ယင်ပြန့်မြို့သို့ ချီတက်ခြင်း
Vol. 35 Ch. 475
ပြင်းထန်သည့် သေခြင်းတရားက သူ့အား လွှမ်းခြုံသွားသည့်အခါ ဟဲကျွင်းဟူက နောက်ဆုတ်မိလိုက်သည်။ သူ့မျက်ဝန်းမှ အကြောက်တရားနှင့်အတူ ကြက်သေသေကာ ပြောလိုက်သည် “မိုဝူကျီက မင်းငါ့ကို သတ်ရဲတယ်ပေါ့ ... ငါက မီးခိုးခုနစ်ချက် ဂိုဏ်းသားပဲ။ မင်း ငါ့ကို သတ်ရဲရင် အင်မော်တယ်လောကကို ရောက်တဲ့အခါ မင်းပုန်းနေစရာ ရှိမှာမဟုတ်ဘူး ”
လခြမ်းကွေး ပုဆိန်လှံရှည်က ပိုမို တောက်ပလာလေ၏။ စွမ်းအားကို နှိုးဆွလိုက်ခြင်း ဖြစ်သော်ငြား ကျင့်ကြံသူအားလုံးက ထိုအလင်းမှ ထွက်ပေါ်နေသော သတ်ဖြတ်ငွေ့များကို ခံစားမိလိုက်ကြသည်။ အရူးတစ်ယောက်ပင် မိုဝူကျီက ဟဲကျွင်းဟူကို သတ်တော့မည် ဖြစ်ကြောင်း သိကြသည်။ မိုဝူကျီ၏ သတ်ဖြတ်လိုစိတ်မှာ အတိုင်းသား ထွက်ပေါ်နေသည်။
“ကျုပ်က ခင်ဗျားကို မသတ်ရဲဘူးလို့ ပြောတယ်မလား။ ကျုပ်က လေလံပွဲရဲ့ ဂုဏ်သတင်းကို ဂရုမစိုက်မိနေခဲ့ရင် ခင်ဗျားကို လေလံပွဲမှာကတည်းက သတ်ပြီးသွားပြီ။ ကျုပ်က မောက်မာတဲ့လူတွေ သတ်ရတာကို သဘောကျတယ်လေ။ ခင်ဗျားကို ဘယ်သူက မောက်မာပြဖို့ ပြောလို့လဲ” မိုဝူကျီက ဟဲကျွင်းဟူ အဘယ်ကြောင့် မလှုပ်ရှားရဲမှန်း မသိသော်ငြား သူသတ်ဖြတ်လိုစိတ်မှာ ဆက်လက် ကြီးထွားနေဆဲ ဖြစ်သည်။
ဟဲကျွင်းဟူက မိုဝူကျီသည် သူ့ကိုသတ်ရန် ဦးတည်နေကြောင်း သိပေသည်။ နောက်တစ်ကြိမ် သူက တံဆိပ်တော်ကို ထပ်မံ ဆွဲထုတ်ကာ အင်မော်တယ် သဘာဝစွမ်းအားများ ဖြည့်သွင်းလိုက်သည်။
လခြမ်းကွေး ပုဆိန်လှံရှည်မှ ထုတ်လွှင့်နေသော သတ်ဖြတ်ငွေ့များမှာ ထိပ်ဆုံးရောက်ရှိနေပြီ ဖြစ်ရာ လေထုအတွင်း ဝှီးခနဲ ဖြတ်ပြေးသွားကာ ဟဲကျွင်းဟူကို ပိုင်းဖြတ်သွားသည်။ ဟဲကျွင်းဟူက သူ့တံဆိပ်တော်ဖြင့် ခုခံလိုက်သော်လည်း စွမ်းအားများများ မစုဆောင်းမိလိုက်ပေ။
တံဆိပ်တော်က မိုဝူကျီ၏ လခြမ်းကွေး ပုဆိန်လှံရှည် အလင်းနှင့် မထိတွေ့ခင် မိုဝူကျီက အသံကျယ်ကြီး တစ်ခု ကြားလိုက်ရသည်။ ထို့နောက် မိုဝူကျီက သူ့မျက်လုံးနှင့်ပင် မယုံနိုင်လောက်သည့် မြင်ကွင်းကို မြင်လိုက်ရသည်။ ထိုအချိန်လေး၌ ဟဲကျွင်းဟူမှာ အပိုင်းပိုင်း ဖြစ်ကာ တစ်စစီဖြစ်သွားကာ သိုလှောင်လက်စွပ် တစ်ကွင်းပင် ကျန်ရှိခဲ့တော့သည်။
“ဘမ်း” မိုဝူကျီ၏ ပုဆိန်လှံရှည်မှာ ထိန်းချုပ်မှု ကင်းမဲ့သွားသည့် တံဆိပ်တော်ကို ဖြတ်သွားပြီး တစ်စစီ ဖြစ်နေသည့် ဟဲကျွင်းဟူကို ပိုင်းဖြတ်သွားသည်။
မိုဝူကျီက ရုတ်ခြည်း မိုးနှင့်မြေမှ ကြီးကျယ်ခမ်းနားလှသည့် အဆုံးမဲ့ ဖိအားများကို ခံစားမိလိုက်၍ တအံ့တဩ ဖြစ်မိသွားသည်။ ယခု ဟဲကျွင်းဟူက မိုးနှင့်မြေ ဥပဒေသ စည်းမျည်းများကြောင့် တစ်စစီ ဖြစ်သွားသည့်အချိန် သူက အနီးဆုံး၌ ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူလည်း ဖိအားကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ မိုးနှင့်မြေဆီမှ ကြောက်မက်ဖွယ် ဖိအားအောက်တွင် သူပင် တစ်စစီ ဖြစ်သွားလိမ့်မည်။
ဟဲကျွင်းဟူက သူ့အား မတိုက်ခိုက်ရဲသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ထိုလူ၏ ပြောင်းလဲမျှခြေ အဆောင်မှာ တစ်ခုခု ပြဿနာဖြစ်သွားပုံ ပေါ်၏။ အကြည့်နှင့်တင် လောင်ချိုက်က မိုဝူကျီ တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးသွားခြင်း ဖြစ်ပေသည်။
ယုံရင်အစွန်းအဖျားနေရာ၌ ကျင်းရှန်းအဆင့် ကျင့်ကြံသူမှာ အမှန်ပင် ယှဉ်ပြိုင်စရာ မရှိသည့် တည်ရှိမှုမျိုး ဖြစ်ပေသည်။ သို့သော်လည်း အကယ်၍ ကျင်းရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီကဲ့သို့ လူမျိုးနှင့် တွေ့ပြီး သူ့ပြောင်းလဲမျှခြေ အဆောင် ပျက်စီးသွားလျှင် ကမူးရှူးထိုး လုပ်တတ်သည့် ကျင်းရှန်းအဆင့် ကျင့်ကြံသူပင် မိုဝူကျီနှင့် တိုက်ခိုက်ဖို့ရာ စတေးရဲမည် မဟုတ်ပေ။
မိုဝူကျီက အတော်လေး မပျော်မိပေ။ သူက ဟဲကျွင်းဟူ၏ သိုလှောင်လက်စွပ်ကို သိမ်းထားလိုက်သည်။ သူက ဟဲကျွင်းဟူ၏ဂိုဏ်း မီးခိုးခုနစ်ချက်ဂိုဏ်းကို မကြောက်ပေ။ သူ ကျန်းရှင်းတွင်ရှိစဉ်က သူက ကျန်းရှင်းမှ ဂိုဏ်းအားလုံး သူ့နောက်လိုက်သည့်အထိ ရန်စမိခဲ့သည် မဟုတ်ပါလော။ သို့သော် သူက အကောင်းတိုင်း ရှိမနေဘူးလား။ အကယ်၍ ထိုလူများကြောင့်သာ မဟုတ်လျှင် သူက ယနေ့လိုမျိုးအထိ အောင်မြင်နေမည် မဟုတ်ပေ။
ဖိအားမရှိဘဲ စိတ်အားတက်ကြွမှု မရှိချေ။ သူ စတင်ကျင့်ကြံသည်မှ စ၍ သူ မိုဝူကျီက အခက်အခဲများမှ တစ်ဆင့် ကြီးထွားလာခြင်း ဖြစ်ပေသည်။
မိုဝူကျီ တိတ်ဆိတ်နေမိသည်မှာ သူ့ဘဝ၏ လိုအပ်ချက်များကို ခံစားမိ၍ဖြစ်သည်။ သူ့စွမ်းအားများက ယခင်ကထက် အဆထောင်ပေါင်းများစွာ များလာလျှင်ပင် သူက မိုးနှင့်မြေ ဖိအားအောက်တွင် ပုရွက်ဆိတ်သာသာမျှ ဖြစ်၏။
သူ့ကံကြမ္မာ သူ့လက်ထဲ မဟုတ်သည့် ခံစားချက်မှာ မိုဝူကျီကို ကူကယ်ရာမဲ့ ခံစားရစေသည်။
သူက မိုးကြိုးစမ်းသပ်ချက်ကို သတိရလိုက်သည့်အခါ သူ့မိုးကြိုးစမ်းသပ်ချက်မှာ တခြား ကျင့်ကြံသူများထက် များစွာ ပြင်းထန်ပြီး သူ့ကိုသတ်ရန် ကြိုးစားသည့် လျှပ်စီးနက်လှိုင်းလည်း ရှိသေး၏။ ယခု မိုဝူကျီက သူ့အသက်မျှင်မျှင်လေး ပေးထားခံရကြောင်း သိနေသည်။ အကယ်၍ သူသာ မိုးနှင့်မြေ ဖိအားအောက် ကျရောက်သွားလျှင်ပင် သူ အယောက်တစ်ထောင် ရှိလျှင်ပင် လုံလောက်မည် မဟုတ်ပေ။
မိုဝူကျီက တိုက်ပွဲကို အဝေးတစ်နေရာမှ ကြည့်နေကြသည့် ကျင်းရှန်းအဆင့် ကျင့်ကြံသူ နှစ်ဦးကို လှည့်ကြည့်လိုက်သည်။ ထိုနှစ်ယောက်က မိုဝူကျီအကြည့်ကို မြင်သောအခါ သူတို့က အမူအရာကင်းမဲ့စွာ ကျန်ရှိနေဆဲ ဖြစ်သည်။ သူတို့က မိုဝူကျီနှင့် ရင်ဆိုင်ဖို့ရာ သူတို့ ပြောင်းလဲမျှခြေ အဆောင် ပျက်စီးခံရမည့် စွန့်စားမှုကို မလုပ်ရဲသလို သူ့ကိုလည်း ကျေအေးပေးသည်တော့ မဟုတ်ပေ။
မိုဝူကျီက သူ့ယာဉ်ပျံကို ထုတ်ကာ ပြောလိုက်သည် “အစ်မချင်းရု သွားကြစို့ ”
ယာဉ်ပျံက မှုန်ဝါးဝါး ပုံရိပ်လေးသာ ချန်ထားခဲ့ပြီး လေဟုန်ခွင်း၍ ပျံသန်းသွားတော့သည်။ ကျင်းယွင်မြို့မှ ထွက်ကာ တိမ်များကြား ပျောက်ကွယ် သွားတော့သည်။
မိုဝူကျီ ထွက်သွားသည်နှင့် ကျင်းယွင်မြို့တွင် ဆွေးနွေးသံများ ပလူပျံလာလေသည်။ မိုဝူကျီက မည်သည့်နေရာမှ ရောက်လာစေကာမူ ထိုသို့မျိုး အားကောင်းသည့် ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူအကြောင်း ယခုအချိန်အထိ မကြားဖူးသေးပေ။ သူတို့က မိုဝူကျီအနေဖြင့် အင်မော်တယ်လောကသို့ ဝင်ရောက်ရန် ခက်ခဲမည်ဖြစ်ကြောင်း သိကြသော်လည်း မိုဝူကျီကို လေးစားမိကြသည်။ ထို့အပြင် ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူအားလုံးမှာ မိုဝူကျီကဲ့သို့ အားမကောင်းကြချေ။
“အစ်မချင်းရု ကျုပ်တို့တွေ ယင်ပြန့်မြိုကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ” မိုဝူကျီက သူတို့ယာဉ်ပျံ ကျင်းယွင်မြို့မှ ထွက်ထွက်လာချင်း မေးလိုက်သည်။
ဟန်ချင်းရုက တွက်ချက်လိုက်ပြီး “ရှင့်ရဲ့ယာဉ်ပျံက အင်မော်တယ်တစ်ပိုင်း ပစ္စည်းထက် ကောင်းတယ်။ အင်မော်တယ် အဆင့်၁ ယာဉ်ပျံလောက် နီးနီးကောင်းတယ်။ အကယ်၍ ကျမတို့တွေသာ အမြန်ဆုံးနှုန်းနဲ့ သွားမယ်ဆိုရင် အများဆုံး ငါးရက်လောက်တော့ ကြာလောက်တယ်”
“အဲဒါဆို အမြန်ဆုံးနှုန်းကို သုံးပြီးတော့ ယင်ပြန့်မြို့ဆီ သွားကြမယ်။ ဒီငါးရက်ကို ကျုပ်ကျင့်ကြံလိုက်ဦးမယ်” မိုဝူကျီက လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆက်လက် မွမ်းမံရန် ဆုံးဖြတ်လိုက်သည်။
ကျင်းယွင်မြို့မှ တိုက်ပွဲအတွင်း မိုဝူကျီက သူတို့ ယင်ပြန့်မြို့သို့သွားလျှင် ရှုံးနိမ့်ဖို့ရာ မလိုအပ်ကြောင်း သေချာသိနေသည်။ ထို့အပြင် သူက ကျင်းယွင်မြို့မှ တိုက်ပွဲအတွင်း၌ အမှားများ ပြုလုပ်မိခဲ့သေး၏။
အကယ်၍ သူက ဟဲကျွင်းဟူကို ချက်ချင်း တိုက်ခိုက်လျှင် ထိုမျှ ဒဏ်ရာများများစားစား ခံစားရမည် မဟုတ်ပေ။ ဟဲကျွင်းဟူနှင့် လောင်ချိုက်တို့လည်း တိုက်ပွဲ၌ အမှားများ ပြုလုပ်မိခဲ့ကြသည်။ ထိုလူနှစ်ယောက်က သူ့အား အထင်သေးမိခြင်း ဖြစ်ပေသည်။ သူက ဟဲကျွင်းဟူ၏ ပြောင်းလဲမျှခြေအဆောင်ကို ဖျက်ဆီးမိလိုက်သည့် အချိန် လောင်ချိုက်အတွက် တိုက်ပွဲသို့ ဝင်တိုက်ရန် နောက်ကျသွားလေပြီ။
သူက အမှားတစ်ခါ ကျူးလွန်ပြီးပြီဖြစ်၍ သေချာပေါက် နောက်တစ်ခေါက် မလုပ်တော့ပေ။
ဤနေရာသို့ ကျင်းရှန်းအဆင့် ကျင့်ကြံသူများ ရောက်လာနိုင်သည်မှာ ပြောင်းလဲမျှခြေ အဆောင်ကြောင့် ဖြစ်၏။ ယင်ပြန့်မြို့၌ ကျင်းရှန်းအဆင့် ကျင့်ကြံသူများ ရှိနေလျှင်ပင် များများစားစား ရှိနေလိမ့်မည်ဟု မယုံပေ။ အများဆုံး ငါးယောက်လောက်သာ ရှိနိုင်သည်။ ထိုအချိန် သူက အခြားအရာများ တွေးတောနေရန် အချိန်မရှိသည့်အတွက် လျှို့ဝှက်အကွက်များကိုပင် ထုတ်သုံးရလိမ့်မည်။ သူက ရန်သူများကိုသတ်ရန် မလိုအပ်ပေ။ သူက တစ်ဖက်လူ၏ ပြောင်းလဲမျှခြေ အဆောင်ကို ဖျက်ဆီးပစ်နိုင်သရွေ့ သူ့အနိုင်ဖြစ်၏။
ချုပ်နှောင်ခံထားရသည့် ကျင်းရှန်းအဆင့် ကျင့်ကြံသူကို ကျင်းရှန်းအဆင့် ကျင့်ကြံသူဟု မခေါ်ဆိုသင့်ပေ။
“ကျုပ်လည်း ကျင့်ကြံမယ်” ထုံယဲ့လည်း သူတို့ ယင်ပြန့်မြို့ ရောက်သည်နှင့် တိုက်ပွဲအကြီးကြီး ဖြစ်တော့မည်မှန်း သိပေသည်။ သူက သိုလှောင်လက်စွပ်များကို ထုတ်ကာ မိုဝူကျီဆီ လှမ်းပေးလိုက်သည်။
“ညီလေးထုံ ခဏစောင့်ဦး” မိုဝူကျီက ပြောရင်း ဟဲကျွင်းဟူ၏ သိုလှောင်လက်စွပ်ကို ထုတ်လိုက်သည်။
ဟဲကျွှင်းဟူမှာ ကျင်းရှန်းအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း မိုဝူကျီက သူ့ကို သတ်ပြီးနောက်တွင် မိုဝူကျီက သူ့လက်စွပ်ကို ဖွင့်နိုင်ဆဲဖြစ်သည်။
မကြာခင် မိုဝူကျီက ဟဲကျွင်းဟူ၏ လက်စွပ်အတွင်းမှ လက်ရာမြောက်လှသော သံမဏိထီးတစ်လက်ကို တွေ့လိုက်ရသည်။
“ကျုပ်မှန်နေတာပဲ ... ဒီလူမှာ တကယ်ကို ခုခံကာကွယ်ရေး ရတနာ ရှိနေတာပဲ။ ဒီသံမဏိထီးက အနည်းဆုံး အဆင့်၂ ဒါမှမဟုတ် အဆင့်၃ အင်မော်တယ် ကာကွယ်ရေး ပစ္စည်းပဲ။ ညီလေးထုံ ဒီဟာကို ပြန်သန့်စင်ပြီး မွမ်းမံကြည့် ... ကျုပ်တို့တွေ ယင်ပြန့်မြို့ရောက်ရင် ကျုပ်တိုက်တဲ့အခါ ကျုပ်ကို ကာပေးဖို့ တစ်ချက် တာဝန်ယူပေး” မိုဝူကျီက သံမဏိထီးကို ထုံယဲ့ဆီပေးလိုက်သည်။
သူတို့ ယင်ပြန့်မြို့ ရောက်သည့်အခါ မိုဝူကျီက ကျင်းရှန်းအဆင့် ကျင့်ကြံသူများကို အရင်ဦးဆုံး ဖယ်ရှားပစ်ရန် ဆုံးဖြတ်ထားသည်။ ကျင်းရှန်းအဆင့် ကျင့်ကြံသူများကို သုတ်သင်ပြီးသည်နှင့် သူက အဆင့်တူအတွင်းမှ ကျင့်ကြံသူများကို ကြောက်စရာ မလိုတော့ပေ။
ထုံယဲ့ ပေးလိုက်သည့် လက်စွပ်များကိုတော့ မိုဝူကျီက အားလုံးကို သိမ်းထားလိုက်သည်။ ကောင်းကင် အင်မော်တယ်များကို သတ်သည်မှာ သူက အဓိကဖြစ်နေ၍ မဟုတ်ဘဲ သူက တျန်းဂျီဂိုဏ်းကို တည်ထောင်လို၍ ဖြစ်သည်။
***
ယာဉ်ပျံမှ အခန့်ငယ်လေးအတွင်း မိုဝူကျီက လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ကာ ဒုတိယအတားအဆီးကို သန့်စင်မွမ်းမံရန် ကြိုးစားလိုက်သည်။ ဤအရာမှာ ရတနာ အစိတ်အပိုင်းမျှသာ ဖြစ်သော်လည်း မိုဝူကျီက ပထမအလွှာ အတားအဆီး ဖယ်ရှားပြီးသည်နှင့် စွမ်းအားများစွာ ရလာသေး၏။ အကယ်၍ သူက နောက်ထပ် အတားအဆီးများကို ချေဖျက်၍ မွမ်းမံနိုင်လျှင် သူ့လခြမ်းကွေး ပုဆိန်လှံရှည်၏ စွမ်းအားမှာ နောက်တစ်ဆ တိုးမြင့်လာလိမ့်မည်။
လေးရက်မှာ ခဏလေးအတွင်း ကုန်ဆုံးသွားလေ၏။ မိုဝူကျီက လခြမ်းကွေး ပုဆိန်လှံရှည် အတားအဆီးကို သုံးလွှာအထိ ချေဖျက်နိုင်ခဲ့သော်လည်း ဆက်၍ မလုပ်နိုင်တော့ပေ။ လခြမ်းကွေး ပုဆိန်လှံရှည်မှာ သူ့ကိုယ်ထည် ပျောက်နေခြင်း ကြောင့်လား ဒါမှမဟုတ် သူ့ကျင့်ကြံဆင့်မှာ အရမ်းနိမ့်နေ၍လားတော့ မသိပေ။ သူက မည်သို့ပင် ကြိုးစားကြိုးစား မှုန်ဝါးဝါး စွမ်းအားသာ ခံစားမိပြီး နောက်တစ်လွှာကို မသန့်စင်နိုင်တော့ပေ။
မိုဝူကျီက အတင်းကျပ် မလုပ်ဆောင်ပေ။ သုံးလွှာအထိ သန့်စင်မွမ်းမံနိုင်ခြင်းသည် စွမ်းအားကို နောက်တစ်ဆ တိုးမြင့်လာစေသည်။ ပြောရမည်ဆိုလျှင် သူ့တွင် နောက်ထပ် လှည့်ကွက်ရှိသည်နှင့် ညီမျှပေသည်။
“ဂျုနီယာမောင်လေး” မိုဝူကျီကိုမြင်၍ ဟန်ချင်းရုက မတ်တတ်ရပ်လိုက်သည်။ သူမက မိုဝူကျီနှင့် ပူးပေါင်းခဲစဉ် ကတည်းမှ သူမက သဘောတရားများနှင့် အတွေးများကို စတင် နားလည်လာမိသည်။ လောင်ချိုက်နှင့် တွေ့ဆုံခြင်းကိုသာ နမူနာအဖြစ် ကြည့်ပါလေ။ လောင်ချိုက်မှာ သူမစိတ်ထဲတွင် ဆူးတစ်ချောင်းလို ဖြစ်နေပြီး လောင်ချိုက်နှင့်တွေ့တိုင်း သူမတစ်ကိုယ်လုံး၌ မသက်မသာမှုကို ခံစားရသည်။ သို့သော် ယခုတွင် လောင်ချိုက်က သူကိုယ်တိုင် ထွက်ပြေးသွားသည် မဟုတ်ပါလော။
“အစ်မချင်းရု ယင်ပြန့်မြို့ကို နောက်ထပ် ဘယ်လောက် ကြာဦးမလဲ” မိုဝူကျီက ဟန်ချင်းရု၏ ပြောင်းလဲမှုကို ခံစားမိလိုက်သည်။ ဟန်ချင်းရုကိုစတွေ့စဉ် သူမက စိတ်ရှည်ပြီး သည်းခံနိုင်စွမ်းရှိသူ ဖြစ်သော်လည်း သတ္တိရှိမှုတော့ လစ်ဟာနေသည်။ သို့သော် ကိစ္စများစွာ ကြုံတွေ့ပြီးနောက်တွင် ဟန်ချင်းရုက ပြောင်းလဲလာပြီ ဖြစ်၏။
“နေ့တစ်ဝက်လောက်ပေါ့ ... အာ ... ဂျုနီယာမောင်လေး ... ကျမတို့နောက်ကို လိုက်နေတဲ့ သင်္ဘောပျံတစ်စင်း ရှိတယ်” ဟန်ချင်းရုက တုန်လှုပ်တကြီး ပြောလိုက်သည်။
ဟန်ချင်းရုက ဘာမျှ မပြောလျှင်ပင် မိုဝူကျီက ထိုသင်္ဘောပျံကို ခံစားမိလေ၏။ ထို့အပြင် သူက ထိုသင်္ဘောပျံ ကုန်းပတ်ပေါ်မှ လူကိုလည်း မှတ်မိလေသည်။
***