တစ်ယောက်ယောက်က ယင်ပြန့်မြို့ကို တိုက်ခိုက်ရဲတယ်
Vol. 35 Ch. 476
“အစ်မချင်းရု ယာဉ်ပျံကို ရပ်ပါဦး ... ကျုပ်အဲဒီလူကို သိတယ်” မိုဝူကျီက စကားအဆုံးတွင် သူက ယာဉ်ပျံရှေ့၌ ဆင်းလာပြီ ဖြစ်သည်။
ခဏအကြာတွင် ဟန်ချင်းရုက ယာဉ်ပျံကို ရပ်တန့်လိုက်သည့်အခါ သင်္ဘောပျံမှာလည်း ဘေးသို့ ရောက်ရှိလာသည်။
“ကူယာ ... မတွေ့တာ အတော်ကြာပြီပဲ ...” မိုဝူကျီက ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။ သူက ကူယာကို ယင်ပြန့်မြို့အနီးတွင် တွေ့ရလိမ့်မည်ဟု ထင်မထားပေ။ ကူယာ ဝန်းကျင်၌ သိပ်သည်းသော ဝိညာဉ်စွမ်းအားများ ရှိနေသောကြောင့် ကောင်းကင် အင်မော်တယ်အဆင့် ဖြတ်ကျော်ပြီး အင်မော်တယ် သဘာဝစွမ်းအားများ အဖြစ် ပြောင်းလဲပြီးသည်မှာ သိသာလှသည်။
အင်မော်တယ်တစ်ပိုင်း နယ်ပယ်၏ မြေကမ္ဘာည အင်မော်တယ်အဆင့် ကျင့်ကြံသူများတွင် အားကောင်းသည့် အခြေခံကောင်းရှိသည့် အတွက် ယုံရင် အစွန်းအဖျားနေရာသို့ ရောက်ရှိပြီးနောက်တွင် ကောင်းကင် အင်မော်တယ်အဆင့် ချက်ချင်း တက်လှမ်း နိုင်သွားသည်မှာ ပုံမှန်ကိစ္စသာ ဖြစ်ပေ၏။ မိုဝူကျီကို အံ့အားသင့်သွား စေသည်က ကူယာရှိနေသည့် သင်္ဘောပျံ ဖြစ်သည်။ ထိုသင်္ဘောပျံမှာ သူ့ယာဉ်ပျံထက်ပင် အဆင့်များစွာ ကျော်လွန်နေပြီး အဆင့်၃ အင်မော်တယ်ပစ္စည်း ထိရောက်လုနီးပါး ဖြစ်နေသည်။
ကူယာက မိုဝူကျီကို မြင်လိုက်သည့်အခါ သူမမျက်ဝန်း၌ ပျော်ရွှင်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် လေးလေးစားစား ဦးညွှတ်လိုက်သည်။
“ကူယာက အစ်ကိုမိုကို နှုတ်ဆက်ပါတယ်။ အစ်ကိုက အင်မော်တယ်လျိုထဲ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတာ ကျမသိနေတယ်။ အခုတော့ တကယ်ကို ဒီလိုဖြစ်နေတာပဲ”
“ကူယာ ငါ့ယာဉ်ပျံနဲ့ ဆက်သွားရအောင်” ကူယာ၏ အင်မော်တယ် သဘာဝစွမ်းအားများက သိပ်သည်းနေပြီး သူမတွင် အတော်ကောင်းသည့် သင်္ဘောပျံ ရှိနေသည့်အတွက် သူမက ကံကောင်းမှုနှင့် ကြုံတွေ့ခဲ့မှန်း သိသာလှသည်။
“ဟုတ်ကဲ့” ကူယာက မတွေးဘဲ မိုဝူကျီ၏ ယာဉ်ပျံ၌ ဆင်းသက်လိုက်သည်။
“ကူယာ ... မင်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲ” ကူယာ ရောက်လာသည်နှင့် မိုဝူကျီက ချက်ချင်း မေးလိုက်သည်။
ကူယာက သက်ပြင်း ချလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
“ကျာချီဆီက အကြောင်းကြားစာ ရတုန်း ကျမက အင်မော်တယ် အမွေအနှစ် နေရာတစ်ခုမှာ ပိတ်မိနေခဲ့တာ။ အဲဒါကြောင့်ပဲ မှော်ရတနာတို့ ကျင့်စဉ်တို့ ရပြီး အခွင့်ကောင်းနဲ့ ကြုံတွေ့ခဲ့ရတယ်”
ကူယာက ပြောလိုက်ရင်း လက်စွပ်ဆီ လက်ရောက်သွားသည့် အချိန် မိုဝူကျီက လက်ကာပြလိုက်သည်။
“ကူယာ မင်းက တျန်းဂျီဂိုဏ်းကို ဝင်ပြီးပြီဆိုတော့ မင်းတွေ့တဲ့ ကျင့်စဉ်တွေနဲ့ မှော်ရတနာတွေက မင်းအပိုင်ပဲ။ အဲဒါဆိုတော့ ထုတ်ပြနေစရာ မလိုပါဘူး”
မိုဝူကျီ စကားများကိုကြားပြီး ကူယာ၏ သူမလက်ကို ရုပ်သိမ်းကာ ဆက်ပြောလိုက်သည်။
“ကျမက ကျင့်စဉ် အမွေအနှစ်ကို ရပြီးတော့ အဲဒီနေရာကနေ ထွက်နိုင်ခဲ့တယ်။ ကျမ ယင်ပြန့်မြို့ဆီ ရောက်လာတော့ အတော်လေး နောက်ကျသွားပြီ။ ကျမက ဒီနေရာကနေ မြို့အဝင်ဝမှာ ချိတ်ဆွဲခံထားရတဲ့ ပေသီးကို ကယ်ဖို့ အခွင့်အရေး စောင့်နေတာ။ ဒါပေမဲ့ ကျမ မလှုပ်ရှားခင်မှာ အစ်ကိုမိုနဲ့ တွေ့လိုက်ရတာ”
မိုဝူကျီက ခေါင်းညိတ်ပြကာ “ကျုပ်လည်း လူတွေ သွားကယ်ဖို့ ယင်ပြန့်မြို့ဆီ သွားမလို့ ... အဲဒါဆို အတူတူ သွားကြတာပေါ့”
သူက ပေသီးကို ကယ်ချင်နေသည့် ကူယာ၏ ဆန္ဒကို ခံစားမိလေသည်။ ထိုအရာမှာ သူ့ခံစားချက်ပေါ် မူတည်၍ ဖြစ်ပေါ်လာသခြင်း ဖြစ်ရာ ကူယာက သူ့ကို ပြောဆိုဆက်ဆံသည့် အပြုအမူ ပြောင်းလဲလိုက်လို့ မဟုတ်ပေ။
“ကောင်းတာပေါ့” ကူယာက တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။ သူမက သူမရဲ့ ယာဉ်ပျံကို မထုတ်တော့ပေ။ သူတို့က ယင်ပြန့်မြို့ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ အနည်းငယ် ဆက်သွားသည်နှင့် သူတို့ မြို့အတွင်း ရောက်သွားပေလိမ့်မည်။
“မိတ်ဆက်ပေးရဦးမယ်။ ဒါက ဟန်ချင်းရု ငါတို့ရဲ့ တျန်းဂျီဂိုဏ်းသား အသစ်ပေါ့။ အစ်မချင်းရု သူမက ကူယာ ... သူမလည်း ကျုပ်တို့လို အင်မော်တယ်တစ်ပိုင်း နယ်ပယ်ကနေ ရောက်လာတာ” မိုဝူကျီက အကြမ်းဖျင်း မိတ်ဆက်ပေးလိုက်သည်။
ဟန်ချင်းရု၏ ယာဉ်ပျံမှာ အယောင်ဖျောက်ထားခြင်း မရှိဘဲ ယင်ပြန့်မြို့ဆီ ဦးတည်နေသည်ကို မြင်၍ ကူယာက မနေနိုင်ပဲ မေးလိုက်သည် “အစ်ကိုမို ... ယင်ပြန့်မြို့မှာ ကျင်းရှန်းအဆင့် ကျင့်ကြံသူ လေးယောက် ရှိတယ်။ အဲဒီအပြင် အင်မော်တယ်လောကနဲ့ ချိတ်ဆက်ထားတဲ့ အရေးပေါ် ကူးပြောင်းရေး အစီအရင်လည်း ရှိသေးတယ်။ အဲဒီလိုကိုး ဒီအတိုင်း ဆက်သွားမှာလား”
“ကူယာ ...” ထုံယဲ့က ထွက်လာရင်း တအံ့တဩ ခေါ်လိုက်သည်။ သူက သံမဏိထီးကို မွမ်းမံပြီးခါစ ဖြစ်၏။
“ကူယာ ... မင်းရော ဘာလိုတွေးထားလဲ” မိုဝူကျီက ကူယာသည် စေ့စပ်တိကျဆုံးသူ ဖြစ်ပြီး လှည့်ဖြားဖို့ မလွယ်ကူသည့်သူ ဖြစ်ပေသည်။ အကယ်၍ ကူယာသာ ကယ်ဆယ်ရေးအဖွဲ့၌ ပါဝင်ခဲ့လျှင် ထုံယဲ့၏ တွဲဖက်များမှာ အဖမ်းခံထားရမည် မဟုတ်သလို ခို့ယွန်လည်း အသက်ဆုံးရှုံးရမည် မဟုတ်ပေ။
ကူယာက လေးလေးနက်နက် ပြောလိုက်သည်။
“ကျမ စုံစမ်းကြည့်ထားသလောက် ကျင်းရှန်းအဆင့် ကျင့်ကြံသူတွေက အားကောင်းတယ်ဆိုပေမဲ့ အားနည်းချက်ကြီးလည်း ရှိနေသေးတယ်။ သူတို့က အပြင်ထွက်မလာရဲကြဘူး။ သူတို့အင်အားကုန် သုံးရင် ပြောင်းလဲမျှခြေအဆောင် ပျက်စီးသွားနိုင်တယ်။ အဲဒါဆိုရင် မိုးနဲ့မြေ ဥပဒေသ စည်းမျည်းကြောင့် တစ်စစီ ဖြစ်သွားလိမ့်မယ်။
အဲဒီကျင်းရှန်းအဆင့် လေးယောက်ထဲ အားအကောင်းဆုံးက ယင်ပြန့်မြို့ရဲ့ မြို့စား လော့ယွင်ပဲ။ သူက ကျင်းရှန်းအဆင့်ကို ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်နေပြီ။ ပြီးတော့ အတော်လေး အားကောင်းတဲ့ ဓားနီလည်း ပိုင်ဆိုင်ထားသေးတယ်။ သူ့ကို အမွှေးတိုင် တစ်တိုင်စာလောက် တားထားနိုင်ဖို့ ကျမမှာ နည်းလမ်းရှိတယ်။
အဲဒီလိုလုပ်တုန်း အစ်ကိုမိုက ထုံယဲ့တို့၊ ဒီအစ်မတို့နဲ့ အတူတူ တခြားသူတွေကို ကယ်ပေးရမယ်။ ကျမမှာ ပျံသန်းရေး ရတနာတစ်ခု ရှိတယ်ဆိုတော့ ကယ်တင်ပြီးတာနဲ့ ချက်ချင်း ထွက်သွားကြမယ်”
အစီအစဉ်တစ်ခုလုံးကို ကြားပြီးနောက် မိုဝူကျီက ဝင်မပြောသေးပေ။ ကူယာ၏ အကြံမှာ အတော်လေး ရိုးရှင်းလွန်းကြောင်း ခံစားမိနေပြီး ပြဿနာမှာ ကျန်ရှိနေသော ကျင်းရှန်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို ထည့်စဉ်းစားမထားခြင်း ဖြစ်သည်။ ယင်ပြန့်မြို့၏ ကာကွယ်ရေး အစီအရင်ကိုပင် လျစ်လျူရှုထားမိသေး၏။
ကူယာက ဆက်ပြောလိုက်သည် “အစ်ကိုမို ... ကျမပြောပြတဲ့ အကြံက သိပ်မကောင်းသေးဘူး။ ပြောရရင် ကျန်နေတဲ့ ကျင်းရှန်းအဆင့် ကျင့်ကြံသူတွေကို ရင်ဆိုင် တိုက်နိုင်မလားဆိုတဲ့ အပေါ်မှာ မူတည်နေသေးတယ်။ ဒီအကြံအတိုင်း တစ်ခုခုသာ လွဲချော်သွားရင် ကျမတို့တွေ အကုန်လုံး ယင်ပြန့်မြို့ကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး ”
“ကူယာ ... အဲဒါဆို အစီအစဉ်တစ်နဲ့ နှစ်ကရော ...” မိုဝူကျီက ခေါင်းညိတ်ရင်း မေးလိုက်သည်။ သူက ကူယာမှာ အစီအစဉ် ချသည့်နေရာ၌ ပညာရှင်ဖြစ်ကြောင်း သိထား၏။
ကူယာက ဆက်ပြောလိုက်သည် …
“ယင်ပြန့်မြို့ရဲ့ဒုတိယ အားအကောင်းဆုံးက လောင်ချိုက်ပဲ။ အဲဒီလူက ဟဲလျန်ကုန်သည် အဖွဲ့အစည်းရဲ့ အုပ်ချုပ်ရေးမှူးပဲ။ သူက ကျင်းယွင်လေလံပွဲ သွားတယ်လို့ ကြားထားတယ်။
ယင်ပြန့်မြို့ အပြင်ဘက်မှာ စောင့်နေရင်းနဲ့တော့ သူပြန်လာတာ မတွေ့သေးဘူး။ အစ်ကိုမိုရဲ့ ယာဉ်ပျံကို ယင်ပြန့်မြို့ထဲ တိုက်ရိုက် ဝင်သွားလို့ရတယ်။ ဖုံးကွယ်နေစရာ မလိုတော့ဘူး။
အစ်ကိုမိုက အရင်အကြံအတိုင်း လိုက်လုပ်မယ်ဆိုရင် ကျမက ကျန်တဲ့သူတွေကို ကယ်လိုက်မယ်။ ပြီးသွားရင် ယင်ပြန့်မြို့ အပြင်ဘက်မှာ ပြန်ဆုံပြီးတော့ ချက်ချင်း ထွက်သွားကြမယ်”
ထိုအကြံကို ပြောပြပြီးသည်နှင့် မိုဝူကျီသည် ကူယာက သူဖြေရှင်းသည့် နည်းများများကို ခန့်မှန်းမိပြီး သူ့အင်အား အကြမ်းဖျင်းပါ တွက်ဆထားကြောင်း သိလိုက်သည်။ အကယ်၍ သူက အင်အား လုံလုံလောက်လောက် မရှိလျှင် သူက ယင်ပြန့်မြို့သို့ ချီတက်လာမည် မဟုတ်ပေ။ ကူယာ၏ အကြံအစည်မှာ သူမည်မျှ အားကောင်းလဲ ဆိုသည့်အချက်အပေါ် အခြေခံထားခြင်းဖြစ်ရာ မရှိမဖြစ် လိုအပ်ချက်မှာ သူက အကောင်းဆုံး ဆောင်ရွက်ရမည် ဖြစ်၏။
“အစီအစဉ်တစ်က ကျမတို့တွေ ခဏလောက် ရပ်ပြီးတော့ သွင်ပြင်ပြောင်းလဲပြီးတော့မှ ယင်ပြန့်မြို့ထဲ ဝင်ကြမယ် ...”
ကူယာက အပြည့်အဝ မရှင်းပြရသေးခင် မိုဝူကျီက ဖြတ်ပြောလိုက်သည် …
“အဲဒါဆို သိပ်မကောင်းတဲ့ အကြံနဲ့ အစီအစဉ်နှစ်ကို ပေါင်းရအောင်။ အစီအစဉ်တစ်က သိပ်အဆင်ပြေမဲ့ပုံ မပေါ်ဘူး။ ကျုပ်တို့တွေ ယင်ပြန့်မြို့ဆီ တိုက်ရိုက် တင်ပြီးတော့ အင်မော်တယ်လောကနဲ့ ချိတ်ဆက်နေတဲ့ ကူးသန်းရေး အစီအရင်ကို ဖျက်ဆီးပစ်မယ်။ အဲဒီအချိန်မှာ ထုံယဲ့က ကယ်ဆယ်ရေး စမယ်။ ငါက မြို့ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်လိုက်မယ်”
သူမက မိုဝူကျီ အကြံကို ကြားသောအခါ ကူယာက သူမသွေးများ ဆူပွက်လာကြောင်း ခံစားမိလိုက်သည်။ သူမက မိုဝူကျီသည် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ ရှိစဉ် ပြိုင်ဘက်ကင်း ဖြစ်ခဲ့ကြောင်း ပြန်အမှတ်ရမိသွားသည်။ အင်မော်တယ်တစ်ပိုင်း နယ်ပယ်၏ တာအိုသခင်ဖြစ်သည့် ကွမ်းချွမ်ပင် သူ့ကို ရန်စမည့် စကားတစ်ခွန်းမျှ မဆိုရဲပေ။
ထိုသို့ ထိပ်တိုက်တွေ့ ရင်ဆိုင်ခြင်းမှာ မိုဝူကျီ၏ ပုံစံ ဖြစ်ပေသည်။
“သေချာတာပေါ့။ အဲဒီလို တိုက်ခိုက်ကြတာပေါ့” ကူယာက ချက်ချင်း သဘောတူလိုက်သည်။
သို့သော် မိုဝူကျီက ကူယာကို နားမလည်နိုင်စွာ ကြည့်ကာ “ကူယာ ငါက မင်းဒီအကြံကို ဆန့်ကျင်မယ် ထင်ထားတာ”
ကူယာက ပြုံးရင်း ပြန်ဖြေလိုက်သည် …
“အစ်ကိုမိုရဲ့ တာအိုက ဘာလဲဆိုတာ သေချာမသိပေမဲ့ ကျမလည်း အဲဒီလို ခံစားမိနေတယ်။ ဒီလိုမျိုး တာဝန်တစ်ခုအတွက် ကျမတို့ နည်းလမ်းအတိုင်း တိုက်ခိုက်တာက ရှင့်အတွက် အသင့်တော်ဆုံးပဲ။
မြို့ထဲ ဝင်တိုက်ရဲမှတော့ ယုံကြည်ချက် ရှိတယ်ဆိုတာ ယုံတယ်။ တခြားအမြင်ကနေဆိုရင် ကျမ အစ်ကိုမိုနဲ့အတူတူ မြို့ထဲ ကျဆုံးသွားရင်တောင် ထိုက်တန်တယ်”
“ဟုတ်တယ်။ ကျုပ်လည်း ကူယာလိုပဲ ထောက်ခံတယ်။ ကျုပ်တို့ နည်းလမ်းအတိုင်း တိုက်ခိုက်တာကမှ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းမှာ” ထုံယဲ့က ကျယ်လောင်စွာ သဘောတူလိုက်သည်။
“ကျမတို့တွေ ယင်ပြန့်မြို့ကို ရောက်ပြီ” ဟန်ချင်းရုက ယာဉ်ပျံကို ရပ်လိုက်သည်။
လေးယောက်သား ယာဉ်ပျံမှ ဆင်းလာပြီးနောက် မိုဝူကျီက လက်တစ်ချက် အဝှေ့ဖြင့် သိမ်းဆည်းလိုက်သည်။ ထိုစဉ် သူတို့က တိမ်များအထိ တိုးထောင်ထွက်နေသည့် မြို့တံတိုင်းများကို စိုက်ကြည့်လိုက်ကြသည်။
ယုံရင်အစွန်းအဖျား နေရာတစ်ခုလုံး၌ အကြီးမားဆုံ မြို့တံတိုင်း ဖြစ်ပြီး ကျန်ရှိနေသော အင်မော်တယ်နယ်မြေ (ယုံရင်အစွန်းအဖျားနေရာ) များကို အုပ်ချုပ်ရာ နေရာလည်း ဖြစ်ပေသည်။
သို့သော်လည်း မိုဝူကျီ၏ အာရုံဖမ်းစားသွားသည့် ပထမဆုံးအရာမှာ ကြီးမားလှသည့် မြို့နံရံကြီး မဟုတ်ဘဲ မြို့အဝင်ဝတွင် ချိတ်ဆွဲခံထားရသော ပေသီးဖြစ်၏။ သူက ပေသီးဆီမှ အသက်ဓာတ်ကို အာရုံမခံမိတော့ပဲ ငါးခြောက် နေပြထားသကဲ့သို့ တလွှင့်လွှင့် ဖြစ်နေသည်ကိုသာ မြင်တွေ့ရ၏။
ကူယာက နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး သူမ လက်သီးများပင် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၍ လက်သည်းဖြင့် ထိုးစိုက်မိပြီး သွေးများပင် စို့လာသည်။ သို့သော် သူမက မိုဝူကျီ၏ အမိန့်ကို စောင့်ဆိုင်းနေသည့် အလား မလှုပ်ရှားသေးပေ။
အသက်ပြင်းပြင်း ရှူပြီးနောက် မိုဝူကျီက သူ့ကျင့်ကြံဆင့်မှာ မည်မျှ သေးနုပ်နေကြောင်း ခံစားမိလိုက်သည်။ အကယ်၍ သူက အားကောင်းနေလျှင် ကျင်းယွင်မြို့သို့ မသွားဘဲ လွန်ခဲ့သည့် ဆယ်ရက်လောက် ကတည်းမှ ထုံယဲ့နှင့်အတူ ဤနေရာသို့ လာ၍ ပေသီးကို ခေါ်သွားလို့ ရလောက်ပေသည်။ သူဒီနေရာကို ရောက်လာခဲ့သည့် အတွက် ကျေးဇူးတင်မိ၏။
“ကူယာ မင်းရဲ့ အစီအရင်တာအိုက ဘယ်လိုလဲ” မိုဝူကျီက တန်းမဝင်သေးပဲ မသက်ဆိုင်သည့် မေးခွန်းကို မေးဟန် ပေါ်နေသည်။
“အင်မော်တယ်လောကနဲ့ ချိတ်ဆက်ထားတဲ့ ကူးသန်းရေး အစီအရင်ကို အချိန်တိုအတွင်း ဖျက်ဆီးပစ်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်” ကူယာက အတော်လေး ဉာဏ်ကောင်းသောကြောင့် မိုဝူကျီက ဘာလုပ်ချင်မှန်း မပြောလျှင်ပင် သူမက မေးခွန်းတစ်ခုတည်းဖြင့် ကောင်းကောင်းကြီး နားလည်ပေသည်။
“ကောင်းပြီ” မိုဝူကျီက စကားတစ်ခွန်းသာ ပြောပြီး “ကျုပ်တို့တွေ ယင်ပြန့်မြို့ထဲဝင်ရင် ဟန်ချင်းရုက ပေသီးကို ကယ်မယ်။ ထုံယဲ့က လော့ချွမ်းဟယ်နဲ့ ကျာချီတို့ကို ကယ်မယ်။ ကျန်တဲ့ ကိစ္စတွေကို ငါ့ဆီ အပ်ထားလိုက်”
အားလုံးက သူတို့ကိုယ်ပိုင် တာဝန်ကို သိရှိပြီးနောက် မိုဝူကျီက လက်တစ်ချက်အဝှေ့ဖြင့် လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲထုတ်လိုက်သည်။
မီတာ သုံးဆယ်ကျော် ရှည်လျားသည့် ပုဆိန်လှံရှည်အလင်းက ယင်ပြန့်မြို့၏ ကာကွယ်ရေး အစီအရင်ကို ထပ်ခြမ်း ပိုင်းချလိုက်သည်။ နဂိုဝါးတားတား ဖြစ်နေသော မြို့မှာ ထိုလှုပ်ရှားမှု အပြီးတွင် ရုပ်လုံးပေါ်လာသည်။
ယင်ပြန့်မြို့မှာ အကြီးမားဆုံး မြို့ဖြစ်ပြီး ယုံရင်အစွန်းအဖျား၏ အလယ်တည့်တည့် ဖြစ်သော်ငြား စွမ်းအား၏ ပြယုဂ်တစ်ခုလည်း ဖြစ်ပေသည်။ ယုံရင် အစွန်းအဖျားနေရာတွင် ရှိနေကြသော ကျင့်ကြံသူများ အမြင့်ဆုံး မျှော်မှန်းကြသည့် နေရာလည်း ဖြစ်ပေသည်။
ဤသို့မျိုး နေရာတွင် ကာကွယ်ရေး အစီအရင်မရှိလျှင်ပင် မည်သူကမျှ တိုက်ခိုက်ရဲကြမည် မဟုတ်ပေ။ ထို့အပြင် အားအကောင်းဆုံး ကျင်းရှန်းအဆင့် ကျင့်ကြံသူများမှာ မြို့စား ဖြစ်ပြီး ကျန်ကျင်းရှန်းအဆင့် ကျင့်ကြံသူများလည်း ရှိနေသေးသည်။ ထို့ကြောင့် ယင်ပြန့်မြို့၏ ကာကွယ်ရေး အစီအရင်မှာ အားကောင်းသည်တော့ မဟုတ်ဘဲ ဝိညာဉ်စွမ်းအားတချို့ ဝိုင်းရံထားသည့် အလှပြယုတ် တစ်ခုသာ ဖြစ်၏။
မိုဝူကျီကဲ့သို့ အစီအရင်တာအို၌ ထုံးလိုမွှေရေလိုနှောက် သိနေသည့်အတွက် ဘာစွမ်းအားမှ မပါရှိသည့် ကာကွယ်ရေး အစီအရင်၏ အားနည်းချက် ပင်မဗဟိုကို တန်းမြင်နေရသည်။ ထိုအရာက အဆင့် ၃ အင်မော်တယ်အစီအရင် ဖြစ်နေတော့ရော ဘာအရေးလဲ။ သူက ပုဆိန်လှံရှည်တစ်ချက်အဝေ့ဖြင့် ဖျက်ဆီးနိုင်သေး၏။
မိုဝူကျီက ပုဆိန်လှံရှည် တစ်ချက် ပစ်လွှတ်လိုက်ပြီးနောက် သူ့တိုးတက်လာမှု အကြောင်း အမှန် နားလည်သွား၏။ ကျင်းယွင်မြို့တွင် ရှိစဉ် သူက ထိုသို့ ပြုလုပ်ခဲ့ဖူးသော်လည်း အင်အားချင်းမှာ ကွာခြားလှပေသည်။ ထိုအရာမှာ သူ့အင်အား အဆများစွာ တိုးပွားလာ၍ မဟုတ်ဘဲ ပုဆိန်လှံရှည်ကို သုံးလွှာအထိ မွမ်းမံသန့်စင်ထား၍သာ ဖြစ်သည်။
အစီအရင် ပွင့်လာပြီးနောက်တွင် ပုဆိန်လှံရှည် အလင်းများစွာက နောက်မှ လိုက်ပါလာသည်။
“ဂျွတ်” လှပသော်ငြား အသုံးမဝင်သည့် ခုခံကာကွယ်မှု အစီအရင်မှာ ချက်ချင်းဆိုသလို တစ်စစီ ဖြစ်သွားတော့သည်။ ကျင့်ကြံသူများစွာက လေထဲတွင် ရှိနေသည့် မိုဝူကျီကို စိုက်ကြည့်လိုက်ကြပြီး ဘာဖြစ်သွားမှန်း မသိလိုက်သည့်အလား ကြောင်ကြည့်နေကြသည်။
အကယ်၍ တစ်ယောက်ယောက်က မိုဝူကျီသည် ယင်ပြန့်မြို့ကို တိုက်ခိုက်ဖို့ ရောက်ရှိလာသည်ဟု ဆိုလျှင် အားလုံးက ဟာသပြက်လုံးတစ်ခုလိုသာ တွေးတောကြလိမ့်မည်။ ယင်ပြန့်မြို့သို့ ချီတက်လာပြီး ထိုသို့ လုပ်ဆောင်နိုင်သည့် သတ္တိရှိသူ တစ်ဦးတလေပင် မရှိခဲ့ဖူးပေ။
သို့သော် မိုဝူကျီက ကြောင်ကြည့်နေကြသော လူအုပ်ကြီးကို ပြောလိုက်သည် “ယင်ပြန့်မြို့နဲ့ မသက်ဆိုင်တဲ့သူတွေ ချက်ချင်း ထွက်သွားကြ ... မဟုတ်ရင် ခင်ဗျားတို့ အသက် ဘယ်လိုဖြစ်ဖြစ် ကျုပ် တာဝန်ယူမှာ မဟုတ်ဘူး”
ယင်ပြန့်မြို့ကို အမှန်ပင် ကျူးကျော်ရဲသူ ရှိနေပေ၏။
***