိသည်။
သို့သော် တစ်ချိန်တည်းမှာပင် သူတို့ ခြံဝန်းထဲမှ လူတစ်စု၏ ခြေသံများကို ကြားလိုက်ရသည်။ ခြံဝန်းထဲသို့ တစ်ချက်ကြည့်လိုက်ပြီး လီကျိုးယောင်က အိမ်ထဲသို့ ချက်ချင်း ဝင်သွားသည်။
အိမ်ထဲ လျှောက်သွားနေရင်း သေလူကဲ့သို့ ကုတင်ပေါ်၌ ကိုမာဝင်ကာ လှဲနေသော ယဲ့ဖန်အား သူ တွေ့လိုက်ရသည်။
"အာ… သူက ဒဏ်ရာ အပြင်းအထန် ရပြီး ကိုမာဝင်နေတာပါလား … ငါသိပြီ … ငါ နားလည်ပြီ"
လီကျိုးယောင်က ရက်စက်သည့် အပြုံးမျိုး ပြုံးလိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်၍ ထပ်ပြောလိုက်သည်။
"ထိပ်တန်း အဆင့် စွမ်းအား ပိုင်ရှင်လေးပါလား … ဒီလို အမှိုက်ကောင်က ရှောင်စစ်နဲ့ လင်းပြောင်ကို သတ်လိုက်နိုင်တာလဲ"
လီကျိုးယောင် အလွန်တွေဝေသွားရသည်။ ထိုစဉ် အေးစက်စက် လေတစ်ချက်က သူ့ဦးခေါင်းတစ်ဝိုက် တိုက်ခတ်လာသည်ကို သူ ခံစားလိုက်မိသည်။
ထိုတိုက်ခိုက်မှုကို ခန့်မှန်းမိသည့်ဟန်ဖြင့် လီကျိုးယောင်က အထင်သေးသည့် မျက်နှာထားမျိုး ဖြစ်သွားသည်။
သူသည် ချက်ချင်း လက်ဆန့်ကာ တံခါးနောက်၌ ပုန်းနေသော လင်းလန်၏ လည်ပင်းကို ညစ်လိုက်သည်။
"ဟမ့် … မိန်းကလေး … မင်း ငါ့ကို သတ်ချင်နေတာလား … မင်း ငါ့ကို လာနောက်နေတာလား"
သူ အခန်းထဲ ဝင်လိုက်ကတည်းက လင်းလန် ရှိနေတာကို အာရုံခံမိပြီးသား ဖြစ်သည်။ သူ သတိထားမိတာကို ထုတ်မပြတာပဲ ရှိခဲ့သည်။
လင်းလန် လက်ထဲမှ ဓားမြှောင်လေး လွတ်ကျသွားသည်။ သူမ၏ လှပသော မျက်လုံးလေးတွင် မုန်းတီးမှုများ ပြည့်နှက်လို့နေသည်။
"ရှင်…ရှင် သူ့ကို သတ်လို့မရဘူး … တကယ်လို့ ရှင် သူ့ကို သတ်ချင်ရင် ကျွန်မကို အရင်သတ်မှ ရမယ်"
*ဟင်*
လင်းလန်၏ စကားကြောင့် လီကျိုးယောင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်းက ယဲ့ဖန်ရဲ့…"
"ကျွန်မက သူ့မိန်းမ"
*မိန်းမ*
သူမ အဖြေကြောင့် လီကျိုးယောင်သည် ရုတ်တရက် ပြင်းထန်သော ချီဓာတ်များအား မျက်လုံးမှ တစ်ဆင့် ထုတ်လွှတ်လိုက်မိသည်။
"ကောင်းတယ် …. သိပ်ကောင်းတယ်"
"ယဲ့ဖန်က ငါ အချစ်ဆုံး သူတွေကို သတ်ခဲ့တယ် …. ဒါကြောင့် ငါလည်း သူ့လုပ်သလို သူ့ကို ပြန်လုပ်မယ်"
လီကျိုးယောင်သည် လင်းလန်အား လူသေအား ကြည့်သလို ကြည့်နေသည်။ သူ့မျက်လုံးမှ အေးစက်စက် အလင်းတစ်ချက် ဖြတ်ခနဲ ပြေးသွားကာ သူ စကားစ လိုက်သည်။
"မိန်းကလေး … မင်း သေဖို့ အဆင့်သင့်ပဲလား … စိတ်မပူပါနဲ့ … ငါ မင်းကို စောင့်ရှောက်ဖို့ ယဲ့ဖန်ကိုပါ ငရဲကို ပို့လိုက်ပါ့မယ် …. ဟားဟား"
ထိုသို့ပြောပြီး လီကျိုးယောင်သည် သူ့လက်ဖဝါးတွင် အတွင်းအားများ စုစည်း၍ လင်းလန်အား သတ်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် လင်းလန်၏ မျက်နှာလှလှလေးက အလွန်တည်ငြိမ်နေ၏။ ထို့နောက် သူမက ကိုမာဝင်နေသော ယဲ့ဖန်အား စိုက်ကြည့်ကာ မျက်ရည်ကျလျက် ပြောလိုက်သည်။
"ဖန်… ကျွန်မ တောင်းပန်ပါတယ် … ကျွန်မ ရှင့်ကို ဒီဘဝမှာ အဖော်မပြုနိုင်ခဲ့ရင် နောင်ဘဝမှာတော့ ကျွန်မ ရှင့်အနားမှာ သေချာပေါက် အဖော်ပြုပေးပါ့မယ်"
"ကျွန်မ… ကျွန်မ ရှင့်ကို ငရဲကို သွားမယ့် တံတားနားက သုံးဘဝ ကျောက်တုံးရှေ့မှာ စောင့်နေပါ့မယ်"
ထိုသို့ပြောပြီး လင်းလန်က မျက်လုံးကို မှိတ်ကာ သေမင်းနတ်ဘုရား ရောက်ရှိလာမည့် အချိန်ကို စောင့်နေလိုက်သည်။
သို့သော် လီကျိုးယောင်က တိုက်ကွက် ထုတ်ဖော်တော့မည့် အချိန်တွင် အိုးထဲမှ ပဲတောင့်များ ပေါက်ထွက်လာသလို အသံမျိုး ကြားလိုက်ရသည်။
ထိုအသံများသည် ယဲ့ဖန်၏ ကုတင်ထက်မှ လွင့်ပျံလာခြင်း ဖြစ်သည်ကို ကြားလိုက်ရသည်။ ထို့နောက် ယဲ့ဖန်၏ တိုက်ပွဲဝင် ခွန်အားက ထိပ်တန်း စွမ်းအားအဆင့်ထက် ကျော်လွန်လာသည်ကို သူ ခံစားလိုက်မိသည်။
ကြယ်တစ်လုံး အဆင့်…
ကြယ်နှစ်လုံး အဆင့်…
ကြယ်သုံးလုံး အဆင့်…
သူ၏ ခွန်အားသည် ကြယ်သုံးလုံး အဆင့်သို့ ရောက်မှသာ ရပ်တန့်သွားသည်။
ထို့နောက် တစ်ခန်းလုံး အလွန် မနှစ်မြို့ဖွယ်ကောင်းသော မကောင်းဆိုးဝါးဆန်သည့် ချီဓာတ်များဖြင့် ပြည့်နှက်လို့လာသည်။
ထို့အပြင် လီကျိုးယောင်သည် အလွန် ပြင်းထန် အေးစက်သည့် ချီဓာတ်များဖြင့် ဝိုင်းရံခြင်း ခံထားလိုက်ရပြီး အသံတစ်သံကို ကြားလိုက်ရသည်။
"ခင်ဗျားက ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ"