← Chapters

နတ်ဆိုး

Vol. 13 Ch. 191

နတ်ဆိုး

Vol. 13 Ch. 191

လူငယ်၏ လျှာကို ယဲ့ဖန် ဆုတ်ဖြဲလိုက် ပြီးနောက် သူသည် ပါးစပ်အပြည့် သွေးများ အန်လေတော့သည်။

ထို့နောက် သူ နာကျင်မှုကြောင့် တုန်ယင်ကာ မျက်နှာတွင် ကြောက်စိတ်များ ဖုံးလွှမ်းလို့ နေသည်။

ယဲ့ဖန်က သူ့ကို တိုက်ခိုက်ရဲမည်ဟု သူ မထင် ထားခဲ့သလို သူကိုယ်၌ကလည်း ခုခံနိုင်စွမ်း မရှိဘဲ ဖြစ်သွားလိမ့်မည်ဟု ထင်မှတ် မထား ခဲ့မိပါ။

"ယဲ့ …. ယဲ့ဖန် … မင်း ငါ့ကို အနာတရ ဖြစ် အောင် လုပ်ရဲလုပ်ကြည့်လိုက်။ ငါက အမှောင်ဂိုဏ်း အဖွဲ့ဝင်နော်။ မဟူရာ သေမင်း တမန် အဖွဲ့အစည်းက ဟွာရှ တစ်နိုင်ငံလုံး ကို ကိုယ်စားပြုတယ်၊ မင်း ငါ့ကို အနာတရ ဖြစ်အောင် လုပ်ရင် မင်းက ဟွာရှ တစ်နိုင်ငံ လုံးရဲ့ ဘုံရန်သူ ဖြစ်လာတော့မှာ"

ရင်းလုံ သွေးအန်နေရင်း မရေမရာ ပြောလာ သည်။

"မင်း ကျန်းနန်မြို့မှာ လုပ်ခဲ့သမျှတွေကို ဟွာရှ တစ်နိုင်ငံလုံး သိတာ ကြာပြီဆိုတာကိုရော မင်း သိရဲ့လား။ သူတို့ မင်းကို ဘာမှ မလုပ်သေးတဲ့ တစ်ခုတည်းသော အကြောင်း ပြချက်က မင်းရဲ့ အရည်အချင်းကို သူတို့ တန်ဖိုးထားလို့ ပြီးတော့ မင်းကို အမှောင် ဂိုဏ်းထဲ ဝင်စေချင်လို့ပဲ။ အခု မင်းက ငါ့ကို အနာတရ ဖြစ်အောင် လုပ်လိုက်ပြီဆိုတော့ အမှောင်ဂိုဏ်းရဲ့ အဆုံးမရှိတဲ့ လက်စား ချေခြင်းကို စောင့်မျှော်နေလိုက်တော့"

ရင်းလုံ၏ မျက်လုံးထဲတွင် မလိုမုန်းထားသော စိတ်များနှင့် ပြည့်နှက်နေပြီး စောဒက တက်လာသည်။

သို့သော်လည်း သူ့စကားကို ကြားပြီးနောက် ခပ်ဖွဖွ လှောင်ရယ်ပြီး ပြန်ပြောလိုက်သည်။

"ငါက အမှောင်ဂိုဏ်းထက် မင်းကို ပိုပြီး စိတ်ဝင်စားတယ်"

ထို့နောက် ယဲ့ဖန်က ပို၍ ကြောက်မက်ဖွယ်ပြီး ရက်စက်သော အပြုံးဖြင့် ထပ်ပြော လိုက်သည်။

"မင်းက ငါ့ညီအစ်ကိုတွေကို ပုရွက်ဆိတ် တွေလို့ ခေါ်ခဲ့တယ်၊ မင်းရဲ့ ဆရာသခင် အဆင့် မူလ သလင်းကျောက်ကို ဆုံးရှုံးပြီးရင် မင်းလည်း ပုရွတ်ဆိတ် ဖြစ်လာမလား ငါ သိချင်မိတယ်"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ရင်းလုံ၏ မျက်နှာ တွင် အကြောက်တရားများ ဖုံးလွှမ်း လာသည်။

ဆရာသခင် တစ်ယောက်၏ မူလ သလင်း ကျောက်သည် ဆရာသခင်တစ်ယောက်လို့ အခေါ်ခံရခြင်း၏ အရေးပါဆုံး အချက် ဖြစ်သည်။ သူ၏ မူလ သလင်းကျောက် မရှိတော့လျင် သူသည် လုံးဝ သုံးစားမရ ဖြစ်လာပေလိမ့်မည်။

ယဲ့ဖန်၏ ခက်ထန်သော မျက်လုံးများနှင့် သူ၏ အဆုံးအစမရှိသော ကြမ်းတမ်းသည့် ချီဓာတ်များကို အာရုံခံမိပြီး ရင်းလုံ အလွန် ကြောက်လန့်လာသည်။

အရင်က တစ်ခါမှ ဒီလောက် မကြောက် ခဲ့ဖူးပါ။ သို့ပင်မယ့် ယခုအခါတွင်တော့…

"ယဲ့ဖန် … မင်း … မင်း ငါ့ရဲ့ ဆရာသခင်အဆင့် မူလသလင်းကျောက်ကို မကိုင်တာ ပိုကောင်း မယ်နော်၊ မဟုတ်လို့ကတော့ အင်မော်တယ် တွေတောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး"

သူ့စကားအဆုံးတွင် သူ ဂျွတ်ခနဲ အသံ တစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် သူ့နဖူး အလယ်တည့်တည့်မှ စစ်ခနဲ နာကျင်မှု ကို ခံစားလိုက်ရပြီး သွေးများ စတင် ယိုစီး ကျလာသည်။

လက်သည်းအရွယ် သလင်းကျောက်လေး တစ်ခုက ယဲ့ဖန်လက်ထဲ ပေါ်လာသည်။ ထို အရာက ရင်းလုံ၏ ဆရာသခင်အဆင့် မူလ သလင်းကျောက်ပင် ဖြစ်သည်။

"အား…အား…အား"

ရင်းလုံ ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ရုတ်တရက် ထအော်လိုက်မိသည်။

ယဲ့ဖန်က သူ၏ ကျင့်စဉ် အခြေခံအား တွယ်ရာမဲ့ သွားအောင် လုပ်ရဲလိမ့်မည်ဟု သူ ဘယ်သောအခါမှ မျှော်လင့်မထားမိခဲ့ပါ။

သူ့တစ်ကိုယ်လုံးက နာကျင်မှုကြောင့် တုန်ယင်နေကာ မျက်နှာကတော့ ပြာနှမ်းလို့ နေ၏။

*ငါတော့ သွားပါပြီ*

သူ၏ တိုက်ခိုက်ရေး သမားဘဝနှင့် အမှောင် ဂိုဏ်းသားဟူသည့် ဘဝက အဆုံးသတ် သွားပြီ ဆိုတာကို သူ သတိပြုလိုက်မိသည်။

သူ၏ မူလ သလင်းကျောက် မရှိပါက သူသည် ပုရွက်ဆိတ်နှင့် မထူးခြားနားပင်။

ယဲ့ဖန် ရင်းလုံကို မသတ်လိုက်ခြင်းက သည် လောက် မောက်မာသည့်လူက သူ၏ ကျင့်စဉ် အခြေခံအား ဆုံးရှုံးပြီး သေတာထက် ပိုသော မချိတင်ကဲ ဝေဒနာကို ခံစားစေချင်၍ ဖြစ်သည်။

….

နေ့ခင်းပိုင်းတွင် ယဲ့ဖန် ကျောင်းသို့ သွားလိုက် သည်။

ရုတ်တရက် သူသည် မည်သည့်သူတို့၏ အာရုံ စိုက်ခြင်းကို မခံရစေဘဲ သရဲသစ္ဆေကဲ့သို့ အားကစားကွင်းရှိ မိုးမခပင် အောက်သို့ ရောက်လာသည်။

ယဲ့ဖန် အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် မိုးမခပင်၏ အမြစ်မှ နတ်ဆိုး ချီအမျှင်တန်းကို စုပ်ယူလိုက်သည်။

ထို့နောက် သူ လက်တစ်ဘက် ဆန့်ထုတ်လိုက်သောအခါ အခြား အဖြူ၊အနက် နတ်ဆိုးချီ အမျှင်တန်းကို မြင်လိုက်ရသည်။

"အန်းရှီကို ငါ့နှလုံးသား အသားစ နည်းနည်းလောက် ကျွေးပြီး သူမကို ကယ်ပြီးတဲ့ နောက်မှာ သူမရဲ့ ဆန်းကြယ် ရေခဲ အရင်းအမြစ်က ငါနဲ့ ပေါင်းစပ်သွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့မိဘူး"

ယဲ့ဖန် ရေရွတ်လိုက်ပြီးနောက် နှုတ်ခမ်းကို တွန့်၍ ပြုံးလိုက်သည်။ သူ၏ နှလုံးသား တစ်စိတ်တစ်ပိုင်းက ဆန်းကြယ် ရေခဲ အရင်းအမြစ်နှင့် ပေါင်းစပ်နေသည် မဟုတ်ပါလား။

ဤသည်က ယဲ့ဖန်သည် ဆန်းကြယ် ရေခဲ ခန္ဓာကိုယ် တစ်ဝက်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုလိုခြင်းပင်။

"ဆန်းကြယ် ရေခဲ အရင်းအမြစ်နဲ့ ပေါင်းစပ်ပြီးနောက်မှာ ငါ့ရဲ့ နတ်ဆိုး သတ်ဖြတ်ခြင်း ဆုဒြာ ပထမအဆင့်က အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီ။ အခု ငါ နတ်ဆိုး သလင်းကျောက်ကို ဆုပ်ကိုင်နိုင်ပြီလို့ ငါ ထင်တာပဲ"

ထိုသို့ ရေရွတ်လိုက်ပြီး သူက မိုးမခင်ပင်၏ အမြစ်ကို တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေမိသည်။

မိုးမခပင်အောက်တွင် နတ်ဆိုးမျက်လုံး ရှိသည်။ ထိုနတ်ဆိုး မျက်လုံးတွင် တန်ဖိုးရှိသော နတ်ဆိုး သလင်းကျောက် တစ်စိတ်တစ်ပိုင်း ရှိနေသည်။

ဤအချက်ကပင် မိုးမပင်တစ်ဝိုက်တွင် များပြားသော နတ်ဆိုးချီဓာတ်များ ရှိနေသည့် အကြောင်းရင်းကို ရှင်းပြလို့နေ၏။

ယဲ့ဖန်က မိုးမခင်အား ကိုင်၍ ရေရွတ်လိုက်သည်။

"တက်လာစမ်း"

ဂျွတ်ခနဲ အသံနှင့်အတူ မိုးမခင်ပင်၏ အမြစ်များ ကျိုးကြေလာသည်။

တစ်ခဏမျှ ကြာသောအခါ ကြောက်မက်ဖွယ် ကောင်းသည့် မြင်ကွင်းတစ်ချို့ ဖြစ်ပေါ်လာသည်။

မိုးမခင်ပင်နားတစ်ဝိုက်မှ မြေကြီးတွင် အက်ရာများ ထင်လာကာ အပင်တစ်ပင်လုံး အမြစ်မှ ကျွတ်ထွက်လာသည်.

စာသင်ချိန် ဖြစ်နေ၍ တော်သေးသည်ဟု ဆိုရမည်။ ယဲ့ဖန် မိုးမခင် တစ်ပင်လုံးကို အချင်း နှစ်မီတာခန့် မြောက်တက်လာအောင် လုပ်နေသည်ကို အခြားကျောင်းသားများ မြင်လိုက်ရပါက သူတို့ ထိတ်လန့်လွန်းပြီး ပါးစပ်အဟောင်းသား ဖြစ်သွားနိုင်သည်။

….

မိုးမခပင် မြေကြီးပေါ်သို့ လဲကျလာသဖြင့် ဘေးပတ်ဝန်းကျင် တစ်ဝိုက် ပျက်ဆီးသွားသည်။

သို့သော် မိုးမခပင်အောက်မှ အခြေအနေတစ်ခုကို ရိပ်ခနဲ မြင်လိုက်သဖြင့် မျက်မှောင် ကြုတ်မိသွားသည်။

နတ်ဆိုးမျက်လုံးအား ထူထပ်သော စကားဝှက်များဖြင့် ပြည့်နေသော ကျောက်ပြားနှင့် ဖုံးအုပ်ထားသည်။

နတ်ဆိုးချီဓာတ်က ထိုစကားဝှက်များကြားမှ တိုးထွက်နေခြင်း ဖြစ်သည်။

"ဘာလဲဟ"

ယဲ့ဖန် ထိတ်လန့်သွားသည်။ အကယ်၍ ဤကျောက်ပြားကို ဖယ်လိုက်ပါက နတ်ဆိုးချီဓာတ်က ပိုမို အားကောင်းလာမည် ဖြစ်သည်။

ထို့ကြောင့် ယဲ့ဖန်က ချက်ချင်း ပျော်ရွှင်လာသည်။ သို့သော် သူ ကျောက်ပြားအား ဂရုတစိုက် လေ့လာလိုက်ပြီးသောအခါ သူ တစ်ခဏမျှ မှင်တက်သွားရသည်။

ဤကျောက်ပြား ရှိနေသည်မှာ နှစ်ပေါင်း ထောင်နှင့်ချီနေပုံ ရသည်။

ကျောက်ပြားပေါ်ရှိ အတွန့်တွန့်နှင့် စာလုံးများက ယဲ့ဖန်အား မူးဝေလာစေသည်။

ဤအတွန့်တွန့်နှင့် စကားလုံးများကို ကြည့်ရင်း ယဲ့ဖန် ပို၍ ထိတ်လန့်သွားသည်။

"ဒါ… အရမ်း ရှေးကျတဲ့ ရှေးစကားလုံးတွေပဲ"

စကြဝဠာတစ်ဝိုက်တွင် သုံးခဲ့သည့် စကြဝဠာသုံး ဘာသာစကား တစ်ခု ရှိခဲ့ဖူးသည်။

ကျောက်ပြားပေါ်မှ အတွန့်တွန့်နှင့် စာများက ထိုစကြဝဠာသုံး ဘာသာစကားနှင့် ဆင်တူသော်လည်း ဤစကားလုံးများက ပို၍ ရှုပ်ထွေးသည်။

ဤစကားလုံးများသည် ရှေးအခါက ရေလွှမ်းမိုးခြင်း မတိုင်မီက ရှေးဘာသာ စကားဖြစ်မည်ဟု ယဲ့ဖန် ယုံကြည်မိသည်။

*အဲ့ဒါက ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ။ ဒါက နတ်ဆိုး မျက်လုံး မဟုတ်ဘူးဆိုရင် ဒီချိတ်ပိတ်ထားတဲ့ အရာအောက်မှာ ကြောက်ဖို့ကောင်းတဲ့ အရာတစ်ခု ရှိနေတာလား"

ယဲ့ဖန် မျက်ခုံး ခပ်လှုပ်လှုပ် ဖြစ်နေပြီးမှ ချီတုံချတုံ အပြုံးမျိုး ပြုံးလိုက်သည်။

"ဘာပဲဖြစ်ဖြစ်ကွာ … ဒီကျောက်ပြားက အနှေးနဲ့အမြန် ကျိုးပဲ့တော့မှာ။ အခု မဖွင့်ရင်တောင်မှ ချိတ်ပိတ်ထားတာ ကျိုးပြတ်သွားခဲ့ရင် ကျောင်းတစ်ခုလုံးနဲ့ ကျန်းရှီတစ်မြို့လုံး ကပ်ဆိုက်လာမှာကို ငါ စိုးရိမ်မိတယ်"

"ကြောက်မက်ဖွယ် ကောင်းတဲ့ ရှေးဦးမကောင်းဆိုးဝါးကို ဒီထဲမှာ ထည့်ချိတ်ပိတ် ထားတယ် ဆိုရင်တောင်မှ သူ သေတာ ကြာနေလောက်ပါပြီ"

ယဲ့ဖန် နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက် သူက လက်ကို တစ်ချက်လှုပ်လိုက်သောအခါ ဓားကျိုးက သူ့လက်ထဲ ပေါ်လာသည်။

ထို့နောက် သူက ဘယ်လက်ဖြင့် လက်ဟန်တစ်ချို့ ပြုလုပ်လိုက်ပြီး ညာလက်ဖြင့် ဓားကျိုးကို ကိုင်ကာ ထူးဆန်းသော တစ်စုံတစ်ရာကို ရေရွတ်နေသည်။

သိပ်မကြာခင်မှာပင် ယဲ့ဖန် ရုတ်တရက် ပြန်ဖွင့်လိုက်ပြီး သူ့ဓားကျိုးမှလည်း တောက်ပသော အလင်းများ ဖြာထွက်လာသည်။

"ပွင့်စမ်း"

ထိုသို့ကြုံးဝါးပြီးနောက် ယဲ့ဖန်က ကျောက်ပြားကို သူ့ဓားကျိုးဖြင့် ပြင်းထန်စွာ ရိုက်ခွဲလိုက်သည်။

ဖောက်ခနဲ အသံနှင့်အတူ ကျောက်ပြား၏ မျက်နှာပြင်ပေါ်မှ စကားဝှက်များ ပို၍ ကျယ်ပြန့်လာသည်။

ထို့နောက် ကျောက်ပြားက တစ်စစီ ဖြစ်လာသည်။ ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

တကယ်ကို နတ်ဆိုးမျက်လုံး ပေါ်ပေါက်လာ၏။ သို့သော် နတ်ဆိုးချီဓာတ် လွတ်မြောက်သွားသည်နှင့် နတ်ဆိုး မျက်လုံးတွင်းတွင် မည်သည့်အရာ ကျန်ရှိ မနေတော့ပါ။

နတ်ဆိုးမျက်လုံးက ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်လို့နေသည်။

"မဟုတ်သေးဘူး"

ယဲ့ဖန်သည် ကပ်ဘေးတစ်ခု ရောက်လာတော့မည်ကို ခံစားမိသဖြင့် နောက်ဆုတ်ရန် ပြင်လိုက်သည်။

ထိုစဉ် အုန်းခနဲ အသံနှင့်အတူ အံ့ဖွယ်ကောင်းသော စွမ်းအင်များ နတ်ဆိုးမျက်လုံးမှ တစ်ဟုန်ထိုး တိုးထွက်လိုက်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်ကြောင့် အနီးအနားရှိ ကမ္ဘာ့ မြေဆီလွှာ၊ လူလုပ် မြက်ခင်းပြင်၊ နံရံနှင့် ကျောက်တုံးများ ပြာကျ သွားလေတော့သည်။

ထို့နောက် ပြင်းထန်၊ ကြောက်မက်ဖွယ်ကောင်းသည့် အနက်ရောင် ချီဓာတ်များသည် နတ်ဆိုးမျက်လုံးမှ အလွန် ဆိုးယုတ်သော ဟားတိုက်ရယ်သံ နှင့်အတူ တိုးထွက်လာသည်။

"ဂတ်…ဂတ်…ဂတ်… နှစ်တွေ အတော်ကြာခဲ့ပြီပဲ၊ ဒီနေ့တော့ စကြဝဠာမှာ ပြိုင်ဘက်ကင်းတဲ့၊ လူတိုင်း မလွန်ဆန်နိုင်တဲ့ နတ်ဆိုး နဂါး ဧကရာဇ် ငါ နောက်ဆုံးတော့ လွတ်မြောက်သွားပြီ"

"ကောင်မလေးတွေ… မင်းတို့ ညည်းညူဖို့ အဆင်သင့်ပဲလား"

All Chapters