← Chapters

လှိုင်းလုံးကြီးများ

Vol. 13 Ch. 190

လှိုင်းလုံးကြီးများ

Vol. 13 Ch. 190

တိုကျိုမြို့ရှိ သုံးထောင့်စွန်း ဗိမ္မာန်၏ ပိန်းနက်အောင် မှောင်နေသော ရုံးခန်းတစ်ခု၌ လူလတ်ပိုင်းအရွယ် လူတစ်ယောက် ဆိုဖာပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလျက် ရှိသည်။ ပရိုဂျက်တာပေါ်မှ ဗီဒီယိုတစ်ခုကို သူ ထိုင်ကြည့်လျက် ရှိသည်။

ထိုဗီဒီယိုသည် ယဲ့ဖန်နှင့် လီကျိုးယောင်တို့၏ တိုက်ပွဲကို ရိုက်ပြထားသော ဗီဒီယို ဖြစ်သည်။

လီကျိုးယောင်၏ ဦးခေါင်း လေထဲ မြောက် တက်သွားသည်ကို မြင်လိုက်သည်နှင့် ထိုလူ လတ်ပိုင်း အရွယ် လူသည် မျက်ခုံး တလှုပ် လှုပ် ဖြစ်ကာ ချက်ချင်း ဗီဒီယိုကို ရပ်လိုက် သည်။

"ဝိညာဉ်ရိုင်း မင်း သူ့ကို ဘယ်လို ထင်လဲ"

လူလတ်ပိုင်းအရွယ် လူက စီးကရက်ဘူးကို ယူကာ စီးကရက် တစ်လိပ်ကို ထုတ်လိုက် သည်။ ထို့နောက် မီးညှိ၍ သောက်နေ လိုက်သည်။

သူ့စကားကြောင့် အမှောင်ထဲမှ ဂျပန် စစ်သည်တော် တစ်ယောက် ထွက်လာကာ မျက်လုံးမှ အစိမ်းရောင် အလင်းများ ဖြာနေ ပြီး ထိုသူက ပြန်ပြောလိုက်သည်။

"ခေါင်းဆောင် … ယဲ့ဖန်က အရမ်း ထူးဆန်း တယ်၊ ကျွန်တော် ဒီဗီဒီယိုကို အကြိမ်ပေါင်း ဒါဇင်နဲ့ချီပြီး ကြည့်ပြီးပြီ၊ ဒါပေမယ့် လီကျိုးယောင်ရဲ့ မူလ သလင်းကျောက် မပေါက်ကွဲအောင် သူ ဘယ်လိုလုပ် လိုက်သလဲ ဆိုတာကို ကျွန်တော် ရှာမတွေ့ သေးဘူး"

ထိုဂျပန်စစ်သည်တော်သည် လူများအား ကြောက်စိတ်ကြောင့် သတိလတ်လွတ် တုန်ယင် လာအောင် လုပ်နိုင်သော ဆာလောင် နေသည့် ဝံပုလွေနှင့် ဆင်တူလှသည်။

"ယဲ့ဖန်တဲ့လား"

သူ့နာမည်ကို ကြားလိုက်ပြီးနောက် ထိုလူ လတ်ပိုင်း အရွယ် လူက သွေးဆာ နေသော အပြုံးနှင့် ရေရွတ်လိုက်သည်။

"မင်းက ငါ့သားနဲ့ ငါ့မိန်းမကို သတ်ရဲတယ်ပေါ့ … ခွေးမသားလေး"

ထိုလူလတ်ပိုင်းအရွယ် လူသည် အရှေ့ အာရှတွင် တည်ရှိသည့် မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲ၏ ခေါင်းဆောင် ဖြစ်ပြီး ကုန်းယွင်ဖေး၏ ဖခင် ဖြစ်သလို လော့ဟန်ရွှမ်း၏ ခင်ပွန်းသည် ဖြစ်သည့် ကုန်းကျန့်ထျန်း ဖြစ်ပေသည်။

"ခေါင်းဆောင် ကျွန်တော်တို့ အဖွဲ့ရဲ့ စည်းကမ်းအရ ကုန်းကလန်နဲ့ လော့ကလန် သုတ်သင်ခံ ရမှုအတွက် ခေါင်းဆောင် လက်စားချေလို့ မရနိုင်ခဲ့ဘူး၊ ဒါပေမယ့် အခု လက်စားချေဖို့ အခွင့်အရေး ရလာပြီပဲ"

ဂျပန်စစ်သည်တော်က ဆိုးယုတ်သည့် အပြုံးဖြင့် ပြောလိုက်သည်။

သူ့အကြံပေးစကားကြောင့် ကုန်းကျန့်ထန်းက လက်ကို ဝေ့ရမ်းရင်း ပြန်ပြောလိုက်သည်။

"ငါ့မိန်းမ သေသွားပင်မယ့် ငါ နောက် တစ်ယောက် ပြန်ယူလိုက်လို့ရတယ်၊ ငါ့သား သေသွားပင်မယ့်လည်း ငါ နောက်ထပ် ကလေးတွေ ထပ်ယူလို့ ရတာပဲ၊ ငါ အဲ့လို လောကီကိစ္စတွေရဲ့ ဖျားယောင်းမှုအောက်မှာ နစ်မွန်းသွားမှာ မဟုတ်ဘူး၊ ငါက အဆုံးမရှိတဲ့ အင်အားကိုပဲ အလိုရှိတာ"

ထို့နောက် ကုန်းကျန့်ထျန်းက ပရိုဂျက်တာ ပေါ်မှ ယဲ့ဖန်အား ကြည့်ပြီး လှောင်ရယ်၍ ဆက်ပြောလိုက်သည်။

"နောက်ထပ် အင်အားကြီးလာမယ့် အရင်း အမြစ်က သူပဲ"

ဂျပန်စစ်သည်တော်က ကုန်းကျန့်ထျန်း၏ စကားကို ချက်ချင်း နားလည်သွားကာ မေးလိုက်သည်။

"ခေါင်းဆောင် … ခင်ဗျား ယဲ့ဖန်ရဲ့ ကျင့်စဉ်ကို မျက်စိကျနေတာလား"

"မင်း သဘောပေါက်သားပဲ"

ကုန်းကျန့်ထျန်း၏ မျက်လုံးက တလက်လက် တောက်ပနေကာ အလွန် စိတ်အား ထက်သန် နေဟန်ဖြင့် ရှင်းပြလိုက်သည်။

"အဲ့ကောင်စုတ်လေးရဲ့ ကျင့်စဉ်က အခြားသူရဲ့ တိုက်ပွဲဝင် ချီဓာတ်ကို ထိန်းချုပ်  နိုင်တယ်လို့ ကျုပ် ထင်နေတယ်၊ ပြီးတော့ ဆရာသခင်အဆင့်ရဲ့ မူလ သလင်းကျောက်ကို စားပြီးနောက်မှ သူ ပိုသန်မာလာတယ်လို့ ကျုပ် ထင်တယ်"

"အဲ့ကျင့်စဉ်ကိုသာ ကျုပ် အသုံးပြုနိုင်မယ် ဆိုရင် မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်းမှာ ကျုပ်က အသန်မာဆုံးလူ ဖြစ်လာနိုင်တယ်"

"ခေါင်းဆောင် ခင်ဗျားရဲ့ အစီအစဉ်ကို ကျုပ် သိခွင့်ရှိမလား"

ဂျပန်စစ်သည်တော်က ကုန်းကျန့်ထျန်းအား ခရေစေ့တွင်းကျ သိချင်ဟန်ဖြင့် မေးလိုက်သည်။

"ငါ့ရဲ့ အစီအစဉ်လား"

ကုန်းကျန့်ထျန်းက ဝံ့ကြွားဟန်ဖြင့် ပြောလိုက်သည်။

"လီကျိုးယောင်က သူမသေခင် မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်းအကြောင်း လူကြားထဲ ထုတ်ပြောလိုက်မှတော့ မဟူရာ ကြက်ခြေခတ် အဖွဲ့အစည်း လူလုံးထွက်ပြဖို့ အချိန်တန်ပြီပေါ့"

"ယဲ့ဖန်က ကျန်နေသေးတဲ့ ရှန့်ကျန်း အင်အားစုကို ရှင်းလင်းချင်နေမှတော့ ရှန့်ကျန်းမြို့က သင်္ချိုင်းမြေ ဖြစ်လာတော့မှာပဲ"

ထိုသို့ပြောပြီးနောက် ကုန်းကျန့်ထျန်းသည် လက်ဝှေ့ရမ်းပြကာ ပြောလိုက်သည်။

"ငါ့အမိန့်ကို နားထောင် … နိုင်ငံတွင်းက ရုပ်သေး ဆရာသခင်တွေကို ယဲ့ဖန်ကို တားဆီးဖို့ တာဝန်ပေးလိုက်၊ သူ့ကို အသက်ရှင်လျက် ဖမ်းရင်ဖမ်း မဟုတ်ရင်လည်း သူ သတ်တာခံလိုက်"

*ရုပ်သေး ဆရာသခင်တွေ*

အမိန့်ကို ရသည်နှင့် ဂျပန်စစ်သည်တော်သည် ခန္ဓာကိုယ် အပူချိန် ထိုးကျသွားသလို ခံစားလိုက်ရသည်။

ထိုအခါမှသာ ကုန်းကျန့်ထျန်းက ထူးခြားသော ကျင့်စဉ်ကို ခိုးယူချင်ယုံသာမက ယဲ့ဖန်ကိုပါ အလိုရှိနေမှန်း သူ သတိထားလိုက်မိသည်။

ထို့ကြောင့် ဂျပန် စစ်သည်တော်သည် ယဲ့ဖန်အတွက် သေဆုံးသူအား ချီးကျူးဂုဏ်ပြုသလို ကျိတ်၍ ချီးကျူး ဂုဏ်ပြုလိုက်သည်။

ယဲ့ဖန်က သူ့ထံသို့ ဘာတွေ ရောက်လာမည်မှန်း လုံးဝ မရိပ်မိနိုင်။

"ဝိညာဉ်ရိုင်း … ဒီတာဝန်အတွက် မင်းမှာ တာဝန်ရှိတယ်၊ မှတ်ထားပါ…."

ကုန်းကျန့်ထျန့်သည် ဝိညာဉ်ရိုင်း၏ မျက်လုံးကို စိုက်ကြည့်ကာ ထပ်မှာလိုက်သည်။

"ငါ သူ့ကို အသေရရ အရှင်ရရ လိုချင်တယ်"

သာမန်လူများ သူ့ကို နားမလည်နိုင်ပါ။ သို့သော် ဝိညာဉ်ရိုင်းသည် ချက်ချင်း တုန်လှုပ်ကာ ခပ်မြန်မြန် ဒူးထောက်၍ ပြန်ဖြေလိုက်သည်။

"အမိန့်အတိုင်းပါ ဆာ"

…

နောက်တစ်နေ့ မနက်တွင် များစွာသော အထူးသတင်းများက ရှန့်ကျန်းမြို့အား ထိတ်လန့် သွားစေခဲ့သည်။

ဆယ်နှစ်တာ ပျောက်နေခဲ့သည့် ရှုကလန်၏ ဆရာသခင် ဖြစ်ခါနီးအဆင့်မှ ရှုဟွိုက်ရှန်သည် နောက်ဆုံးတော့ ပြန်ရောက်လာခဲ့သည်။

သူက ဆရာသခင်အဆင့်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ ထိုသတင်းက ရှန့်ကျန်းတစ်မြို့လုံးကို ထိတ်လန့်သွားစေသည်။

သူက ယဲ့ဖန်အား ရှန့်ကျန်းမြို့မှာ သတ်ပစ်မည်ဟုတောင် ကြေညာထားသေးသည်။

လွန်ခဲ့သည့် ဆယ့်ငါးနှစ်ခန့်က ရှန့်ကျန်းမြို့မှ နာမည်ကြီး အောင်နိုင်သူတစ်ယောက် ဖြစ်သည့် ယွီပါ့ ပြန်ပေါ်လာခဲ့သည်။

သူသည် ဆရာသခင် အလယ်အလတ်အဆင့်သို့ ရောက်နေခဲ့သည်။

သူက ရှန့်ကျန်းမြို့၏ သိက္ခာအတွက် ယဲ့ဖန်အား သူ သတ်ပစ်မည်ဟု ကြေညာထားသည်။

လွန်ခဲ့သည့် ဆယ်နှစ်က ပျောက်ကွယ်သွားခဲ့သည့် ရှန့်ကျန်းမြို့၏ နံပါတ်တစ် ပါရမီရှင် ဖုန်းကျစ်ဝမ်သည်လည်း ပြည်ပမှ ပြန်ရောက်လာကာ ဆရာသခင်အဆင့်သို့ ရောက်နေ ခဲ့ပြန်သည်။

ယဲ့ဖန်ကို နုတ်နုတ်စင်းပစ်မည်ဟု သူ ကျိန်ဆိုလိုက်သေးသည်။

…

ပျောက်ကွယ် နေခဲ့သည့် များစွာသော ဒေသခံ အင်အားစုများက ရှန့်ကျန်းမြို့သို့ ဆရာသခင် အဆင့်ဖြင့် ပြန်ရောက်လာခဲ့သည်။

နောက်တစ်နေ့ မနက်တွင်တော့ ဆရာသခင်အဆင့် ဆယ့်သုံးယောက်တို့ ရှန့်ကျန်းမြို့သို့ ပြန်လည်ရောက်ရှိနေခဲ့သည်။

ပို၍ ကြောက်မက်ဖွယ် ကောင်းသည်က သူတို့ တစ်ယောက်ခြင်းစီ၏ ကျင့်စဉ် အခြေခံသည် လီကျိုးယောင်ထက် ပို၍ အဆင်မြင့်နေခြင်းပင်။

ရှန့်ကျန်း တစ်မြို့လုံး ထိတ်လန့် အံ့အားသင့်သွားရသည်။

လူလုံး ထွက်မပြခဲ့သော ဆရာသခင်များ များစွာ ရှိနေမည်ဟု သူတို့ ထင်မှတ်မထားမိကြ။

ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်က ဆရာသခင်အဆင့် သူတွေအားလုံး တစ်ချိန်တည်း နီးပါး ပြန်ရောက်လာကြခြင်း ဖြစ်သည်။

ယခင်က ရှန့်ကျန်းမြို့၏ သိုင်းပညာ အသိုင်းအဝိုင်းသည် အော်ညည်းနေခဲ့ရသည်။

ယခုအခါတွင်တော့ နှလုံးရောဂါ ရလောက်အောင် တက်ကြွလာသည်။ ရှန့်ကျန်းမြို့၏ သိုင်းပညာ အသိုင်းအဝိုင်းသည် ပျော်ရွှင် တက်ကြွလာခဲ့သည်။

ရှန့်ကျန်းမြို့၏ သိုင်းပညာ အသိုင်းအဝိုင်းမှ အဆင့်နိမ့် ပညာရှင်များက ယဲ့ဖန်နှင့် ကျန်းနန် စီရင်စုအား စစ်ကြေညာလိုက်သည်။

"ဟဟ … ဒါ ရှန့်ကျန်းမြို့ရဲ့ အောင်မြင် ကျော်ကြားချိန်ပဲ … ယဲ့ဖန် … မင်းထွက်ပြေးသွားရင် ပိုကောင်းမယ်"

"မင်းက ရှန့်ကျန်းရဲ့ လက်ကျန်အင်အားစုကို သုံးရက်အတွင်း သုတ်သင်ချင် နေခဲ့တာလား။ ယဲ့ဖန် မင်း အခုလောက်ဆို အံ့ဩနေလောက်ပြီ"

"ဟဟ … အရူး … ယဲ့ဖန် မင်း ရှန့်ကျန်းမြို့က ဆရာသခင်အဆင့် အများကြီးနဲ့ ဆုံတဲ့အချိန် ရောက်ရင် မင်း ဘောင်းဘီထဲ သေးထွက်ကျမှာလား"

….

ရှန့်ကျန်းမြို့ရှိ အွန်လိုင်းပေါ်မှ ဆွေးနွေးပွဲကြီးသည် ပွက်ပွက်ညံလျက် ရှိသည်။ လီကျိုးယောင်နှင့် အခြား ရှန့်ကျန်းအင်အားစုများ၏ သေဆုံးမှုကြောင့်  ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရာမှ ချက်ချင်း လွင့်ပျယ်သွားသည်။

လူတိုင်းက ယဲ့ဖန်၏ တုံ့ပြန်မှုကို စောင့်နေကြသည်။ ဒီလောက် စိတ်ကြီးဝင်နေသည့် အရူးက လက်ကျန် ရှန့်ကျန်းအင်အားစုအား မည်သို့ သုတ်သင်ပစ်မည်ကို သူတို့ ကြည့်ချင်နေလှသည်။

….

သို့သော် ယဲ့ဖန်က သိတောင် မသိချေ။

သူသည် မဖိတ်ခေါ်ထားသည့် ဧည့်သည်များ ဖြစ်သည့် လူငယ်တစ်ယောက်၊ ဆရာသခင် တစ်ပိုင်းအဆင့် လူအိုကြီး နှစ်ယောက်နှင့် ရင်ဆိုင်နေရသည်။

သို့သော် သူ့ကို အံ့အားသင့်စေသည်က ထိုလူငယ်လေးသည် နှစ်ဆယ်စွန်းခါစ အရွယ်မှာတင် ဆရာသခင်အဆင့် ရောက်နေခြင်းပင်။

ထို့ပြင် ထိုလူငယ်လေးက "အမှောင်" ဟူသော စကားလုံးကို  ပန်းထိုးထားသည့် သီးသန့် ပြုလုပ်ထားပုံ ရသော တောက်ပသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။

မောက်မာသော အကြည့်နှင့် သူက တံခါးမှ ဝင်လာပြီးသည်နှင့် ချက်ချင်းပင် ခုံတွင် ဝင်ထိုင်လာသည်။ ယဲ့ဖန်အား အထင်သေးသော အကြည့်နှင့် ကြည့်ပြီး သူက မေးလာသည်။

"မင်းက ယဲ့ဖန်လား"

*ဟမ်*

သူ၏ ရိုင်းစိုင်းသော ပုံစံကြောင့် ယဲ့ဖန်က မျက်လုံးကို မှေး၍ ကြည့်နေသလို သူ့လူများက ဒေါသထွက်လာသည်။

ဤလူငယ်လေးက ဒီလောက် ရိုင်းပျလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားမိပေ။

ယဲ့ဖန်က ခေါင်းညိတ်ပြ၍ ထိုလူငယ်လေး၏ မျက်လုံးက အေးအေးလူလူနှင့် စိုက်ကြည့်နေလိုက်သည်။

"အရင်ဆုံး ငါ့ကိုငါ မိတ်ဆက်ပေးပါရစေ။ ငါက အမှောင်ဂိုဏ်းရဲ့ အဖွဲ့ဝင် ရင်းလုံပဲ"

လူငယ်လေးက အနည်းငယ် မောက်မာသော မျက်နှာထားနှင့် အထင်သေးသလို ပြောလာသည်။

*အမှောင်ဂိုဏ်း*

ယဲ့ဖန်နှင့် သူ့လူများ တွေဝေသွားကြသည်။

သူတို့ ဇဝေဇဝါ ဖြစ်နေသည်ကို သတိထားမိပြီး လူငယ်က အထင်သေးသလို ပြုံးကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ယဲ့ဖန် လီကျိုးယောင်ရဲ့ နောက်ကွယ်မှာ မဟူရာ ကြက်ခြေခတ်အဖွဲ့ ရှိတာ မင်း သိပြီးသားမလား။ နားထောင် … အဓိကမြို့တော်က ကောင်းကင်ဘုံ မာစတာ ကျိုးရဲ့ နောက်ကွယ်မှာ အမှောင်ဂိုဏ်း ရှိတယ်"

*ဘာ*

အခြားသူများ မှင်တက်သွားကြသည်။ ထိုအခါမှသာ အမှောင်ဂိုဏ်းသည် မဟူရာ ကြက်ခြေခတ် အဖွဲ့နှင့် အဆင့်တူ ရှိသည့် လျှို့ဝှက်အဖွဲ့အစည်းမှန်း သဘောပေါက် လိုက်သည်။

လူငယ်လေးက ထိတ်လန့်သွားသည့် အမူအရာကို ခန့်မှန်းမိပြီးတဲ့ ပုံပင်။ ယဲ့ဖန်၏ ကျင့်စဉ် အခြေခံအား တစ်ချက်ကြည့်ပြီး လူငယ်လေးက အလွန် အထင်သေးဟန်ဖြင့် ပြောလာသည်။

"ယဲ့ဖန် …. မင်းက တော်တော့်ကို စောက်ရမ်း ကံကောင်းတဲ့ခွေးပဲ။ အမှောင်ဂိုဏ်းရဲ့ ခြွင်းချက်ထားတဲ့ ဝင်ခွင့်ကို ရလာပြီ"

"အခု မင်းရဲ့ ကျင့်စဉ် နည်းလမ်းကို ငါ့ကို ပေးပြီး မင်းဘေးက ပုရွက်ဆိတ်တွေကို ဖျက်သိမ်းလိုက်။ ဒါဆို မင်းက အမှောင်ဂိုဏ်းရဲ့ တရားဝင် အဖွဲ့သား  ဖြစ်လာမယ် ပြီးရင် ငါ့အမိန့်ကို လိုက်နာရုံပဲ"

*ဘာ*

သူ့စကားကြောင့် ယဲ့ဖန်၏ နောက်လိုက်များ ထိတ်လန့်သွားကြသည်။

*သူ့ကို ကျင့်စဉ် နည်းလမ်း ပေးရမယ်*

*ဘေးက ပုရွက်ဆိတ်တွေကို ဖျက်သိမ်းလိုက်ရမယ်*

…

ညအဖွဲ့မှ အရှင်သခင် သုံးယောက်နှင့် အခြားနောက်လိုက်များ ဝမ်းနည်း၍ မလိုလားသော အမူအရာများကို ထုတ်ဖော်လာကြသည်။

အမှောင်ဂိုဏ်းက ဤမျှ လွှမ်းမိုး ချုပ်ကိုင်တတ်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားမိပါ။

လူငယ်က အခြားသူများကို ပုရွက်ဆိတ်လို သတ်မှတ်နေသည်။

ညအဖွဲ့မှ အရှင်သခင် သုံးယောက်နှင့် အခြားသူများ အားလုံး ယဲ့ဖန်ကို စိုက်ကြည့် နေလိုက်မိသည်။

ယဲ့ဖန် ဒေါသကြောင့် အော်ရယ်ချင်နေသည်။ သူက ရင်းလုံအား မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်ကာ မေးလိုက်သည်။

"မင်း ဘာလိုချင်တာလဲ။ မင်းက ငါ့ကို အဖွဲ့ဖျက်သိမ်းစေချင်တာလား"

*အမ်*

ယဲ့ဖန်၏ အမေးကြောင့် လူငယ် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူက  ညအဖွဲ့မှ အရှင်သခင် သုံးယောက်နှင့် ကြေးစားဘုရင် ကိုးယောက်ကို ကြည့်ကာ အထင်သေးသလို ထပ်ပြောလိုက်သည်။

"မင်းတို့အားလုံးက အသုံးကို မကျဘူး။ ငါ မင်းကို ဒီပုရွက်ဆိတ်တွေကို ဖျက်သိမ်းလိုက်ဖို့ ပြောနေ…"

သို့သော် ပုရွက်ဆိတ် ဟူသည့် စကားလုံးကို ဆုံးအောင် မပြောရသေးခင် သံမဏိ လက်သီးတစ်ချက်က သူ့ပါးစပ်ကို ဝင်အောင်းလာသည်။

ဘန်း!

ထိုလူငယ် နောက်သို့ လွင့်ထွက်သွားကာ သွားအချို့ ကျွတ်သွားသည်။

သို့သော် သူ့ကိုယ်က မြေကြီးပေါ်သို့ ပြန်မကျခင် ယဲ့ဖန်က သားရဲကောင်ကဲ့သို့ ရှေ့သို့ ပြေးဝင်လာသည်။

ဘန်း!

သူက လူငယ်၏ ပါးစပ်ကို နောက်တစ်ကြိမ် အားနှင့် ထိုးလိုက်သည်။ ထက်ရှသော အဖြူရောင် အရာဝတ္ထုတို့ ပေါက်ကွဲသကဲ့သို့ ထိုလူငယ်၏ သွားများက သူ့ပါးစပ်ထဲမှ တစ်ချောင်းပြီး တစ်ချောင်း လွင့်စဉ် ထွက်လာသည်။ ထို့အတူ သွေးများ အန်ထွက်လာပြီး နောက်သို့ ထပ်လွင့်သွားသည်။

ဘန်း! ဘန်း! ဘန်း!

တစ်ချက်ပြီးတစ်ချက်။

လူငယ်လေးသည် သားရဲကောင်၏ ဖိနှိပ်ခြင်းကို ခံနေရသည်။

သူသည် ယဲ့ဖန်၏ အိမ်ထဲမှ လွင့်ထွက်သွားပြီးနောက် ခြံဝန်းထဲမှ လွင့်ထွက် သွားပြန်သည်။

လူငယ်လေး မြေကြီးပေါ်သို့ ပြန်ပြုတ်ကျလာသည့် အခါတွင် သူ၏ သွားများအားလုံး ကျွတ်ထွက်သွားချေပြီ။

ထို့နောက် နတ်ဆိုး နတ်ဘုရားကဲ့သို့ ယဲ့ဖန်က သူ့ကိုယ်အား ဆောင့်နင်းကာ လူငယ်လေး၏ ပါးစပ်ကို ထပ်ထိုးနေသည်။

ထို့နောက် သူက လူငယ်၏ လျှာကို နောက်လက်တစ်ဘက်ဖြင့် ဆွဲထုတ်လိုက်သည်။

"ဘယ်သူမှ ငါ့ညီအစ်ကိုတွေကို ပုရွက်ဆိတ်လို ဆက်ဆံခွင့် မရှိဘူး"

"အဲ့လို လုပ်တဲ့သူတိုင်း သေကို သေရမယ်"

ထိုသို့ပြောပြီး ယဲ့ဖန်က လူငယ်လေး၏ လျှာတစ်ဝက်ကို ဆွဲဖြတ်လိုက်သဖြင့် သွေးများက လေထုထဲ စင်ထွက်လာသည်။

All Chapters